Monday, November 2, 2015

လင်းခါးရဲ့မှတ်စုတွေ (လင်းခါး)

0 comments
(လင်းခါးရဲ့မှတ်စုတွေ)
#LynnKharNote 1မျက်နှာကို နိုင်ငံတော်အလံပုံဆေးသုတ်ထားသူများ လမ်းပေါ်တက်လာကြသည်။ သူတို့သည် အင်တာနေရှင်နယ်သီချင်းအလိုက်ကို စက်ဆုပ်ဖွယ်စာသားများဖြည့်စွက်၍ အော်ဟစ်ခဲ့ကြ၏။ ခိုများ စိတ်ညစ်သွားကြကာ ညည်းကြသည်။ မီးရောင်အောက်တွင် ကိုယ်သင်းနံ့ကလေးအားဖွဖွကိုင်ကာ ကြည်နူးနေသော လူငယ်တစ်ယောက်ဘေးတွင် သေးကွက်များသည် နိုင်ငံတစ်ခု၏မြေပုံကဲ့သို့ တည်နေ၏။ စစ်ဗိုလ်အား ဖိနပ်စွပ်ပေးနေသောလူတစ်ယောက်ပုံသည် ကျနော်တို့၏နိုင်ငံတော်ကြီးနှင့် ကျနော်တို့ကို ကိုယ်စားပြုနေကြောင်း ဝမ်းနည်းအံ့အားသင့်စွာပင် လက်ခံလိုက်ရသည်။ ခြေထောက်ကို ခေါင်းနှင့်လာဝှေ့သော ကြောင်တစ်ကောင်ကို ခြေဖျားနှင့်ခတ်ထုတ်လိုက်ပြီးနောက် ကျနော်သည် ညနေစာကို ကြောင့်ကြမဲ့စွာ စားနိုင်ခဲ့ပါပြီ။

#LynnKharNote 2ကျနော့်တွင် လက်သီးနှစ်လုံးရှိသည်ဟု အများက ယူဆကြလိမ့်မည်။ အများ မှားပါသည်။ ကျနော့်တွင် ကြောင်အိမ်ထဲ၊ အတွင်းခံဘောင်းဘီထဲနှင့် လျှာအောက်တို့တွင်သိမ်းဆည်းထားသော လက်သီးတို့နှင့် အခြား ခင်ဗျားတို့ကို ပြောမပြချင်သောနေရာများတွင်လည်း ကျနော့်လက်သီးတွေ ရှိပါသေးသည်။ လက်သီးတွေအများကြီးနှင့်ကျနော်သည် အိပ်ရာထဲတွင် ငြိမ်နေရပြီး ဆွံ့အနားမကြား ကြယ်များက ကောင်းကင်တွင်လျှောက်သွားနေကြရပါသည်။ သို့သော် ကျနော် မကြောက်ပါ။ စိတ်ဓာတ်လည်း မကျပါ။ ကျနော်အိပ်ရာဘေးသို့ တော်လှန်ရေးကြီးရောက်လာပါက လက်ကမ်းစာစောင်များနှင့်အတူ လိုက်ပါခွင့်ရမည်ဟု ကျနော့်လက်သီးများကို နားချထားခဲ့ပါသည်။ ယခုအခါ သူတို့ ခွေးတစ်ကောင်လို ကျေနပ်သွားကြကာ ကြောင်တစ်ကောင်လို ခြေပစ်လက်ပစ်အိပ်လျက်ရှိနေခဲ့ကြပါသည်။

#LynnKharNote 3 ဆရာခင်မောင်ရင် ရိုက်ကူးသော နှမလက်လျှော့ နေလေတော့နှင့် အင်ဒီဝါးဟိုး၏ ရုပ်ရှင်များအကြောင်း ကြားဖူးထားသောကြောင့် အပူအပင်ကင်းမဲ့စွာအိပ်ပျော်နေသော မိချောင်းတစ်ကောင်ကိုကြည့်၍ ဝန်တိုစိတ်ဖြင့်သောကရောက်နေရသူ လူတစ်ယောက်အကြောင်း ၃၅ မိနစ်ခန့် ကင်မရာအသေထားကာ ရိုက်ကူးချင်သော ဆန္ဒ ကျနော့်မှာ ရှိပါသည်။ မိချောင်းသည် အိပ်ပျော်နေရင်းနှင့်ပင် လူသား၏အလိုဆန္ဒအရ ဖွတ်တစ်ကောင် ဖြစ်သွားမည်။ ထိုရုပ်ရှင်ကို နိုဝင်ဘာ ၈ ရက် မဲဆန္ဒပေးမည့်သူများအား မကြည့်မနေရ ဖိတ်ခေါ်ပြသမည်။ ရွေးကောက်ပွဲရလဒ်အဖြစ် သားသည် ရွှေအိုးထမ်းလာရမည်ဖြစ်သော်လည်း မလာသေးဘဲ ထိုရုပ်ရှင် ထိုင်ငေးနေခြင်းကြောင့် ပရိသတ်က ကျနော့်ကို ဆဲဆိုကြလိမ့်မည်။ ကျနော့် စိတ်ကူးထဲတွင်ထည့်သွင်းရန် ရွေးကောက်ပွဲလွန်ကာလကို တွေးမျှော်ကြည့်သော်လည်း အနာဂတ်သည် ရုပ်ရှင်ပိတ်ကားအနက်စကြီး ကာထား၍ အာရုံတွင် မပေါ်ပါ။ ကမ္ဘာကြီးသည် ရွေးကောက်ပွဲလွန်ကာလကို ကြည့်ရှုခွင့်ရရန် ရုပ်ရှင်ကြည့်နေသောအမေဖြစ်သူအား အင်္ကျီစဆွဲ ငိုယိုပူဆာလျက်ပင် ရှိနေလိမ့်မည် ထင်ပါသည်။

