ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
စတုတ္ထတွဲ၊ အခန်း(၁၅)
နောက်ထပ် (၇၆ မမ) -၄ လက်၊ (၃ လက်မ) မော်တာ- ၄ လက်
နောက်ထပ် (၇၆ မမ) -၄ လက်၊ (၃ လက်မ) မော်တာ- ၄ လက်
ခြေလျင်တပ်ရင်း(၄) တပ်ရင်းမှူး-ဒုဗိုလ်မှူးကြီးထွန်းတင်
(နောင်မဆလခေတ်-ဝန်ကြီးချုပ်)
ကချင်တပ်ရင်း(၄) တပ်ရင်းမှူး-ဗိုလ်မှူးနော်လာ
ခြေလျင်တပ်ရင်း(၂၁) တပ်ရင်းမှူး-ဗိုလ်မှူးသိန်းဒုတ်
ခြေမြန်တပ်ရင်း (၁ဝ၆) တပ်ရင်းမှူး- ဗိုလ်မှူးသူရအောင်ဖေ
တပ်ရင်း (၄) ရင်း ထပ်ရသည်။
လေတပ်မှ ဆီးဖြူရီး (၉)စင်း ထပ်ရသည်။
စုရပ်အဖြစ် မိုင်းတုံတွင်ထားပြီး (၃)ပတ်ခန့် ဘုရင်နောင်စစ်ဆင်ရေးကဲ့သို့ပြင်ဆင်ကာ
အလုံးအရင်းနှင့်တိုက်ခဲ့ကြရသည်။ တိုက်ပွဲ တိုက်နည်းမှာ တလျှောက်လုံးနယ်စပ်ပေါ်တိုက်ရသဖြင့်
တိုက်ရိုက်အမြောက်နှင့်ပစ်။ လေယာဉ်ကကူပြီး တိုက်စစ်ဆင်တိုက်ခဲ့ရပါသည်။
ကျနော်လည်း ထိုဒေသကို ကင်းထောက်လေယာဉ်ဖြင့်ပျံသန်းပြီး
စုံစမ်းကင်းထောက်ရာ ထိုဒေသရှိ ပေါက်သောသစ်ပင်များမှာ ပေါင်လုံးခန့်သာရှိသဖြင့် တရုတ်ဖြူတပ်၏ခံကတုတ်များသည်
မိမိတို့ အမြောက်ဒဏ်ခံနိုင်မည်မဟုတ်ဟု တွက်ဆမိပါသည်။
ကျနော်တို့နှင့်အတူ ထိုင်းဆက်သွယ်ရေးအရာရှိများလည်းလိုက်ပါလာပြီး
ထိုင်းနယ်စပ်အနား သိပ်ကပ်ရသောအခါများ၊ တခါတရံ တရုတ်ဖြူ စခန်းများ နောက်ကိုဝင်ဖို့ ထိုင်းနယ်စပ်တွင်းဝင်ရသည့်အခါများတွင်
ထိုအရာရှိများမှတဆင့် ခွင့်တောင်းခံရပါသည်။ ဤအချက်များကလည်း ဤစစ်ဆင်ရေးကို အတော်ပင်အထောက်အကူပြုခဲ့ပါသည်။
၁၉၅၅ခု၊ ဧပြီလ (၂၂)ရက်နေ့တွင် တရုတ်ဖြူဌာနချုပ် လွယ်လန်းစခန်းကြီးကို
ကျနော်တို့တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။
ကျနော်တို့ ထိုနေ့တွင် တိုက်ပွဲမဆင်ခင် ထိုင်းဆက်သွယ်ရေးအရာရှိတဦးက
ကျနော့်ကို အဲဒီစခန်းသိမ်းဖို့ဘယ်လောက်ကြာကြာ တိုက်ရမလဲ ဟု မေးလာပါသည်။ ကျနော်က “ငါတို့
မနက်(၈)နာရီ စတိုက်ရင် ညနေ(၄)နာရီမှာ ငါတို့အလံ အဲဒီတောင်ကုန်းပေါ်မှာတင်မယ်”လို့ ပြန်ပြော
