ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁၄)
ရန်ကြီးအောင် စစ်ဆင်ရေး
မူလက ၁၉၅၅ခုနှစ်တွင်၊ အဓိက စစ်ဆင်ရေးကြီးအဖြစ် “အောင်မာဃစစ်ဆင်ရေး”လုပ်ရန်
ပြင်ဆင်ထားခဲ့ပြီး၊ အလယ်ပိုင်း ဧရာဝတီနှင့် အနောက်ဘက် ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကို
ထိုးစစ်ဆင်ရန်ဖြစ်သည်။ သို့သော် ၁၉၅၄ မိုးအကုန် ဆောင်းအကူး၊ ထိုင်းမှ ပုလိပ်မင်းကြီး
ဗိုလ်ချုပ်ဖောင်း ဗမာပြည်လာလည်ပြီး ကျနော်တို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ
မေမြို့သို့လာရောက်လည်ပတ်ပါသည်။ ကျနော်တို့နှင့် တရုတ်ဖြူတိုက်ပွဲများအကြောင်းပြောဆိုကြရင်း
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တရုတ်ဖြူများတိုက်ခိုက်ရာတွင် ထိုင်းနယ်တွင်းသို့ လိုက်လံဝင်ရောက်တိုက်ခိုက်ခွင့်
အစရှိသည်များ ရရှိလိုက်ပါသည်။ ကျနော်ကလည်း သူနှင့်ဆွေးနွေးခဲ့သမျှကို အစိုးရကို တင်ပြခွင့်တောင်း
လိုက်ပါသည်။
ထိုစဉ်က တရုတ်ဖြူတို့၏ဌာနချုပ်မှာ မိုင်းဟန်၏ အရှေ့တောင်ဘက်
ကီလို(၃ဝ)ခန့်ကွာသော ထိုင်းနယ်စပ်မျဉ်းပေါ်ရှိ လွယ်လန်းစခန်းကြီး (နောင် ခွန်ဆာတပ်စွဲထားသောဒေသ)
ဖြစ်ပါသည်။ တခြားစခန်းများရှိသေးသော်လည်း ဤစခန်းသာလျှင် အဓိကကျသည်။ ဤစခန်းကို သိမ်းပိုက်လိုက်လျှင်
တရုတ်ဖြူများ ထိုင်းနယ်စပ်တလျှောက် လှုပ်ရှားစခန်းချဖို့အလွန်ခက်သွားမည်။ ဗမာပြည်အတွက်
အန္တရာယ်ပြုနိုင် တော့မည် မဟုတ်တော့ချေ။ ထိုစခန်းကိုလည်း ရှေ့ကမတိုက်ဘဲ နောက်ကအလစ်အငိုက်ဝင်တိုက်ရလျှင်
တပ်နည်းနည်းဖြင့် အလွယ်တကူ ရနိုင်မည်ဟုထင်မြင်ခဲ့ပါသည်။ ဘုရင့်နောင်တိုက်စဉ်က သေနင်္ဂဗျူဟာကောင်းမွန်သဖြင့်
အလွယ်တကူအောင်ပွဲရမှုအပေါ် မိမိကိုယ်မိမိ အထင်ကြီးပြီး အလွယ်သုံးသပ်မိခြင်း ဖြစ်ပါသည်။
အစိုးရမှာ “အောင်မာဃစစ်ဆင်ရေး”လုပ်ရန်သာအားသန်နေသဖြင့်