#LynnKharNote 4 သမိန်ဗရမ်းနှင့် ဂါမဏိ တကယ်ရှိမရှိ၊ နောင်ရိုးတိုက်ပွဲ တကယ် ရှိမရှိ၊ နှစ်ပေါင်းရာချီ ဧရာဝတီမြစ်ထဲ မျောနေသော သစ်တုံးကြီး၊ ထိုသစ်တုံးကြီးပေါ်တွင် ဝိညာဉ်အဖြစ် တွယ်ကပ်နေကြရသည်ဆိုသော ပန်းပဲမောင်တင့်တယ်တို့မောင်နှမတတွေ တကယ်ရှိမရှိနှင့် စောလူးမင်းသည် ငရမန်ကန်းအား ဟေ့ကောင် ငါ့ကို ကျန်စစ်သား လာကယ်နေတယ်ကွဟု တကယ်ပြောခဲ့သလော မပြောခဲ့သလော ကျနော် မသိပါ။ ရှိလို့ သိတာ၊ သိလို့ ရှိတာ ရုပ်ဝါဒ ဘာညာလည်း ကျနော် နားလည်လှသည် မဟုတ်ပါ။ စကြာဝဠာ ဆိုသဟာကြီးကို ကျနော်ကြီးမှ သိခြင်း ဖြစ်သောကြောင့် စကြာဝဠာကြီးသည် ကျနော်ကြီးမှ ရှိခြင်း ဖြစ်သည်ဟု ပြောချင်လည်း ပြောနိုင်ပါသည်။ မပြောချင်လည်း မပြောဘဲနေနိုင်ပါသည်။ ပုံပြင်နှင့် ဒဏ္ဌာရီများက ကျနော်တို့ လွယ်ကူချောမွေ့စွာ အိပ်ပျော်သွားရန်ရှိခဲ့ခြင်းဖြစ်ပြီး တကယ့်အဖြစ်အပျက် များကတော့ ကျနော်တို့ နိုးကြားရှင်သန်နေရန် တည်ရှိနေခြင်း ဖြစ်ပါသည်။

#LynnKharNote 5 မှော်အတတ်နှင့်ပြုလုပ်ထားသော လူထုရင်နှစ်သည်းခြာအရုပ်ကလေး၏ ရင်ဘတ်ကို ကမ္ဘာကြီးက အပ်နှင့်ထိုးနေသည်။ ကျောင်းဆရာက ချစ်ဦးဟဲ့ အမေစုကို၊ အမေစုကို ချစ်ဦးဟဲ့ဟုဆိုကာ နိုင်ငံတော်ကို ထပလက်နှင့် တွယ်နေ၏။ နှုတ်ခမ်းနီဗူးထဲမှအရောင်များသည် အဝေးပြေးလမ်းပေါ်တွင် တရိပ်ရိပ် ပြေးလျက်ရှိ၏။ အနာဂတ်ကို စက္ကူလေယာဉ်ကဲ့သို့ ချိုးလျက် ဆာကူရာတာဝါပေါ်မှ လွှတ်ချလိုက်သောအခါ လမ်းပေါ်တွင် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ရုန်းရင်းဆန်ခတ်ဖြစ်သွားကြ၏။ ယခုအခါ စစ်ယူနီဖောင်းများသည် မြို့ပေါ်တွင် လွယ်လွယ်နဲ့ ခွဲခြားမရဘဲ အဆောက်အဦအရောင် အလံအရောင်များနှင့် ရောနှောနေတော့၏။ ရလဒ်မှာ ဘယ်က ပစ်လိုက်သည်မသိသောကျည်ဆန်က သင်ရိုးစာအုပ်များကို ဖောက်ထွက်သွားခြင်း၊ ညသန်းခေါင်အတွင်း စပ်ယှက်နေကြသောလင်မယား၏ အနာဂတ်ကလေးငယ်မှာ သေနတ်သံကြောင့် လာရောက်မဝင်စားတော့ခြင်းနှင့် ဒေါသထွက်နေသော ငွေစက္ကူများသည် ပို၍ရုပ်ဆိုး ပို၍အတင့်ရဲ ပို၍တိရစ္ဆာန်ဆန်လာကာ ပို၍တိရစ္ဆာန်ကဲ့သို့ ငုတ်တုတ်ထိုင်နေခြင်းတို့ ဖြစ်စေခဲ့သည်။

#LynnKharNote 6 စာသင်ခန်းမှပြေးထွက်လာသောကလေးငယ်များကို ခွေးဆိုးကြီးများ ပြေးကိုက်နေကြသည်ဟု ညက အိပ်မက်မက်သည်။ ခွေးဆိုးကြီး၏ တစက်စက်ကျနေသောသွားရည်များသည် မိုးအဖြစ်ရွာသွန်းပြီး စုတ်ပြတ်နေသောလမ်းကျဉ်းကလေးများအတွင်းသို့ စီးဝင်သွားကြသည်။ ကျနော်သည် လမ်းကျဉ်းကလေးတစ်ခုထဲတွင် ကြီးပြင်းလာသူဖြစ်ပါသည်။ နောက်ဆုံးတော့ စီစီဖတ်သည် သူ၏ ကျောက်တုံးကြီးကို မိုင်းခွဲရှင်းလင်းရန်ဆုံးဖြတ်လိုက်သည်။ "စိတ်ဓာတ် စည်းကမ်း ပညာ သမာဓိ ရိက္ခာ" စသော စာလုံးများကို စက်ဝိုင်းပုံစီလိုက်ပြီး ထိုစက်ဝိုင်းအတွင်းသို့ ထရွိင်မြို့ထဲဝင်သွားသောမြင်းရုပ်ကြီးကို ထည့်သွင်းလိုက်ကြသည်။ အများဆန္ဒအရ မွန်ရိုးက ကိုယ့်ကိုယ်ကိုယ် လုပ်ကြံခဲ့ပြီး၊ အများဆန္ဒအရပင် နေလုံးသည် သွေးသံရဲရဲဖြင့် ဝင်သွားတော့၏။ နိုင်ငံတော်သည် သာယာဝတီအကျဉ်းထောင်အတွင်း၌ အစာငတ်ခံ ဆန္ဒပြလျက်ရှိပါသည်။