လိုက်ပါသည်။ ဤလို ကျနော်တို့၏ အာမခံချက်ကိုရသောအခါ ထိုင်းအရာရှိတချို့ တရုတ်ဖြူများထံပြေးသွားကြပြီး
ဘိန်းများကို အမြန်ဆုံး ရောင်းပစ်ရန်၊ တိုက်တွန်းကြကြောင်း ကြားသိရပါသည်။ ထိုင်းဘက်ကမ်းမှာလည်း
လူအများ ဒီတိုက်ပွဲကိုလာရောက်ကြည့်ရှုကြပြီး အရှုံးအနိုင် လောင်းကစားကြသေးသည်ဟုလည်း ကြားရပါသည်။(တရုတ်ဖြူများက
သူတို့စခန်းက-လနှင့်ချီ ခံနိုင်သည်ဟု ထိုင်းများကို ပြောထား ပါသည်)
ကျနော်တို့တိုက်ပွဲကို နံနက်(၈)နာရီတွင် စခဲ့ပြီး အမြောက်များစုပြုံပစ်ခဲ့ကြပါသည်။
အမြောက်များကို ခံတပ်များတည့်တည့် ရှေ့အထိ မီတာ (၆ဝဝ-၈ဝဝ)အထိ ဆွဲတင်သွားပြီးမှ ပစ်ခြင်းဖြစ်သည်။
အမြောက်ပစ် ရပ်လျှင်ရပ်ခြင်း လှံစွပ်တက်ထိုးပါသည်။ တရုတ်ဖြူခံကတုတ်များ ခဏအတွင်း ကြေပျက်သွားပြီး၊
သုံးနာရီအတွင်းစခန်းကို သိမ်းမိပါသည်။ စစ်မြေပြင်ရှင်းလင်းရေး အချို့ပြုလုပ်ပြီးနောက်
ညနေ(၄)နာရီတွင် ပြည်ထောင်စုအလံတော်ကို တောင်ထိပ်မှာ လွှင့်ထူလိုက်နိုင်ပါတော့သည်။
ဤတောင်ထိပ်ပေါ်မှာပင် ကျနော်တို့ စေတီတဆူတည်ဆောက် ထားခဲ့ပါသေးသည်။
ထိုအချိန်မှစ၍ ကျန်တရုတ်ဖြူများ လာအိုနယ်စပ်၊ မဲခေါင်မြစ်ဘက် ရွှေ့ပြောင်းသွားခဲ့ကြပါတော့သည်။
အင်အား(၃ဝဝဝ)ခန့်သာကျန်တော့ရာ တချို့အင်အားများလည်း ထိုင်ဝမ်သို့ ပြန်ဆုတ် သွားပါတော့သည်။
ဤပွဲတွင် ကျနော်တို့ဘက်မှ (၄၄)ဦးကျဆုံးပြီး ဒဏ်ရာ
(၁ဝဝ)ကျော်မျှ ရခဲ့ပါသည်။ တရုတ်ဖြူတပ်သား (၁၅ဝဝ)ကျော် လက်နက်ချခဲ့ ကြပါသည်။
ဤစစ်ဆင်ရေးကြီးအတွင်း အမြောက်(၃)မျိုးနှင့် မော်တာကျည်ဆန်
(၁၅ဝဝ)ကုန်သည့်အတွက် ကျပ်ငွေတသန်း ကုန်ရသည်။ အခြား လက်နက်ငယ်ကျည်ဆန် မပါ၊ အမြောက်နှင့်
မော်တာကျည်ဆန်ဖိုးသာ ရှိသေးသည်။ ရိုင်ဖယ်နှင့်စက်သေနတ်ကျည်ဆန်မှာ သန်းချီ သုံးစွဲခဲ့ရသည်။
အခြားထင်ရှားသည့်ကုန်ကျစရိတ်များမှာ လား (၁ဝဝဝ) ကျော်အတွက် (၅)သိန်းကျော်။ အလုပ်သမား
(အထမ်းသမား) (၂ဝဝဝ)ကျော်အတွက် (၆)သိန်းကျော်။
ရဲဘော်များရိက္ခာငွေအတွက် တသန်း။ စုစုပေါင်း (၃)သန်းကျော် ကုန်ကျခဲ့ပါသည်။ ဤအထဲတွင်
