Monday, November 2, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၉)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၉)
ဂ။ မိမိအခြေအနေ။            ။အစိုးရတပ်အခြေအနေ 
အင်အား
(၁) ခြေလျင်တပ်ရင်း (၄) ရင်းနှင့် အရံတပ်များ
-သေနတ်ကိုင်တပ်ရင်း(၁) တပ်ရင်းမှူး-ဒုဗိုလ်မှူးကြီး တင်ဦး(ယခု အင်န်အယ်လ်ဒီ)
-သေနတ်ကိုင်တပ်ရင်း(၂) တပ်ရင်းမှူး-ဒုဗိုလ်မှူးကြီးမြဝင်း(ကွယ်လွန်)
-သေနတ်ကိုင်တပ်ရင်း(၅) တပ်ရင်းမှူး-ဒုဗိုလ်မှူးကြီးမောင်လွင် (ယခုအင်န်အယ်လ်ဒီ)
-ချင်းတပ်ရင်း (၃) တပ်ရင်းမှူး-ဗိုလ်မှူးရောဒရစ်
-ခြေလျင်တပ်ရင်းများမှ တပ်ခွဲ (၂) ခွဲ
-ကချင်တပ်ရင်း(၄)မှ တပ်ခွဲ (၂) ခွဲ

(၂) မိမိလက်နက်အင်အား
-၂၅ ပေါင်ဒါ အမြောက်တပ်ခွဲ (၁)ခွဲ အမြောက် (၈)လက်
-၆ ပေါင်ဒါ တင့်ကားပစ်အမြောက် (၂)လက်
-၇၆ မမ ယူဂိုစလပ်တောင်ပေါ်ပစ်အမြောက် (၂)လက် (စစ်တိုက်ခါနီးမှ မမျှော်လင့်ဘဲကပ်၍ရသည်)
-လေတပ် (ဒုတိယကမ္ဘာစစ်မှအကျန်များ)
-ဆီးဖိုင်းယား (ခေါ်) ဒုံးကျည်ပစ်တိုက်လေယာဉ် (၉)စီး
-သယ်ယူပို့ဆောင်ရေးနှင့်ရိက္ခာချရန် ဒါကိုတာ (၃)စင်း (ထိုစဉ်က ရဟတ်ယာဉ်များမရှိသေးပါ)
 ထို့ကြောင့် တိုက်ခိုက်ရေး အင်အားပေါင်းမှာ ဂ လူအင်အား ၆ဝဝဝ(ခြောက်ထောင်)

သယ်ယူရေးအတွက်လား ၁ဝဝဝ (တထောင်)
အထမ်းသမား ၃ဝဝဝ (သုံးထောင်)
၆ ပေါင်ဒါအမြောက်နှင့် ကျည်သယ်ရန် ဆင် (၂၅)စီးတို့ ဖြစ်ပါသည်။

(၃) မိမိတို့၏ စစ်ရေးအတွေ့အကြုံ

(၁) မိမိတပ်များ နိုင်ငံခြားရန်သူနှင့် အကြီးအကျယ်စစ်ဆင်တိုက်ခိုက်သောအတွေ့အကြုံ မရှိ။ အထူးသဖြင့် အမြောက်၊ လေယာဉ်၊ လက်နက်ကြီးများနှင့် ဟန်ချက်ညီညာစွာတွဲတိုက်သည့်အလေ့အထ မရှိခဲ့။

(၂) မိမိတပ်များ တောင်ပေါ်တိုက်ပွဲအတွေ့အကြုံ လုံးဝမရှိသလောက်ဖြစ်ရာ ယခုတိုက်ရမှာက ပေ(၃ဝဝဝ) မှ ပေ(၇ဝဝဝ)အမြင့်အကြား တိုက်ရမှာ ဖြစ်သည်။