ကျနော်က အစိုးရထံမှ တပ်ရင်းတရင်းခွဲ၊ မိမိထံမှ နှစ်ခွဲပေါင်း၊ နှစ်ရင်းဖြင့် တလနှင့်အပြီးတိုက်မည်။
မတ်လဆန်းတွင် တရင်းပြန်ပေးမည်။ ထိုအချိန်ကျမှ “အောင်မာဃစစ်ဆင်ရေး”စတင်ပါရန် စစ်ဦးစီးချုပ်ရုံးသို့
လှမ်း အကြောင်းကြားပါသည်။ ဤကဲ့သို့ နယ်စပ်တွင်တိုက်နိုင်မည့်အခွင့်အရေး နောင်ရဖို့
မသေချာ။ ထို့ကြောင့် ထို အခွင့်အရေးရတုန်း၊ ကျနော်တို့ လုပ်နိုင်သလောက်လုပ်သင့်သည်ဟု
ကျနော်က အကြောင်းပြတင်ပြရာ ခွင့်ပြုချက်ရရှိခဲ့ပါသည်။ ထို့ကြောင့် ကျနော်တို့ ထိုင်းဆက်သွယ်ရေး
အဖွဲ့နှင့် ပူးပေါင်းပြီး၊ ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီလလယ်လောက်တွင် ရန်ကြီးအောင်စစ်ဆင်ရေးကို
စတင်ခဲ့ပါသည်။
ကျနော်တို့တပ်များမှာ-သေနတ်ကိုင်တပ်ရင်း(၁)မှ ၂ခွဲ
(ဒု ဗိုလ်မှူးကြီးတင်ဦး-တပ်ရင်းမှူး)
-သေနတ်ကိုင် တပ်ရင်း(၅)မှ ဗိုလ်ကြီးဘအောင်နှင့် ၂ ခွဲ
-ခြေလျင်တပ်ရင်း(၁ဝ) ဒုဗိုလ်မှူးကြီးချစ်ခိုင်
-၇၆မမ ၂လက်
-လေတပ်မှ ပါဝင်ကြသည်။
ပထမအဆင့်- ရန်သူကို ခါးလည်ကဖြတ်သည့်အနေနှင့် ကြားစခန်းတခုဖြစ်သော
လွယ်တုန်းကြီးစခန်းကို တိုက်သိမ်းရန်။
ဒုတိယအဆင့်- ၎င်းလွယ်တုံးကြီးမှ အနောက်ဘက် မိုင်းယောင်းရွာဘက်
ချီရန်။
တတိယအဆင့်- လွယ်လန်းကို တိုက်သိမ်းရန်တို့ဖြစ်သည်။
လွယ်တုံးကြီးစခန်းမှာ ထိုင်းနယ်စပ်ရှိ ပေ ၇ဝဝဝခန့်မြင့်သော
တောင်တန်းပေါ်တွင်ရှိသည်။ ၎င်းစခန်းကို ဒုဗိုလ်မှူးကြီးတင်ဦး ဦးစီးသော သေနတ်ကိုင် တပ်ရင်း(၁)မှ
တပ်ခွဲ(၂) ခွဲ၊ ၇၆ မမ တောင်ပေါ်ပစ် အမြောက်(၂)လက်ဖြင့် တက်တိုက်ရာ အတော်ခဲရာခဲဆစ် တိုက်ယူ
ရပါသည်။ နောက်ဆုံး လှံစွပ်တက်ထိုးရာတွင် တပ်ရင်းမှူးဒုဗိုလ်မှူးကြီးတင်ဦးကိုယ်တိုင်
တက်ထိုးရပါသည်။ (ထို့ကြောင့် ဒုဗိုလ်မှူးကြီးတင်ဦးကို ကျနော်က စစ်ဆင်ရေးများပြီးသောအခါ
“သီဟသူရဘွဲ့”ပေးရန် ထောက်ခံတင်ပြခဲ့သော်လည်း “သူရဘွဲ့”သာ ရခဲ့ပါသည်။)
