ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁၂)
၅။ စစ်ဆင်ရေးကြီး၏အမည်ကို ရွေးချယ်ခြင်း
ဤစစ်ဆင်ရေးကြီးကို ကျနော်က “ဘုရင့်နောင်
စစ်ဆင်ရေး”ဟု အမည်ပေးခဲ့ပါသည်။ အကြောင်းမှာ-ဤစစ်ဆင်ရေးကြီးကို အဓိကအားဖြင့် “ထိုင်း-မြန်မာ”နယ်စပ်တွင်တိုက်ကြရမည်ဖြစ်သည်။
ထိုင်းနှင့်မြန်မာလူမျိုးတို့မှာ အတိတ်သမိုင်းကလည်း စစ်တိုက်ခဲ့ကြရသဖြင့် လူမျိုးနှစ်မျိုး
အကြား အခုအခံများရှိခဲ့ကြသည်။ ထို့ကြောင့် ထိုင်းတို့အနေနှင့် နယ်စပ်တွင်တိုက်နေရသော
ကျနော်တို့အပေါ် စိုးရိမ်သောကစိတ် မရှိဘဲ၊ တိုက်ပွဲတွင်လုံးဝကြားနေရန် ကျနော်တို့က လိုလားပါသည်။
ထိုင်း-မြန်မာလူမျိုးနှစ်မျိုးအကြား နားလည်ရင်းနှီးရေးလိုအပ်ပါသည်။
ထိုင်းအမျိုးသားများအကြားတွင် ကမ္ဘာပေါ်၌
သူတို့စံပြအဖြစ် ကြည်ညိုလေးစားသော ပုဂ္ဂိုလ်ကြီး(၄)ဦးရှိသည်ဟု သိရပါ သည်။ ၎င်းတို့မှာ-
(၁) ကမ္ဘာကျော် ပြင်သစ်စစ်ဘုရင် နပိုလီယံ
(၂) အမေရိကန်သမ္မတကြီး လင်ကွန်း
(၃) မြန်မာဘုရင် ဘုရင့်နောင်
(၄) သူတို့၏ ရှင်ဘုရင်တပါး- တို့ဖြစ်ကြပါသည်။
မြန်မာဘုရင် ဘုရင့်နောင်မှာ စစ်ရေးထူးချွန်ပြီး
ယိုးဒယားကိုစစ်နိုင်ပြီး သိမ်းပိုက်အုပ်ချုပ်သောအခါ ယိုးဒယားပြည်သူများအပေါ် များစွာ
လေးစား ကြင်နာစွာနှင့်အုပ်ချုပ်ခဲ့သည်။ ရိုင်းစိုင်းခြင်းမရှိဘဲ ယဉ်ကျေးခဲ့သည်ဟုဆိုသည်။
ထို့ကြောင့် ယိုးဒယား (ထိုင်း)တို့က ဘုရင့်နောင်ကို လေးစားကြည်ညိုခဲ့ကြပြီး ၎င်းတို့၏
စံပြပုဂ္ဂိုလ်တဦးအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယိုးဒယား (ထိုင်း)တို့က
ဘုရင့်နောင်ဟူသော အမည်ကိုကြားလျှင် မြန်မာအပေါ် မုန်းတီးမှု၊ မယုံသင်္ကာဖြစ်မှုများသက်သာစေနိုင်သဖြင့်
ဤအမည်ကို ကျနော်ပေးလိုက်ခြင်း ဖြစ်ပါသည်။
၆။ ကျနော်တို့၏ ဆုံးဖြတ်ချက်များ
ကျနော်တို့သည် စီမံကိန်း(မည်သည့်စီမံကိန်းမဆို)
တခုကိုရေးဆွဲနိုင်ရေးအတွက် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အဆင့်ဆင့်သုံးသပ် အကဲဖြတ်ရပေမည်။
