ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၂)
ပဉ္စမပိုင်း
သို့သော် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလတွင် ပထမအကြိမ် ဗိုလ်နေဝင်းဦးစီး၍စစ်အာဏာသိမ်းပွဲပေါ်ပေါက်လာရာ
လှုပ်ရှားမှုများ ခက်ခဲ လာပြီး ၁၉၅၉ ခုနှစ်တွင် ထိုပြည်တွင်းငြိမ်းချမ်းရေးရှစ်ဦးကော်မတီကို
ဖျက်သိမ်းပစ်ခဲ့ရသည်။
ဖဆပလ အစိုးရကွဲ၊ သန့်ရှင်းအစိုးရတက်နဲ့ အခြေအနေတွေရှုပ်ထွေးနေရာမှ
ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာလွှဲပြောင်း ပေးသည်ဆိုကာ အိမ်စောင့်အစိုးရတက်လာခြင်း
ဖြစ်ပါသည်။ အိမ်စောင့်အစိုးရကလည်း ၁၉၆ဝ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၆ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပပေးခဲ့သည်။
ထိုရွေးကောက်ပွဲတွင် ကျွန်တော်သည် တသီးပုဂ္ဂလအမတ်ဟောင်းအဖြစ်
ကြည့်မြင်တိုင်တောင်ပိုင်း မဲဆန္ဒနယ်မှပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ သန့်ရှင်း ဖဆပလ မှ သခင်စံဝေ၊
တည်မြဲ ဖဆပလ မှ ဗိုလ်စကြာနှင့် ပမညတ မှနုတ်ထွက်လာပြီး တသီးပုဂ္ဂလအဖြစ်ဝင်လာသည့် ဦးအောင်သန်း
(ဗိုလ်ချုပ်အစ်ကို)တို့နှင့်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါသည်။
မဲဆွယ်တရားပွဲများပြုလုပ်ရာတွင် အစပထမပိုင်းတွင် ကျွန်တော်က
တိုင်းပြည်တည်ဆောက်ရေး၊ ထူထောင်ရေးလုပ်ငန်းစဉ်များကိုသာ အလေးပေးဟောပြောရာ လူအများကကြိုက်နှစ်သက်ခြင်းမရှိလှပေ။
ကျွန်တော်၏ ရွေးကောက်ပွဲကူညီရေးအဖွဲ့ဝင်များက နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုနေကြသည့်
တခြားအမတ်လောင်းများ၏ဟောပြောချက်များကို သွားရောက်နားထောင်ကြပြီး ကျွန်တော့်ကို ပြန်လည်
ပြောပြကာ ပြန်ရှင်းလင်းပြောကြားရန် တိုက်တွန်းကြပါသည်။ သို့ဖြင့် ကျွန်တော်မှာ နောက်ပိုင်းမဲဆွယ်တရားပွဲများတွင်
နိုင်ငံရေးအရရော၊ ပုဂ္ဂိုလ်ရေးအရပါ ပြောဆိုမှုများပါဝင်လာရပါတော့သည်။ အထူးသဖြင့် တည်မြဲဖဆပလ
(ဆိုရှယ်လစ်များ)အကြောင်း ပြောဟောသဖြင့် တချို့ပြည်သူများ အသိနည်းသေးသောအတွင်းရေးများပါသဖြင့်
လူအများအတော်သဘောကျကြပါသည်။ မဲဆွယ်တရားပွဲများမှာလည်း အလွန်စည်ကားကြီးကျယ်လာပါသည်။