(၃) မိမိတပ်များမှာ ပြည်တွင်းမှာလည်းတပ်ဖြန့်ပြီး တာဝန်ယူလာခဲ့ရသဖြင့် လေ့ကျင့်ရေးလည်းကောင်းကောင်းမလုပ်နိုင်ကြ။
(၄) မိမိတို့၏စိတ်ဓာတ်။       ။ နဂါးနိုင်စစ်ဆင်ရေးရှုံးထားသဖြင့် စိတ်နည်းနည်းလေးနေကြသည်။ သို့သော်လူထု၏ ရှေ့တန်းသို့ ထောက်ခံ အားပေးမှု၊ စစ်ဆင်ရေးအတွက်ပြင်ဆင်ရာတွင်ဘက်စုံမှု စတာတွေကြောင့် နောက်ပိုင်းအားတက်လာကြသည်။
ဤကဲ့သို့ ဘက်၂ ဘက်၏ အခြေအနေများကိုတွက်ချက်ပြီးသောအခါ အခြားထည့်သွင်းစဉ်းစားရမည့် အချက်မှားမှာ

ဃ။ မြေအခြေအနေ
၁။ ပေ(၃ဝဝဝ) နှင့် ပေ(၇ဝဝဝ)အကြား တောင်ပေါ်ဒေသတွင် စစ်ဆင်ရေးလုပ်ရမှာဖြစ်သည်။

၂။ မိမိတပ်အနေနှင့် ရန်သူနှင့်တိုက်ဖို့ ရှေ့မှာ သံလွင်မြစ်ကြီးက ကာစီးထားသည်။

၃။ ဗမာပြည်မကို တရုတ်ဖြူများကျူးကျော်နိုင်ရန် အကောင်းဆုံးအခြေခံရန်ဒေသမှာ မိုင်းတုံ၊ မိုင်းဟန်၊ ပွန်ပါကျင် မြေပြန့်ဒေသဖြစ်သည်။ ဤနေရာမှနေ၍ တရုတ်ပြည်နယ်စပ်ကို အနှောင့်အယှက်ပေးနိုင်သည်။ ၎င်းတို့၏ နောက်ခံအားပေးတိုင်းပြည် ထိုင်းနယ်စပ်နှင့်လည်း နီးသည့်နေရာဖြစ်သဖြင့် ၎င်းတို့၏ဘိန်းလုပ်ငန်းလည်း အဆင်ပြေ။ ထောက်ပံ့ရေးနှင့်ရိက္ခာကိစ္စပါ ချောမောနိုင်သည့်နေရာလည်း ဖြစ်ပေသည်။

၎။ ၎င်းဒေသကို ထိုးစစ်ဝင်ရန်အကောင်းဆုံးလမ်းမှာ သံလွင်အနောက်ဘက်ကမ်းရှိ မိုင်းပန်မြို့မှ ကားလမ်းကြမ်း တစိတ်တပိုင်းရှိထားသော သံလွင်အရှေ့ကမ်း ဝမ်ဆလာကူးတို့ဆိပ်။ ၎င်းမှ တဆင့် မိုင်းတုံသို့ (၆)ပေကျယ် လားလမ်းအတိုင်းဖြစ်သည်။

၅။ မိုင်းပုလုံနှင့်မျက်နှာချင်းဆိုင် သံလွင်အနောက်ဘက်ကမ်းအထိကားသွားနိုင်ရန် လမ်းကိုအနည်းငယ်ပြုပြင်ရုံနှင့် ရရှိနိုင်သည်။

၆။ မိုင်းပျဉ်းမှ မိုင်းပုအောင်သို့ နွေဥတု ကားလမ်းရှိပြီး ထိုမှတဆင့် မိုင်းဆတ်သို့ လားလမ်းဖြင့် ချီတက်နိုင်သည်။

င။ ရာသီဥတု။       ။ စစ်တိုက်မည့်အချိန်မှာ နွေဥတုဖြစ်သဖြင့် အနွေးထည်မလို။ ပေါ့ပေါ့ပါးပါးချီတက်နိုင်သည်။ သို့သော် မေလ ၂ဝ နောက်ပိုင်း၊ မွန်ဆွန်း(မုတ်သုန်)ဝင် မိုးစရွာနိုင်သဖြင့် တိုက်ပွဲမြန်မြန်မပြီးပါက တောင်ပေါ်တွင် ဆက်တိုက်ရန်ခဲယဉ်းသည်။
စ။ အချိန်နှင့် အကွာအဝေး။  ။ စစ်ဆင်ရေးအချိန်မှာ မတ်လ (၁)ရက်နေ့မှ စပါက မေလလယ်အထိ အချိန် နှစ်လခွဲရမည်။ ထိုကာလအတွင်း မိမိတို့ရည်မှန်းချက်ထမြောက်လောက်အောင် စစ်ဆင်ရေးလုပ်ချိန်လုံလောက်သည်ဟု ယူဆသည်။ သိမ်းပိုက်သင့်သောဒေသမှာ တရုတ်ဖြူများ ဗမာပြည်အတွင်းပိုင်းသို့ထိုးဝင်ကျူးကျော်နှောင့်ယှက်နိုင်မည့် အခြေခံဒေသအဖြစ်လုပ်နိုင်သည့်ဒေသ မိုင်းတုံ၊ မိုင်းဟန်၊ ပွန်ပါကျင် မြေပြန့်နှင့် နောက်တဆင့် မိုင်းဆတ်ပါရက ပိုလုံခြုံမည်။