၎င်းတို့ထဲတွင် ပထမအားဖြင့် အချက်အလက်သတင်းများ ပြည့်စုံ၊ နက်ရှိုင်း၊ မှန်ကန်တိကျဖို့လိုသည်။
(ဤအတွက် သတင်းရှာဖွေ၊ ထောက်လှမ်းရေးနှင့် ၎င်းအပေါ် မှန်ကန်စွာ သုံးသပ်တည်းဖြတ်နိုင်မှုများသည်
အလွန်အရေးကြီးပေသည်) ဤနည်းဖြင့် အချက်အလက်များ စုံလင်စွာရရှိပြီးလျှင် ဘက်နှစ်ဘက် လုပ်နိုင်ချက်များကိုတွက်ချက်ပြီး
မိမိတို့အနေနှင့် မည်သည်ကို လုပ်နိုင်သည်။ လုပ်သင့်သည်တို့ကို ဝေဖန်ပိုင်းခြားရမည်။
၎င်းတို့ပြီးလျှင် ဆုံးဖြတ်ချက်များချကာ စီမံကိန်းထွက်လာနိုင်ပေသည်။
ထို့ကြောင့် ကျနော်တို့အနေနှင့် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း
အဆင့်ဆင့် ဘက်စုံသုံးသပ်ပြီးနောက် ဆုံးဖြတ်ချက်များကို အောက်ပါ အတိုင်း ချမှတ်ခဲ့ပေသည်။
(က) စစ်ဆင်ရေး စတင်မည့် (ယ)နေ့ကို
(မိုးရာသီမကျမီ လုပ်ခွင့်စရသည့်) မတ်လ(၁)ရက်နေ့ စတင်ပြီး၊ စစ်ဆင်ရေးကို မေလ(၁၅)ရက်
မတိုင်မီ ပြီးစီးစေရန်။
(ခ) စစ်ဆင်ရေး ရည်ရွယ်ချက် - တရုတ်ဖြူတပ်များ
ဗမာပြည်ပေါ်ဝင်ရောက်ကျူးကျော်နိုင်မည့် အခြေခံဒေသဖြစ်သော မိုင်းတုံ-မိုင်းပန်-ပွန်ပါကျင်
ကွင်းပြင်ဝှမ်းဒေသနှင့်မိုင်းဆတ်ဒေသတို့ကို တိုက်ခိုက်သိမ်းပိုက်ရန်။
(ဂ) အဓိက ထိုးစစ် - စစ်ကြောင်းကို
မိုင်းပန်မှ ဝမ်ဆလာ-မိုင်းတုံလမ်းကို ရွေးချယ်ရန် (၎င်းကို အထူးလျှို့ဝှက်လုပ်ဆောင်ရန်)
(ဃ) ရန်သူ့အရံတပ်များကိုထိန်းချုပ်ရန်နှင့်
အဓိကထိုးစစ်ကိုကူညီနိုင်ရန် မိုင်းဟန်ဘက်သို့ (ယ) နေ့ တပြိုင်တည်း ခရီးတိုထိုးဖောက်ရေး
တပ်တတပ်စေလွှတ်၍ ဟန်ပြခြိမ်းခြောက်ရန်။
(င) အခြားစစ်မျက်နှာများမှရန်သူ့တပ်များကို
ဆွဲမထုတ်နိုင်အောင် ထိထိမိမိထိန်းချုပ်ရန်။
အထက်ပါဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရန်
အခိုင်အမာနည်းလမ်းများကိုမူ အထက်တွင် (မိမိလုပ်နိုင်သည့်၊ လုပ်ရမည့် အချက်များအပေါ်စဉ်းစားချက်များ
