Saturday, November 7, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၅)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၅) ပဉ္စမပိုင်း
ထိုမိန့်ခွန်းတွင် ပြည်တွင်းစစ်ဖြစ်ရခြင်းအကြောင်းများ၊ အထူးသဖြင့် နယ်ချဲ့စနစ်၏ သွေးခွဲရေးနှင့်တိုက်ခိုက်ဖိနှိပ်ရေးနည်းလမ်းများကို ဗမာ နိုင်ငံတွင်သာမက တခြားကိုလိုနီနိုင်ငံများ၏အတွေ့အကြုံ အဖြစ်အပျက်များနှင့်ပါ တင်ပြပြောဆိုခဲ့ပါသည်။ ထိုမိန့်ခွန်းအတွင်းမှ တချို့ အချက်များကို ထုတ်နုတ်တင်ပြရသော် -
“ဗမာပြည်တွင် ဗိုလ်ချုပ်ကျဆုံးသွားရခြင်းမှာ နယ်ချဲ့သမားနှင့်တိုင်းရင်းသားသစ္စာဖောက်များ ပူးပေါင်းလုပ်ကြံမှုဖြစ်ကြောင်း အားလုံး သိရှိပြီး ဖြစ်ပါတယ်။ ဒီလို ဗိုလ်ချုပ်ကျဆုံးသွားရတာဟာ ကျွန်တော်တို့တိုင်းပြည်ကို ပြည်တွင်းစစ်ကြီးရဲ့တံခါးဝကို ပို့ဆောင်လိုက်ခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ လက်ဝဲအင်အားစုများညီညွတ်ရေးနဲ့ တမျိုးသားလုံးစည်းလုံးညီညွတ်ရေးကို ဆက်လက်ထိန်းသိမ်းကာကွယ်ပြီး ဗမာပြည်မှာ ကြွင်းကျန်တည်ရှိနေတဲ့နယ်ချဲ့စနစ်ကို အပြီးတိုင်စာရင်းရှင်း၊ မောင်းထုတ်ပြီးတော့ ပြည့်စုံတဲ့အမျိုးသားလွတ်လပ်ရေးနဲ့ နယ်ချဲ့အမှီခိုကင်းတဲ့အမျိုးသားစီးပွားရေးထူထောင်ရေးကိုချီတက်သွားနိုင်တဲ့အလားအလာကို နယ်ချဲ့သမားများက သိခဲ့ပါတယ်။ ဒီလိုသာ ချီတက်သွားနိုင်မယ်ဆိုရင် နယ်ချဲ့သမားများဟာ လူပေါင်းသန်း ၂ဝ ရှိတဲ့ ဈေးကွက်က သူတို့အကျိုးစီးပွားအားလုံး လက်လွတ်ဆုတ်ခွာ သွားရမယ် ဖြစ်ပါတယ်။ “

“ဗမာပြည်ကို ဖြိုခွဲရာမှာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရခြင်းဟာ ပထမအဆင့်သာ ဖြစ်ပါသေးတယ်။ ဒိနောက် ဗြိတိသျှအစိုးရနဲ့ ဗမာအစိုးရတို့ချုပ်ဆိုတဲ့ နုအက်တလီစာချုပ်ဟာ ကျွန်တော်တို့ပြိုကွဲရေးအတွက် ဒုတိယအဆင့်ဖြစ်ပါတယ်။ ဒီစာချုပ်ဟာ ဗြိတိသျှအစိုးရ အပေါ် စေ့စပ်ချုပ်ဆိုရတဲ့အတွက် ဗမာပြည်လွတ်လပ်ရေးနဲ့ နယ်ချဲ့အမှီခိုကင်းတဲ့အမျိုးသားစီးပွားရေး တည်ဆောက်မှုအတွက် တိုင်းပြည်သစ် တည်ထောင်နိုင်၊ မတည်ထောင်နိုင်တို့အပေါ် သဘောကွဲလွဲပြီး ပြင်းထန်တဲ့ ပဋိပက္ခများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများအကြား ပေါ်ထွက်ခဲ့ပါတယ်။ ဒါကို ပြည်သူတွေကိုတင်ပြစည်းရုံးကြရင်း နိုင်ငံရေးအကျပ်အတည်း၊ ဒီမိုကရေစီအကျပ်အတည်းဆိုက်ရောက်ပြီး ပြည်တွင်းစစ်ကြီး ဖြစ်လာတာပါ။”

“ဒါ့အပြင် အာဏာပိုင်အုပ်ချုပ်သူတွေဟာ အရေးတကြီးဖြေရှင်းရမယ့် လူမျိုးစုရေးရာပြဿနာကိုလည်း မှန်ကန်စွာမဖြေရှင်းနိုင်ခဲ့ဘူး။ နယ်ချဲ့သမားက ဒီအမျိုးသားရေး ပဋိပက္ခများကို သူတို့အကျိုးအတွက် ဝင်အသုံးချခဲ့ကြလို့ ပြည်တွင်းစစ်ကြီးဟာ ပိုနက်ရှိုင်းခဲ့ရတယ်။ အချုပ်မှာတော့ ဒီပြည်တွင်းစစ်ကြီးဟာ နယ်ချဲ့သမားနှင့်တိုင်းရင်းသားဖောက်ပြန်ရေးသမားများကြောင့်ဖြစ်ခဲ့ရခြင်း ဖြစ်ပါတယ်။ “

