ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
စတုတ္ထတွဲ၊ အခန်း(၁ဝ)
(ည) မြေအခြေအနေ
၁-ရန်သူ့ဘက်က အခြေခံအားလုံးနီးပါး
အရေးသာနေသည်။
၂-ပထမ ရေစီးသန်လှသောသံလွင်မြစ်ကြီး
ကာထားသည်။ သို့ရာတွင် ရန်သူမှာ တဖက်ကမ်းတလျှောက်လုံး တပ်ဖြန့်ထားနိုင်ခြင်းမရှိသဖြင့်
ရန်သူမရှိသည့်နေရာသို့ကူးပြီးမှ အချက်အချာကူးတို့ဆိပ်နှင့် ကမ်းပါးတို့၌သာတပ်စွဲထားသည့်ရန်သူကို
တိုက်နိုင်သည်။ မြစ်ကြောင့် စစ်အရှိန် မထိခိုက်ရအောင် ဓာတ်ဆီပီပါပုံးများဖြင့် ပဲ့ချိတ်တပ်ထားသော
ကူးတို့ဖောင်ကလေးများစွာလည်းဖန်တီးပြီး လူနှင့်ပစ္စည်းများ ကူးရသည်။ အခက်ဆုံးမှာ လက်နက်ကြီးသယ်ရန်
ဆင်အတွက် ဖောင်ကြီးလုပ်ရတာဖြစ်သည်။ ဤနည်းများဖြင့် သဘာဝအရံအတားဖြစ်နေသော သံလွင်၏အတားအဆီးကို
အားပျော့သွားအောင်လုပ်ရသည်။
၃ - တောင်ပေါ်တိုက်ပွဲတိုက်ရမည်ဖြစ်၍
မိမိတို့က တပန်းရှုံးနေသော်လည်း ထိုအားနည်းချက်ကိုပြန်ထေမိနိုင်အောင် ကားလမ်းများကို
တတ်နိုင်သမျှ တောက်လျှောက်ဖောက်သွားရန်ဖြစ်သည်။ ထို့ကြောင့် တိုက်ကွက်ရွေးရာတွင်လည်း
ကားလမ်း အလွယ်ဖောက်နိုင်မည့် နေရာကို ဦးစားပေးရွေးချယ်ရသည်။
၎ - မြေအခြေအနေအရ မိမိတို့တပ်ဘက်မှအားသာချက်ကြီးတခုမှာ
တရုတ်ဖြူတို့က ၎င်းတို့၏ဌာနချုပ်ကို မိုင်းဟန်-ပွန်ပါကျင်ဘက် ပြောင်းပြီး တပ်စွဲထားသဖြင့်
ထိုနေရာကိုဝင်သိမ်းရန် လမ်းများပွင့်သွားခြင်း ဖြစ်သည်။ ထိုနေရာကိုဝင်ရန် တလမ်းမှာ
မိုင်းပန်-ဝမ်ဆလာမှ မိုင်းတုံလမ်း (ထိုလမ်းမှာ ကားလမ်းဖြစ်ပြီး အတော်ကောင်းသည်) နောက်တလမ်းမှာ
မိုင်းပန်မှအရှေ့တည့်တည့် သံလွင်ကျော်ပြီး မိုင်းဟန်-ပွန်ပါကျင် ဘက်သို့ တိုက်ရိုက်ဝင်နိုင်သည့်လမ်း
(ဤလမ်းသည် ပထမလမ်းထက် ပိုနီးသည်။ မြောက်ဘက်မှာတပ်စွဲထားသည့် တရုတ်ဖြူတပ်များနှင့် လည်း
ဝေးနေ၍ ရန်သူအားနည်းသည်) ထို့ကြောင့် တရုတ်ဖြူဌာနချုပ်ကို တိုက်ရိုက်ထိုးနိုင်သည်။
