ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
စတုတ္ထတွဲ၊ အခန်း(၈)
ဘုရင့်နောင်စစ်ဆင်ရေးကြီး
(၁၉၅၄ခုနှစ်မတ်လ၁-ရက်မှ မေလကုန်အထိ)
၁။ နောက်ခံသမိုင်းအကျဉ်း
(က) ရန်သူ့နောက်ခံသမိုင်းမှာ ရန်သူမှာ တရုတ်ဖြူကူမင်တန်များဖြစ်သည်။
၁၉၄၉ခုနှစ် တရုတ်ကွန်မြူနစ်ပါတီဦးဆောင်မှုဖြင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မှ ကူမင်တန်ချန်ကေရှိတ်တပ်များကိုတိုက်ခိုက်ပြီး
တရုတ်ပြည်ကိုလွတ်မြောက်စေရာ၊ တရုတ်ပြည် အနောက်တောင်ဘက်၊ ယူနန်ပြည်နယ်မှ ကွန်မြူနစ်ဆန့်ကျင်ရေးအမာခံ
ဂျင်နရယ်လီမီဦးစီးသော တရုတ်ဖြူ လေးငါးထောင်ခန့်သည် ၁၉၄၉ ခုနှစ်ကုန် ၁၉၅ဝ ခုနှစ်ဆန်း၊
ကျိုင်းတုံခရိုင်တွင်းဝင်လာပြီး မိုင်းဆတ်တွင် အခြေချခဲ့သည်။
၎င်းတို့ကို အမေရိကန်စီအိုင်အေနှင့်ပူးပေါင်းပြီး နောက်ထပ်ဝင်လာသူများနှင့်
တရုတ်၊ ဗမာ၊ ထိုင်းစသည်တို့မှလည်း ထပ်ပြီး တရုတ်ဖြူစစ်သား စုပြီး၊ ၁၉၅၁ ခုနှစ်ကျော်တွင်
စုစုပေါင်းအင်အား (၁၂ဝဝဝ)တသောင်းနှစ်ထောင်ကျော်အထိ တိုးချဲ့စည်းရုံးပြီး ပထမ တရုတ်-ဗမာနယ်စပ်မှ
ဗမာပြည်အတွင်း သံလွင်မြစ်အကြား ဗမာပြည်တွင်းတလျှောက်မှာအခြေခံပြီး နောက်တဖက်က တရုတ်ပြည်နယ်စပ်ပိုင်းကို
ဝင်နှောင့်ယှက်တဲ့ စစ်ဆင်ရေးအသေးစားအချို့လုပ်ပြီး၊ တဖက်က သံလွင်အနောက်ဘက်ကျော်ကာ ဗမာပြည်အတွင်းပိုင်းသို့
တဆင့်တိုးဝင်ကျူးကျော်ခဲ့သည်။ ထိုအချိန်ကစ၍ ဗမာပြည်သူလူထုထဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီက
စတင်လှုံ့ဆော်သည့် နယ်ချဲ့နှင့်တရုတ်ဖြူဆန့်ကျင်ရေးလှုပ်ရှားမှုကြီး ပေါ်ထွက်လာခဲ့သည်။
တရုတ်ဖြူများသည် ရှမ်းပြည်နယ်သာမက ကယားပြည်နယ်ကိုပါကျူးကျော်ဝင်ရောက်ပြီး
တောင်ငူအရှေ့ မော်ချီမိုင်းဒေသအထိ၊ ကယားသူပုန် များနှင့် ပူးပေါင်းပြီးနောက်၊ တောင်ပိုင်းမှ
ကရင်နှင့်မွန်သူပုန်များနှင့်လည်း ဆက်သွယ်ကာ ၎င်းတို့ကြီးစိုးရာ (ကရုပ္ပိ-ပင)ဆိုသော ပင်လယ်
ကမ်းစပ် ရွာကြီးတွေဝင်၊ တပ်စွဲမှုကို ၁၉၅၂ခု နှစ်တွင် ပြုလုပ်ခဲ့ကြသည်။ ၎င်း၏ ည်ရွယ်ချက်မှာ
နောက်ထပ်ဗမာပြည်တွင် ကူမင်တန် တရုတ်ဖြူတပ်သစ်များကိုတိုးချဲ့ရန် ထိုင်ဝမ်မှ ကေဒါများ၊
လက်နက်ပစ္စည်းခဲယမ်းများ သင်္ဘောနှင့်တိုက်ရိုက်ပို့ရန်ဖြစ်သည်။ ၎င်းကို ၁၉၅၃ - ၅၄ ကျမှ ပိုပြီးရှင်းရှင်းသိလာရသည်။
ထိုနေရာမှ ဗမာပြည်မှဘိန်းများကို တိုက်ရိုက်နိုင်ငံခြားသို့ထုတ်နိုင်သဖြင့် ထိုင်းပုလိပ်ကတဆင့်