#LynnKharNote 7 အုပ်ချုပ်ရေးမှူးရုံး၏ မျက်နှာကျက်တွင် ခိုများ နေထိုင်ကြသည်။ ခိုချေးများသည် စင်္ကြန်နှင့် လှေကားတွင် နောက်ဘုရားပွင့်မည့်ကာလကို စောင့်စားနေကြသည်။ ဖျောက်ဆိပ်ပင်ခြေရင်းမှ ကြွက်တစ်ကောင်နှင့် တစ်ပင်မှ တစ်ပင်သို့ကူးနေသော မြွေတစ်ကောင်တို့ အုပ်ချုပ်ရေးမှူး၏ယူနီဖောင်းအဟောင်းတွင်း၌ ဆုံမိကြသည်။ မြွေသည် ဖောင်တိန်တစ်ချောင်းဖြစ်သွားပြီး ကြွက်မှာ တံဆိပ်တုံးအဖြစ် ပြောင်းလဲသွား၏။ ဗျာဒိတ်တော်ထဲတွင်ပါဝင်သောကျောက်တုံးကြီးကို ထုခွဲ၍ သင်္ကန်းစအသစ်ဖြင့်ပတ်လိုက်သောအခါ ရုပ်တုများက တန်ခိုးပြဖို့ ငြင်းဆန်ကြတော့သည်။ ခေတ်က ပြောင်းလဲသွားပြီဖြစ်သည်။ အဓမ္မအကျင့်ခံရသော ရွှေစင်ရုပ်ကလေးသည် ဘကြီးအောင်၏အိမ်မှ ငိုယိုလျက် ဆင်းပြေးသွားကာ မောင်ချစ်ကလေး လဲလျောင်းလျက်ရှိသောအုတ်ဂူအတွင်းသို့ ဝင်သွားတော့၏။ ထိုအချိန်မှစတင်၍ အုတ်ဂူတွင် ရေးထိုးထားသော "လို၍မရသော ဆင်းရဲ" စာသားနေရာ၌ "ပြောင်းလဲချိန် တန်ပြီ" ဟူသော စာသားကို လူအများတွေ့လိုက်ကြရတော့သည်။

#LynnKharNote 8 ရာရှင်ခွဲတမ်းရဖို့ စောင့်ဆိုင်းနေသောလူတန်းကြီးကိုဖျော်ဖြေရန် လူရွှင်တော်သည် ဟစ်တလာနှုတ်ခမ်းမွှေးအတုနှင့် ထွက်လာသည်။ (ချာလီချက်ပလင် မဟုတ်ပါ) ထို့နောက် စတာလင်မိန့်ခွန်းများလိုက်လံဝေငှပြီး ဂန္ဓီလိုနေထိုင်ကြရန် မှာကြား၏။ မာသာထရီစာမှာ ရထားနောက်ကျ၍ အချိန်မီရောက်မလာပါ။ ကျားယောင်ဆောင်ထားရသည့်စစ်သားသည် အသားတုံးများကို သတင်းစာစက္ကူနှင့်ပတ်ကာ စစ်တန်းလျားသို့ လိပ်မူ၍ပေးပို့လိုက်၏။ ဘားတိုက်ထဲသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးသောဗိုလ်ချုပ်ကြီးမှာ စစ်သားများကို မတွေ့ရဘဲ ဖရဲသီးအခွံအနည်းငယ်သာ တွေ့လိုက်ရ၍ စိတ်ဆိုးသွားသည်မှာ ဗဟိုကင်းတွင်ချိတ်ဆွဲထားသောအလံတော်မှ သွေးတစက်စက်ကျနေသည်အထိပင် ဖြစ်တော့၏။ ဖရဲသီးအခွံများမှာ ကျောက်စိမ်းနှင့်ပြုလုပ်ထားကြောင်းကိုတော့ ရဲဘော်ငယ်လေးများ ငရဲလားသည်အထိ သိမသွားကြရှာချေ။

#LynnKharNote 9 ငယ်ရွယ်စဉ်ခါက ဝဲ ခဲ့ပြီး အသက်အရွယ်ရသည့်အခါ ယာ သွားသည့်ဝါဒကို စာပေကျမ်းဂန်များက အနက်မပေးတတ်ပါ။ ကြီးကျယ်မြင့်မြတ်သောဘဝနေနည်းကိုရှာဖွေကြသောမျောက်များသည် မမျှော်လင့်ဘဲ အုပ်စုအကြီးအကဲခန့်မိရာမှ သမိုင်းတလျှောက်လုံး နံပတ်တုတ်စာမိနေကြရသောလူသားများအတွက် တရားခံအစစ်ဖြစ်ပါသည်။ လေယာဉ်ပျံတီထွင်ခဲ့သည်မှာ ကြာညောင်းခဲ့ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ လေယာဉ်ပျံအနီး ကိုက် ၁၀၀ အတွင်းပင် ကျနော် မရောက်ဖူးပါ။ သို့သော် လေယာဉ်ပျံကို ကျနော်မမုန်းပါ။ အစိုးရကို တီထွင်လိုက်သော အလိုက်ကန်းဆိုးမသိသည့်နတ်ဘုရားများကို ကွန်ဒုံးများပေး၍ ပူစီဖောင်းတွေလေ မှုတ်ကြည့်ပါလားဟု ကျနော်က ကလဲ့စားချေချင်သည်။ ဖိနှိပ်ရေးယန္တရားဆိုလျှင် ထပ်တရာ၊ နံပြားလုပ်လျှင်သုံးသည့် ဂျုံလှိမ့် သစ်သားလုံးကြီးများကိုသာမြင်တတ်သောလူတစ်စုက မက္ခရာဗယ်လီကျမ်းများကို အင်္ကျီချုပ်ဝတ်၍ ဘဝကိုတော့ လက်ပတ်နီပတ်ထားလိုက်ကြသည်။ လူသားသည် ဝဲ ချင် ဝဲ ယာ ချင် ယာ မည် ဖြစ်သော်လည်း တစ်ချိန်တည်း တစ်နေရာတည်းမှာတင် ဝဲလည်း ဝဲတယ် ယာလည်း ယာတယ်တော့ မလုပ်သင့်ပါ။

