ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၆)
ပဉ္စမပိုင်း
ဤနေရာတွင် အကြောင်းတိုက်ဆိုင်လာသဖြင့် ကျွန်တော်တို့ရရှိခဲ့သည့်
လွတ်လပ်ရေးနှင့်ပတ်သက်သော ကျွန်တော်၏အမြင်အချို့ကို တင်ပြ လိုပါသည်။
ဤလွတ်လပ်ရေးရဖို့ ကျွန်တော်တို့ဗမာပြည်သူများ တလျှောက်လုံးတိုက်ပွဲဝင်လာရတဲ့ရည်ရွယ်ချက်မှာ
နယ်ချဲ့စနစ်အောက်မှ လုံးဝ လွတ်မြောက်သည့် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်သော၊ အမျိုးသားစီးပွားရေးတည်ဆောက်နိုင်သော
နိုင်ငံသစ်တည်ထောင်ဖို့ ဖြစ်ပါသည်။ ဤသည်ကို တလျှောက်လုံး တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပါသည်။
သို့သော် ကျွန်တော်တို့ အတောင့်တကြီးတောင့်တခဲ့သည့်လွတ်လပ်ရေးကို
ရပြီးနောက် ကျွန်တော်တို့နိုင်ငံတွင် ပြည်တွင်းစစ်မီးကြီး တောက်လောင်ပြီး ပြဿနာပေါင်းစုံနှင့်
အကျပ်အတည်းများဆိုက်ရောက်လာပါတော့သည်။ တိုင်းပြည်တည်ဆောက်ရေးကို တညီတညွတ်တည်း တက်ညီလက်ညီမလုပ်နိုင်ကြတော့ဘဲ
အချင်းချင်းကွဲပြဲ၊ သတ်ဖြတ်၊ စစ်မက်ခင်းကြရပါတော့သည်။
ဤကဲ့သို့ ဖြစ်ရခြင်း အဓိကအကြောင်းမှာ နယ်ချဲ့သမားနှင့်နယ်ချဲ့စီးပွားရေးစနစ်ကြောင့်
ဖြစ်ရပါသည်။ နယ်ချဲ့သမားများသည် လွတ်လပ်ခါစ နိုင်ငံများတွင် တော်လှန်ရေးလမ်းကြောင်းအတိုင်းချီတက်ပြီး
အမှီခိုကင်းသောအမျိုးသားစီးပွားရေးစနစ်ထူထောင်မှာကို အလွန်စိုးရိမ်ပါသည်။ ဒီမိုကရေစီ
တိုးတက်ထွန်းကားလာမှာ အလွန်စိုးပါသည်။ ဒီမိုကရေစီတိုးတက်ထွန်းကားလာပါက ပြည်သူလူထုကြီးသည်
မိမိတို့၏ အကျိုး စီးပွားအတွက် စည်းရုံးလှုပ်ရှားလာကြပြီး နယ်ချဲ့နှင့် အားလုံးအဆက်ဖြတ်တောက်ကာ
ကြီးမားတဲ့နယ်ချဲ့ဆန့်ကျင်ရေး ရေစီးကြောင်းထဲမှာ တခဲနက်စုပေါင်းညီညွတ်ပြီး တော်လှန်ရေးကို
အဆုံးထိတိုက်ပွဲဝင်ကြမည်ကို သူတို့နားလည်ကြသည်။
ဗမာပြည်တွင် ၁၉၄၅ ခုနှစ် လက်နက်ကိုင် ဖက်ဆစ်တော်လှန်ရေးကြီးနှင့်
၁၉၄၅ - ၄ရ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော လူထုတိုက်ပွဲကြီးများကို တွေ့ကြုံခဲ့ရပြီးဖြစ်သည်။
ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာသည့် ကိုလိုနီနိုင်ငံများ၏
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဒီရေအရှိန်ကြောင့် ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးဖို့ဖြစ်လာသောအခါ
လွတ်လပ်ရေးအလံ၊ လွတ်လပ်ရေးသီချင်းစတဲ့ အပေါ်ယံအချက်အလက်ကိုသာပေးချင်ပြီး အနှစ်သာရဖြစ်တဲ့
သူတို့၏စီးပွားရေးကိုထိန်းသိမ်းဖို့ ဆက်လက်တိုးချဲ့နိုင်ဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ပါတော့သည်။
ထို့ကြောင့်ပင် ဗမာပြည် နယ်ချဲ့သြဇာအောက်က အပြတ်အသတ်ရုန်းထွက်ပြီး
အမျိုးသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစီးပွားရေးကို တည်ထောင်ချင်ပြီး တကယ်လည်း တည်ထောင်နိုင်စွမ်းရှိတဲ့
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ သူ့အစိုးရတဖွဲ့လုံးကို လုပ်ကြံသတ်ဖြတ် ပြလိုက်ပါသည်။
ဤလုပ်ကြံမှုသည် ဗမာပြည်ကိုသာမက အမျိုးသားလွတ်မြောက်ရေးများအတွက်ကြိုးပမ်းနေသည့် နိုင်ငံများနှင့်
တော်လှန်ရေးသမားများအားလုံးကို နယ်ချဲ့သမားများက ခပ်ကြမ်းကြမ်း ခြိမ်းခြောက်ပြလိုက်ခြင်းလည်း
ဖြစ်ပါသည်။
နယ်ချဲ့သမားများက မိမိတို့၏အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်နိုင်သည့်
မိမိတို့သြဇာမကိုက်နိုင်သည့် နိုင်ငံငယ်လေးများမှ အမျိုးသား ခေါင်းဆောင်များကို ဤနည်းများဖြင့်
လုပ်ကြံသတ်ဖြတ်လာသည်မှာ ယခုတိုင်ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကို ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်မှ
ဖယ်ရှားပြီးလိုက်သောအခါ ဗြိတိသျှနယ်ချဲ့သမားများ၏ ပြောင်မြောက်လှသည့် နောက် နိုင်ငံရေးအကွက်တကွက်
ထပ်ပေါ်ထွက်လာပါသည်။
ဤသည်မှာ ဗမာပြည်သူတွေရဲ့မျက်စိထဲတွင် အင်္ဂလိပ်အလိုတော်ရိ၊
နယ်ချဲ့နောက်လိုက်ဟုပေါ်လွင်ပြီးသားသူများ (ဥပမာ-ဘကြီး ဘဖေတို့) ကို စွန့်ပစ်လိုက်ပြီး
ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲအတွင်းက လွတ်လပ်ရေးသူရဲကောင်းများအဖြစ် ပြည်သူက တစုံတရာအသိအမှတ်ပြုထား
သူများကို ၎င်းတို့၏လက်ဝေခံအသစ်အဖြစ် မွေးမြူယူလိုက်ခြင်းပင် ဖြစ်ပါသည်။ ဤနည်းဖြင့် ဦးနုနှင့်