ဆ။ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့်တိုက်ပွဲနှင့်အကြုံးဝင်မည့် အချက်အလက်များ
 ၁ - ကမ္ဘာ့အခြေအနေ-အထက်တွင် အချို့အချက်များဖော်ပြပြီးဖြစ်သည်။ အမေရိကန်အနေနှင့် ကိုးရီးယားစစ်အရေးနိမ့်ပြီးကတည်းက သြဇာကျလာသည်။ အထူးသဖြင့် အာရှတွင် အာရှပြည်သူအများစုက အမေရိကန်မုန်းတီးမှု၊ ဆန့်ကျင်မှုဒီရေ စတင်မြင့်တက်လာနေသော ကာလ ဖြစ်သည်။ ကမ္ဘာစစ်လိုလားတဲ့ အားထက်၊ ငြိမ်းချမ်းရေးအားကလွှမ်းမိုးလာနေတဲ့ကာလ ဖြစ်သည်။ ထိုအတွင်း ဖဆပလအစိုးရက တရုတ်ဖြူကျူးကျော်မှုကို ကုလသမဂ္ဂကိုတိုင်လိုက်သဖြင့် အမေရိကန်အကျပ်အတည်း တွေ့နေရသည်။

၂ - ဗမာပြည်တွင်းတွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ စတင်လှုံ့ဆော်မှုကြောင့်လည်းကောင်း၊ မြေပေါ်လက်ဝဲပါတီများ၏လှုပ်ရှားမှု (ဥပမာ-ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုများ)များကြောင့် ဗမာပြည်သူများအကြား အမေရိကန်နှင့် နောက်လိုက် တရုတ်ဖြူဆန့်ကျင်ရေးလှိုင်းများ ကြီးထွားလာရာ၊ ဤအခြေအနေများကြောင့် စစ်တိုက်ရမည့်အစိုးရစစ်တပ်အနေနှင့်လည်း စိတ်ဓာတ် မြင့်တက်စေ ခဲ့ပါသည်။

၃ - ဖဆပလအစိုးရထဲမှ အမေရိကန်ဘက်ယိမ်းသည့်ဂိုဏ်းက တရုတ်ဖြူကျူးကျော်မှုကိုမတိုက်လိုသော်လည်း အင်္ဂလိပ်ဘက် ယိမ်းသည့်ဂိုဏ်းက အတော်အသင့်တိုက်လိုသည်။ သို့သော် သူတို့လည်း တကယ်အသေအကျေမတိုက်ဘဲ၊ တရုတ်ဖြူကိစ္စ ပြီးသွားစေ လိုသည်။ အကြောင်းမှာ အမေရိကန်၏မျက်မာန်ရှခြင်းကိုလည်းမခံချင်၊ တရုတ်ဖြူနှင့်စစ်တိုက်ရလျှင် ပြည်တွင်းစစ်တိုက်မည့်အင်အားတွေ လျော့နည်းသွားနိုင်ပြီး ကွန်မြူနစ်များကိုမချေမှုန်းနိုင်မှာလည်းစိုးရိမ်စိတ်တို့ကြောင့် ဖြစ်ပေသည်။