#LynnKharNote 10 ငယ်ငယ်က လက်သည်းပွင့်လျှင် စော်ကြည်သည်ဆို၍ အလွန်ပွင့်ချင်သည်။ (ယခုအချိန်အထိ လက်သည်း မပွင့်ဖူးပါ) ခွေးကိုမြင်လျှင် လက်မဝှက်၍ သွားသည်။ အပင်ကြီးလျှင် သေးကော့မပန်းရဲဘဲ ပုစဉ်းများကိုတော့ ကျွတ်ကျွတ်အိတ်တုပ်စွပ်ကလေးနှင့်ဖမ်းကာ ပုလင်းထဲထည့်ထားလိုက်၏။ ငယ်ငယ်က ပျော်ရွှင်ခဲ့မှုများသည် ဆိုဗီယက်ပြိုကွဲသလို ပြိုကွဲခဲ့ပြီဖြစ်သော်လည်း ငယ်ငယ်ကရည်ရွယ်ချက်များသည် တစ်ခါတလေ မတော်သည့် အင်္ကျီ၊ တစ်ထွာခေါက်ကြီး ငါးခေါက် ခေါက်ဝတ်ရသော ဘောင်းဘီဝတ်လျက် ရောက်လာတတ်ပါသည်။ လူများသည် ငယ်ဘဝကို အိပ်ရာနံဘေးကစားပွဲပေါ်တွင် ထောင်လျက် တင်ထားကြပြီး၊ အချို့ကတော့ ငယ်ဘဝကို သမုဒ္ဒရာအလယ်တွင်နစ်မြုပ်သွားမည့် သင်္ဘောပေါ်သို့ တင်ပေးလိုက်ကြ၏။ ငယ်ဘဝဆိုသည်မှာ ဘစ်ဘန်နှင့်စပြီး ဘလက်ဟိုးနှင့်အဆုံးသတ်သည့် မဟာသင်္ခါရပင် ဖြစ်ပါသည်။ ငယ်ဘဝဆီမှ ယနေ့အချိန်အထိ ကျနော်ဆက်လက် သယ်ဆောင်လာနိုင်သည်မှာ ယခုရေးချလိုက်သည့်ဝါကျများပဲ ရှိပါသည်။

#LynnKharNote 11 လူတစ်စုသည် ချောက်ကမ်းပါးအောက်မှ လူ့ဂုဏ်သိက္ခာကို ဆွဲတင်နေကြသည်။ ကောင်းမြတ်သော တမန်တော်များက မည်ကဲ့သို့ကူညီရမည်ကို ဆွေးနွေးငြင်းခုန်နေကြစဉ် မာရ်နတ်က ကြွက်ယောင်ဆောင်ကာ ကြိုးကို ကိုက်ဖြတ်ရန် ကြိုးစား၏။ ကောက်ကျစ်သောမြေခွေး၏အူသံကြောင့် ပဏ္ဌုကဗ္ဗလာမြကျောက်ဖျာ တင်းလာ၍ သိကြားမင်းသည် လူ့ပြည်ကိုကြည့်သောအခါ  စောက်ချိုးမပြေသော စာဖတ်နေသူအား တွေ့လေ၏။ ဝံပုလွေတို့သည် သိုးရေခြုံ၍ ကောင်းကင်ဘုံသို့ ရောက်သွားခဲ့ပြီ။ ဘုရားသခင်သည် သူဖန်ဆင်းလိုက်သောကမ္ဘာကြီးကို ထက်ခြမ်းခြမ်း၍ တစ်ခြမ်းအား အရင်းရှင်တို့အတွက်လည်းကောင်း တစ်ခြမ်းအား ပစ္စည်းမဲ့တို့အားလည်းကောင်း ပေးတော်မူလေသည်။ သို့သော် တွမ်နှင့်ဂျယ်ရီတို့၏ချစ်ခြင်းကို ဘယ်သူမှ ခွဲခြားမရတော့ပေ။

#LynnKharNote 12 နိုင်ငံရေးခံယူချက်ဆိုသည်မှာ မိုးရွာပြီးကာမှ ပေါ်ချင်ပေါ်တတ်သော သက်တံမဟုတ်ပါ။ မျိုးဗီဇပြောင်းလဲမှု အလွန်များပြားသော ဖားမျိုးစိတ်လည်း မဟုတ်ပါ။ ရွှေဘုံသာလမ်းထိပ်တွင် ၁၂ နှစ် ၁၃ နှစ်အရွယ် ကလေးငယ်များက တော်လှန်လိုစိတ်ကို အောက်ဈေးဖြင့်ရောင်းနေ၏။ နိုင်ငံတော်ကိုကြည့်လိုက်လျှင် အကြိမ်ကြိမ်ဒုက္ခများရသော်လည်း လင်သားအပေါ်စိတ်မကုန်နိုင်သည့် မိန်းမတစ်ယောက်နှင့်တူနေပါသည်။ ဦးနှောက်ပွင့်ထွက်အောင် ပျော်ရဖူး၏။ မေးရိုးကျိုးထွက်အောင် အပြုစုခံရဖူး၏။ ကိုယ့်ကိုယ်ကိုယ်မီးရှို့၍ ယဇ်ပူဇော်ခံရဖူး၏။ သံပုံးတီး၍ မောင်းချခံရဖူး၏။ ဇောတိကသူဌေးသားက မပေးလျှင် သူ၏ လက်စွပ်ကိုမျှပင် ချွတ်ယူမရသည်ကိုသိခဲ့သော အဇာတသတ်မှာ ဒေဝဒတ်အား မဲစာရွက်များ ဖန်ဆင်းပေးပါရန် လျှောက်ထားနေတော့၏။ သွေးစုပ်ဖုတ်ကောင်များက စမတ်ကျလာသောအခါ လူစင်စစ်များက အမှောင်ထဲတွင် ကုပ်ကျိုး လည်စောင်းကာ တအိအိလမ်းလျှောက်နေကြရမည်သာ ဖြစ်ပါသည်။