ဖဆပလအဖွဲ့ကို အာဏာအပ်လိုက်ပါ တော့သည်။ ဦးနုသည် လူမွဲတို့၏ ထွက်ရပ်လမ်းဆိုသောစာအုပ်ကို
ဘာသာပြန်ခဲ့မှု၊ သခင်နုအဖြစ် တို့ဗမာအစည်းအရုံးခေတ်တွင် လှုပ်ရှားခဲ့မှု၊ ကိုကြီးနုအဖြစ်
ကျောင်းသားခေါင်းဆောင်များအကြား ကျော်ကြားခဲ့မှုစတာများကြောင့် ဗမာပြည်သူလူထုအတွင်းမှာလည်း
တစုံတရာသြဇာ ရှိပါသည်။ သို့သော် မိမိရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို သတ်ပြထားခြင်းကြောင့်လည်းကောင်း၊
သူ့ပင်ကိုယ် အခြေခံရပ်တည်ချက်ကြောင့် လည်းကောင်း၊ ဦးနုသည် ပျော့ညံ့ယိမ်းယိုင်ပြီး
နယ်ချဲ့အင်္ဂလိပ်ကို အလွန်လိုက်လျောစေ့စပ်ကာ နု-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။
ထိုစဉ်က ကျွန်တော်တို့တတွေ နယ်ချဲ့သမားနှင့်မစေ့စပ်ဘဲ
လွတ်လပ်ရေးကို ဆက်လက်အပြတ်အသတ်တိုက်ပွဲဝင်ခဲ့ပါက ပြည်တွင်းစစ် ဖြစ်စရာအကြောင်းမရှိပေ။
သို့သော် နု-အက်တလီစာချုပ် ချုပ်ဆိုလာပြီးနောက် ဤစာချုပ်ကိုလက်ခံသူ၊
လက်မခံသူ ကွဲကြရာက ပြည်တွင်းစစ်ကြီးဖြစ်ပေါ်လာခဲ့ ပေသည်။ ထိုစဉ်က နု-အက်တလီစာချုပ်ကို
လက်မခံသူများ၊ ဗြိတိသျှနယ်ချဲ့သမားပေးသောလွတ်လပ်ရေးသည် နိုင်ငံရေးအရပင်ဖြစ်သည်။ စီးပွားရေးအရမလွတ်လပ်ဟု
ပြောဆိုမိခဲ့သူမှန်သမျှကို “ကွန်မြူနစ်တံဆိပ်”တပ်ပေးခဲ့ပါသည်။ သက်သက် ဖဆပလအစိုးရကို
ဆန့်ကျင်ချင်လို့၊ ဆူပူချင်လို့ဟု သမုတ်ခဲ့ပါသည်။
(၁၉၈၈ ခုနှစ်၊ အရေးတော်ပုံကြီးအတွင်း ကျင်းပခဲ့သည့်
မဆလ၏ နောက်ဆုံးအစည်းအဈေးတွင် မဆလပါတီဥက္ကဋ္ဌကြီးဦးနေဝင်းက အင်္ဂလိပ်တွေက ကျုပ်တို့ကိုပေးခဲ့တဲ့လွတ်လပ်ရေးဟာ
နိုင်ငံရေးအရလွတ်လပ်တာပဲဖြစ်ပြီး၊ စီးပွားရေးကျတော့ လွတ်လပ်ခွင့်မပေးခဲ့ပါဘူးလို့ ဝန်ခံပြောဆိုသွားတာကို
အံ့သြဖွယ်ကြားရပါသည်)
ထိုကဲ့သို့ နယ်ချဲ့သမားနှင့်စေ့စပ်ခဲ့ရသောကြောင့် ကျွန်တော်တို့သည်
တိုင်းပြည်လွတ်လပ်ရေးရပြီးသော်လည်း ကိုယ်ပိုင် အမျိုးသား စီးပွားရေးကိုအောင်မြင်အောင်
မထူထောင်နိုင်ခဲ့ပါ။ တိုင်းပြည်၏စည်းလုံးညီညွတ်ရေးပြိုကွဲအောင် ဖဆပလ လက်ယာဂိုဏ်းက ပြုလုပ်