တခြား လွတ်လပ်ခါစနိုင်ငံများအတွင်း နယ်ချဲ့သမားများ၏ နိုင်ငံရေးနည်းအရသွေးခွဲပုံများကိုလည်း ဥပမာပေးတင်ပြရာမှာ -
- တရုတ်ပြည်ကို ဖော်မိုဆာကျွန်း(ထိုင်ဝမ်)နှင့် အမေရိကန် ၇ နံပါတ်ရေတပ်ကြီးနဲ့ခွဲခြားထားပြီး ကုလသမဂ္ဂမှာ လူဦးရေ သန်း ၆ဝဝ ကျော်ရှိတဲ့တရုတ်ပြည်ကြီးကိုအသိအမှတ်မပြုဘဲ လူဦးရေရှစ်သန်းသာရှိသောဖော်မိုဆာကို အသိအမှတ်ပြုထားပေးပြီး တရုတ်ပြည် နှစ်ပြည်ဖြစ်ဖို့ ကြံစည်နေပုံ။

အိန္ဒိယမှာလည်း ၁၉၄၉ လွတ်လပ်ရေးပေးပြီးနောက် မူစလင်-ဟိန္ဒူခွဲပုံ၊ ပါကစ္စတန်နှင့်အိန္ဒိယခွဲလိုက်ပုံ၊ အရှေ့ပါကစ္စတန်နှင့် အနောက် ပါကစ္စတန်အဖြစ်ထပ်မံခွဲလိုက်ပုံ၊ ကက်ရှမီးယားပြဿနာတန်းလန်းဖြစ်အောင်လုပ်ထားပြီး ဟိန္ဒူ-မူဆလင်ပဋိပက္ခ၊ အဓိကရုဏ်းများကြောင့် လူအများအပြားသေကျေနေရပုံ။

အာရှတိုက်ရှိ ပြင်သစ်၏အကြီးဆုံးအင်ပိုင်ယာကြီးအင်ဒိုချိုင်းနားကို လွတ်လပ်ရေးပေးတဲ့အခါ အစိတ်စိတ်အမြွှာမြွှာတွေ ခွဲပုံ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား ၃ ပိုင်းအပြင်၊ ဗီယက်နမ်ကို မြောက်ပိုင်း၊ တောင်ပိုင်းထပ်ခွဲလိုက်သေးပုံ၊ ယခုလည်း လာအိုကို နှစ်ပိုင်းထပ်ခွဲဖို့ အမေရိကန်က ကြိုးစားနေပုံ။

အာဖရိကမှ ကွန်ဂိုမှာဆိုရင်လည်း ကွန်ဂိုအမျိုးသားခေါင်းဆောင် နယ်ချဲ့ဆန့်ကျင်ရေးသမားလူမွန်ဘာကို သတ်ပစ်ပြီး၊ တိုင်းပြည်ကိုလည်း အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်ပုံ။

အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေထဲမှာလည်း နည်းမျိုးစုံခွဲဖို့ကြိုးစားကြပုံ၊ ယခင်ကမရှိခဲ့တဲ့ အစ္စရေးနိုင်ငံကို အာရပ်တွေကြားထဲမှာ တည်ဆောက်ပေးပြီး ပဋိပက္ခတွေအဆက်မပြတ်အောင်ဖန်တီးနေပုံများနှင့် နယ်ချဲ့စနစ်၏စစ်ရေးနည်းများ၊ စီးပွားရေးနည်းများဖြင့် တိုင်းပြည်တိုင်းအား ဝင်ရောက်ခြယ်လှယ်လုပ်ဆောင်နေပုံကို ကျွန်တော် အကျယ်တဝင့်ရှင်းပြပါသည်။
ဒါ့အပြင် တိုင်းပြည်တည်ဆောက်ရေးအတွက် လူထုကိုအားမကိုးဘဲ နယ်ချဲ့ကိုအားကိုတဲ့အစိုးရများဟာ နယ်ချဲ့အကူအညီနဲ့ ချေးငွေများကို ချေးယူပြီး၊ နယ်ချဲ့စီးပွားရေးစက်ကွင်းအောက် နစ်သထက်နစ်ရပုံ၊ နောက်ဆုံး ပြည်သူများက စီးပွားရေးကျပ်တည်း၍ စီးပွားရေးတိုက်ပွဲများ၊ နိုင်ငံရေးလှုပ်ရှားမှုများကြီးထွားလာတဲ့အခါ ထိုလှုပ်ရှားမှုများကို ပါလီမန်ဒီမိုကရေစီမျိုးနဲ့ မထိန်းသိမ်းနိုင်တော့တဲ့အခါ အသင့်ရှိပြီဖြစ်တဲ့ စစ်တပ်များနဲ့ အာဏာသိမ်းကြသဖြင့်၊ ဒီမိုကရေစီခမ်းခြောက်ရပုံများကိုပါ ကျွန်တော်ရှင်းပြပါသည်။