ကျွန်တော်၏ ရွေးကောက်ပွဲကူညီရေးအဖွဲ့တွင် ကျွန်တော်၏
ယခင်တပ်မတော်ထဲတွင် တာဝန်အတူထမ်းဆောင်ခဲ့ဖူးသည့် ရဲဘော် ဟောင်းများ၊ တချို့မှာ တောပြန်လက်နက်ချများ၊
ထိုကြည့်မြင်တိုင် တောင်ပိုင်းမဲဆန္ဒနယ် ရပ်ကွက်အသီးသီးမှ ကျွန်တော့်အား ပုဂ္ဂိုလ်အရ
လေးစားကြည်ညိုသူများ၊ တချို့ ကရင်တိုင်းရင်းသားခေါင်းဆောင်များ စသဖြင့် အလွှာပေါင်းစုံမှလူပုဂ္ဂိုလ်အမျိုးမျိုး
ပါဝင်ခဲ့ကြပါသည်။ နိုင်ငံရေးနယ်ပယ် အထူးသဖြင့် လက်ဝဲဘက်ယိမ်းသည့်အဖွဲ့အစည်းများမှလူပုဂ္ဂိုလ်အချို့လည်း
လာရောက်ကူညီကြပါသည်။ လူအားနဲ့ ကူညီနိုင်သူက ကူညီ၊ ငွေအားနဲ့ကူညီနိုင်သူက ငွေအားကူညီနဲ့
ဘက်စုံကဝိုင်းဝန်းကူညီသူ အတော်ပင်များပြားခဲ့ပါသည်။ ထိုသူများအားလုံးကို ကျွန်တော်ယခုအထိ
သတိရကျေးဇူးတင်လျက်ရှိပါသည်။
သို့ဖြင့် ၁၉၆ဝ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ရွေးကောက်ပွဲတွင်
အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ရာ ကျွန်တော်ရှုံးနိမ့်သွားပြီး ပထစ အမတ်လောင်း သခင်စံဝေ
နိုင်သွားပါတော့သည်။
ကျွန်တော်တို့ ဗမာပြည်သူများသည် နိုင်ငံရေးအရ အလွန်လက်တွေ့ကျစွာစဉ်းစားတတ်သူများ
ဖြစ်ပါသည်။ သူတို့၏အမြင်တွင် တည်မြဲ ဖဆပလ(ဆိုရှယ်လစ်များ)အပေါ် အတော်ပြတ်သားစွာမြင်ထားပြီး
ဖြစ်ပါသည်။ ရရှိလာသည့်နိုင်ငံရေးအာဏာကို စစ်တပ်နှင့်ပေါင်းပြီး ကိုယ်ကျိုးစီးပွားလုပ်မည့်သူများ၊
ပြည်သူလူထုအများစုကို နင်းဖိထားမည့်သူများအဖြစ်(လက်တွေ့အရ)သိမြင်ထားပြီး ဖြစ်သည်။
၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက်နေ့က တည်မြဲဖဆပလက လွှတ်တော်တွင်
သန့်ရှင်း ဖဆပလကို အယုံအကြည်မရှိအဆိုတင်သွင်းပြီး မဲခွဲခဲ့စဉ်က သန့်ရှင်းများဘက်က အသာမဲရှစ်မဲလေးဖြင့်သာ
အနိုင်ရသွားခဲ့ဖူးပါသည်။ ထိုနေ့က လွှတ်တော်တွင်းအခြေအနေများကို ရေဒီယိုမှ တိုက်ရိုက်
အသံလွှင့်ပေးရာ တနိုင်ငံလုံး ရင်တမမဖြင့်နေခဲ့ရသည်ကို တိုင်းသူပြည်သားများက မမေ့နိုင်သေးပါ။
အိမ်စောင့်အစိုးရလက်ထက်တွင်လည်း စစ်ဗိုလ်များ၏မတရားရမ်းကားမှုကို အမျိုးမျိုးခံခဲ့ရသည့်အဖြစ်သနစ်များကလည်း