#LynnKharNote 13 ပွဲတော်သည် ခွေးတိုးပေါက်မှဝင်လာရ၍ ညစ်ပတ်ပေရေနေသည်။ ဘရိတ်ဒန့်တွန့်နေသူများက ပွဲတော်၏ ဖင်ကိုနှိုက်ဖို့ကြိုးစားနေပြီး ကာယိနြေ္ဒပျက်စီးနေပြီဖြစ်သောလမ်းများက ပွဲတော်၏ရင်သားကိုမြင်ရရန် ဟိုက်နေသောအင်္ကျီအတွင်းသို့ ငေးနေ၏။ လူတို့သည် အကျင့်ပျက် အော်ဟစ်ကြသည်။ အကြောင်းမဲ့ ကခုန်ကြသည်။ ပေါက်လွှတ်ပဲစား အပျော်လွန်ကြသည်။ လိင်စိတ်နှင့်မှတ်ဉာဏ်ပျောက်ဆုံးနေကြပြီဖြစ်သော သက်ကြီးရွယ်အိုများက ပွဲတော်ကိုငေးကြည့်ကာ ဘာသာစကားပျောက်ဆုံးနေကြ၏။ ဥပဒေကိုထိန်းသိမ်းရန်ခဲယဉ်းနေသော ဘဲဥ၏ပါးကို ငွေစက္ကူကိုင်ထားသောလက်က ဖြတ်ရိုက်လိုက်သည်မှာ ပွဲခင်းတစ်ခုလုံး ညှီစော်နံသွားတော့သည်။ လူအတွင်းသို့ ရူးသွပ်မှုက ဝင်ရောက်ကခုန်သောအခါ မြို့သည် ကိုယ်ကျင့်တရားသေးပေါက်ခွက်အတွင်းသို့ သေးတည့်တည့်ဝင်သွားရန်ပင် မတတ်နိုင်တော့ပါ။ လူ့ဘဝသည် သူခိုးပြေးမှထိုးကွင်းထသည့် နှိုးစက်နာရီတစ်လုံးဖြစ်ပြီး ပွဲတော်များဆိုသည်မှာ အများအားဖြင့် စိတ်ပေါ့သွပ်နေသည့်ဒဏ္ဌာရီများကသယ်ဆောင်လာသည့် သေစေနိုင်သောဗိုင်းရပ်စ်များပင် ဖြစ်ပါသည်။

#LynnKharNote 14 လူထုဒေါ်အမာ၏ စာအုပ်ထဲတွင် ဘာပဲပြောပြော ဟေလီကြယ်တံခွန်ကြီးကြောင့် ကမ္ဘာကြီး ခဏတာတော့ ငြိမ်းချမ်းရေးရကြရသည့်အကြောင်းပါသည်။ ဆရာကြီးရွှေဥဒေါင်းက မခေသည့်သူငယ်ပါလားဟုမှတ်ချက်ချခဲ့သော ဆရာဒဂုန်တာရာ၏ အမှီးဝတ္ထု မေ ထဲမှ အမလေး ကိုဘသိန်းရယ်ဟူသောစကားသံသည် ကမ္ဘာကြီးကို စိတ်ချောက်ခြားစေတုန်းပင်ဖြစ်၏။  ဗိုလ်မှူးချစ်ကောင်းက တိုင်းပြည်အတွက် အနှစ်နှစ်ဆယ်မျှလုပ်ပြီးသောအခါ ကြိုးတိုက်ထဲသို့ ရောက်နေရလေသည်။ ချာတိတ်ဘဝက ဓားပြဂိုဏ်းကို တရားသွားဟောခဲ့သော ဆရာမြသန်းတင့်နှင့် ထမင်းတစ်လုပ်အတွက် နိုင်ငံတော်ဆီမှ ဘာမှမယူခဲ့သော သခင်မြသန်းတို့ တစ်ခေတ်ထဲ ပေါ်လာရခြင်းအကြောင်းက မားစ်ဂြိုဟ်နှင့်ကျူပီတာတို့အကြောင်းထက် ပို၍ ရင်ခုန်စရာကောင်းပါသည်။ ဆရာဗန်းမော်တင်အောင်၏လွမ်းသူပန်းခွေမှ ပန်းကို ဖြုတ်ယူလာခဲ့၍ ရင်ဘတ်တွင်ထိုးလာသော ကမ္ဘာကြီးအတွက်တော့ ကျနော်တို့ ဂုဏ်ယူနေရဆဲပင်

။#LynnKharNote 15 မြို့ကြီးတစ်မြို့လုံးက ကြိုးတန်းလမ်းလျှောက်နေသည့်နောက်တော့ ပေါင်မုန့်စားရဖို့ရာအတွက် ဘလိတ်ဓားများကိုစားပြနေရသော မျက်လှည့်ဆရာကို လူအများက မကြည့်ချင်ကြတော့ပါ။ မျိုးဆက်သစ်များက ဘောလုံးကွင်းတွင်ဆဲဆိုခဲ့ပြီးနောက် ကားများကို မီးတင်ရှို့ကြရန် စိတ်အား ထက်သန်နေကြ၏။ စကားပြောတတ်ကာစကလေးငယ်အား အဆဲသင်ပေးနေသော ကလေးစောင့်နတ်သည် အစိုးရသတင်းပေး ဖြစ်ပါသည်။ မနက်ခင်း အဆမ်ပလီများတွင်လွှင့်တင်ထားသော အလံတော်များက ငိုက်မြည်းနေကြပြီး "တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ"သီဆိုရင်း နေရောင်အောက်တွင် ကျော့ကော့နေခဲ့ရ၏။ ကျနော်တို့ခေတ်တွင် အရာရာသည် ထိုက်သင့်သည့်နှုန်းထားထက် ပိုပေးရသည့် ဓလေ့ရှိပြီး ထိုဓလေ့ကို ကျောင်းစာသင်ခန်းထဲတွင် မွေးမြူပေးလိုက်ကြခြင်း ဖြစ်ပါလိမ့်မည်။ လူငယ်များ အချင်းချင်း တက်တူးထိုးပေးကြ၏။ အချင်းချင်း အကြောရှာပေးကြ၏။ အချင်းချင်း ခေါင်းကို ချိန်းကြိုးနှင့် ရိုက်ကြကာ အချင်းချင်းပင် ဘွဲ့ဒီဂရီများအပ်နှင်းခဲ့ကြခြင်း ဖြစ်ပါသည်။

#LynnKharNote 16  ကျနော့်ဘဝတလျှောက်လုံးတွင် တွေ့ကြုံခဲ့ရဖူးသည့်လူများအတွင်းမှ စိတ်ပျက် ရင်နာစရာအကောင်းဆုံး ကံအဆိုးဆုံးလူတစ်ယောက်ကို A ဟု ထားပါ။ နည်းတူ ခင်ဗျား ဘဝတလျှောက်လုံး ကြုံတွေ့ရဖူးသူများထဲမှ ထိုကဲ့သို့လူတစ်ယောက်ကို B ဟု သတ်မှတ်ပါ။ A နှင့် B တို့ကလည်း ထိုနည်းအတိုင်း C နှင့် D ကို အဆို တင်သွင်းသည့်အခါ ခင်ဗျားနှင့်ကျနော် ဖြစ်နေနိုင်သည်မှာ ကျနော်တို့ခေတ်၏ သရုပ်အမှန် ဖြစ်ပါသည်။