၎ - စီးပွားရေး။ ဖဆပလအစိုးရအနေနှင့် စပါးဈေးကောင်းရနေသဖြင့် ပြည်တော်သာခေတ်လို့ပင် ကြွေးကြော်နေသောအချိန်ဖြစ်ရာ ဤ စစ်ပွဲမျိုးကိုတိုက်နိုင်အောင် ဘဏ္ဍာရေးအခြေအနေတောင့်တင်းသည်။ လူထုစီးပွားရေးကျပ်တည်းမှု သိပ်မပြင်းသေးသည့်ကာလလည်း ဖြစ်နေသည်။ သို့ရာတွင် တရုတ်ဖြူတို့ဘက်တွင် တပ်မှူးအများအပြားမှ ဘိန်းလုပ်ငန်းအရသာ တွေ့သွားပြီဖြစ်၍ ၎င်းတို့၏ကိုယ်ကျိုးစီးပွားနှင့် အမေရိကန်၏နိုင်ငံရေးဆန္ဒထပ်တူကျနေ၍ ဤစစ်ပွဲ မြန်မြန်ပြီးပြတ်လိမ့်မည်ဟု မမျှော်လင့်နိုင်။

၅ - ရှမ်းပြည်လူထုမှာ တရုတ်ဖြူတပ်များ၏ဖိနှိပ်မှုအမျိုးမျိုးကြောင့် တရုတ်ဖြူကိုဆန့်ကျင်သော်လည်း၊ စော်ဘွားအချို့ကမူ တရုတ်ဖြူ နောက်တွင် အမေရိကန်ပါနေသဖြင့် အားကိုးအားထားစိတ်နှင့်ဖိတ်ခေါ်မှုများ ရှိနေသည်။

၆ - ဗမာပြည်တွင်းရှိ လက်နက်ကိုင်ပုန်ကန်နေသူ လူမျိုးစုအဖွဲ့အစည်းအချို့ကလည်း မိမိတို့အတွက်အကူအညီရလိုရငြားစိတ်ဖြင့် ပူးပေါင်း ဆက်ဆံမှုများရှိကြသည်။    

၃။ နှစ်ဘက်၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ခြင်း
(က) နှစ်ဘက်အင်အား။      ။ အင်အားတွင် ရန်သူက မိမိတို့ထက်သာသည်။ သို့သော် ရန်သူအနေနှင့် တပ်ကို နေရာအများအပြားမှာ ဖြန့်ခွဲချရပ်ထားရသဖြင့်လည်းကောင်း၊ မိမိတို့ ထိုးမည့်ဘက် စုမသွားစေဘဲ ဆက်ပြန့်နေအောင် ဟန်ပြလုပ်ငန်းများနှင့်ထိန်းချုပ်ထားနိုင်ပါက မိမိတို့ဘက်က တပန်းသာနိုင်သည်။ မထိန်းချုပ်နိုင်ပါက အခက်အခဲကြီးမားနိုင်သည်။ အကယ်၍ ရန်သူက  မိမိတို့တိုက်မည့်ဘက်မသိဘဲ ယခုလို ခွဲဖြန့်ထားရလျှင် မိမိတို့က ရှိသမျှအင်အားကို အလုံးအရင်းနှင့် ရန်သူအားနည်းသည့်အဓိကနေရာကို ထိုးဖောက်ပါက ထိုစစ်မျက်နှာတွင် အားသာနိုင်သည်။ အဓိက ရန်သူ့တပ်များ ယခုအတိုင်းပြန့်နေအောင်လုပ်ရန်နှင့် ရန်သူ၏သေနင်္ဂဗျူဟာအရံတပ်နှင့် နည်းပရိယာယ်အရံတပ်များကို လိုရာမသုံးနိုင်ဘဲ သောင်တင်အောင်လုပ်ရန် အရေးကြီးသည်။ ထိုသို့လုပ်နိုင်ပါက မိမိတို့က ထိုးဖောက်စစ် ကစားနိုင်သည့် အားသာသည့်အခြေအနေရောက်နိုင်သည်။

(ခ) ရန်သူတပ်မှူးချုပ်အကြောင်းသိရချက်အရ မိမိတို့အားသာနိုင်သည်။ ထိုတပ်မှူးချုပ်ကိုရွေးချယ်ရာတွင် အတွေ့အကြုံအရည်အချင်းထက် ပုဂ္ဂိုလ်ရေးယုံကြည်မှုအပေါ်အခြေခံ၍ ရွေးချယ်ခန့်ထားခြင်းဖြစ်သဖြင့် ထိုအတွေ့အကြုံမရှိသည့်တပ်မှူးအပေါ် မိမိတို့က အမြတ်ထုတ် စစ်ကစား၍ စစ်ဆင်ရေးများလုပ်သွားနိုင်သည်။ ဤသည်မှာ မိမိတို့အတွက်အခွင့်သာချက်ကြီးတခု ဖြစ်သည်။