ခဲ့သည်ကို ယခုအခါ ဦးနုရေးသည့် တာတေစနေသားတွင် အတော်ပြည့်ပြည့်စုံစုံတွေ့ရပါသည်။ တကယ်တော့
ဦးနုသည် ကိုယ်လွတ်ရုန်းပြီး ရေးခြင်းသာဖြစ်ကာ၊ ထိုစဉ်က ဦးနုလည်း အလိုတူအလိုပါပင်
ဖြစ်ပါသည်။
ထိုစဉ်က ဗမာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင်ရောက်ရှိနေသည့်
ဗမာ့နိုင်ငံရေးခေါင်းဆောင်အားလုံးမှာလည်း အသက်အရွယ် ငယ်ရွယ်နုနယ်ခဲ့ ကြပြီး၊ စိတ်ဓာတ်မာန်မာနတွေကလည်း
အပြိုင်အဆိုင်ကြီးမားနေခဲ့ကြပါသည်။ နယ်ချဲ့သမား၏ပရိယာယ်ဝေဝုစ်ကိုလည်း မမြင်နိုင်ခဲ့ကြပါ။
ထို့ကြောင့်ပင် အမျိုးသားညီညွတ်ရေးမှာ ပြိုကွဲသွားရခြင်းဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးပြိုကွဲလျှင်
အမျိုးသားစီးပွားရေးကို လွတ်လွတ် လပ်လပ် တည်ဆောက်နိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းသိပြီး
အမျိုးသားညီညွတ်ရေးကိုလည်းမပြိုကွဲအောင် ထိန်းသိမ်းနိုင်သည့် အမျိုးသားခေါင်းဆောင်အများစုမှာလည်း
ထိုအချိန်က လုပ်ကြံခံလိုက်ရပြီးဖြစ်ပေသည်။
ထိုသို့ နိုင်ငံရေးအရ အမျိုးသားညီညွတ်ရေးကြီးပြိုကွဲပြီး
ပြည်တွင်းစစ်ကြီးဖြစ်ပေါ်လာသည့်အခါ ကျန်အကျပ်အတည်းပေါင်းစုံလည်း ကျရောက်လာပြီး ဖဆပလအစိုးရမှာ
လုံးဝပင် နယ်ချဲ့သြဇာခံ၊ အမှီခိုခံ ဖြစ်သွားရပါတော့သည်။
ဥပမာ - ထိုခေတ်အချိန်က ဗမာပြည်စီးပွားရေးလုပ်ငန်းကြီးများကို
ကြည့်ပါ။ ပထမအချက်မှာ နယ်ချဲ့သမားများက ကိုလိုနီဟောင်းက စီးပွားရေးအခြေခံများကို ပုံစံသစ်တမျိုးနှင့်ဆက်လက်ချုပ်ကိုင်ထားသည်။
ဖဆပလအစိုးရအနေနှင့် ဘီ-အို-စီ ကုမ္ပဏီနှင့် နမ္မတူဘော်တွင်း များတွင် ဖက်စပ်လုပ်ရခြင်းဖြစ်သည်။
ထိုလုပ်ငန်းများကိုတန်ဖိုးဖြတ်ပြီး အစိုးရက တဝက်ကိုအစုထည့်ဝင်ပြီး ဖက်စပ်ကုမ္ပဏီထူထောင်ရခြင်း
ဖြစ်သည်။ ကျွန်တော်တို့သည် ထိုလုပ်ငန်းများကို ပြည်သူပိုင်လုပ်ရမည့်အစား ကိုလိုနီဟောင်းက
နယ်ချဲ့စီးပွားရေးကို တရားဝင်တည်ရှိအောင် ကျွန်တော်တို့က ပြည်သူ့ဘဏ္ဍာငွေအရင်းစိုက်ထုတ်ပြီး
လုပ်ပေးခဲ့ကြရပါသည်။ ဤနည်းဖြင့် နယ်ချဲ့သမားများကိုကာကွယ်ပေးပြီး လုပ်ငန်း တိုးချဲ့အမြတ်ယူဖို့အတွက်