ရဲဘော်အသီးသီး၏ လစာငွေ၊ လက်နက်ငယ်ကျည်ဆန်၊ လေတပ်ကုန်ကျစရိတ်များနှင့် စက်ဆီ၊ ချောဆီ၊
ယာဉ်စရိတ်များ၊ ပစ္စည်းစရိတ်များ မပါသေးပါ။ ထို့ပြင် တန်ဖိုးနှင့်မဖော်ပြနိုင်သော သားကောင်းရတနာများ
ကျဆုံးခဲ့ရပါသည်။
ကျနော်တို့ မေလထဲရောက်လာသောအခါ စစ်ဆင်ရေးကြီးကိုရပ်ဆိုင်းလိုက်ပါတော့သည်။
ဤသည်များမှာ ကျနော်ဦးစီးပြီး တရုတ်ဖြူများအားတိုက်ခိုက်ချေမှုန်းခဲ့သည့်
“ဘုရင့်နောင်စစ်ဆင်ရေး”နှင့် “ရန်ကြီးအောင်စစ်ဆင်ရေး” ကြီးများအကြောင်း ကျနော်မှတ်မိသလောက်နှင့်
ရရှိစုဆောင်းထားသောမှတ်တမ်းမှတ်ရာအချို့များမှ စုပေါင်းရေးသားတင်ပြခြင်းဖြစ်ပါသည်။
ပြည့်စုံလုံလောက်မှုတော့ မရှိပါ။ ကျနော့်ကိုယ်ပိုင်မှတ်တမ်းများကိုလည်း ကျနော်တောခိုစဉ်
(၁၉၇၆ခုနှစ်)က အစိုးရ သိမ်းယူသွားပြီး ဖြစ်သဖြင့် မရှိတော့ပါ။ တပ်မတော်မော်ကွန်းတိုက်တွင်တော့
အသင့်အတင့်ရှိနိုင်ပါသေးသည်။ ထိုကာလကထုတ်သည့် သတင်းစာ၊ စာစောင်များမှလည်းကောင်း၊ ထိုစဉ်က
ကျနော်တို့နှင့်အတူပါလာသော ရုပ်ရှင်အဖွဲ့ရိုက်ကူးထားသော ရုပ်ရှင်များမှလည်းကောင်း ပိုမို
ပြည့်စုံသောအချက်အလက်များ ရရှိနိုင်ပါသည်။ ကျနော်ကတော့ ဤမျှသာတတ်နိုင်ပါတော့သည်။
၁၉၅၅ ခုနှစ် လွတ်လပ်ရေးနေ့တွင် တပ်မတော်မှအရာရှိကြီးများကို
အစိုးရက ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခဲ့ပါသေးသည်။ တိုင်းမှူး၊ ဗိုလ်မှူးချုပ် များကို
သရေစည်သူဘွဲ့။ ဗိုလ်မှူးကြီးများကို စည်သူဘွဲ့စသဖြင့် ပေးအပ်ခဲ့ရာ ကျနော့်ကိုလည်း သရေစည်သူဘွဲ့ပေးခဲ့ပါသည်။
ထိုဘွဲ့တံဆိပ် များမှာ ရွှေများနှင့်လုပ်ထားသဖြင့် စည်သူဘွဲ့ ရသော ဗိုလ်မှူးကြီးချစ်မြိုင်က
အရေးအကြောင်းရှိလို့၊ လိုလာရင် အဲဒီရွှေတွေ ရောင်းစားကြတာ ပေါ့ဗျာဟု နောက်ပြောင်ခဲ့ဖူးတာကို
သတိရမိပါသည်။
၁၉၅၅ ခုနှစ်၊ စက်တင်ဘာလထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
ကာကွယ်ရေးဝန်ကြီးဖုန်တက်ဝှိုင် (ပင်တေးဟူး)၏ ဖိတ်ကြားချက်အရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းဦးစီးသည့်