ထိုလမ်းကိုသုံးလျှင် မိမိတို့တပ်၏ အားနည်းချက်မှာ ထောက်ပံ့ရေးလမ်းဖွင့်ရန်ခက်ခဲခြင်းပင်
ဖြစ်သည်။ ထို့ကြောင် မိမိတို့ စစ်ဆင်ရေးစဉ်းစားရာတွင် ဤသည်ကို အဓိကအချက် အဖြစ် ယူဆရမည်။
သို့သော်မိမိတို့တပ်၏ ရိက္ခာထောက်ပံ့မှုကို လေကြောင်းမှချပေးနိုင်စွမ်းရှိသဖြင့် မိမိတို့၏
အားသာချက်တရပ် ဖြစ်လာ ပေသည်။
၎။ မိမိတို့က လုပ်နိုင်မည့်နည်းလမ်းများ။
၎င်းအပေါ် ရန်သူတို့ကတုံ့ပြန်နိုင်ချက်နှင့် နောက်ဆုံး မိမိတို့လုပ်ရန်နည်းလမ်းများ သုံးသပ်ချက်။
(က) ဘုရင့်နောင်စစ်ဆင်ရေး၏ရည်ရွယ်ချက်မှာ
- တရုတ်ဖြူများ ဗမာပြည်မကို မခြိမ်းခြောက်မလွှမ်းမိုးနိုင်ရန်။ ၁၉၅၄၊ မေလ ၁၅ ရက် မတိုင်မီ(၁)အဓိက
မိုင်းတုံ-မိုင်းဟန်-ပွန်ပါကျင် မြေပြန့်ကွင်းနှင့် (၂)နောက် မိုင်းဆတ်နှင့် မိုင်းဆတ်ကွင်းကိုပါသိမ်းပိုက်နိုင်ရန်
သတ်မှတထားသည်။
(ခ) အထက်ပါရည်ရွယ်ချက်အောင်မြင်ရန်
မိမိတို့ဘက်ကလုပ်နိုင်မည့် နည်းလမ်းများ-
၁-အထက်ပါ ဒေသနှစ်ခုသို့ ချီတက်နိုင်မည့်လမ်းကြောင်း
အဓိက(၄)လမ်း ရှိသည်။
ပထမလမ်း- မိုင်းပြင်း-မိုင်းပုအောင်မှ
မိုင်းဆတ်သို့ နောက်မှ မိုင်းတုံကွင်း။
ဒုတိယလမ်း- သံလွင်မြစ်ကူးပြီး၊ မိုင်းပုလုံကိုသိမ်းပြီး
၎င်းမှတဆင့် မိုင်းဆတ်သို့မဟုတ် မိုင်းတုံဘက်သို့ တဆင့်စီသိမ်းရန်။
တတိယလမ်း- ဝမ်ဆလာကူးတို့မှ မိုင်းတုံကိုသိမ်း၊
၎င်းကွင်းပြင်ကိုသိမ်းပြီးနောက် မိုင်းဆတ်ကွင်းဆက်သိမ်းရန်။
စတုတ္ထလမ်း- မိုင်းပန်မှ အရှေ့သံလွင်ဘက်ချီဖြတ်ပြီး၊
တိုက်ရိုက်မိုင်းဟန်-ပွန်ပါကျင်တို့ကို တိုက်သိမ်းရန်။ နောက်မှ မိုင်းဆတ်ကွင်း ဆက်သိမ်းရန်။
၂-အထက်ပါ လမ်း(၄)ခုတွင် နှိုင်းယှဉ်ချက်အရ
လက်တွေ့ပို၍အခွင့်သာသောလမ်းမှာ တတိယနှင့် စတုတ္ထ(၂)လမ်း ဖြစ်သည်။ ပထမနှင့် ဒုတိယလမ်းမှာ မိမိရည်မှန်းချက်ကို အဓိကတိုက်ရိုက်မရောက်ဘဲ
လက်တွေ့လည်း များစွာခက်နိုင်။
၃-တတိယနှင့် စတုတ္ထနှစ်လမ်းအနက် တိုက်ရိုက်လမ်းဖြစ်သော
