Tuesday, November 3, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁၆)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁၆)
ဤနေရာတွင် ကျနော်နှင့် ဗိုလ်ချုပ်ဘလိတ် (ထိုစဉ်က တောင်ပိုင်းတိုင်းမှူး)တို့အကြား ဆက်ဆံရေးအကြောင်း ရေးလိုပါသေးသည်။
ဗိုလ်ချုပ်ဘလိတ်မှာ အင်္ဂလို-အင်ဒီးယန်းကပြားဖြစ်ပြီး၊ စောစွာကတည်းကပင် ဗမာပြည် အင်္ဂလိပ်အစိုးရလက်အောက်တွင် စစ်မှု ဝင်ပြီး ထမ်းခဲ့သူ ဖြစ်ပါသည်။ ဗမာပြည်လွတ်လပ်ရေးရသောအခါ ဗမာ့တပ်မတော်တွင် စစ်မှုထမ်းဆက်ဖြစ်လာပါသည်။

ဗိုလ်ချုပ်ဘလိတ်နှင့် ကျနော်မှာ ယခင်အင်္ဂလိပ်ခေတ်ကတည်းကပင် သိရှိလာကြပြီး နောက်ပိုင်းတဦးနှင်တဦး အလွန်ရင်နှီးကြသော မိတ်ဆွေကြီးများ ဖြစ်လာကြပါသည်။ ကျနော်တို့နှစ်ဦးလုံးမှာ ထိုစဉ်က နှစ်ခုပဲရှိသေးသည့်စစ်တိုင်းမှူးများဖြစ်ကြပြီး ရာထူးအရလည်း ဗိုလ်မှူးချုပ်များဖြစ်ကြပါသည်။ သို့သော် ကျနော်တို့နှစ်ဦးမှာ စိတ်အရင်းခံခြင်းမတူကြပါ။ သူက ကွန်မြူနစ်ဝါဒကို မုန်းတီးဆန့်ကျင်သူဖြစ်ပြီး ကျနော်က ကွန်မြူနစ်ဝါဒကို လျှို့ဝှက်စွာ လေးစားထောက်ခံသူဖြစ်ပါသည်။

သို့သော် ကျနော်တို့နှစ်ဦးသည် မိမိတို့စိတ်ရင်းကိုဖယ်ရှားပြီး ချစ်ခင်ရင်းနှီးစွာဆက်ဆံခဲ့ကြပါသည်။ ကျနော်တို့နှစ်ဦးမှာ (ကျနော်စိတ်ထင်) မူလလူတန်းစားဗီဇခြင်း နီးကပ်ကြဟန်တူပါသည်။ သူသည်လည်း အတော်အတန်ဆင်းရဲသောဇာတိမှလာသည်ဟု သိရပါသည်။

သူသည် အင်္ဂလိပ်ကပြားဖြစ်သော်လည်း ဗမာစိတ်ဓာတ်အတော်ရှိပါသည်။ ထို့ကြောင့်ပင် ဗမာတပ်မှူး၊ တပ်သားများကလည်း သူ့ကို လေးစား ခင်မင်ကြပါသည်။ သူသည်နိုင်ငံရေးကို စိတ်မဝင်စားပါ။ ဗမာပြည်ဆိုရှယ်လစ်ပါတီကိုလည်း ဆန့်ကျင်စိတ်ရှိနေပုံ ရသည်။ သူ့စိတ်တွင် ကွန်မြူနစ်နှင့် ဤဆိုရှယ်လစ်တွေဆိုတာ သိပ်မကွာခြားကြဟုလည်း ယူဆနေပုံရပါသည်။

ထိုစဉ်က ဗမာပြည်ကို စစ်တိုင်းကြီးနှစ်ခုပဲခွဲထားရာ မြောက်ပိုင်းစစ်တိုင်းနှင့် တောင်ပိုင်းစစ်တိုင်းတို့ဖြစ်ပြီး ဗိုလ်ချုပ်ဘလိတ်မှာ တောင်ပိုင်းတိုင်း စစ်တိုင်းမှူးဖြစ်နေပြီး ကျနော်က မြောက်ပိုင်းစစ်တိုင်းမှူး ဖြစ်နေပါသည်။

