ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ပဉ္စမတွဲ၊ အခန်း(၁)
ပဉ္စမပိုင်း
၁၉၅၇
ခုနှစ်၊ ဇူလိုင်လဆန်းမှာ ကျွန်တော် ရန်ကုန်မြို့၊ စမ်းချောင်းရပ်၊ ဆီဆုံလမ်း၊ အိမ်အမှတ်
၃၆သို့ မင်္ဂလာဒုံဧည့်ခံဂေဟာမှ ပြောင်းရွှေ့သွားခဲ့ပါသည်။ ကျွန်တော်စုဆောင်းထားသည့်ငွေလေးက
သုံးထောင်ကျော်လောက်သာရှိ၍ ထိုအိမ်ဝယ်ရန်လိုအပ်သည့်ငွေကို ကျွန်တော့်အစ်ကိုကြီးဦးပုက
ထုတ်ပေးပါသည်။ နောင်ကျမှ ကျွန်တော့်မြေကွက်ကိုရောင်းပြီး ဆပ်နိုင်ပါသည်။ ကျွန်တော့်ဇနီး၏ဖခင်လည်း
ကွယ်လွန်သွားပြီဖြစ်ပြီး၊ သူ့မိခင် ဒေါ်တင်က ကျွန်တော်တို့မိသားစုနှင့်အတူလိုက်နေသည်ဖြစ်၍
သူတို့ရဲ့ သုံးဆယ်အိမ်ကြီးပေါ် လူငှားတင်ပြီး၊ အိမ်ထောင်ပရိဘောဂများကိုတော့ ကျွန်တော်တို့
အခုနေမည့် စမ်းချောင်းအိမ်ကိုသယ်ယူပြီး သုံးစွဲခဲ့ရပါတော့သည်။
ကျွန်တော့်သားသမီးများကိုတော့ အိမ်နှင့်နီးသည့် စိန့်ဖီလိုမီနာကွန်ဗင့်ကျောင်း
(နောင်စမ်းချောင်း အထက ၂)မှာ ထားပါသည်။ မိန်းကလေး ကျောင်းဖြစ်သော်လည်း ယောကျာ်းလေးများကို
လေးတန်းအထိလက်ခံသဖြင့် မောင်နှစ်မငါးယောက်စလုံးကို အဲဒီကျောင်းမှာပဲ ထားလိုက် ပါသည်။
ကျွန်တော့်နှစ်မဝမ်းကွဲများမှာ ထိုကျောင်းထွက်များဖြစ်သဖြင့် ထိုကျောင်းမှ ခရစ်ယာန်မယ်သီလရင်ဆရာမကြီးများနင့်ရင်းနှီးသဖြင့်
သူတို့တာဝန်ယူကျောင်းအပ်ပေးခဲ့ကြပါသည်။ သားသမီးများကျောင်းကိစ္စပြီးတာနဲ့ ကျွန်တော်
ရှေ့ရေးကိစ္စအတွက် စဉ်းစားလုပ်ဆောင်ရ ပါတော့သည်။
အဲဒီခေတ် (ဖဆပလ အစိုးရခေတ်)တုန်းက ဒီမိုကရေစီလည်းအသင့်အတင့်ရှိနေတဲ့ကာလဖြစ်လို့
ရှေ့လျှောက် တိုင်းပြည်နဲ့ပြည်သူလူထု အတွက် နိုင်ငံရေးလုပ်မည်ဆိုလျှင် လုပ်နိုင်တဲ့အခွင့်အလမ်းတွေ
ရှိနေပါသည်။ ဒီအတွက် ပြင်ဆင်သည့်အနေဖြင့် ကျွန်တော်တပ်က မထွက်မီ အမျိုးမျိုးပြောဆိုချက်များကို
ရှင်းလင်းပြောပြရန် သတင်းစာရှင်းလင်းပွဲတရပ်ကို ကျွန်တော်ပြုလုပ်ခဲ့ပါသည်။
၁၉၅၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ကျွန်တော်နေထိုင်ရာနေအိမ်တွင်ပင်
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ သတင်းစာတိုက် အသီးသီးမှ သတင်းထောက်အတော်များများ