စတုတ္ထလမ်းသည် စိတ်ကူးအရစိတ်ဝင်စားဖွယ်ဖြစ်သော်လည်း မိုင်းပန်မှ သံလွင်အထိ ကားလမ်းလုံးဝမရှိ။
တဖန်သံလွင်ကမ်းမှ မိုင်းဟန်သို့လည်း လားလမ်းပင် ကောင်းကောင်းမရှိ။ လမ်းတွင်လည်းကောင်း၊
မိုင်းဟန်-ပွန်ပါကျင်ကွင်းတွင်လည်းကောင်း ရန်သူက အခိုင်အမာနေရာစွဲခံစစ်ကြီးဆင်ခဲ့သော်
လက်နက်ကြီးများသယ်ရန် ခက်ခဲ။ ဆက်သွယ်ရေးလမ်း၊ ထောက်ပံ့ရေးလမ်းဖွင့်ရန်လည်း ခက်ခဲပေသည်။
ထို့ကြောင့် တတိယလမ်းကိုစဉ်းစားရာတွင် မိုင်းပန်မှ ဝမ်ဆလာ အကြား ထက်ဝက်ကျော်မှာ ကားလမ်းရှိပြီးဖြစ်၍
အနည်းငယ်ဆက်ဖောက်လျှင် သံလွင်ကမ်းသို့ရောက်နိုင်သည်။ နောက်ဝမ်ဆလာမှ မိုင်းတုံအထိ (၆)ပေကျယ်
လားလမ်းကြီးရှိသဖြင့် ပေါ်တာအလုပ်သမား(၃ဝဝဝ)ဖြင့် ဒေါ့ဂျစ်သွားကားလမ်းဖောက်ပါက အလွန်ဆုံး
တပတ်အတွင်း နွေကားလမ်း ပေါက်နိုင်သည်။ အကယ်၍ ရန်သူက (မိမိတို့အစိုးရိမ်ဆုံးဖြစ်သော)လမ်းခုလတ်မှလည်းကောင်း၊
မိုင်းတုံကွင်းမှ လည်းကောင်း နေရာစွဲခံကတုတ်အဆင့်ဆင့်စစ်ပွဲနှင့်ခုခံလျှင် နောက်ဆုံး
နောက်ပိုင်းချန်ထားမည့် (၂၅)ပေါင်ဒါ အမြောက်ကြီးများကို ကားလမ်းအတိုင်းဆွဲချလာနိုင်ပြီး
ပစ်ခတ်မှုမီးအား ကြီးကြီးဖြင့်တိုက်ခိုက်နိုင်သည်။ ခဲယမ်းရုပ်ဝတ္ထုများလည်း အလွယ်တကူသယ်ယူနိုင်သည်။
ထို့ပြင် ရန်သူက (နောက်တနည်း)မိမိနောက်ပိုင်းကို ဝိုင်းပတ်၊ ထိုးသုတ်ချေမှုန်းစစ်ဆင်လျှင်
မိမိတို့က ကားလမ်းဝန်ရိုးတလျှောက် အခိုင်အမာ အဆင့်ဆင့်တပ်စွဲထားခြင်းဖြင့် ယင်းသို့တိုက်ခိုက်မှာကိုလည်း
ကာကွယ်နိုင်သည်။ နောက် မိုင်းတုံအစပ်အထိ ကားလမ်းပေါက်ပြီးက၊ ၎င်းမှ ပွန်ပါကျင်အထိကွင်းကို
ရှင်းရန်လိုအပ်ပါက နောက်ပိုင်းက သံချပ်ကာကားများပင် ကားလမ်းအတိုင်းဆွဲတင်နိုင်မည်။
ထိုသို့ဆိုပါက ထိုကွင်းကို လုံးဝလွှမ်းမိုးနိုင်မည်။ ထို့ကြောင့် ထိုတတိယလမ်းကို မိမိတို့၏
အဓိကဗဟိုစစ်ကြောင်းဝင်ထိုးရန် သတ်မှတ်လိုက်သည်။ ထိုလမ်း၏ နောက်ထပ်အားကောင်းချက်တရပ်မှာ