ရှိနေပါသည်။ ပြည်တွင်းစစ်ကြီးအတွင်း အထူးသဖြင့် တိုင်းရင်းသားဒေသများနှင့်နယ်များတွင်
စစ်တပ်၏လုပ်ရပ်များကိုလည်းကောင်း၊ ပြူစောထီး၊ လဲဗီးစသည့် စစ်တပ်၏ က်ကိုင်တုတ်များ၏
နှိပ်စက်မှုများကိုလည်းကောင်း၊ ရွေးကောက်ပွဲပြင်ဆင်ချိန်ကာလများအတွင်း ဒီမိုကရေစီတစုံတရာဖွင့်ပေးထားရချိန်တွင်
ပြည်သူအများ သိရှိအောင်ပြောဆိုသူများ၊ ရေးသားသူများပေါ်ပေါက်ခဲ့ပါသည်။ ထို့ကြောင့်ပင်
ပြည်သူလူထုက စစ်တပ်၏ထောက်ခံမှုရနေသည်ဟု ထင်ရသောတည်မြဲကို အပြတ်ဖယ်ရှားပစ်လိုက်ပြီး၊
သန့်ရှင်းကို ပုံအောပြီး အသည်းကြားကမဲပြားများကို ပေးပစ်လိုက်ခြင်းဖြစ်သည်။ တနိုင်ငံလုံး
ဝါထိန်သွားပါတော့သည်။ (သန့်ရှင်း၏ အရောင်မှာ အဝါရောင်ဖြစ်ပါသည်။)
ကျွန်တော် ရွေးကောက်ပွဲရှုံးရသည့်အဓိကအကြောင်းရင်းမှာ
ဤပြည်သူလူထု၏ သန့်ရှင်းဖဆပလများအပေါ် အားကိုးအားထား ပုံအောလိုမှုစိတ်ဓာတ် အခြေခံကြောင့်
ဖြစ်ပါသည်။
အခြားအကြောင်း အသေးအမွှားများလည်း ရှိပါသေးသည်။ ဥပမာ
တည်မြဲအမတ်လောင်း ဗိုလ်စကြာအတွက် အရန်ထားသောမဲများကို မိမိတို့ မနိုင်နိုင်တော့မှန်းသိလာတဲ့ညနေပိုင်းတွင်
သန့်ရှင်းအမတ်ပုံးထဲပဲထည့်ပေးလိုက်မှု၊ သန့်ရှင်းများဘက်က မဲဆွယ်ဟောပြောပွဲများတွင်
မိမိတို့ကအစိုးရဖွဲ့ဖို့သာအရေးကြီးကြောင်း၊ မိမိတို့အစိုးရဖြစ်လာလျှင် ဗိုလ်ကျော်ဇောကိုပစ်ထားမှာ
မဟုတ်ကြောင်းစသဖြင့် ဟောပြောမှုများ၊ ကျွန်တော်၏မဲပုံးတွင် ကျွန်တော်စစ်ဝတ်နှင့်ရိုက်ထားသောဓာတ်ပုံကို
ကပ်ထားခြင်း (တချို့က စစ်ဆိုလျှင် ရေတောင်စစ်မသောက်လိုပါဟု ပြောဆိုနေသောအချိန်) စသည်များဖြစ်ပါသည်။
တကယ်တော့ ထိုရွေးကောက်ပွဲမှာ ပြည်သူလူထု၏ “အသံမထွက်သော
တော်လှန်ရေးတရပ်”သာ ဖြစ်ခဲ့ပါတော့သည်။ ထိုရွေးကောက်ပွဲဖြင့် ကျွန်တော်တို့ဗမာပြည်သူများက
စစ်တပ်ကို ပထမဦးဆုံးအကြိမ် နိုင်ငံရေးအရဖယ်ချလိုက်ခြင်း ဖြစ်ပါသည်။
သန့်ရှင်းအစိုးရတက်လာပြီးနောက် ဗိုလ်နေဝင်းသည် ထိုလူထု၏
တည်မြဲဆန့်ကျင်ရေးလှိုင်းကိုစီးပြီး၊ တပ်မတော်ထဲမှ “မိမိ၏ ဘက်မလိုက်ရေးညွှန်ကြားချက်ကို
မလိုက်နာ”ဟုဆိုကာ ရွေးကောက်ပွဲအတွင်း တည်မြဲဘက်ကပင်းပေးခဲ့သည့် တပ်မှူးကြီးများကို
ထုတ်ပယ် ပစ်လိုက်ပါသည်။ ဗိုလ်နေဝင်း၏တကယ့်ရည်ရွယ်ချက်မှာ သူ့အားပြိုင်ဆိုင်နိုင်သည့်