(ဂ) ရန်သူ့အောက်ခြေတပ်မှူးအများစုမှာလည်း စစ်ရေးအတွေ့အကြုံ ယေဘုယျ အားနည်းသူများဖြစ်သည်။ မိမိတို့ စစ်ပရိယာယ်ကစားမှု ကောင်းလျှင် မိမိတို့ကစားရာကို ပါလာနိုင်သည်။ မိမိတို့ ဖိဖိစီးစီးလုပ်ကြံလျှင် ရန်သူစိတ်ဓာတ်ကျလွယ်မည်။ ဤသည်မှာလည်း ရန်သူ၏ အားနည်းချက်တရပ်ဖြစ်သည်။

(ဃ) ရန်သူတို့၏စိတ်ဓာတ်တွင် စိုးရိမ်ကြောင့်ကျမှု တခုရှိသည်။ ၎င်းတို့သည် တရုတ်ပြည်မကြီးတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သားများ (တရုတ်ကွန်မြူနစ်တပ်များ)နှင့်တိုက်ခဲ့ရာတွင် လေးဘက်လေးတန်ဝိုင်းပြီး နောက်နှင့်လည်းအဆက်ဖြတ်ကာ ဝိုင်းဝန်းချေမှုန်းမှုကိုခံခဲ့ရ၍ ဒါမျိုးကို အလွန်ကြောက်သည်။ အထူးသဖြင့် သူတပါးနိုင်ငံတွင် ဤကဲ့သို့ ဝိုင်းပြီးချေမှုန်းခံရမှာကို အလွန် ကြောက်ရွံ့ပုံရသည်။ ထို့ကြောင့် မိမိတို့က ဤနည်းကိုသုံးနိုင်သုံး၊ မသုံးနိုင်လျှင်လည်း ဝိုင်းပတ်ဖြတ်တောက်မည့်ဟန် ခြိမ်းခြောက်လျှင် အမြန်ဆုတ်ပြေးဖို့စိတ်စောမည်။ စိတ်ဓာတ် အမြန်ကျဆင်းယိမ်းယိုင်နိုင်သည်။

(င) စိတ်ဓာတ်အရ မိမိတို့တပ်က တရားသည့်စစ်ပွဲဆင်နွှဲရသဖြင့် ဘက်စုံကသာသည်။ နိုင်ငံတကာကလည်း အမေရိကန်ကိုရှုတ်ချနေ။ ပြည်တွင်းပြည်သူလူထုကလည်း မိမိတို့ကို ထောက်ခံအားပေးနေသဖြင့် မိမိတို့တပ်များ တက်ကြွသည်။

(စ) တောင်ပေါ်တိုက်ပွဲအတွေ့အကြုံအနေနှင့်မူ ရန်သူကသာ၍ ပို၍လည်းအပင်ပန်းခံနိုင်သည်။ သို့သော်စစ်ပွဲမှာ နှစ်လခွဲသာဖြစ်၍ မိမိတို့ သိပ်မပင်ပန်းနိုင်။ (ထို့အတွက် ပြင်ဆင်သည့်အနေနှင့် မိမိတပ်သားများကို နေ့စဉ် ရေဗူးထဲတွင် ဆားနည်းနည်းခပ်သောက်စေရမည်။ ရေရှား၊ ရေပြတ်ပါက လေယာဉ်မှ ရေစည်များ၊ ရေခဲတုံးများချပေးရန်လည်း စီစဉ်ရသည်။ တောတွင်း ရေရနိုင်သည့်အပင်များ (ဥပမာ-ဝါးပင်)ကို ခုတ်၍ ရေခံရန်လည်းသင်ကြားပေးရသည်)
(ဆ) စစ်ပညာတွင်မူ နှစ်ဘက် -တဦးနှင့်တဦး သိပ်မထူးခြား။ သို့ရာတွင် မိမိတို့တပ်များအနေနှင့် အမြောက်၊ လေယာဉ်တို့ဖြင့် တွဲဖက် တိုက်ခိုက်သည့်အတွေ့အကြုံ မရှိ။ ထို့ကြောင့် စစ်မတိုက်မီ စုရပ်တွင် ၃ ပတ်မျှရှိနေစဉ် လေ့ကျင့်ပေးခဲ့ရသည်။