ဗမာအစိုးရကလည်း အင်္ဂလိပ်ကချန်ထားရစ်သောဗမာစစ်တပ်ကို ဆက်ကိုင်ရာတွင် အင်္ဂလိပ်-အိန္ဒိယ၊ အင်္ဂလိပ်-မြန်မာစသော ကပြားများလည်း ဆက်ပါဝင်အမှုထမ်းကြပါသည်။ ဗိုလ်ချုပ်ဘလိတ်မှာ ထိုအထဲမှဖြစ်ပြီး၊ သူ၏စစ်သက်တမ်းဝါစဉ်အရ ရာထူးကြီးကို ဆက်ပေးထားခြင်း ဖြစ်ပါသည်။

စစ်တိုင်းမှူးတို့သည် မိမိတို့ စစ်တိုင်းအတွင်း တနှစ်အတွင်းပြုလုပ်မည့် ယေဘုယျစစ်ဆင်ရေးစီမံကိန်းများကို နှစ်စဉ်မိုးရာသီအစ ဇွန်-ဇူလိုင် တွင် ရေးဆွဲကြပြီး စစ်ရုံးချုပ်သို့တင်ရပါသည်။

ကျနော်နှင့် ဗိုလ်ချုပ်ဘလိတ်တို့မှာ တဦးနှင့်တဦး စစ်ဆင်ရေးများကိုနားလည်ဖို့ရာအတွက် ထိုစီမံကိန်းများ အချင်းချင်း အပြန်ပြန်ဖလှယ်ဖို့ သဘောတူထားကြပါသည်။ ထို့ကြောင့် သူ့တိုင်းတွင်လုပ်ဆောင်မည့်အစီအစဉ်များကို ကျနော်ကြိုတင်သိရှိနိုင်ခဲ့ပါသည်။

နောက်ပိုင်း ဆိုရှယ်လစ်တပ်မှူးတချို့က ဗိုလ်ချုပ်ဘလိတ်ရာထူးနေရာကို ယူချင်လာပုံရပါသည်။ တနေ့တွင် ဗိုလ်ချုပ်နေဝင်းက ကျနော့်ကို ခေါ်ပြီး ဗိုလ်ချုပ်ဘလိတ်ကို ဒီရာထူးကြီးကဖယ်ရှားတော့မည့်အကြောင်း ပြောပြပါသည်။ (ကပြားဖြစ်နေ၍ ဖယ်ရှားမည့်သဘော ပြောပါသည်) ကျနော်က လူတွေကို ခိုင်းတုန်းကခိုင်းကြပြီး တိုင်းပြည်အေးဆေးလာတော့မှ နေရာဖယ်ရှားသည့်သဘောကတော့ မကောင်းလှပါဟု ပြောလိုက်ပါသည်။ ကျနော်က ဗိုလ်ချုပ်ဘလိတ်မရှိလျှင် သူ့တိုင်းမှ စစ်သတင်းများမရတော့မှာကိုလည်း စိုးရိမ်မိပါသည်။ ဗိုလ်နေဝင်းလည်း တွေဝေသွားပါသည်။ ထို့ကြောင့် ထိုအချိန်က ဗိုလ်ချုပ်ဘလိတ်ကို မဖယ်ရှားပစ်ခဲ့ပါ။

ကျနော်သည် ကျနော်ရရှိသောသတင်းများကို ဗမာပြည်ကွန်မြူနစ်ပါတီသို့ လျှို့ဝှက်ပေးပို့နေခဲ့ပါသည်။ အထူးသဖြင့် ကိုကြီးမြင့်၊ ရန်ကုန်-မင်္ဂလာဒုံ ကျနော့်အိမ်တွင်အတူနေစဉ် ကိုကြီးမြင့်မှတဆင့် ပေးပို့ခဲ့ပါသည်။ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဗမာ့တော်လှန်ရေးကို ထိခိုက်နိုင်မည့်သတင်းများကိုဦးစားပေး၍ အမြန်ပေးပို့ခဲ့ပါသည်။ ကျနော်က ပါတီထံသို့ ကျနော်၏အမြင်များ အကြံပေးချက်များကိုလည်း ပေးပို့ခဲ့ပါသည်။
         