အခန်းတွင်) အပြည့်အစုံဖော်ပြပြီး ဖြစ်ပါသည်။
(စ) တချိန်တည်း လုပ်ဆောင်ရမည့်အချက်တချက်မှာ
မိမိတို့တပ်မှာ (ရန်သူကထင်ထားသလောက် အင်အားမကြီးသဖြင့်) အလွန်အင်အား တောင့်တင်းပြည်စုံကြောင်း၊
တချီတည်း တိုက်ခိုက်ချေမှုန်းတော့မည်ဖြစ်ကြောင်း အမေရိကန်လိုလားသောသတင်းထောက်များကတဆင့်
ဝါဒဖြန့်ရန်။ (ဤလုပ်ငန်းကိုမူ အစိုးရကလုပ်ရန်)
၎င်းတို့မှာ အခြေခံဆုံးဖြတ်ချက်များဖြစ်သည်။
၇။ ကျနော်တို့၏ စီမံကိန်း
ဤကဲ့သို့ အခိုင်အမာဆုံးဖြတ်ချက်များ
ချပြီးနောက် စီမံကိန်းအပြည့်အစုံကို ရေးဆွဲနိုင်ပြီဖြစ်ပေသည်။ အထက်တွင် စဉ်းစားနည်းများ
အပြည့်အစုံရေးပြီးဖြစ်၍ စီမံကိန်းအခိုင်အမာကို ထပ်မရေးတော့ပါ။
(က) ဤစီမံကိန်းတွင် ထပ်ဖြည့်စရာများ
ရှိပါသည်။
-အချင်းချင်းဆက်သွယ်ရေးစနစ်နှင့်
ပုံစံ
-လိုအပ်သော ထောက်ပံ့ရေးအချက်အလက်များ
-ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ကုသရေးနည်းလမ်းများ
စသည့် အုပ်ချုပ်ရေးဆိုင်ရာစီမံကိန်းများဖြစ်သည်။
မူလစစ်ဆင်ရေးစီမံကိန်းကို စဉ်းစားပြင်ဆင်ကတည်းက
မိမိတို့ဘက်မှ အုပ်ချုပ်မှုအချက်အလက်လုပ်နိုင်စွမ်းအတွင်း၌ ယေဘုယျစဉ်းစား၊ ရေးဆွဲကြစမြဲဖြစ်သော်လည်း
တခါတရံထူးခြားသောအခြေအနေများတွင် လိုအပ်သော အုပ်ချုပ်မှုအချက်အလက်တောင်းဆိုမှုကို မဖြည့်တင်းနိုင်၍
စစ်ဆင်ရေးစီမံကိန်းကိုပင် တမျိုးတဖုံပြုပြင်ပြုလုပ်ရသည်များ ရှိပေသည်။
သို့သော်ကျနော်တို့ ဤစစ်ဆင်ရေးကိုဆင်နွှဲရာတွင်
ဖဆပလအစိုးရက လုံးဝထောက်ခံအားပေးခဲ့သည့်အတွက် ကျနော်က ရှေ့တန်းက ဘာပဲလိုလို အချိန်မရွေးတောင်းဆိုရယူနိုင်ခဲ့ပါသည်။
တပြည်လုံးရှိသမျှနေရာမှ လိုချင်တဲ့အရာအားလုံး အချိန်မဆိုင်းတောင်းဆိုရခဲ့ပါသည်။
၈။ နိဂုံးချုပ်
(က) ဤစစ်ဆင်ရေးတွင် မူလတွေးခေါ်စီမံခဲ့သည့်အတိုင်း
ရာနှုန်းပြည့်အောင်မြင်ချောမောခဲ့ပေသည်။
(ခ) ရန်သူ၏အားသာချက်နှင့်လုပ်နိုင်ချက်များကို