ကားလမ်းပေါက်နိုင်သဖြင့် နောက်ဆက်ပြီး ထောက်ပံ့ရေးလမ်းကြောင်းဖွင့်ကာ ရှေ့တိုက်ပွဲများကို
ဆက်တိုက်နိုင်၊ ထိန်းထားနိုင်ပေသည်။
၎-စတုတ္ထလမ်းမှာ ရန်သူ့ဘက်ကကြည့်လျှင်
စိုးရိမ်ဖွယ်ရာကြီးဖြစ်နေသဖြင့်၊ ၎င်းကိုအသုံးချ စစ်ကစားလျှင် အကျိုးရှိနိုင်မည်။ အကယ်၍
မိမိတို့က ထိုလမ်းကတိုက်မည့်ဟန်၊ ဟန်ပြလုပ်နိုင်လျှင် ၎င်းတို့၏တပ်မှူးချုပ်မှာ အတွေ့အကြုံမရှိသူလည်းဖြစ်၍၊
အရေးရှိက မိမိကိုယ်မိမိ ကာကွယ်ရေးသာစိတ်စောမည်ဖြစ်ရာ သူ့လက်ထဲက သေနင်္ဂဗျူဟာအရံတပ်ကို
အဓိကစစ်မျက်နှာ မိုင်းတုံသို့မပို့တော့ဘဲ ထိုဟန်ပြ စစ်ကြောင်းကိုသာ ကာကွယ်ရန်လုပ်ပေမည်။
၎င်းမှာ ရန်သူတပ်မှူးအားနည်းချက်နှင့် မြေအခြေအနေအရ မိမိဘက်က တပန်းသာမှုအပေါ် လည်းကောင်း၊
မိမိတို့ဘက်က လေကြောင်းသယ်ယူပို့ဆောင်မှု အရေးသာမှုအပေါ်တွင်လည်းကောင်းမှီး၍ မိမိတို့က အမြတ်ထုတ်ခြင်း ဖြစ်သည်။ ဤကဲ့သို့သော
တောင်ပေါ်စစ်ပွဲတွင် ရန်သူသေနင်္ဂဗျူဟာအရံတပ်ကို ဘေးတနေရာ ရောက်အောင်လည်းကောင်း၊ ဘေးတွင်
သောင်တင်သွားအောင်လည်းကောင်းလုပ်နိုင်လျှင် စစ်ပွဲတဝက်နိုင်ပြီ ဖြစ်သည်။
၅-ထိုဟန်ပြ စစ်ကြောင်းလုပ်ခြင်းဖြင့်
နောက်ထပ်ရနိုင်သည့်အကျိုးကျေးဇူးမှာ (အဓိကထိုးစစ်ဘက်)မိုင်းတုံမှရန်သူများအဖို့ ၎င်းတို့ကို
နောက်ကဖြတ်ဝိုင်းတော့မည် သို့မဟုတ် ၎င်းတို့ဌာနချုပ်ကိုတိုက်ရိုက်တိုက်တော့မည်ဟု ခြိမ်းခြောက်ရာရောက်သဖြင့်၊
၎င်းတို့ အကြောက်ဆုံး အဝိုင်းခံချေမှုန်းခံရမှာကိုကြောက်ရွံ့ပြီး စိတ်ဓာတ်ပျက်ပြားစေနိုင်ခြင်းပင်
ဖြစ်သည်။ ဤသည်မှာ အဓိကထိုးစစ် မိုင်းတုံစစ်မျက်နှာတွင် မိမိတို့ဘက်က များစွာအရေးသာမှုကို
ရစေနိုင်သည်။
၆-အကယ်၍ ရန်သူက သူ၏သေနင်္ဂဗျူဟာတစိတ်တပိုင်းကို
မိုင်းတုံစစ်မျက်နှာဘက်သို့ပို့ပြီး ထိုနေရာတွင် ရေရှည်မြေကတုတ်စစ်ဖြင့် ခံလျှင်လည်း
ထိုဟန်ပြစစ်ကြောင်းက မိုင်းတုံနှင့်မိုင်းဟန်အကြား ဝမ်မဲခင်ကိုဝင်သိမ်းပြီး ရန်သူဆက်သွယ်ရေးလမ်းကြောင်းကိုဖြတ်ကာ