ကျနော်သည် ဗိုလ်ချုပ်ဘလိတ်နှင့်ရင်းနှီးနေပြီး၊ နားလည်မှုလည်းယူထားသဖြင့် ဗိုလ်ချုပ်ဘလိတ်က သူ့စစ်တိုင်း၏စီမံကိန်းများပါ ကျနော့်ထံ ပေးသဖြင့် ထိုစီမံကိန်းများကိုလည်း ကျနော်က ကွန်မြူနစ်ပါတီသို့ပေးပို့နိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း ဗမာပြည်ကွန်မြူနစ်ပါတီမှာ ကျနော့် စစ်တိုင်းကရော၊ တောင်ပိုင်းတိုင်းကရော စစ်တိုင်းနှစ်တိုင်းစလုံး (တနည်း)တပြည်လုံး၏စစ်ရေးစီမံကိန်းများကို ကြိုတင်သိရှိနေပါတော့သည်။ ဤသို့ဖြင့် ဗမာ့တော်လှန်ရေးအတွက် အကျိုးရှိနေပါတော့သည်။

ကျနော် မေမြို့သို့ပြောင်းရသောအခါ ကွန်မြူနစ်ပါတီသို့ ကျနော် ဆက်သားများနှင့် သတင်းဆက်လက်ပေးပို့ရပါသည်။ ကွန်မြူနစ်ပါတီမှ ဦးဘဦး(ထားဝယ်သားကြီး၊ ယခုကွယ်လွန်)နှင့် ကိုလှမြိုင် (နောက်ပိုင်း လက်နက်ချ၊ လုပ်သားနေ့စဉ်သတင်းစာအယ်ဒီတာချုပ်ဖြစ်သွား)တို့မှာ ကျနော်၏ ဆက်သားများဖြစ်ပါသည်။

ထိုကာလက အဖြစ်အပျက်(ကျနော်မှတ်မိနေတာ)တချို့ကို ပြန်ပြောပြချင်ပါသေးသည်။
ကျနော် ထိုကဲ့သို့ မြေအောက်လုပ်ငန်းများလုပ်ကိုင်နေရင်း သတင်းပေါက်သွားပါက လုပ်ရမည့်အစီအစဉ်အချို့ကို ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုက စီစဉ်၍ ကျနော့်ထံပေးပို့လာပါသည်။ ကျနော် အန္တရာယ်တခုခုနှင့်ရင်ဆိုင်လာရပါက တနေရာသို့ သွား တိမ်းရှောင်နေပြီး ထိုအိမ်မှ တဆင့် ကျနော့်ကို ပါတီထံသို့ပို့ဖို့ ဖြစ်ပါသည်။ ကျနော်က အိမ်ကကားကို(ဒရိုင်ဘာရဲဘော်ကို မခေါ်ဘဲ)ကိုယ်တိုင်မောင်းပြီး ထိုအိမ်နေရာကို သွားကြည့်ရာ ဗိုလ်ဗတင်(လက်သီးပုန်း)၏အိမ် ဖြစ်နေသည်ကို အံ့သြဝမ်းမြောက်စဖွယ်သိလိုက်ရပါသည်။ ကျနော်နှင့် ဗိုလ်ဗတင်မှာ ဂျပန်ခေတ်ကတည်းကပင် ပဲခူးစံပြတပ်ရင်းတွင် အတော်ရင်းနှီးခဲ့ကြသူများဖြစ်ခဲ့သဖြင့် ကျနော် အတော်စိတ်အေးသွားပါသည်။ သို့သော် ထိုစဉ်က သူ့အိမ်သို့ ဝင်ခဲ့ခြင်းလည်းမရှိ။ သူ့ကို ဤအကြောင်းကို နောက်ပိုင်းလည်း ပြောမပြ ဖြစ်ပါ။