ဒုတိယအဆင့်အဖြစ် ကျနော်ကိုယ်တိုင် တပ်ရင်းတရင်းခွဲနှင့်
မိုင်းယောင်းရွာသို့ချီတက်ရာ လမ်းခုလတ်က တောင်ကုန်းတခုက ရန်သူ့ ခံတပ်ကိုလည်း မိမိက
အမြောက်ကြီး(၂)လက်ဖြင့်တိုက်ခိုက်ပြီး တက်သိမ်းခဲ့သည်။ မိုင်းယောင်းရွာ ဆင်းခါနီး နောက်ဆုံးတောင်ကြောတွင်
ကျနော်တို့ရှေ့ပြေးတပ်ခွဲကို ထောင်ချောက်ဆင်သိမ်းသွင်းပြီးစားလိုက်ရာ၊ မိမိတို့ဘက်က
လူ (၂ဝ)ကျော်ကျကာ ဒဏ်ရာ အများအပြား ရလိုက် ပါသည်။ ရန်သူက မိမိတို့သည် ရှေ့မှမထိုး။
နောက်မှထိုးမှာဖြစ်ကြောင်း။ ထိုးရာတွင်လည်း တပ်သိပ်မများကြောင်းသိရှိသွားပြီး တခြား
စစ်မျက်နှာ (မိုင်းဟန်)ဘက်ချထားသောတပ်တွေကို အမြန်ရွှေ့လာပြီး ကျနော်တို့ တတပ်လုံးကို
ဝိုင်းစားဖို့ စီစဉ်တိုက်ခိုက်လာရာ ကျနော်တို့မှာ အဝိုင်းမခံရအောင် အလွန်ခဲရာခဲဆစ်နှင့်ဆုတ်ခွာခဲ့ရပါသည်။
ဒီကာလအတွင်း အဖြစ်အပျက်များကို ကျနော်ပြန်ရေးထားသောမှတ်တမ်းတချို့ကို
ကျနော်ပြန်ရထားပါသည်။ (ကျနော်ပင် စင်ယူပြီးနောက်) ၁၉၅၉ ခုနှစ်၊ စက်တင်ဘာ (၁)ရက်နေ့
အနှစ်(၂ဝ)မြောက် ဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားရသောနေ့ကိုအကြောင်းပြု၍ ရန်ကုန်မြို့တွင်
“ကမ္ဘာစစ် ဆန့်ကျင်ရေးနေ့”ကျင်းပရာတွင် ဟောပြောခဲ့သော ကျနော်၏ဟောပြောချက်များထဲမှ “စစ်နှင့်ပတ်သက်၍
ကိုယ်တွေ့ ခံစားရချက်များ”အပိုင်းမှ ဖြစ်ပါသည်။ ၎င်းပိုင်းကို ကျနော်ပြန်လည်ကူးယူ ဖော်ပြပါမည်။
တရုတ်ဖြူစစ်မျက်နှာ — နောက်ဆုံးစိတ်ထိခိုက်မှုကတော့ တရုတ်ဖြူတိုက်ပွဲမှာ
ဖြစ်ပါတယ်။ ဒုတိယနှစ် “ရန်ကြီးအောင်စစ်ဆင်ရေး” ပထမဆင့်မှာ ကျနော်တို့ မုံယွင်း(ယောင်း)’လွယ်လန်းဆိုတဲ့
ယိုးဒယားနယ်စပ်က တရုတ်ဖြူဗဟိုဌာနချုပ်အခြေခံစခန်းကြီးကို ချီတက် လုပ်ကြံစဉ်က ဖြစ်ပါတယ်။
အဲဒီအခြေခံစခန်းကို ရန်သူ့ကျောဘက်က တောကြီးတောင်ကြီးတွေဖြတ်ပြီး
တပ်နည်းနည်းနဲ့ ရဲရင့်လျင်မြန်စွာချီတက်တိုက်ခိုက်တဲ့ တိုက်ပွဲစဉ်မှာ တဖြည်းဖြည်းတိုက်ရင်း