ထို့အပြင် ကျွန်တော်တို့လွတ်လပ်ရေးရပြီးနောက် ဆက်လက်လျှောက်လှမ်းရမည့်လမ်းမှာ ပြည်သူတို့ချမ်းသာဝပြောတဲ့နိုင်ငံဖြစ်ဖို့ နယ်ချဲ့အမှီခိုကင်းတဲ့အမျိုးသားစီးပွားရေးနှင့် ဒီမိုကရေစီတည်ဆောက်ရေးသာဖြစ်ကြောင်း၊ ဤတော်လှန်ရေးလမ်းကြောင်းမှန်အတိုင်းသာ ချီတက်နိုင်ကြမယ်ဆိုရင် ယခုလိုပြည်တွင်းစစ်ကြီးလည်း ပေါ်ပေါက်စရာမရှိကြောင်း၊ ပြည်တွင်းစစ်ကြောင့်ပေါ်ပေါက်လာသည့် အကျပ်အတည်းများဖြစ်သည့် စီးပွားရေးပြဿနာ၊ လူမျိုးစုပြဿနာ၊ ပညာရေးပြဿနာ၊ ဒီမိုကရေစီရေးပြဿနာများ ပေါ်ပေါက်လာစရာ မရှိဘဲ၊ တမျိုးသားလုံး တက်တက်ကြွကြွဖြင့် အမျိုးသားစီးပွားရေးကိုထူထောင်နိုင်မှာဖြစ်ကြောင်းတွေကိုလည်း ပြောပြပါသည်။
ပြည်တွင်းစစ်အတွင်း တိုက်ရိုက်နစ်နာဆုံးရှုံးမှုများကိုလည်း ကိန်းဂဏန်းများနှင့်အတူ ကျွန်တော်တင်ပြပြောဆိုခဲ့ပြီး ပြည်တွင်းစစ်ရပ်စဲရေး နည်းနာများကိုလည်း ဆွေးနွေးပြပါသည်။
စစ်ရပ်စဲရာတွင် ပထမနည်းဖြစ်သည့် အပြုတ်တိုက်ရေး၊ လက်နက်ချရေးလမ်းသည် ၁၃ နှစ်ကျော်သည့်တိုင် ဘာမှမထူးခြားဘဲ၊ ပြည်သူတွေသာ နစ်နာပြီးရင်း နစ်နာနေကြာင်း၊ ဤလမ်းသည် မအောင်မြင်နိုင်ကြောင်း ဘဝပေးအသိနှင့် ပြည်သူတွေကသိနေပြီးဖြစ်သဖြင့် ဒုတိယနည်းဖြစ်သည့် တဖက်နှင့်တဖက် မျက်နှာချင်းဆိုင်ဆွေးနွေးဖြေရှင်းသည့်နည်းလမ်းသာရှိကြောင်း၊ ဤနည်းသည် ပြဿနာများကို ပြေပြေလည်လည်ဖြေရှင်းယူသည့်နည်းလမ်းဖြစ်၍ စစ်ရပ်စဲပြီးသည့်နောက်တွင်လည်း အနာဂတ်ငြိမ်းချမ်းရေးကို ပိုမိုတည်ငြိမ်စေနိုင်မည့် နည်းလမ်းဖြစ်ကြောင်း၊ အနာဂတ်ဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးရေးကိုလည်း အကျိုးပြုမှာဖြစ်ကြောင်း။

ထို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က ပြည်သူတို့အကျိုးအတွက် ပြည်တွင်းစစ်ကို အပြုတ်တိုက်ရေးနည်းမဟုတ်ဘဲ၊ ဆရာကြီးအစဉ်တစိုက်ပန်ကြားခဲ့တဲ့ ဆွေးနွေးဖြေရှင်းယူတဲ့နည်းနဲ့ ပြေလည်အောင် ဖြေရှင်းပြီး ရပ်စဲဖို့ပန်ကြားကြောင်း၊ ယခုအစည်းအဝေးတက်ရောက်လာတဲ့လူပုဂ္ဂိုလ်များဟာလည်း ဘာအခက်အခဲများနဲ့ရင်ဆိုင်ပါရစေ၊ ကျွန်တော်တို့နှင့်အတူလက်တွဲပြီး မဆုတ်မနစ် ကြိုးစားချီတက်လုပ်ဆောင်ကြဖို့ တိုက်တွန်းနိုးဆော်ပါကြောင်း- နောက်ဆုံးနိဂုံးချုပ်အနေနှင့် ပြောဆိုခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်တော်တို့၏မိန့်ခွန်းများကိုစုပေါင်းပြီး စာအုပ်ရိုက်နှိပ်ထုတ်ဝေကာ နယ်အသီးသီးသို့လည်း ဖြန့်ချိပေးခဲ့ပါသည်။ ဤနည်းဖြင့် ကျွန်တော်တို့အဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအတွင်း ပြည်သူလူထုကြီးပါဝင်လာအောင် စည်းရုံးလှုပ်ရှားကြပါသည်။

0 comments:

Post a Comment