မိမိတို့က မိမိအားသာချက်နှင့်လုပ်နိုင်ချက်၊ ရန်သူအားနည်းချက်တို့နှင့်ပေါင်းစပ်၍ အားပျော့သွားအောင်သုံးသပ်လုပ်နိုင်ခဲ့သည့်အတွက်
ဖြစ်ပါသည်။
(ဂ) ရန်သူ၏ အားသာချက်နှင့်လုပ်နိုင်ချက်ဖြစ်သည့်
အဓိက (၂)ချက်
၁-ခေါင်းမာသော နေရာစွဲခံကတုတ်စစ်ပွဲဆင်နွှဲခြင်းနှင့်
၂-အတွင်းဝင်သွားရသော မိမိတို့၏စစ်ကြောင်းအား
အလစ်ထိုးသုတ် ဝိုင်းဝန်းချေမှုန်းစားလိုက်ခြင်း၊ လုပ်နိုင်ဖွယ်(၂)မျိုးကို မိမိတို့အားသာချက်
ဖြစ်သည့် လက်နက်ကြီးသုံးနိုင်ခြင်းနှင့် ရန်သူ၏အားနည်းချက်ဖြစ်သော အတွေ့အကြုံနည်းပါးသည့်
ဒေသတပ်သားသစ်များပါဝင်နေခြင်း ဆိုသည့်အချက် (၂)ချက်ကို ဖွံ့ဖြိုးစေပြီး စီမံကိန်းချနိုင်သဖြင့်
ချေဖျက်နိုင်ပြီး အောင်ပွဲရယူနိုင်ခဲ့ပေသည်။
(ဃ) မိမိတို့၏ စီမံကိန်းအရ အဓိကထိုးစစ်ကို
ဝမ်ဆလာ-မိုင်းတုံလမ်းကြောင်းရွေးလိုက်ခြင်းသည်လည်း မှန်ကန်သွားပေသည်။ အကြောင်းမှာ ရန်သူက
ခေါင်းမာသော မြေကတုတ်စစ်ပွဲဆင်နွှဲသော် မိမိ၏မီးအားနှင့်ပစ်ခတ်အားကို ထပ်ဖြည့်နိုင်ရန်
ကားလမ်းပေါက်သည့်နေရာဖြစ်ခြင်း၊ ကားလမ်းပေါက်ပါက မိမိတို့က ရန်သူအပေါ် အဖက်ဖက်က အပေါ်စီးရနိုင်ခြင်း၊
နောင် နယ်မြေထိန်းသိမ်းရေးအတွက်လည်း အကျိုးရှိသဖြင့် မိမိ၏သာလွန်ချက်များကို ခိုင်မာနိုင်စေခြင်းများကြောင့်
ဖြစ်ပါသည်။
(င) မိုင်းဟန်ခရီးတို ထိုးဖောက်ရာမှာလည်း
ရန်သူ၏လုပ်နိုင်ဖွယ် တန်ပြန်ထိုးစစ်အတွက် သေနင်္ဂဗျူဟာအရံတပ်ကို သောင်တင်သွားစေရန် အတွက်
ရန်သူ့တပ်မှူးချုပ်၏အားနည်းချက်နှင့် မိမိ၏အားသာချက် မြေအခြေအနေကိုအသုံးချပြီး တပ်နည်းနည်းဝင်တာကို
အများကြီး ဝင်လာသည်ဟုထင်မြင်စေရန် လေကြောင်းရိက္ခာပစ္စည်းများ တနေကုန်ချပေးနေခြင်းတို့သည်
များစွာထိရောက်သွား ပြီး ရန်သူ့အရံတပ်သည် စစ်ပွဲတွင် လုံးဝ အသုံးမဝင်ဖြစ်သွားရပေသည်။
သို့ဖြင့် ရန်သူတန်ပြန်ထိုးစစ်ကို ဖျက်ဆီးလိုက်နိုင်သည်။ အဆင့်ဆင့်ခံစစ်လုပ်မှာကိုလည်း
ပျက်သွားစေခဲ့ပါသည်။
(စ) ဝမ်ဆလာတိုက်ပွဲတွင် မိမိတို့မီးအားကို