မုံယွင်းရောက်ခါနီးမှာ နက်ရှိုင်းတဲ့တောကြီးတောင်ကြီးထဲက မမျှော်လင့်ဘဲ ဗြုန်းခနဲ အင်အား
တော်တော်ကြီးတဲ့တရုတ်ဖြူတပ်များက ဝိုင်းတိုက်လို့ ဆက်ပြီးတိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့
ဆုတ်ခွာဖို့စီစဉ်ရတယ်။
စစ်ဆုတ်တယ်ဆိုတာ စစ်ထုံးစံတရပ်ပါပဲ။ တိုက်စစ်၊ ခံစစ်၊
တက်စစ်၊ ဆုတ်စစ်ဆိုတာ ရှိစမြဲပဲ။ မိမိရဲ့ရည်မှန်းချက်မကိုက်သေးရင် မိမိအင်အား မပျက်မယွင်းဘဲဆုတ်ခွာနိုင်ဖို့သာ
အဓိကလုပ်ငန်းပါပဲ။ ဒါပေမယ့် ကျနော်တို့တပ်မတော်အဖို့ ယခုလို အလုံးအရင်းနှင့် တောကြီးတောင်ကြီး
ထဲမှာ တဖက်ကအင်အားကြီးတဲ့ရန်သူက ဝိုင်းထားပြီး၊ နောက်က အတင်းဖိလိုက်မည့်အခြေအနေမျိုးမှာ
ဆုတ်ခွာဖို့ဆိုတာ အလွန်အန္တရာယ် ကြီးလှပါတယ်။ စစ်အတွေ့အကြုံအတော်ရှိတဲ့ တပ်ရင်းအမှတ်(၅)ဟာလည်း
မနေ့ကတိုက်ပွဲမှာ အတော်ထိခိုက်ကျဆုံးပြီးပါပြီ။ တပ်ရင်း အနေနှင့် မိမိလူနာတွေကိုပင်
ခဲခဲယဉ်းယဉ်းသယ်ယူနေရပါတယ်။
နေ့တနေ့မှာ ခက်ခက်ခဲခဲ စစ်ဆုတ်ခဲ့ရတယ်။ ကျနော့်အဖို့ဆိုရင်
နောက်ခံတပ်နှင့် အခြေမပျက်အမိန့်ပေးရတယ်။ စစ်သဘောမှာ စစ်ဆုတ်တာ ဟာ အခက်ဆုံးပါပဲ။ ဘာကြောင့်လည်းဆိုရင်
စစ်ဆုတ်တဲ့အခါ စစ်တပ်အဖွဲ့အစည်းဟာ ဖွဲ့စည်းပုံ (Order)အလိုက် လှုပ်ရှားနိုင်တော့တာ မဟုတ်ဘူး။
ဘယ်လောက် သေသပ်အောင်လုပ်လုပ် ဖရိုဖရဲနှင့် အလျင်စလိုပြေးလွှားလုပ်ကိုင်နေကြရတော့ အခြေအနေကို
တပ်မှူးများသာ မက ရဲဘော်တိုင်းသိရှိပြီး တကယ့်အခြေအနေထက်ပိုပြီး တုန်လှုပ်ခြောက်ခြားလာကြတယ်။
ဒါကို နေရာတကာမှာ တည်ငြိမ်အောင် ကွပ်ကဲရတာဟာ မလွယ်ဘူး။
ဒီအတွင်း ရန်သူကလည်း ဆုတ်ခွာမှန်းသိပြီး အတင်းဖိလိုက်တော့ တာပဲ။ ဖိလိုက်တာကို ပြန်တိုက်လိုက်။
နောက်တခါ ဆုတ်လိုက်နှင့် ဆုတ်ခွာခဲ့ရပါတယ်။
နောက်ဆုံး ဆုတ်ခွာမည့်အခြေခံ “ခံတပ်စခန်း”နေရာကို ရောက်ခါနီးကျမှ