တက်ရောက်ခဲ့ပါသည်။ ကျွန်တော့်အနေနဲ့ အဓိကထားပြောဆိုခဲ့မှုများကတော့ ကျွန်တော့် အပေါ်
စွပ်စွဲချက်များ မခိုင်လုံပုံ၊ သက်သေမပြည့်စုံပုံ၊ အထူးသဖြင့် ကျွန်တော့်ကို စနစ်တကျ
တရားမျှတမှုရှိစွာစစ်ဆေးခြင်း၊ ထုချေခွင့် ပြုခြင်းများမရှိပုံတွေကို ကျွန်တော်ပြောဆိုရှင်းလင်းခဲ့ပါသည်။
နောက်နေ့သတင်းစာများတွင် ကျွန်တော်၏ပြောကြားချက်အပြည့်အစုံကို
ထည့်သွင်းဖော်ပြကြပြီး အယ်ဒီတာအာဘော်အခန်းများမှလည်း ကျွန်တော်၏တောင်းဆိုချက်ဖြစ်သော
ရုံးတင်စစ်ဆေးပါဆိုသည့်အချက်ကို အထူးအလေးပေးရေးသားကြပါသည်။ အထူးသဖြင့် လက်ဝဲဘက် ယိမ်းသည့်
သတင်းစာများ၊ ဂျာနယ်များက ကျွန်တော်၏တိုင်းပြည်အပေါ် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများအပေါ်
အကျယ်တဝင့် ရေးသားကြ ပါသည်။ အချို့တပ်မတော်တွင်းက ကျွန်တော့်ကိုလေးစားကြည်ညိုကြသည့်
တပ်မှူးတပ်သားများကလည်း ကျွန်တော်နဲ့အတူ တိုက်ပွဲများမှာ ပါဝင်ခဲ့ကြပုံ၊ ကျွန်တော်၏ဆောင်ရွက်ချက်များ
စတာများကို အခန်းဆက်ဆောင်းပါးများအဖြစ် ရေးသားကြပါသည်။
ထိုစဉ်က ဖဆပလအစိုးရအတွင်း ခြစားမှု၊ လာဘ်စားမှု၊ အချင်းချင်းအပြန်အလှန်စွပ်စွဲမှုများနဲ့
နာမည်ပျက်စပြုလာချိန်နဲ့လည်း တိုက်ဆိုင်နေသဖြင့် အစိုးရကိုတိုက်ခိုက်ဝေဖန်သည့်အရှိန်ဖြင့်လည်း
ရောနေပါသည်။
ထိုသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တဦးက ပြည်တွင်းစစ်ရပ်စဲရေးနဲ့ပတ်သက်၍
ကျွန်တော်၏သဘောထားကိုမေးမြန်းရာ ကျွန်တော်က သီးခြားထုတ်ပြန်ပါမည်ဟုပြောဆိုလိုက်ပြီး
ကျွန်တော်မကျွမ်းကျင်သည့် နိုင်ငံရေး၊ စီးပွားရေးပြဿနာများကိုပါ အကျယ်တဝင့် အချိန်ယူလေ့လာပြီးမှ
အောက်တိုဘာ ၂၇ ရက်တွင် (ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ကျွန်တော်၏သဘောထား)ဆိုသည့်
စာတမ်း တစောင် ထုတ်ပြန်လိုက်ပါသည်။ ထိုစာတမ်းကို အပိုင်းများခွဲ၍သတင်းစာများကဖော်ပြကြပြီး
နောက်ပိုင်းတွင်လည်း စာအုပ်အဖြစ် ထုတ်ဝေ ခဲ့ပါသည်။
ထိုစာတမ်းငယ်တွင် အပိုင်းလေးပိုင်း ပါရှိပါသည်။
၁။ ပထမပိုင်းတွင် ပြည်တွင်းစစ် ၁ဝ နှစ်ခရီးကို အကြမ်းဖျင်းဖော်ပြထားပါသည်။
၁၉၄၈ ခုနှစ်ကုန်ခါနီးမှစ၍တိုက်ခဲ့ရသော ကေအင်ဒီအိုတို့ အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့်