တခါ မေမြို့တွင်လည်း ဆက်သားကိုလှမြိုင်ရောက်နေစဉ် ပြဿနာတခုဖြစ်ပါသေးသည်။ ကျနော်တို့ မေမြို့အိမ်ကြီးမှာ အပေါ်ထပ်တွင်သာ ရေချိုးခန်း၊ အိမ်သာများ၊ အိပ်ခန်းများနှင့် တွဲလျက်ရှိပါသည်။ အောက်ထပ်မှာ အကူရဲဘော်များ၊ အော်ဒလီများသာ နေတတ်ကြသဖြင့် အိမ်သာကို အိမ်ပြင်တွင် ထားပါသည်။ ထို့ကြောင့် အိမ်အောက်ထပ်နေသူများ အိမ်ပြင်ထွက် အိမ်သာတက်ရပါသည်။

ကျနော်တို့၏ အိမ်နောက်ဘက်တွင်လည်း လမ်းသာခြား၍ စစ်တပ်မှအရာရှိအိမ်များ ရှိပါသည်။ ကျနော့်အိမ်နောက်တွင် နေသူတဦးမှာ ဗိုလ်မှူးကြီးဘရွှေ(ဆိုရှယ်လစ်တဦးဖြစ်ပြီး၊ ဗိုလ်မှူးကြီးခင်ညိုနှင့် သမီးယောက်ဖတော်ကာ တော်လှန်ရေးကောင်စီခေတ်တွင် သံအမတ်ကြီး ဖြစ်သွား) ဖြစ်ပါသည်။

ကိုလှမြိုင်ကို ကျနော်က အောက်ထပ်တွင်ထားမိရာ အပြင်ထွက် အိမ်သာအတက်တွင် ဗိုလ်မှူးကြီးဘရွှေက သူ့အိမ်မှ တွေ့ရှိသွားပုံရပါသည်။ ညပိုင်း ကျနော်ကိုလှမြိုင်နှင့် ဧည့်ခန်းတွင်ထိုင်စကားပြောနေတုန်း၊ ဗိုလ်မှူးကြီးဘရွှေ အကြောင်းမရှိ၊ အကြောင်းရှာပြီး ကျနော့်အိမ် ရောက်လာ ပါသည်။ ကျနော်ကလည်းသတိရှိစွာဖြင့် အိမ်အပေါ်ထပ် အိပ်ခန်းစသည့်နေရာများတွင် စကားမပြောဘဲ၊ အေးအေးလူလူ ထိုင်စကား ပြောသည့်ပုံစံ အောက်ထပ်ဧည့်ခန်းကြီးထဲမှာပင် ဗြောင်ထိုင်စကားပြောနေတာဖြစ်သဖြင့် သူလည်းခဏဝင်ထိုင်ပြီး ပြန်သွားပါသည်။ ပြန်ခါနီး ကျနော့်အား ဘယ်သူဘယ်ဝါဖြစ်ကြောင်း သွယ်ဝိုက်မေးလာသောကြောင့် ကျနော်က တောပြန်ရဲဘော်တယောက်ဖြစ်ကြောင်း မြို့ ရောက်လာပြီး ငွေရေးကြေးရေးကျပ်တည်းလို့ လာအကူအညီတောင်းတာဖြစ်ကြောင်း ပြောလိုက်ပါသည်။ သို့သော် သူပြန်သွားသည်နှင့် ကျနော်သည် ကိုလှမြိုင်ကို ချက်ချင်းကားဂိတ်သို့ပို့၍ မန္တလေးသို့ ဆင်းခိုင်းလိုက်ပါသည်။ ဤလုပ်ရပ်မှာလည်း မှန်ကန်သွားပါသည်။ နောက်နေ့မနက်တွင် ဗိုလ်ဘရွှေအစီအစဉ်ဖြင့် ကားဂိတ်အားလုံးက ထွက်သမျှကားများကို ပိုက်စိပ်တိုက်ရှာဖွေကြကြောင်း ကျနော် ကြားရပါသည်။


0 comments:

Post a Comment