လုပ်ပေးခဲ့ရပါသည်။
ထို့အပြင် နယ်ချဲ့သမားများကစေလွှတ်ခဲ့သည့် အကြံပေးဆိုသူများ၊
စီးပွားရေးအကူအညီ၊ ကမ္ဘာ့ဘဏ်ချေးငွေစတာများမှာလည်း သူတို့၏ စီးပွားရေးစက်ကွင်းထဲကမလွတ်နိုင်အောင်
နှောင့်ယှက်ဖျက်ဆီးသည့်လက်နက်များဖြစ်ပါသည်။
ကျွန်တော်တို့ ဗမာပြည်အနေနှင့် လွတ်လပ်ပြီးတဲ့နောက်
တောင်သူလယ်သမားများထံမှရသည့် စပါးများရောင်းရငွေပေါ်မှာ ထိုစဉ်က စပါး ဈေးလည်း အလွန်ကောင်းသည့်အတွက်
အမြတ်အစွန်းအလွန်ပင်ရခဲ့ပါသည်။ ထိုအမြတ်များနှင့် ကိုယ်ပိုင်စက်မှုလက်မှုလုပ်ငန်းများ
တည်ထောင်နိုင်ပါသည်။
သို့သော် ဒါတွေကို လက်တွေ့အကောင်အထည်မဖော်နိုင်အောင်
နယ်ချဲ့သမားများသည် ပြည်တွင်းဖောက်ပြန်ရေးသမားများ၊ မကျွမ်းကျင် သူများ၊ မရိုးသားသူများနှင့်
လမ်းလွှဲဖျက်ဆီးခဲ့ကြသည်။ ပြည်သူများရရှိထားသည့်အမြတ်ငွေများ ရေထဲ အလဟမျောသွားအောင်
လုပ်ကြ ပါသည်။ ကျွန်တော်တို့၏ ကုဋေနှစ်ရာကျော်ကုန်ကျသည်ဟုဆိုသော ပြည်တော်သာစီမံကိန်းမှာ
ဤနည်းဖြင့် လမ်းလွှဲဖျက်ဆီးသည့် နည်းလမ်းဖြစ်သည်။ ထိုစဉ်က ဦးနုက လူတကိုယ်၊ တိုက်တလုံး၊
ကားတစီး၊ လခ ရှစ်ရာကျပ်ဖြင့် ပြည်တော်သာစေရမည်ဟု ကတိပေး ကြွေးကြော်ခဲ့ဖူးပါသည်။
ဖဆပလအစိုးရအနေနှင့် စီးပွားရေးစီမံကိန်းများကိုရေးဆွဲဖို့
အမေရိကန်အကြံပေးများကိုခေါ်ဖိတ်ပြီး စီမံကိန်းများရေးဆွဲခိုင်းရာ အလွဲလွဲ အချော်ချော်တွေဖြစ်အောင်
လုပ်ပစ်ကြပါသည်။ အဓိကကုန်ပစ္စည်းထုတ်လုပ်ရေးတွင်မမြှုပ်နှံဘဲ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလမ်းပန်း
အဆောက်အအုံလုပ်ငန်းများမှာ ငွေအရင်းအနှီးများမြှုပ်နှံလိုက်ပါသည်။ တကယ်တော့ ထိုကဲ့သို့
လမ်းများဖောက်လုပ်ခြင်းမှာလည်း နယ်ချဲ့ သမားများ၏ စီးပွားရေး၊ ဖိနှိပ်ရေးရည်ရွယ်ချက်များအတွက်ပင်
ရည်ရွယ်ပါသည်။ အမျိုးသားစက်မှုလက်မှု ထူထောင်ရေးလုပ်ငန်းများမှာလည်း စေတနာမမှန်တာများကို
တွေ့နိုင်ပါသည်။ ဥပမာ- သမိုင်းချည်စက်ကြီးကို ကမ္ဘာ့ဘဏ်ကချေးငွေဖြင့် တည်ဆောက်သည်။ သုံးကုဋေနီးပါး
ကုန်ကျသည်ဟုဆိုသော်လည်း ထိုစက်ကြီးမှာ အမေရိကန်နိုင်ငံမှ စက်အဟောင်းကြီးဖြစ်သည်။ ထိုစက်နှင့်လည်ရမည့်