အလံဖြူ၊ အလံနီ ကွန်မြူနစ်၊ ရဲဘော်ဖြူ၊ ရခိုင်သူပုန်များစသည့်
တပြည်လုံး အတိုင်းအတာနဲ့ အနှံ့အပြားဖြစ်ခဲ့သည့်တိုက်ပွဲများအကြောင်း ဖော်ပြထားပါသည်။
၂။ ဒုတိယပိုင်းတွင် ၎င်း၁ဝ နှစ်ခရီးအတွင်း အစိုးရနှင့်သူပုန်များနှစ်ဦးနှစ်ဖက်၏
လက်ရှိအခြေအနေများကိုဝေဖန်သုံးသပ်ထားပြီး၊ အကယ်၍ ဤအတိုင်းဆက်တိုက်ခိုက်ပါက အနာဂတ်၏အလားအလာကို
ကျွန်တော် ဝေဖန်တင်ပြထားပါသည်။ ဤအပိုင်းတွင် ကျွန်တော်က “နိုင်ငံရေးသည် ပြည်တွင်းစစ်အတက်အကျ၏
ကျောရိုးမဏ္ဍိုင်ဖြစ်သည်။ စစ်ရေးသည် အထောက်အကူအပိုင်းသာဖြစ်သည်။ သူပုန်အရေးနိမ့် စေမည့်
ထူးခြားသည့်နိုင်ငံရေးပြောင်းလဲမှုမပါဘဲ စစ်ရေးသက်သက်ဖြင့်သာရင်ဆိုင်နေလျှင် သူပုန်အရေးမှာ
အလွန်ရှည်ကြာခက်ခဲ နိုင်ကြောင်း၊ လက်ရှိအစိုးရအနေနဲ့ စစ်ရေးသက်သက်ချည်းအားမကိုးဘဲ နိုင်ငံရေးအရကြိုးစားသင့်ကြောင်း၊
ဤအတိုင်းဆက်သွားနေပါက ပြည်တွင်းစစ်ကြီး ရှည်ကြာသွားမည့်အလားအလာရှိကြောင်း၊ စစ်တပ်တိုးချဲ့ရ၍
ပြည်တွင်းစီးပွားရေးလည်း ကျဆင်းနိုင်ကြောင်း” စတာများကို အသေးစိတ်အချက်အလက်များ ထုတ်ပြ၊
ရှင်းလင်းပြပြီး၊ စစ်ရေးသက်သက်ဖြင့် နောက်ထပ် ၇ နှစ်ဆက်တိုက်လျှင်လည်း၊ သူပုန်အင်အား
မကျဆင်းနိုင်ကြောင်း ရေးသားထားပါသည်။
၃။ တတိယပိုင်းတွင် စစ်နှင့်နိုင်ငံရေး၏ ရည်ရွယ်ချက်များ၊
စစ်နှင့်ပြည်သူလူထု၊ စစ်နှင့်နိုင်ငံရေးခေါင်းဆောင်များ၏တာဝန် ဆက်စပ် နေပုံများကို
အကျယ်တဝင့် ရေးသားထားပါသည်။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် စစ်နိုင်ရေးအတွက်သာမက
စစ်ကိုမူလ နိုင်ငံရေးရည်မှန်းချက်မှ သွေဖီမသွားအောင်နှင့် စစ်ပြီးနောက် ငြိမ်းချမ်းရေးကာလတည်ဆောက်ရေးအတွက်တာဝန်ရှိကြောင်းစတာတွေ
ပါရှိပါသည်။ စစ်သည် ဖြစ်ရန်လွယ်ကူသော်လည်း အပြီးသတ်ရန်ခက်ခဲတတ်ကြောင်းနှင့် စစ်၏ဒဏ်ကို
ပြည်သူလူထုက အဓိက ခံရကြောင်းတွေ ပါရှိပါသည်။
၎။ စတုတ္ထပိုင်းတွင်မူ လက်ရှိပြည်တွင်းစစ်ကို မည်ကဲ့သို့အဆုံးသတ်သင့်သည်ကို
ရေးသားတင်ပြထားပါသည်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးနု ပြောကြားသည့်မိန့်ခွန်းကိုကိုးကားပြီး