စစ်မစ်ရှင်အဖွဲ့ကြီးတဖွဲ့ တရုတ်ပြည်ကိုသွားရောက်ခဲ့ရာ ကျနော်လည်း အဖွဲ့ဝင်တဦးအဖြစ်
ပါဝင်သွားပါသည်။ ဆိုရှယ်လစ်တပ်မှူးအတော်များများလည်း ပါဝင်ခဲ့ပါသည်။ ကျနော်တို့သည် တရုတ်ပြည်တွင် စစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ၊ စစ်လေ့ကျင့်ရေးခန်းများကို
တလခန့် လှည့်လည်ကြည့်ရှုကြသည်။ မြို့ကြီး၊ ပြကြီးများဖြစ်သည့် ရှန်ဟဲ၊ ဟန်ကျိုး၊ ကွမ်ကျိုးစသည့်
မြို့ကြီးများကိုလည်း လည်ပတ်ကြပါသည်။
ပီကင်းမှာရှိစဉ် အောက်တိုဘာလ (၁)ရက်နေ့ ထင်အန်မင်တွင်ကျင်းပသည့်
နိုင်ငံတော်အခမ်းအနားကိုလည်း တက်ရောက်ကြပါသည်။ ထိုအခမ်းအနားမစမီ ဗိုလ်နေဝင်းနှင့် ကျနော်တို့
(၃-၄)ဦး ဥက္ကဋ္ဌမော်နှင့် တွေ့ဆုံနှုတ်ဆက်ရပါသေးသည်။
ထိုတရုတ်ပြည် ခရီးစဉ်တွင် ကျနော်မှတ်မိတာတခု ရှိပါသေးသည်။
ကျနော်တို့သည် အခမ်းအနားတခုတက်ရောက်တိုင်း တန်းစီနေရာ ယူကြရာ မကြာခဏ ဝါစဉ်အတိုင်း
(Protocol)အတိုင်းရပ်ကြပါဟု ပြောသံကြားကြားနေရပါသည်။ ကျနော် အစောပိုင်း သတိမထားမိပါ။
နောက်တော့ သင်္ကာမကင်းဖြစ်လာသဖြင့် အဖွဲ့ထဲမှ ဗိုလ်ခင်ညို (နောင် တော်လှန်ရေးကောင်စီခေတ်၊
မီးရထားဝန်ကြီး)ကို မေးကြည့်ရာ သူက အားနာပါးနာနှင့် ကျနော့်ကို ပြောတာဖြစ်ကြောင်း။
ဗိုလ်မောင်မောင်ကျော်ဝင်း (ဘီဒီအေကာလတွင်မှ တပ်တွင်းဝင်လာသော ရှေ့နေ၊ ပညာတတ်ကြီး၊ နောင်
တရုတ်ပြည်ဆိုင်ရာသံအမတ်ကြီး)ကို ဝါစဉ်အရ ကျနော့်ရှေ့က ထား-ထားကြောင်း ပြောပြပါသည်။
စစ်ရုံးချုပ်မှ ဆိုရှယ်လစ်တပ်မှူးများလက်ချက် ဖြစ်ဟန်ရှိသည်။ ကျနော်က ဒါတွေမသိဘဲ ဗိုလ်ကျော်ဝင်း
ရှေ့ကရပ်နေမိသောကြောင့် သတိပေးနေရခြင်း ဖြစ်ဟန်ရှိပါသည်။ ကျနော်လည်း အတော်စိတ်ဆိုးသဖြင့်
ဗိုလ်နေဝင်းကိုတိုင်လိုက်ပါသည်။ ဗိုလ်နေဝင်းက “ဟာဒါတော့ ဒီကောင်တွေ သိပ်လွန်တာပဲ”ဟုဆိုပြီး
သူပြန်သောအခါ ဗိုလ်ကျော်ဝင်းကို ပြန်ခေါ်သွားပါသည်။ ဗိုလ်နေဝင်းမှာ ကျနော်တို့နှင့်တပတ်လောက်သာ
လိုက်ပါပြီး ခရီးဆုံးထိမလိုက်ပါ။ သူပြန်သွားပြီး လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်တီကလစ်ကို