ရောင်းနေရတာထက် ပိုမြတ်စွန်းနိုင်သည်။ ထို့ကြောင့် ပင်လယ်လမ်းကိုဖောက်ရန်ကြိုးစားခြင်း
ဖြစ်ပုံရသည်။
တရုတ်ဖြူကျူးကျော်လာသည့် ရည်ရွယ်ချက်များမှာ-
၁။ နယ်စပ်မှ တရုတ်ပြည်မကြီးအစပ် ဝင်ပြီး နှောက်ယှက်နေခြင်းဖြင့်၊
တရုတ်ပြည်တွင်မငြိမ်းချမ်းသေးဟူသော အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂက တရုတ်ပြည်အသိအမှတ်ပြုရေးကိုအချိန်ဆွဲထားပြီး
တရုတ်ကွန်မြူနစ်တိုင်းပြည်အားဆန့်ကျင်ရေး ဆက်လုပ်သွားရန်။
၂။ ဗမာအစိုးရကို လုံးဝ အမေရိကန်နောက်လိုက် ဖြစ်စေရန်။
၃။ အလားတူ အရှေ့တောင်အာရှနိုင်ငံများ၊ ထိုင်းအပါအဝင်
အခြားတိုင်းငယ်ပြည်ငယ်တွေအပေါ်လည်း ခြိမ်းခြောက်လွှမ်းမိုးပြီး၊ အမေရိကန်သြဇာခံများ
ဖြစ်စေရန်။
၎။ လက်တွေ့လုပ်နေရင်းကရလာတဲ့ ဘိန်းအရောင်းအဝယ်အကျိုးအမြတ်များကလည်း
မက်လုံးတလုံးဖြစ်လာဟန်ရှိသည်။
၅။ တရုတ်ပြည်တွင်းရှိ ကွန်မြူနစ်ဆန့်ကျင်ရေးသမားများ၊
ချန်ကေရှိတ်နောက်လိုက်များအတွက်လည်း အမေရိကန်က သူတို့ဘက်ကနေပြီး ကွန်မြူနစ်တရုတ်ပြည်ကို
ဝင်တိုက်ပေးမည့်မျှော်လင့်ချက်ကို ဖြစ်စေပြီး၊ တရုတ်ပြည်တွင်းဆူပူလှုပ်ရှားမှုများကို
ဆက်လက်ဖြစ်စေချင်သည့် သဘောလည်း ရှိသည်။
ဗမာအစိုးရ (ဖဆပလအစိုးရ)အနေနှင့်လည်း လူထုအုံကြွလာမှုကြောင့်
မလွှဲမရှောင်သာ တရုတ်ဖြူကိစ္စကိုင်တွယ်လာရသည်။ ကုလသမဂ္ဂမှာ တိုင်တမ်းသည့်အတွက် ထိုနိုင်ငံခြားတပ်များဆုတ်ခွာပေးရေးကို
တရုတ်ဖြူ၊ ထိုင်း၊ အမေရိကန်နှင့် ဗမာ (၄)နိုင်ငံအစည်းအဝေးထိုင်ပြီး ဖြေရှင်းရန်ဆုံးဖြတ်ခဲ့ရသည်။
၁၉၅၃ခုနှစ်တွင် ထိုင်း၌ ထို (၄)နိုင်ငံအစည်းအဝေးများ ကျင်းပခဲ့သည်။ ဗိုလ်နေဝင်းတို့က
ထိုဆွေးနွေးမှုများအရ တရုတ်ဖြူအဓိကအင်အားများ ထွက်သွားလိမ့်မည်ဟုထင်ခဲ့ကြသည်။ ထိုအခွင့်အရေးယူပြီး
တပ်တချို့ဝင်ရောက် ချီတက်တိုက်ခိုက်လိုက်ရင် လွယ်လွယ်နှင့်အောင်နိုင်မည်ဟု တွက်ဆခဲ့ကြသည်။
ထို့ကြောင့် အစဉ်အလာအရရော၊ အဆင့်နေရာအရရောကျော်ကာ၊ သူတို့ဆိုရှယ်လစ် ပါတီမှ တပ်မှူးအချို့နှင့်
ဝင်တိုက်ဖို့စီစဉ်ကြပါသည်။ တပ်တွင်းရှိနေသော ကွန်မြူနစ်ယိမ်းသူများ၊ မျိုးချစ်များကိုကျော်၍နေရာပေးနိုင်အောင်
စီစဉ်ခြင်းဖြစ်သည်။ ထို”နဂါးနိုင်စစ်ဆင်ရေး”သည် သံလွင်မြစ်ကျော်ဝင်လာသောဗမာ့တပ်မဟာကို
တရုတ်ဖြူတပ်များက သံလွင်အရှေ့ဘက် ကမ်း အတွင်းပိုင်းအထိဆုတ်ပေးပြီးမှ သံလွင်နှင့်ညှပ်ပြီး
ပြန်တိုက်ချလိုက်လို့ ထိုတပ်မဟာ ပျက်သွားပြီး သံလွင်အနောက်ဘက်ကမ်းသို့ ဖရိုဖရဲပြန်ဆုတ်ပြေးလာခဲ့ရရာ