သံလွင်အနောက်ဘက်ကမ်းမှ ဒီတပွဲသာ မီးအားကြီးမားသည့်အမြောက်ကြီးများနှင့် တိုက်နိုင်မည်ဖြစ်ရာ
(အတွေ့အကြုံမရှိ၊ လေ့ကျင့်မှုမရှိ) စသည့် အားနည်းချက်များရှိတဲ့ရန်သူကို ဖိပစ်ပေးရာ
ထိုပစ်မှတ်တခုတည်း တပ်တခွဲ ကျဉ်းကျဉ်းလေး နေရာပေါ်သို့ (၂၅)ပေါင်ဒါကျည် (၅ဝဝ) ခန့်၊
(၃)လက်မ မော်တာကျည် (၁ဝဝဝ)ခန့် တို့ကို ၁၅ မိနစ်ကြာပစ်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း
ရန်သူများအလွန်တုန်လှုပ်သွားပြီး၊ အလယ်-တောင်သုံးလုံးသို့ ထွက်ပြေးရာတွင် (၂၅)ပေါင်ဒါအမြောက်များက
ယမ်းပြင်းများနှင့် ထပ်မံပစ်ပြီး တောင်ခြေတွင် စောစောကတည်းကပုန်းလျှိုးနေသည့် မိမိတပ်များက
လှံစွပ်ထိုး၊ တက်သိမ်းရာ အားလုံး ချောမောစွာ ရရှိခဲ့ပါသည်။ ရန်သူတုန်လှုပ်မှုကိုပိုပြင်းစေရန်
မိမိလေတပ်နှင့်ရိက္ခာပစ္စည်းချပေးသောလေယာဉ်များ ထိုဒေသ ကောင်းကင်တွင် တနေကုန် ပျံဝဲနေစေခဲ့ပါသည်။
တချိန်တည်းမှာပင် မိုင်းဟန် ခရီးတိုထိုးဖောက်ရေးတပ်က လှုပ်ရှားတိုက်ခိုက်လာသဖြင့် ရန်သူများအနေနှင့်
သူတို့ဌာနချုပ်ကိုတိုက်ရိုက်တိုက်နေပြီဟုယူဆကာ မိုင်းတုံစစ်မျက်နှာတွင် အဝိုင်းခံရတော့မည်ဟုတွေးထင်ကာ
ချောက်ချားလာမှုများလည်း ရှိပါသည်။
ထိုသို့သော ထိတ်လန့်ချောက်ချားမှုများကြောင့်
ရန်သူများသည် မိုင်းတုံမှာ ပြန်လည်စုစည်းခြင်းသော်လည်းကောင်း၊ အဆင့်ဆင့် ခံစစ်လုပ်ရန်
သော်လည်းကောင်း မပြုလုပ်နိုင်ကြတော့ဘဲ ထိုင်းနယ်စပ်အထိ ထွက်ပြေးကြပါတော့သည်။ စစ်မျက်နှာအသီးသီးက
ရန်သူကို ထိန်းချုပ် ခြိမ်းခြောက် ဟန်ပြလုပ်ငန်းအားများအားလုံးလည်း ပိပိရိရိရှိသဖြင့်
အားလုံးအောင်မြင်ရခြင်းဖြစ်သည်။ ဤသည်မှာ မျှော်လင့်ထားသည်ထက် ပိုမိုအောင်မြင်ပြီး၊
ပိုမိုအကျိုးရှိသွားရပေသည်။
(ဆ) သို့ဖြင့် မိမိတို့၏ရည်မှန်းချက်ဖြစ်သော
ရန်သူ့အခြေခံ မိုင်းဆတ်နှင့် မိုင်းတုံ-မိုင်းဟန်-ပွန်ပါကျင်ဒေသကြီးကို သိမ်းပိုက်နိုင်ပြီး