အတော်ထိတ်လန့်ဖွယ်တိုက်ပွဲ ဖြစ်ခဲ့ရတယ်။ အဲဒီခံစစ်ထိုးဖို့ စုရုံးတပ်ချစီစဉ်နေတုန်း
မမျှော်လင့်ဘဲ ရန်သူဟာ အလုံးအရင်းနှင့် စတင်ပြီး ဗဟိုအူကြောင်းဝင်ရိုးတည့်တည့်၊ အပြင်ကာ
ကွယ်ရေး ခံစစ်လိုင်းကို အလုံးအရင်းနှင့် ခရာတွေ၊ ဝီစီတွေမှုတ် အော်ဟစ်ညာသံပေးပြီး မုန်တိုင်းဆင်တိုက်ခိုက်တယ်။
၂ ကြိမ် ၃ ကြိမ် လန်သွား သေးတယ်။ တကြိမ်မှာ ကျနော်တို့ရဲ့ပထမခံစစ်လိုင်းဟာ တက်နင်းချိုးဖောက်ခြင်း
ခံရပြီး၊ ဖရိုဖရဲနှင့် အပြင်ကာကွယ်ရေးနှုတ်ခမ်းက အတွင်း ပြေးဝင်လာကြတယ်။ အတွင်းစစ်ကြောင်းမှာလည်း
နေရာယူလို့မပြီးသေးဘူး။ ထိုးဝင်လာတဲ့တရုတ်တွေကို အချိန်အနည်းငယ်လေး အတွင်းမှာ မတားဆီးနိုင်ရင်
အတွင်းစည်းပါကျိုးပေါက်ပြီး၊ တပ်ဖွဲ့တခုလုံး အိုးနင်းခွက်နင်း ဖရိုဖရဲဖြစ်ရတော့မယ်။
ရဲဘော်တွေဟာ တောကြီးအလယ် ဟိုတကွဲ၊ သည်တကွဲ၊ အကွဲကွဲနှင့် ရန်သူချေမှုန်းခြင်းခံရမယ်။
ဒါထက် ဒီစစ်ပွဲရှုံးသွားရင် နောက်တရုတ်ဖြူကို ကျနော်တို့ရဲ့ ရဲဘော်တွေ ကြောက်ရွံ့သွားမယ်။
နောက် တရုတ်ဖြူက သံလွင် အနောက်ဘက်ကျော်လာနိုင်သည်အထိ ဗမာပြည်ကို ခြိမ်းခြောက်မှာတွေ
ဖြစ်လာနိုင်တယ်။ ဒီတိုက်ပွဲရဲ့အကျိုးဆက်ဟာ ရှေ့မှာ တိုင်းပြည်ကံကြမ္မာကိုပါ ထိခိုက်လာနိုင်တယ်။
အဲဒီအချိန်မှာ ဆုံးဖြတ်ဖို့ မိနစ်ပိုင်းတောင် အချိန်မရ။
စက္ကန့်ပိုင်းနှင့် ဆုံးဖြတ်ရတာပဲ။
ကျနော်ဟာ ပြေးဝင်လာတဲ့ရဲဘော်တွေကို “မျက်နှာကို ရန်သူ့ဘက်ပြန်လှည့်ဖို့”နှင့်
“လှံစွပ်တပ်လိုက်ကြဖို့”အော်ဟစ်ကြွေးကြော်ပြီး ကျိုးပေါက်လာတဲ့စစ်မျက်နှာဘက်ကို မြင်းနှင့်ပြေးရပါတယ်။
ထိုးဝင်လာတဲ့ရန်သူနှင့် လမ်းမှာတွေ့ပြီး တိုက်ကြရတော့တာပဲ။ ဘေးပတ်လည်မှာ ကျနော်နှင့်ရဲဘော်
(၂ဝ-၃ဝ)လောက် အပြေးလိုက်လာသူများနှင့် ပေါင်းပြီးတိုက်ကြရတယ်။ အဲဒီမှာ တရုတ်တပ်ဦးကျွံ
လာတာကို ခေတ္တတားထားလိုက်နိုင်တဲ့အတွက် အတွင်းစည်းဝိုင်း ဒုတိယလိုင်းမှာခုခံဖို့အသင့်ဖြစ်ကြပြီးနောက်၊