#LynnKharNote 17 ၁၂ ယူဇနာ အလျားရှိသောကျောက်တုံးကြီးကို ဂွမ်းစရေစွတ်၍ တစ်နေ့တစ်ကြိမ်ပွတ်ခွင့်ရရန် လူထုက တောင်းဆိုနေကြသည်။ မိုက်မဲသောအစိုးရက အကြမ်းဖက်ရန်အကြောင်းပြချက်ကောင်းကို နိုင်ငံတကာမှ ဝယ်ယူနေသည်။ ကျောက်တုံးပတ်လည်တွင် လုံခြုံရေးယူထားသော အခေါပဏီတပ်ကြီး၏စားနပ်ရိက္ခာကို ထောက်ပံ့နေရသောလူထုမှာ သွေးစက်လက်နှင့်လမ်းပြရှာသော ဘုရားအလောင်းမျောက်မင်းနှင့်ပင် တူနေရှာ၏။ သူရဲကောင်းများက ၎င်းတို့၏ဒဏ်ရာပြပွဲ၊ အထိမ်းအမှတ်အမာရွတ်ရောင်းချပွဲများဖြင့် အလုပ်ရှုပ်နေကြ၍ လူထုနှင့်အစိုးရကြားမှပြဿနာမှာ မြေအောက်ခန်းတွင် နှစ်ရှည်လများ သိမ်းဆည်းထားသည့်ဝိုင်ပုလင်းများ ဖြစ်သွားကြသည်။ ထိုပြဿနာဖြစ်ပွားနေချိန်သည် စွန်းဝူခုန်း ဒဏ်ခတ်ခံရ၍ တောင်အောက်ပိနေချိန်၊ မယ်သီတာအတွက် ရာမမင်းသား သမင်လိုက်နေချိန်တို့နှင့် တိုက်ဆိုင်နေ၏။ ၁၂ ယူဇနာရှိသောကျောက်တုံးကြီးကတော့ စာရွက်စာတမ်းများကို လေမလွင့်အောင် ဖိထားဆဲပင် ဖြစ်ပါသည်။

#LynnKharNote 18 ကိုးတန်းကျောင်းသားဘဝက ပိတ်ထားသောအင်လျားဆောင်ကြီးရှေ့တွင် တေးရေး ဒဲနစ်အဆိုတော် စိုးလွင်လွင်၏ အင်းလျား သီချင်း သွားအော်ခဲ့ဖူးသော ကျနော်တို့သူငယ်ချင်းတစ်စုသည် ဆယ်တန်းအောင်လျှင် ရန်ကုန်တက္ကသိုလ်ကြီးကိုတက်ရမည်ဟု ထင်ခဲ့ဖူးသည်။ ၎င်းမှာ ၂၀၀၀ ခုနှစ်က ဖြစ်မည်။ စစ်တန်းလျားတွင်ကြီးပြင်းခဲ့သော ကျနော်တို့သူငယ်ချင်းတစ်စုသည် ဒေါ်အောင်ဆန်းစုကြည်ကို အလဟဿ မုန်းခဲ့ဖူးပါသည်။ ယနေ့ထင်ပေါ်ကျော်ကြားနေသောနိုင်ငံရေးသမားများအားလုံးသည် ကျနော်တို့ပါးစပ်ထဲတွင် စောက်ပေါဖြစ်ခဲ့ဖူးကြသည်။ အဖေဖြစ်သူများက အိမ်သို့ သေနတ်ယူလာခဲ့ဖူးကြသောကြောင့် အတန်းထဲတွင်တစ်ခုခုဖြစ်တိုင်း မင်း သေနတ်မြင်ဖူးလို့လား ပစ်သတ်လိုက်လို့ဟု အခြားသူငယ်ချင်းများကို ခြိမ်းခြောက်မေးခွန်းထုတ်တတ်ကြသော်လည်း တကယ်တမ်းတော့ ကျနော်တို့သူငယ်ချင်းတစ်စုလုံး ရိုင်ဖယ်ထက် ဘယ်သူမှ အရပ်မမြင့်ကြသေးပါ။ ထို့နောက် ဆယ်လမွန်ငါးများ မြစ်အထက်သို့ ပြန်ကြ၏ ကြိုးကြာများ ခရီးစတင်ကြ၏။ အချို့က ယနေ့အချိန်အထိ မီးဖွင့်လျှင် အိမ်တွင်းလိုက်ကာပိတ်ဆဲ၊ သေနတ်ပြောင်းထဲမှ ပြန်မထွက်နိုင်ကြဘဲ ဖြစ်နေဆဲ၊ ရန်ကုန်တက္ကသိုလ်ကြီးကတော့ ပြန်ဖွင့်နေပြီဟု သတင်းစာထဲမှာ ဖတ်လိုက်ရပါသည်။