တောင်ဘက်ကနေ၍ မိုင်းတုံကို ခြိမ်းခြောက်နိုင်သည်။ သို့မဟုတ် ရန်သူ့ဌာနချုပ်ကိုပင် ဆက်လက်ခြိမ်းခြောက်ရေးလုပ်နိုင်သည်။
သို့သော် ရန်သူ့တပ်မှူး၏ထူးခြားချက်အရ သူ့အရံတပ်ကို အဝေးမလွှတ်ရဲဘဲ အနီးကရန်သူကိုဘဲရင်ဆိုင်ခိုင်းဖို့
များသည်။ ဤနည်းဖြင့် အရံတပ်ကြီး သောင်တင်နိုင်သည်။
(ဂ) သို့ဖြင့် မိမိတို့အနေနှင့် ပထမအဆင့်အဖြစ်
အရေးကြီးသောဆုံးဖြတ်ချက်နှစ်ချက်ကို ချလိုက်နိုင်ပေသည်။
၁- မိမိတို့ အဓိကထိုးမည့်စစ်လမ်းကြောင်းမှာ
တတိယလမ်း-ဝမ်ဆလာမှ မိုင်းတုံလမ်းကြောင်းကိုရွေးချယ်လိုက်ပြီး-
၂- စတုတ္ထလမ်းဖြစ်သည့် မိုင်းဟန်-ပွန်ပါကျင်ဘက်ထိုးမည့်
ဟန်ပြစစ်ကြောင်းတကြောင်းကို ခရီးတိုထိုးဖောက်နည်းဖြင့် ထိုးသွင်း ခြိမ်းခြောက်ပြီး
အဓိကအားဖြင့် ရန်သူ့သေနင်္ဂဗျူဟာအရံတပ်ကိုထိန်းချုပ်ရန် ဆုံးဖြတ်လိုက်သည်။
(ဃ) ထို့ပြင် တခြားစစ်ကြောင်း၊ စစ်မျက်နှာများမှရန်သူများကို
နည်းမျိုးစုံဖြင့် ဆွဲထားရန် ဟန်ပြခြိမ်းခြောက်မှုများ၊ ထိထိမိမိလုပ်ရန်လည်း ဆုံးဖြတ်ကြသည်။
အခိုင်အမာလုပ်ငန်းများမှာ-
၁- မိုင်းဆတ်သို့ချီတက်မည့်ဟန်ဖြင့်
မိုင်းပုအောင်တွင် လေယာဉ်ကွင်းငယ်တခု တည်ဆောက်ခြင်း။
၂- မိုင်းပုလုံကိုထိုးမည့်ဟန်ဖြင့်
သံလွင်ကူးတို့ဆိပ်သွားရာ အနောက်ဘက်ကားလမ်းကို ပြင်ဆင်ခြင်း၊ ကူးတို့ဆိပ်ကိုတိုက်မည့်ဟန်
(၂၅) ပေါင်ဒါ (၂)လက်ဆွဲသွားပြီး အနောက်ဘက်ကမ်းမှ တိုင်းထွာရေးမီးခိုးဗုံးများဖြင့်
ပစ်စမ်းကြည့်ခြင်း။ ဤနည်းဖြင့် ထိုဒေသရှိ ရန်သူ နည်းပရိယာယ်အရံတပ်ကို ဆွဲထားနိုင်လိုက်သည်။
၃- ထို့ပြင် တာချီလိတ်စစ်မျက်နှာမှရန်သူများကို
ထိန်းချုပ်ရန်အတွက် မိုင်းဖြတ်တွင် ကြားဖြတ်ထောက်ပံ့ရေးစခန်းပုံစံတဲငယ်များ ထိုးစေခြင်း၊
တာချီလိတ်ဘက်တိုက်မည့်သတင်း ဝါဒဖြန့်ခြင်း။
၎- မိုင်းပုအောင်မှ မိုင်းဆတ်ကိုချီတက်တိုက်မည့်ဟန်၊
မိမိတပ်ချီတက်စဉ် လေယာဉ်မှလမ်းတလျှောက် ရိက္ခာချပေးသည့်အသွင် ရိက္ခာအတုများကိုချပေးသွားစေခြင်း