ရန်သူ နောက်ထပ် တိုက်လာတဲ့အခါ တွန်းလှန်နိုင်တော့တယ်။
ဒီတိုက်ပွဲအတွင်းမှာ ကျနော်ဟာ ရန်သူဖမ်းဆီးမိခြင်းခံခဲ့ရဖို့
သို့မဟုတ် သတ်ဖြတ်ခြင်းခံရဖို့တို့မှ သီသီကလေးလွတ်မြောက်ခဲ့ရတယ်။ ဒီတိုက်ပွဲကြီးပြီးတော့
တပ်ကို ခံတပ်တောင်ကုန်းပေါ် ဆုတ်ခွာလုံခြုံစေပြီး နောက်တနေ့ ရန်ကြီးအောင် ဒုတိယစစ်မျက်နှာဖွင့်ပြီး
လွယ်လန်း ပြန်သိမ်းဖို့ အစီအစဉ်တွေလုပ်ဖို့ မိုင်းဆတ်ကိုသွားရတယ်။ မိုင်းဆတ်မှာ စစ်ရုံးချုပ်က
ဦးစီးအရာရှိများဆွေးနွေးဖို့ စောင့်နေတယ်။ လမ်းခရီး မြင်းပေါ်မှာ ခံတပ်တောင်ကုန်းကဆင်းလာတော့
လွန်ခဲ့တဲ့ (၃-၄)ရက်က တိုက်ပွဲကြီးကို ယခုမှ အေးအေးဆေးဆေး တွေးနိုင်တော့တယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့တိုက်ပွဲကို
ယခုမှပဲ စဉ်းစားနိုင်တယ်။ (၃-၄)ရက်မျှ တွေးချိန်၊ စဉ်းစားချိန်ပင် မရခဲ့ပါဘူး။
ကျနော့်အဖို့ ဒီတုန်းက စိတ်သိပ်ထိခိုက်တာပဲ။ ဘယ်လိုစိတ်ထိခိုက်မှုဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုတော့
မဖော်ပြတတ်ပါ။ ကျနော်ဟာ မနေ့ တနေ့ကတိုက်ခဲ့ရတဲ့ စစ်မြေပြင်ဘက်လှည့်ပြီး တခါမှ မဖြစ်ဘူးတဲ့စိတ်မျိုး
ဖြစ်လာတယ်။ ကြောက်ရွံ့လို့ဆိုတာတော့ မဟုတ်ပါ။ ကျနော်တို့ ဘဝကို နာကြည်းပါတယ်။ နယ်ချဲ့စနစ်ကြီးရှိလို့
ဒါတွေလုပ်နေရတာ။ နယ်ချဲ့စနစ်ကြီးကို ရွံရှာမိတယ်။ လူ့ဘဝကို စိတ်နာမိတယ်။ ယခုမှ အမှန်ပြောရမယ်ဆိုရင်
အဲဒီတုန်းက မျက်ရည်တွေတောင် ဖြိုင်ဖြိုင်ကျဆင်းလာပါတယ်။
တခါမှ ယခုလို မျက်ရည်မကျခဲ့ဖူးပါ။ ငါတို့ဘာတွေ လုပ်နေကြတာလဲ။
လူ့ဘဝဟာ ဘယ်မှာမွန်မြတ်လို့လဲ။ ဘာအကျိုးရှိသလဲလို့လည်း နာကြည်းနေမိတယ်။
နောက် ကျနော်ဟာ ဖျားသလိုတုန်လာပြီး၊ မြင်းကိုပင် ဆက်မစီးနိုင်လောက်အောင်
အားနည်းလာတယ်။ တခါမှ ဒါလောက် ရုတ်တရက် အင်အားကုန်ခန်းမသွားဖူးဘူး။ သစ်ပင်ကြီးတပင်အောက်ရောက်တော့