#LynnKharNote 19 တောင်ဆိတ်တစ်ကောင် ကုလားထိုင်ပေါ်သို့ တစ်ခါတက်သွားတိုင်း အနည်းဆုံး ၂၆ နှစ်ကြာတတ်ကာ ဂေဟစနစ်လည်း အကြီးအကျယ်ပျက်စီးရ၏။ ကလေးသူငယ်များ၏အိပ်မက်ကို မီးရှို့၍ မှိုင်းဖြည့်ခဲ့သော မီးပုံးပျံကို အာကာသက ငြင်းဆန်ခဲ့ပါသည်။ လမ်းလယ်တွင် အဝတ်ဗလာနှင့် စိတ်မနှံ့သူတစ်ဦး သောင်းကျန်းနေ၏။ ၎င်း၏ကျောတွင်ထိုးထားသော ခြင်သေ့ဆောင့်ကြောင့်ထိုင်ရုပ်က ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲဟု မေးခွန်းထုတ်သည်။ ၁၉၄၇ ဇူလိုင် ၁၃ တွင် ပြောခဲ့သော ဗိုလ်ချုပ်မိန့်ခွန်းက ကောင်းကင်တွင် ကိုယ်ထင်ပြလေသည်။ "စောက်ကျင့်တွေကို ပြင်ရမှာ"ဟူ၍ ဖြစ်ပါသည်။ ယနေ့မနက်ကပင် ဓမ္မကိုဖမ်းလိုက်ပြီး စစ်ကြောရေးသို့ပို့လိုက်သည်ဟု သတင်းကြားလိုက်ရသည်။ နိုင်ငံတော်မှာလည်း ဆေးရုံသို့ ပို့ထားရပြီဖြစ်၏။ တိတ်ဆိတ်နေသော စိတ်နှလုံးကောင်း ဘာသာရေးသမားများက ဘုရားရင်ပြင်တော်ပေါ်၌ ဦးပုည၏ သိကြားလိမ်တေးထပ်ကို တိုးတိုးရွတ်ဆိုကာ ခေါင်းလောင်းတီးလိုက်သည့်အခါ ဂွေးမပါသော ခြင်သေ့ရုပ်တုများ ကျိန်စာသင့်သွားကြတော့သည်။ နတ်ဆိုးသည် သေခါနီးလေ အသက်ပြင်းသယောင် ဟန်ပြလေဟူ၍ နှောင်းလူများက သမိုင်းမှတ်တမ်း တင်ပါလိမ့်မည်။

#LynnKharNote 20 ကမ္ဘာကြီးသည် ညဥ့်နက်သည်အထိ မအိပ်ဘဲ မည်သည့်အဖွဲ့က အာဏာရမည်ကို စနည်းနာ ထွက်လေ့ရှိသည်။ အများယောင်၍ လိုက်ယောင်ခြင်းအားဖြင့် ပေါင်မုန့်ကို မည်သည့်ဘက်က ယိုသုတ်ထားသည်ကို သိနိုင်ပါသည်။ နွေဦးဝင်ကာစအချိန်သည် သိပ်အားမထုတ်ရဘဲ တရားထူးရတတ်သည့်အချိန်မျိုး ဖြစ်ပါ၏။ လူနပ်လူပါးများက ကွင်းပြင်ကျယ်ထဲက လူအုပ်အရေအတွက်ကို နည်းပညာအကူအညီမလိုဘဲ ဂဏန်းအတိအကျသိရှိနိုင်ကြသည်မှာ ယခုခေတ်မှ မဟုတ်ဘဲ မြို့ပြနိုင်ငံများ စတင်ထူထောင်ကြသည့် သမိုင်းမတင်မီကာလကတည်းက ဖြစ်ပါသည်။ ရွေးကောက်ပွဲ နီးကပ်လာလေလေ စောက်ကျင့်ယုတ်လေလေစရိုက်မှာ ပါလီမန်ဒီမိုကရေစီခေတ်က စတင်ခဲ့ပြီး ယခုလည်း အများ၏သရုပ်ကို ဓားနှင့်ခုတ်ကြ၍ အရေးပေါ်အခန်းသို့ ရောက်နေရပြီဖြစ်၏။ ထို့ကြောင့် ကုန်းဘောင်ခေတ်တွင် ဖြတ်ခံခဲ့ရသောကနောင်မင်းသား၏ဦးခေါင်းမှ သွေးစက်များသည် နိုင်ငံတော်၏ရင်ဘတ်တွင် လတ်လတ်ဆတ်ဆတ် ရွှဲစိုကောင်းတုန်းပင် ရှိနေပါသေးသည်။

#LynnKharNote 21 မိုက်ကယ်ဂျက်ဆင်က မြေဆွဲအားကို ငြင်းဆန်ကပြနေသည့်အချိန်တွင် လူတချို့ မူးမေ့လဲကျသွားကြ၏။ အနုပညာကို ကျီးကန်းများက နားမလည်ဘဲ ခံစားနိုင်ကြသည်။ စာအုပ်သူခိုးကောင်မလေးသည် ဟစ်တလာကိုကိုယ်စားမပြုသော ဂျာမန်များအား ဗုံးခိုကျင်းထဲတွင် ပုံပြင်ပြောပြနေ၏။ ချစ်စရာကောင်းသော ပုံပြင်သည် လမ်းမပေါ်ထွက်၍ တစ်ကိုယ်လုံးချွတ်ချလိုက်သောအခါ မိနစ်ပိုင်းကလေးမျှပင် လူများ အကြောက်တရား ကင်းစင်သွားကြသည်။ ချစ်စရာကောင်းခြင်းသည် အန်းဒရိုက်ဖုန်းများကဲ့သို့ ဘက်ထရီ အကုန်မြန်လာပြီ ဖြစ်ပါသည်။ ဂျူးလိယက်ဖူးချစ်က ကြိုးစင်ပေါ်တက်ခဲ့ရပြီး ဗီရှီအစိုးရအဖွဲ့ မြို့တော်ဝန်က ပါရီမြို့ကြီးအား သနားညှာတာပါရန် ဂျာမန်စစ်ဗိုလ်ချုပ်ကြီးကို ခယတောင်းပန်နေရသည့်ခေတ်များက ပြီးဆုံး ပြောင်းလဲခဲ့ပြီဖြစ်သော်လည်း လူများက မပြောင်းလဲကြပါ။ ပုံစံတူအမှားတစ်ခုတည်းကို အကြိမ်ကြိမ် ကျူးလွန်ကြ၏။ မြစ်အထက်မှစီးလာသောရေများကို ဖမ်းချုပ်လိုက်ပြီး စစ်ကြောရေးပို့လိုက်သောအခါ တော်လှန်ရေးသည် ဘေးမှလျှံထွက်လာတတ်သည်ကို ခွေးလိုကောင်များက ဘယ်တော့မှ နားလည်နိုင်ကြမည် မဟုတ်ပါ။