စစ်ဘက်ဝါချင်း မတိမ်းမယိမ်းဖြစ်နေသည့် တပ်မှူးကြီးများကို သူ့ရာထူးလုံခြုံရေးအတွက်
ဖယ်ရှားရန်သာဖြစ်ပါသည်။ ထိုဖယ်ရှားခံရသည့်တပ်မှူးကြီးများ အုပ်စုတွင် ယခု (အင်န်အယ်လ်ဒီ)ဥက္ကဋ္ဌဖြစ်နေသည့်ဦးအောင်ရွှေ
(ထိုစဉ်က မြောက်ပိုင်းတိုင်း-တိုင်းမှူး၊ ဗိုလ်မှူးချုပ်)လည်း ပါဝင်သွားပါသည်။ ထိုစဉ်က
ပြုတ်သွားသည့်တပ်မှူးများကို နိုင်ငံခြားသို့ သံအမတ်ကြီးများအဖြစ်စေလွှတ်ခန့်ထားမှုများကြောင့်
ဖြုတ်ချခံရသည့်တပ်မှူးကြီးများကလည်း ကျေနပ်ကြပါသည်။ ပြည်သူအများ၏အမြင်တွင်လည်း ဗိုလ်နေဝင်းမှာ
တော်တည့်မှန်ကန်သူဟု ထင်မှတ်သွားနိုင်ပါသည်။
ဤနည်းဖြင့် ဗိုလ်နေဝင်းသည် မိမိအားတင်ပေးခဲ့သည့် ပြည်သူလူထု၏စွန့်ပစ်ခြင်းခံလိုက်ရပြီဖြစ်သော
ဆရာရင်းတည်မြဲများနှင့် လမ်းခွဲ လိုက်ပါတော့သည်။ တပ်တွင်းတွင်လည်း တစုံတရာသြဇာရှိနေသည့်
ဆိုရှယ်လစ်တပ်မှူးများကိုလည်း ဖယ်ထုတ်လိုက်နိုင်ပြီဖြစ်သည်။ ဗိုလ်နေဝင်း၏ဤလုပ်ရပ်သည်
သူ့ကိုယ်ကျိုးအတွက်တော့ အလွန်ပြောင်မြောက်သည့်လုပ်ရပ်တခု ဖြစ်ပါတော့သည်။
ပြည်သူလူထုအတွင်းမှာလည်း သူ့အပေါ် နိုင်ငံရေးအရ အမြင်ကောင်းမွန်စေပြီး
စစ်တပ်တွင်းမှာလည်း သူ့အားယှဉ်ပြိုင်နိုင်သည့် အလားအလာရှိသည့်တပ်မှူးအချို့ကို ဖယ်ထုတ်လိုက်နိုင်ပါသည်။
ဤရွေးကောက်ပွဲတွင် အနိုင်ရလာသောသန့်ရှင်းအစိုးရတက်လာသောအခါ
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ပြန်လည်အသက်ဝင် လာပါသည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ်က
ပျက်သွားသော ပထမပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့အစား ဒုတိယပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့
ဆောင်ရွက်ရန် နိုင်ငံရေးခေါင်းဆောင်အချို့နှင့်ဆွေးနွေးတိုင်ပင်ကြပြီး “ပြည်တွင်းငြိမ်းချမ်းရေး
နှိုးဆော်ရေးအဖွဲ့”ကို ၂၂-၅-၆ဝ နေ့တွင် ကျွန်တော်အပါ ပုဂ္ဂိုလ်ခြောက်ဦးဖြင့် ဖွဲ့ခဲ့ပါသည်။
ထိုသူများမှာ ၁။ ဆရာကြီးကိုယ်တိုင် ဦးဆောင်ကာ ၂။ ကျွန်တော် ဗိုလ်ကျော်ဇောက အကြံပေးအဖြစ်လည်းကောင်း
၃။ ဦးဘသော် ၄။ ဦးကျော် ၅။ လွှတ်တော်ရှေ့နေကြီး ဦးထွန်းတင်နှင့် ၆။ ဦးသန့်ဇင်(တော်ဘုရားလေး)တို့