တရုတ်ဖြူ တို့၏ အခြေခံစခန်းကို ဝေးကွာသော ထိုင်းဗမာနယ်စပ်မျဉ်းတောင်ကြောများသို့ တွန်းထုတ်နိုင်ခဲ့ပေသည်။
ပွန်ပါကျင်အရှေ့နယ်စပ်အနီး တရုတ်ဖြူဌာနချုပ်ကိုစီးမိရာ ခဲယမ်းသောင်းသိန်း နီးပါး၊ ဆေးဝါး၊
စစ်သုံးပစ္စည်း အတော်များများ ရမိပြီး၊ ၎င်းတို့အား ဗမာပြည်ကို ခြိမ်းခြောက် နိုင်သောအနေအထားမှ
လုံးဝတွန်းဖယ်လိုက်နိုင်သည်။
(ဇ) ကြိုတင်ပြင်ဆင်မှုများတွင် အသေးစိတ်လုပ်ရသည့်လုပ်ငန်းများရှိသည်။
ထိုလုပ်ငန်းများအနက် ဥပမာအဖြစ် (အလွန်လည်း အရေးကြီး ခဲ့သော) လုပ်ငန်း (၂) ခုကို ဖော်ပြပါဦးမည်။
၁- ရန်သူက နေရာစွဲမြေကတုတ်စစ်ပွဲ
ခေါင်းမာစွာလုပ်လျှင် မိမိတို့များစွာ ခက်ခဲမည်။ လက်နက်ကြီးပါမှ ဖြစ်မည်။ အထူးသဖြင့်
သံလွင် အရှေ့ဘက် ကမ်းတွင် ဤလိုစစ်ပွဲတိုက်ရပါက မည်သို့လုပ်မည်နည်း။ ကြိုတင်ပြင်ဆင်ရမည်။
ထိုစဉ်က ဗမာ့တပ်မတော်တွင် (၂၅)ပေါင်ဒါ အမြောက်နှင့် ဒုတိယကမ္ဘာစစ်ကြီးအကျန် တင့်ကားပစ်
(၆)ပေါင်ဒါ အမြောက်များသာ ရှိသည်။ (၂၅)ပေါင်ဒါအမြောက်များမှာ ကားလမ်းရှိမှ ဆွဲယူနိုင်သည်။
(၆)ပေါင်ဒါမှာမူ ကားဆွဲအမြောက်ပင်ဖြစ်သော်လည်း ဖြုတ်သယ်ယူရန်ဖြစ်သည်။ (၆)ပေါင်ဒါအမြောက်တခုလုံး
အလေးချိန်မှာ ပေါင် (၂ဝဝဝ)ကျော်ရှိပြီး အလေးဆုံးအပိုင်းမှာ ပြောင်းပိုင်းဖြစ်သည်။ ပြောင်းသည်လက်မ
(၁ဝဝ)ကျော်ရှည်ပြီး၊ အလေးချိန်မှာ ပေါင်(၅ဝဝ) ကျော်ခန့်ရှိသည်။ လူနဲ့ထမ်းက ခရီးရှည်
မထမ်းနိုင်။ ထို့ကြောင့် ဆင်နှင့်ထမ်းရန် စိတ်ကူးမိသည်။ ဗမာပြည်ရှိ ဆင်တော်တော်ကြီးကြီးများသာ
ပေါင်(၅ဝဝ)ကို တင်နိုင်မည်။ ဆင်မှာ ဆွဲအားသာရှိသည်။ တင်အားမရှိလှ။ ရှည်လျားပြီးလေးလံလှသောပြောင်းတန်ကြီး
ဆင်ပေါ် တင်နိုင်အောင် ဆင်နံရိုး၊ ကျောရိုးတည်ဆောက်ပုံနှင့်သင့်တော်မည့် ပုခက်တမျိုးတီထွင်နိုင်မှ
ဖြစ်နိုင်ပေမည်။ ဆင်အကြောင်း ကျွမ်းကျင်သူ များနှင့်ညှိနှိုင်းလုပ်ဆောင်မှုဖြင့် ထိုပုခက်တမျိုးတည်ဆောက်နိုင်ခဲ့သည်။