#LynnKharNote 22 ဇွန်ပန်းရုံအနီး ဒိုင်နမိုမျက်လှည့်ပြနေသည်။ ပြကွက်(၁) သင်ကြိုက်နှစ်သက်ရာ ဝါကျတစ်ခုခုကို ငွေစက္ကူပေါ်တွင် ရေးထားလိုက်ပါ။ ပြီးရင် လက်မှတ်ထိုးလိုက်ပါ။ မကြာခင်အချိန်အတွင်း သင်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံရလိမ့်မည်။ ဝှီးချဲပေါ်မှ စတီဖင်ဟော့ကင်းက မတ်တပ်ထရပ်လိုက်ပြီး အစိုးရကို ငေါ့ဆဲလိုက်၏။ ၎င်းကတော့ မျက်လှည့်မဟုတ်ပါ၊ ကျနော့်၏ အိပ်မက်သာလျှင် ဖြစ်ပါသည်။ ကျနော်စကားပြောလျှင် စက်ရုပ်သံထွက်နေခြင်းမှာ လည်ချောင်းကိုဖောက်၍ ခွဲစိတ်ခံခဲ့ရခြင်းကြောင့်မဟုတ်ဘဲ ဗြဟ္မစိုရ်တရားခေါင်းပါးနေခြင်းကြောင့် ဖြစ်ပါသည်။ အောက်ရှူးဘောင်းဘီအနွမ်း၊ ပန့်ခ်ဆံပင်ကေနှင့် အိမ်ခြေရာမဲ့လူငယ်တစ်ဦး ညညတွင် လမ်းမီးလုံးများကို ပစ်ခွဲနေခဲ့သည်။ ထို့ကြောင့် အအေးမိထားပြီး တံထွေးမျိုချလိုက်တိုင်း ဘဝတလျှောက်လုံးပင် နာကျင်နေရ၏။ ဗုဒ္ဓက ဆင်ခြင်ဉာဏ်ရင့်သန်စေရန် ဟောကြားတော်မူခဲ့သော်လည်း ဝိစိကိစ္ဆာကြီးမားလှသောသံသယဝါဒီများက ကာလာမသုတ်ကိုအကြောင်းပြ၍ ဘာကိုမှ မယုံကြည်တော့ပေ။ ဇွန်ပန်းရုံအနီး ဘေးတီးများသာ နေရာယူထားကြ၍ လှည်းဘီးနွံနစ်နေသည်ကို ဘယ်သူမှ မမြင်ဖူးကြပါ။

#LynnKharNote 23 လရောင်ကို မှည့်လာစေရန် ဆန်အိုးထဲ မြှုပ်နှံထားလိုက်ပြီ။ မီးချောင်းအောက်တည့်တည့်၌ ပက်လက်လှန်စာဖတ်၍ မရပါ။ ရေလှိုင်းပေါ်မှဖြတ်လာသောလေညှင်းကလေးအား ပါးဖြတ်ချလိုက်သည့်အခန်းကြောင့် စစ်အာဏာရှင်များ အော်စကာ ရကြလိမ့်ဦးမည်။ ကွန်ပျူတာဖွင့်လျှင် စီဒီဒရိုက်ဗ်ထဲ အခွေမရှိပါစေနှင့်။ ဦးသန့်ပရိုဖိုင်ဓာတ်ပုံနှင့်လူက ငါတို့သည် ဇော်လတ်များဖြစ်ကြသည်ဟု တင်လိုက်သောအခါ လူ့အခွင့်အရေးသည် လင်ငယ်နေလိုက်ရုံသာ ရှိပါတော့သည်။ ဒီမိုကရေစီနှင့် မထိုက်တန်သည့်လူသားဟူ၍ တစ်ယောက်မျှ မရှိပါ။ သို့သော် ဒီမိုကရေစီက ပြန်လည်ပေးအပ်သောတာဝန်ကို မထမ်းဆောင်နိုင်သည့်သူများတော့ ရှိနေကြမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျနော်သည် ဆန်မရှိစောက်စားကြီးသည့်အိမ်သို့သွား၍ ဧည့်သည် မလုပ်လိုတော့ပါ။

#LynnKharNote 23 အနှီးထုပ်မည်းထဲက ကလေးငယ်ကို ကြောင်ကြည့်ရင်း အမျိုးသမီးတယောက် သူမလက်သည်းများကိုသူမ ကိုက်ဖြတ်နေ၏။ အိပ်မက်သည် လက်ျာ ဖြစ်ပြီး လန့်နိုးခြင်းသည် လက်ဝဲဖြစ်ပါသည်။ ငိုနေသော ကလေးငယ်ပုံကောင်းကောင်းရရန် ဓာတ်ပုံဆရာသည် ကလေးလက်မှ မုန့်ကို လုယူလိုက်လေသည်။ ပေါင်မုန့်သည် လက်ဝဲဖြစ်ပြီး ကိတ်မုန့်သည် လက်ျာ ဖြစ်ပါသည်။ ထို့နောက် အာဏာပိုင်တို့က တောမီးကို ဈေးကြီးကြီးပေး၍ ဝယ်ယူလိုက်ကြတော့သည်။ "ကျုပ်တို့ကို အရင်းရှင်တွေက ကုပ်သွေးစုပ် အမြတ်ထုတ် ခေါင်းပုံဖြတ်ပြီး ရလာတဲ့ လုပ်အားခက ခင်ဗျားတို့ အသက်သွေးချွေးတွေရင်းပြီး ရလာခဲ့တဲ့ တော်လှန်ရေး အသီးအပွင့်တွေထက် ပိုများနေသေးတယ်"  ဟု အမေရိကန်လုပ်သားတစ်ဦးက ပြောလိုက်ရာ အာရင်ဘတ် အသည်းကွဲခဲ့ရဖူး၏။ စစ်ပြေး စစ်ရှောင်ဒုက္ခသည်များသည် ပြည်သူ့စာပေဆိုသည်ကို မသိသောကြောင့် အိမ်စာ ဘယ်တော့မှ မပြီးပါ။ ဖြစ်နိုင်လျှင် အဓမ္မနှင့် ဓမ္မတို့၏ တိုက်ပွဲများ မပါသည့် ဇာတ်လမ်းများကိုသာ တင်ဆက်လိုပါသည်။ သို့သော် လူ့သဘာဝသည် ပဲစေ့ကလေးမှ ပဲပင်လေးပေါက်သလောက်တော့ မရိုးရှင်းပါ။ ကျားအရေခွံ လှမလှ ဆိုသည်ကား တောတွင်းမှာထက် ဧည့်ခန်းတွင် ချိတ်ဆွဲထားမှသာလျှင် ဆုံးဖြတ်ရလွယ်ကူသည် မဟုတ်ပါလားခင်ညာ။

0 comments:

Post a Comment