ဝါဂွမ်းမှာလည်း အမေရိကန်ဝါဂွမ်းနှင့်မှ အထည်ရက်လုပ်နိုင်သည်။ ထို့ကြောင့် အမေရိကန်မှဝါဂွမ်းကို
မှာယူတင်သွင်းရသည်။ ထို့ကြောင့် ဝါဂွမ်းဈေးကို အမေရိကန်က ကြိုက်သလိုကစားနိုင်သည်။ သို့ကြောင့်
နှစ်စဉ်အရှုံးပေါ်သည်။ ကမ္ဘာ့ဘဏ်ချေးငွေ အရင်းမပြောနှင့် အတိုးတောင်မဆပ်နိုင်။ ထို့အတူ
အင်္ဂလိပ်နှင့်ဖက်စပ်တည်ထောင်သည့် ဘီ-ပီ-အိုင် ခေါ် ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ သံရည်ကြိုစက်
စတာများမှာလည်း ဒီလိုပင် ပြဿနာပေါင်းစုံ ပေါ်ပါသည်။
နယ်ချဲ့ဘဏ်တိုက်ကြီးများအားလုံးကိုလည်း ဆက်လက်ဖွင့်လှစ်ထားရှိခွင့်ပြုပြီး၊
၎င်းတို့၏ ကြီးမားလှသည့်ငွေအရင်းအနှီးများဖြင့် ဗမာနိုင်ငံ စီးပွားရေးထဲတိုးဝင်လာသည်ကို
လက်ပိုက်ကြည့်နေခဲ့ကြရပါသည်။
ပြည်တွင်းစစ်ကိုလည်း ဖဆပလက တအားဖိတိုက်နေသဖြင့် လက်နက်ခဲယမ်းမီးကျောက်များဝယ်ယူရန်
ငွေမလုံလောက်သည့်အခါ ကမ္ဘာ့ ဘဏ်စသည့် နယ်ချဲ့ဘဏ်အရင်းအနှီးများကိုအားကိုးပြီး အတိုးကြီးပေး
ငွေချေးရသည်။ ဝယ်ယူရသည့်ပစ္စည်းများကလည်း နယ်ချဲ့သမား များ၏ လက်နက်ပြိုင်ဆိုင်တပ်ဆင်မှုကြောင့်
ခေတ်မမီတော့သည့် (သူတို့အတွက်လည်း အသုံးမကျတော့ဘဲ ပိုလျှံနေသည့်) စစ်လက်နက် ပစ္စည်းများကို
သူတို့ကြိုက်ဈေးနှင့် ဝယ်ယူရပြန်ပါသည်။ နယ်ချဲ့သမားများမှာ ဤနည်းဖြင့် ပစ္စည်းအပေါ်မှာရော၊
ချေးငွေအပေါ်မှာပါ နှစ်ထပ် အမြတ်ရကြပါသည်။ ကျွန်တော်တို့ နိုင်ငံများကတော့ မိအေးနှစ်ခါနာ
ဖြစ်ရပါ သည်။
ဤနည်းဖြင့် ဖဆပလအစိုးရသည် နယ်ချဲ့သမားနှင့်ပေါင်း၍ စီမံကိန်းအမျိုးမျိုး၊
လိုင်စင်အမျိုးမျိုးထွင်ကာ ဗျူရိုကရက်အရင်းရှင်လူတန်းစား တရပ်ကို မွေးမြူပေးလိုက်ပါတော့သည်။
မိမိကိုယ်ကျိုးစီးပွားတိုးတက်ရေးပေါ်မှာသာ အခြေခံလာကြသဖြင့် ပြည်သူလူထုကို အားမကိုး
နိုင်တော့ဘဲ၊ နယ်ချဲ့သမားကိုသာ လုံးဝစီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အားလုံးမှီခိုရသည့်အခြေအနေ
ဖြစ်လာပါသည်။ နယ်ချဲ့သမားမျက်နှာသာ ကြည့်နေရသည့်ဘဝ ရောက်ရပါတော့သည်။
0 comments:
Post a Comment