ပြည်သူလူထုက စစ်အတွက်ပေးရသောအဖိုးအခများကို ထောက်ပြပြီး “ပြည်တွင်းစစ်ဖြစ်ရခြင်းအပေါ်
နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ တာဝန်ရှိကြောင်း၊ နိုင်ငံရေးခေါင်းဆောင်များအနေနဲ့
စစ်နဲ့ပတ်သက်၍ထင်မြင်ယူဆပုံ ပေါ့ဆမှားယွင်းခြင်း အကြောင်းရင်းမှာ ဗမာပြည်လွတ်လပ်ရေးရခါစ
အတွေ့အကြုံ၊ ဗဟုသုတနည်းပါးမှုကြောင့်လည်းကောင်း၊ စိတ်ကူးဆန္ဒတွေကိုလည်းကောင်း၊ ဒေါသ-မောဟများကို
ရှေ့ထားမိသောကြောင့်လည်းကောင်း မှားခဲ့ကြပုံ၊ ဘယ်သူကြောင့်၊ ဘယ်ဝါ့ကြောင့်ဟု ဆက်လက်အငြင်းမပွား
သင့်တော့ဘဲ အမှားဝန်ခံရုံမကဘဲ။ အမှားကို ရဲရဲဝံ့ဝံ့ပြင်ကြရန်” တိုက်တွန်းထားပါသည်။
လက်ရှိနိုင်ငံရေးခေါင်းဆောင်များအနေဖြင့် လက်ရှိတိုင်းပြည်အခြေအနေ၊
နှစ်ဦးနှစ်ဖက်ရပ်တည်နေရသောအခြေအနေတို့ကို တိတိကျကျ ဆန်းစစ်ကြည့်ရှုပြီး၊ ပြည်သူလူထုအနာဂတ်အကျိုးကို
မဆန့်ကျင်စေဘဲ၊ ကျိုးကြောင်းမျှတ၍ ယထာဘူတကျသောနည်းလမ်းဖြင့် ရပ်စဲကြရန် တိုက်တွန်းထားပါသည်။
(ထိုအချိန်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးစီး၍ လှုပ်ရှားနေသော ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု
လူထုဆန္ဒပြပွဲ ကြီးများလည်း တခြိမ့်ခြိမ့်နှင့် တနိုင်ငံလုံးကျင်းပနေကြပါသည်။)
ကျွန်တော်ထိုစာတမ်းရေးသားရန် ပြည်တွင်းစစ်ပြဿနာကို အသေးစိတ်လေ့လာလေလေ
ပြည်တွင်းစစ်ရေရှည်ပြီး ပြည်သူတို့၏ဆင်းရဲဒုက္ခ အန္တရာယ်များကို မြင်လေလေဖြစ်ကာ ပြည်တွင်းငြိမ်းချမ်းရေးသည်သာ
အနာဂတ်နိုင်ငံသစ်ထူထောင်နိုင်ရေးအတွက် သော့ချက်ဖြစ်ကြောင်း ပိုမို၍သဘောပေါက်လာပါသည်။
လက်ရှိပြည်သူလူထုတို့၏ ဒုက္ခမျိုးစုံ ဆုံချက်ဖြစ်နေသည့် ပြည်တွင်းစစ်ကြီးကို ပြည်သူလူထုအကျိုးစီးပွားပြု
နိုင်ငံရေးအခြေခံပေါ်တွင်ရပ်စဲနိုင်ပါက တိုင်းပြည်အပေါ်အကြီးမားဆုံးအကျိုးပြုနိုင်ချက်ဟုလည်း
ယုံကြည်လာမိပါသည်။
ထို့ကြောင့်ပင် ကျွန်တော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏
“ပြည်တွင်းငြိမ်းချမ်းရေး ရှစ်ဦးကော်မတီ”အဖွဲ့ဝင်တချို့နှင့် ဆွေးနွေး တိုင်ပင်ပြီး
ထိုအဖွဲ့နှင့်ပူးပေါင်းလှုပ်ရှားရန် စီစဉ်ပါတော့သည်။
0 comments:
Post a Comment