(ဇ) သို့ရာတွင် စုရပ်တွင် တပ်များစုဝေးရောက်ရှိပြီးနောက် ကျန်းမာရေးစစ်ဆေးသောအခါ မိမိတပ်များသည် ပေ(၃ဝဝဝ)ကျော်တောင်တန်း များပေါ်တွင် စစ်ဆင်ရေးလုပ်နိုင်လောက်အောင် ကျန်းမာရေးအဆင့်မမီကြောင်း ဆရာဝန်များကပြောလာကြ၍ အစည်းအဝေးခေါ်ကာ ၃ ပတ်အတွင်း ကျန်းမာရေးကောင်းလာရန် နည်းလမ်းများရှာကြရာ အထူးရိက္ခာနှုန်းထုတ်ပေးခြင်း။ တနေ့-နေ့ အချိန် အနည်းဆုံး (၄)နာရီမျှ နားချိန်အိပ်ချိန်ပေးခြင်းတို့ လုပ်ရန်ဖြစ်သည်။ အထူးရိက္ခာတွင် နေစဉ်အသားနှင့်အရက်နည်းနည်းပါ ပေးကျွေးမွေးသည်။ လေ့ကျင့်ရေးများ ကိုလည်း သိပ်ပင်ပင်ပန်းပန်းမလုပ်စေဘဲ၊ ကျန်းမာသူများကိုသာ နမူနာပြစေပြီး၊ အများစုကို လိုက်ကြည့်ခိုင်းရုံသာကြည့်ခိုင်းသည်၊ သို့ဖြင့် အချိန်မီအသင့်ဖြစ်အောင် လုပ်ရသည်။ ဤကျန်းမာရေးအခြေအနေအခြေခံအားဖြင့် တောင်ပေါ်တိုက်ပွဲ ရေရှည်မဆင်နိုင်။ ဤသည်မှာ မိမိတို့၏ အားနည်းချက်ဖြစ်သည်။

(ဈ) လက်နက်တွင် မိမိတို့ဘက်မှ အမြောက်နှင့်လေကြောင်းတွင် ရန်သူထက် အရေးသာနေသည်။ သို့ရာတွင် သံလွင်အရှေ့ဘက်ကမ်းတွင် ကားလမ်းမဖောက်ရသေး၍ အမြောက်များသယ်နိုင်မည်မဟုတ်၍ အဓိက လေကြောင်းသာအားကိုးရမည်ဖြစ်ရာ ကတုတ်တိုက်ပွဲများတွင် အကြိတ်အနယ်တိုက်ဖို့ အလွန်ခက်မည်။ ထို့ကြောင့် ဆင်ဖြင့် သယ်ယူနိုင်သော တင့်ကားပစ် (၆)ပေါင်ဒါ ၂ လက်၊ လေယာဉ် (၉)စီးဖြင့်သာ တိုက်ရပေမည်။ ရန်သူမှာ အတွေ့အကြုံနည်းသူများဖြစ်သဖြင့် ဤမျှသောလက်နက်ကြီးများဖြင့်ပင် တိုက်ခိုက်ထိုးဖောက်နိုင်စရာရှိသည်။ နောက် ရန်သူ့ထံတွင်လည်း လက်နက်ကြီးမရှိဘဲ တပ်ရင်းလက်နက် (၃)လက်မ မော်တာမျိုးကိုပင် ကျည်များများမသုံးနိုင်၍ မိမိတို့ အမြောက်၂ လက်ကို ရန်သူကတုတ်နား တိုက်ရိုက်ကပ်ပြီးပစ်နိုင်မည်။ မီတာ ၆ဝဝ နှင့် ၁ဝဝဝ ကြားထိယူသွားပြီး တိုက်ရိုက်ပစ်နိုင်မည်ဖြစ်၍ သိပ်မဆိုးလှပါ။ နောက်ဆုံးတပ်ထွက်ခါနီး ယူဂိုစလပ် ၇၆ မမ တောင်ပေါ်ပစ်အမြောက် ၂ လက်ထပ်ရသဖြင့် အတော်အသင့်အားရှိလာသည်။


0 comments:

Post a Comment