စသည်တို့ဖြစ်ပေသည်။
(င) မိမိတို့အဓိကထိုးမည့် ဝမ်ဆလာ-မိုင်းတုံလမ်းကြောင်းတွင်၊
အလယ်တွင်ရှိနေသော ပေ (၅ဝဝဝ)ကျော်မြင့် တောင်ကမူ(၃)လုံးမှ မြေကတုတ်ခံစစ်ကို ရန်သူကလုပ်မည့်အန္တရာယ်နှင့်
အလားတူ အခြားနေရာအဆင့်ဆင့်တွင်လည်း ဤကဲ့သို့သော ခံစစ်မျိုးကို လုပ်မည့် အန္တရာယ်ရှိနေပါသည်။
ထိုအန္တရာယ်များအား လျော့သွားစေရန်အတွက် မိမိတို့ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများမှာ-
၁- ဝမ်ဆလာတိုက်ပွဲတွင် (၂၅)ပေါင်ဒါ
အမြောက်ကြီး (၈)လက်နှင့် တပ်ရင်းမော်တာ(၃)လက်မ(၈)လက်လောက်နှင့် မြစ်အနောက် မျက်နှာချင်းဆိုင်တောင်တန်းပေါ်က
လိုတာထက်ပိုပြီးဖိပစ်စေခြင်းဖြင့် ရန်သူအလွန်ထိတ်လန့်သွားပြီးနောက် အဆင့်ဆင့်ခံစစ်ထိုးရေး
ကောင်းစွာမလုပ်ရဲအောင် စီမံရမည်။
၂- အလားတူ ဝမ်ဆလာ တောင်ဘက်ကပ်နေသောကမ်းပါးတနေရာ
(ရန်သူ၏ တောင်ကမူ (၃)လုံးနေရာကိုထိုးဝင်နိုင်သည့် ကမ်းပါးနေရာ) မှ (၆)ပေါင်ဒါအမြောက်(၂)လက်၊
(၃)လက်မမော်တာ(၂)လက်ဖြင့် ရန်သူ့ကင်းတပ်စိတ်များကို ပြင်းပြင်းထန်ထန်ပစ်ခတ်ရန် (တကယ်တော့
ဤလက်နက်ကြီးများကို သံလွင်မြစ်အရှေ့ဘက်ကမ်းသို့သယ်ဆောင်ရန်မှာ မလွယ်ကူပါ။ ထို့ကြောင့်
ပထမအဆင့်တိုက်ပွဲများတွင် အနောက်ဘက်ကမ်းကနေ၍ အစွမ်းကုန်ပစ်ပြလိုက်ခြင်း ဖြစ်ပါသည်။)
၃- မိမိ၏လေတပ်ကိုတော့ ဒုတိယအဆင့်
တောင်ကမူ(၃)လုံး ကိုထိုးမည့် (ယ+၂)နေ့ကျမှ အရှေ့ဘက်ကမ်းပါးကလာမည့် လက်နက်ကြီး အနည်းငယ်နှင့်ပေါင်းစပ်ပြီး
ထိုးဖို့ရည်ရွယ်ထားပါသည်။ ပထမဆင့်(ယ)နေ့တွင်မူ လေတပ်၏တာဝန်မှာ မိုင်းတုံနှင့် မိုင်းဟန်အကြား
ရန်သူ့သေနင်္ဂဗျူဟာအရံတပ်လှုပ်ရှားမှုကို ကာကွယ်ဖိထားရန်။ တကြိမ်လျှင် လေယာဉ်(၂)စင်း(၃)စင်းဖြင့်
တနေ့ပတ်လုံးဖိနှိပ်ထားရန် ဆုံးဖြတ်ထားသည်။
ဤသည်တို့မှာ ရန်သူ့ခံစစ် အဆင့်ဆင့်ခံမည့်
အန္တရာယ်ကို ကြိုတင်၍ ဖြေရှင်းထားသည့် နည်းနာဖြစ်သည်။
0 comments:
Post a Comment