အဖွဲ့မှူးအဖြစ်ထားခဲ့ပါသည်။ (ယခု နအဖခေတ်ထုတ် တပ်မတော်သမိုင်းစာအုပ်များမှာလည်း ထိုခေတ်
ထိုအခါက တပ်မှူးများကို ဝါစဉ်အတိုင်းတန်းစီရာမှာလည်း ထိုဗိုလ်မောင်မောင်ကျော်ဝင်းကို
ရှေ့တန်းမှာပဲ နေရာပေးထားတာ တွေ့ရပါသည်)
တခြား ရယ်ဖွယ်ကိစ္စများလည်း ဖြစ်ခဲ့ကြပါသေးသည်။ တညထမင်းစားပွဲသွားခါနီး
ဗိုလ်ချစ်မြိုင်မှာ ဆံပင်ရှည်နေသဖြင့် ဟော်တယ် အောက်ထပ် ဆံပင်ညှပ်ဆိုင်တွင် ဆံပင်သွားညှပ်ပါသည်။
ဆံပင်ညှပ်သမားက စေတနာဗလပွဖြင့် ဆံပင်ကိုကော်တင်ပြီး အမောက် ထောင်ပေးလိုက်ပါသည်။ သူကလည်း
မှန်မကြည့်ဘာမကြည့် ပြန်လာပါသည်။ အခန်းရောက်မှ မှန်ကြည့်တော့ အမောက်ကြီး တထောင်ထောင်
ဖြစ်နေပါတော့သည်။ အချိန်လည်းနီးနေပြီးဖြစ်သောကြောင့် ဝိုင်း၍ ဆံပင်ပျော့အောင် မီးခြစ်က
မီးနှင့်ရှို့ကြရာ ဆံပင်တချို့ မီးလောင်သွားသဖြင့် အတော်ပင်ကသုတ်ကရက် ဖြစ်လိုက်ကြပါသေးသည်။
ထမင်းစားပွဲအပြီး ဟော်တယ်ခန်းများပြန်ရောက်မှ ကျနော်တို့ တတွေ ထိုအဖြစ်ကိုပြန်ပြောကြပြီး
တသောသော ရယ်ရပါသေးသည်။ ကျနော်တို့တတွေမှာ ရာထူးကြီးမြင့်သောတပ်မှူးကြီးများ ဖြစ်ကြ သော်လည်း
နိုင်ငံခြားများသို့ရောက်သောအခါ တာဝန်များလည်းမရှိသဖြင့် စိတ်လွတ်လက်လွတ် လူငယ်များလိုနောက်ကြပြောင်ကြ
ရယ်မောကြရပါသည်။
ကျနော်တို့ မြောက်ပိုင်းတိုင်းကတပ်မှူးများမှာ အပြန်ခရီးတွင်
ယူနန်ပြည်နယ်ကို ကားလမ်းမှဖြတ်ပြန်ကြရပါသည်။ ထိုစဉ်က ယူနန်ပြည်နယ်မှာ အတော်ဆင်းရဲ ခေတ်နောက်ကျနေပါသေးသည်။
၁၉၅၆ ခုနှစ်အတွင်း ကျနော်တို့ နယ်နိမိတ်အတွင်းသို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားအချို့
ဝင်ရောက်လာသဖြင့်၊ ၎င်းတို့ ပြန်ထွက်သွားရေးကိစ္စ၊ တရုတ်-ဗမာ နယ်နိမိတ်ကိစ္စများဖြေရှင်းရန်
ကျနော် ဝပြည်နယ် မိုင်းမောသို့ သွားရောက်ခဲ့ရပါသေးသည်။ နောက်ပိုင်းတွင် မှားယွင်းဝင်ရောက်လာမိကြောင်းတောင်းပန်ပြောဆိုပြီး
တရုတ်တပ်များ အေးချမ်းစွာ ပြန်ထွက်သွားကြပါသည်။
0 comments:
Post a Comment