ထို့ပြင် ထိုဆင်များ သံလွင်ကိုကူးဖို့ ဆင်ဖောင်ကြီးတခုကိုလည်း ကျွမ်းကျင်သူများက စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။
ထို ဆင်တင်မည့်ဖောင်အတွက် ကြိုးရှာရာတွင် ကြိမ်ကို သံလွင်ရေတွင် တပတ်နှစ်ပတ် စိမ်ရမည်ဟုဆိုလာသဖြင့်
အဘယ်ကြောင့်ထိုသို့လိုအပ်ကြောင်းမေးမြန်းပြီး၊ ထိုကြိုးနှင့်အလားတူမည့်ကြိုးများကို
ရန်ကုန်သို့လှမ်းမှာကာ လေယာဉ်နှင့်ချခိုင်းရပါသည်။ သို့ဖြင့် သံလွင်အရှေ့ဘက်ကမ်းတွင်
မြေကတုတ်စစ်ပွဲဆင်နွှဲရလျှင် အလွန်ထိရောက်မည့် (၆)ပေါင်ဒါ အမြောက်၂ လက် အသုံးပြုနိုင်ရေးအတွက်
ကြံစည်လုပ်ဆောင်ခဲ့ရပါသည်။
၂-ဝမ်ဆလာကို မိမိတို့၏ (၂၅)ပေါင်ဒါအမြောက်ကြီးများဖြင့်
အစွမ်းပြ ခြောက်လှန့်ပစ်ခတ်ရန် အမြောက်များ ဝမ်ဆလာ အနောက် ကမ်းတောင်ကြောပေါ်အရောက် ရန်သူမသိအောင်သယ်ယူရေးပြဿနာကို
ဖြေရှင်းရာတွင်လည်း အလွန်အသေးစိတ် စီစဉ်ခဲ့ရပါသည်။
မိုင်းပန်မှ ဝမ်ဆလာဘက်လာသောကားလမ်းမှာ
သံလွင်မရောက်မီ (၆-၇)မိုင်လောက် ကားလမ်းပြတ်သွားသည်။ ထို့ကြောင့် အမြောက်ဆွဲရန် ကားလမ်းဖောက်ရလျှင်လည်း
အရှေ့ကမ်းမှရန်သူ သိသွားနိုင်သည်။ အနောက်ဘက်မှ သံလွင်ဘက်စီးသော ချောင်းတချောင်းသည်
၎င်း လမ်းပြတ်တောင်ကြောအောက်ကစီးပြီး သံလွင်သို့ ဝမ်ဆလာအနောက်ကမ်း တောင်ဘက်ယွန်းယွန်းသို့
စီးဝင်သည်။ ထို့ကြောင့် မိုင်းပန်မှ ဝမ်ဆလာ (သံလွင်)သွားရာ ကားလမ်းပြတ်နေရာမှ ချောင်းအတွင်းသို့
လမ်းထွင်၍ အမြောက်များကိုဆွဲချကာ ချောင်းထဲရောက်သောအခါ အမြောက်ပြောင်းများကိုပိတ်ဆို့ပြီး
ချောင်းအတိုင်း သံလွင်ကမ်းစပ်နားအထိ (၇)မိုင်မျှသောခရီးကို လူအားနှင့်တဖြည်းဖြည်း ခဲယဉ်းစွာ
ဆွဲယူသွားပြီး သံလွင်ကမ်းအနီးရောက်မှ အနောက်ဘက်တောင်ကြောပေါ်သို့လမ်းဖောက်ပြီး လူအားနှင့်ဆွဲတင်ကြရသည်။
ဤသည်တို့မှာ ရန်သူ၏အားသာချက်ဖြစ်ပြီး
မိမိ၏အားနည်းချက်ဖြစ်သော တောတောင်တွင် မြေကတုတ်ခံစစ်ဖြစ်ခဲ့သော်ဆိုသည့် အချက်အပေါ် တွန်းလှန်ပစ်ရန်
စီမံချက်များဖြစ်ပေသည်။
0 comments:
Post a Comment