ဖြစ်ကြပါသည်။
ထိုအဖွဲ့မှာ နှိုးဆော်ရေးအဖွဲ့သာ ဖြစ်ပါသည်။ ထိုအချိန်က
ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှာ အသက် ၈ဝ ကျော်နေပြီဖြစ်သဖြင့် အတော် အင်အားချည့်နဲ့နေပြီဖြစ်သော်လည်း
ကျွန်တော်အပါအဝင် လူတော်တော်များများ ပါဝင်လှုပ်ရှားလာသဖြင့်လည်းကောင်း၊ ဝန်ကြီးချုပ်ဦးနု
ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်အသစ်များ ပြုလုပ်လာသဖြင့်လည်းကောင်း
အားတက်ရွှင်လန်းလာပါသည်။ ဆရာကြီး အတော်အတန်ကျန်းမာလာသောအခါ မျက်စိတွင်းမှ တိမ်ကို ခွဲစိတ်ကုသရန်
အရှေ့ဂျာမဏီသို့ထွက်ခွာသွားပါသည်။
ကျွန်တော်တို့ နှိုးဆော်ရေးအဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေးအပေါ်
ပြည်သူတို့ပြန်လည်စိတ်ဝင်စားတက်ကြွလာစေရန် နှိုးဆော်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအေပေါ်ထားရှိသည့်
ပြည်သူများ၏သဘောထားနှင့် နိုင်ငံရေးခေါင်းဆောင်များ၏သဘောထားများကို တီးခေါက် လေ့လာခြင်း၊
နောင်ဖွဲ့စည်းမည့် “ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့”အတွင်းပါဝင်မည့်သူများကို ရှာဖွေရွေးချယ်ခြင်းစသည့်
လုပ်ငန်းများကို ဆက်တိုက်လုပ်ကိုင်ကြရပါတော့သည်။
ထိုကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းရေးအတွက်လုံးပန်းနေစဉ်မှာပင်
ဗမာပြည်၌ အမျိုးသားရေးပြဿနာတခု ပေါ်ပေါက်လာပါသည်။ ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဗမာ့တပ်မတော်၏
တရုတ်ဖြူတိုက်ရေး မဲခေါင်စစ်ဆင်ရေးကြီးအတွင်း တရုတ်ဖြူစစ်ဌာနချုပ်အတွင်းမှ အမေရိကန်လုပ်လက်နက်များ
ဖမ်းဆီးမိခြင်း၊ အမေရိကန်လုပ် စက်လေးလုံးတပ် တရုတ်ဖြူလေယာဉ်ကြီးက တရုတ်ဖြူတပ်တွေအပေါ်
ရိက္ခာချပေးနေစဉ် ဗမာ့တိုက်လေယာဉ်နှင့်တိုက်ပွဲဖြစ်ရာ ထိုလေယာဉ်ကြီးလည်းပျက်ကျပြီး၊
ဗမာ့တိုက်လေယာဉ်တစင်းလည်း ပျက်ကျ သွားပါသည်။ ထိုလေယာဉ်မှ လေယာဉ်မှူးဗိုလ်ပီတာ ကျဆုံးသွားရပါသည်။
ထို့ကြောင့် ဗမာပြည်တွင် တရုတ်ဖြူအရေးအခင်းကြီး ထပ်မံ ပေါ်ပေါက်လာပြီး လူထုက အမေရိကန်သံရုံးရှေ့ဆန္ဒပြမှုများ
ပေါ်ပေါက်လာခဲ့ပါသည်။
0 comments:
Post a Comment