ဆက်မသွားနိုင်တော့တာနဲ့ ထိုးအိပ်လိုက်ရတယ်။ (၂) နာရီလောက် အိပ်ပြီး နိုးလာတော့မှ ကျနော်နဲ့ပါလာတဲ့ရဲဘော်တွေက
ပါလာတဲ့လက်ဖက်ရည်အချို ကြိုပြီးတိုက်တယ်။ နောက် ဝိုင်ယာလက်ရဲဘော်တဦးက သူဘယ်ကရလာသလည်း
မသိဘူး။ နာနတ်ယိုတဘူး လာဖောက်ကျွေးတယ်။ ကျနော် ဒါတွေစားသောက်ပြီး အင်အားပြည့်လာတာနဲ့
မဖြစ်ဘူး။ အချိန်မရှိဘူး။ ဒီကောင်တွေ ဆက်တိုက်မှ ဖြစ်မှာ။ အချိန်မဖြုန်းနိုင်ဘူးဆိုပြီး
အိပ်ရာပြန်သိမ်း၊ မြင်းပေါ်ပြန်တက် မိုင်းဆတ်ကို ဆက်ထွက်ခဲ့ရပါတယ်။
ကဲ-တော်လောက်ပါပြီ။ ကျနော့်ခံစားရချက်ကို တင်ပြပြီးပါပြီ။
စစ်ကိုတိုက်ခိုက်ရတာ ပျော်လို့တော့မထင်ပါနဲ့။ စစ်ဆိုတာ သေကြေကြရတာပါ။ မသေရင်လည်း ပစ္စည်းရောအချိန်ရော
ဖြုန်းတီးပစ်ရတာပါပဲ။
ဒါကြောင့် စေ့စေ့တွေးရင် စစ်သားများဟာ စစ်ရဲ့ဒုက္ခကိုအသိဆုံးပဲ။
တကယ်တိုက်ရလေ တကယ်သိလေပါပဲ။
ဤသည်တို့မှာ ရန်ကြီးအောင်စစ်ဆင်ရေးကြီးအတွင်း ကိုယ်တွေ့အဖြစ်အပျက်တချို့ကို
“ကမ္ဘာစစ်ဆန့်ကျင်ရေးနေ့”တွင် ဟောပြော ခဲ့ချက်များ ဖြစ်ပါသည်။
ဤသို့ ကျနော်ပြန်ဆုတ်ခွာရပြီးနောက် ကျနော် အခြေအနေအရပ်ရပ်ကို
သုံးသပ်ရာတွင် ဤအင်အားမျှလောက်နှင့် စစ်ဆက်တိုက်၍ မဖြစ်နိုင်။ မနှစ်က ဘုရင့်နောင်စစ်ဆင်ရေးလို
အင်အားကောင်းကောင်း၊ ပြင်ဆင်မှုကောင်းကောင်းနှင့် ရှေ့ကထိုးမှဖြစ်မည်ဟုနားလည်ပြီး စစ်ရုံးချုပ်သို့
ကျနော် လှမ်းအကြောင်းကြားပါသည်။ ယခုအင်အားနှင့်တော့ ဆက်မတိုက်နိုင်။ ဆက်မတိုက်လျှင်
မိမိစစ်တပ် စိတ်ဓာတ်ကျမည်။ ရန်သူက ပိုခေါင်းမာ၊ ခေါင်းထောင်သွားမည်။ ထို့ကြောင့် “အောင်မာဃစစ်ဆင်ရေး”ကို
နောက်တနှစ်ရွှေ့ပြောင်းပြီး၊ အောင်မာဃတိုက်မည့်တပ်များ မိမိဘက်ပေးပြီး ယခုနှစ်အတွင်း
ထိုင်းနယ်စပ်အားလုံးကိုရှင်းလိုက်လျှင် ကောင်းမည်ဖြစ်ကြောင်းတင်ပြလိုက်ရာ၊ စစ်ရုံးချုပ်ကသဘောတူပြီး
အင်အားထပ်ဖြည့်ပေးပါသည်။
0 comments:
Post a Comment