လက်နက်ကြီးများဆုံးရှုံးခဲ့ရသည်။ ထိုတိုက်ပွဲအပြီး တရုတ်ဖြူများကလည်း သူတို့မဆုတ်နိုင်ဟု
ပြောင်ငြင်းဆန် လိုက်သဖြင့် (၄)နိုင်ငံအစည်းအဝေးမှ ဗမာကိုယ်စားလှယ်များလည်း အရှက်ကွဲခဲ့ရပြန်သည်။ ဗမာ့စစ်တပ်လည်း စိတ်ဓာတ်ကျဆင်းသွား
တော့သည်။
တချိန်တည်းလောက်မှာပင် တောင်ပိုင်းက ဗမာတပ်များက (ကရုပ္ပိ-ပင)ဒေသ
တပ်စွဲထားသည့်တရုတ်ဖြူတွေကို တိုက်ထုတ်လိုက်လို့ ထိုင်ဝမ်က နောက်တပ်မ (၂)ဖွဲ့- ဖွဲ့ဖို့
လက်နက်-ပစ္စည်း-လူများသယ်လာသည့် သင်္ဘောငယ် (၆)စင်းသည်လည်း မြိတ်ကျွန်းစုမှ လှည့်ပြန်
သွားရပါသည်။
ဗမာအစိုးရအနေနှင့်ကလည်း တရုတ်ဖြူကိစ္စ ရပ်ထား၍မရ။ ဆက်ပြီး
တတ်နိုင်သမျှဖြေရှင်းရန်နှင့် မိမိစစ်တပ် ပြန်လည်စိတ်ဓာတ် တက်ကြွ လာစေရန်အတွက် ထိုကိစ္စဖြေရှင်းရန်
တပ်တွင်းအစဉ်အလာရှိသည့် ကွန်မြူနစ်ဘက်ယိမ်းသည့်မျိုးချစ်တပ်မှူးများကို ၁၉၅၃ ခုနှစ်၊
မိုးရာသီတွင် စလွှဲခဲ့ရပါတော့သည်။
ထို့ကြောင့် ၁၉၅၃-၁၉၅၄ကာလများတွင် ဗမာ့တပ်မတော်သည် သံလွင်အနောက်ဘက်ရှိတရုတ်ဖြူများကို
မော်ချီးမိုင်းကစပြီး သံလွင်မြစ်ကမ်း အထိ ပထမ စစ်ဆင်ရေးအငယ်စားများနှင့်ရှင်းပစ်ပြီး၊
၁၉၅၄ခုနှစ် ဖေဖော်ဝါရီလကုန်ကစ၍ “ဘုရင့်နောင်စစ်ဆင်ရေး”အမည်နှင့် သံလွင်အရှေ့ တရုတ်ဖြူဌာနချုပ်နှင့်
အခြေခံစခန်းကြီးကိုတိုက်ခိုက်ပြီး၊ တရုတ်ဖြူများကို ထိုင်းနယ်စပ်အထိမောင်းထုတ်နိုင်ခဲ့ပြီး
ဗမာပြည်ပေါ် ခြိမ်းခြောက် နေသည့် တရုတ်ဖြူအန္တရာယ်ကြီးကို ဖယ်ရှားပစ်လိုက်နိုင်သည်။
၂။ အခြေခံအခြေအနေ အချက်အလက်များ
(ဤသည်မှာ တိုက်ပွဲတပွဲ၊ ပြဿနာတရပ်ကိုဆင်နွှဲဖြေရှင်းရန်အတွက်
စီမံကိန်းတခုရေးဆွဲရန်နည်းလမ်းများ ဖြစ်ပေသည်)
(က) ရည်ရွယ်ချက်-၁။ မိမိတို့၏ တာဝန်ကျေပွန်ရမည်။
၂။ လက်တွေ့အရဆောင်ရွက်နိုင်မည့်ဘောင်အတွင်း လုပ်ဆောင်နိုင်စွမ်းရှိရမည်။
၃။ ဤ ၂ ချက်ပေါ် မူတည်ပြီး ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား
ဖြစ်ရမည်။
ထည့်သွင်းစဉ်းစားရမည့်အချက်များ
တရုတ်ဖြူနောက်တွင် အမေရိကန်ရှိခြင်း။ တရုတ်ဖြူများ ကျောပေးလှုပ်ရှားနိုင်သည့်ထိုင်းနယ်စပ်ကြီး
ရှည်လျားစွာရှိနေခြင်း။
မိမိတပ်အင်အားလည်း သိပ်မရှိ။ မတောင့်တင်း။ တောင်ပေါ်တိုက်ပွဲအတွေ့အကြုံလည်း
မရှိ။ နောက်က ထောက်ပံ့ရေးလမ်းလည်း ရှည်လျားစွာ မလိုက်နိုင်။
ထို့ကြောင့် တရုတ်ဖြူများကို အပြီးအပိုင်ရှင်းလင်းပစ်ဖို့မလွယ်။
ထို့ကြောင့်
ရည်ရွယ်ချက်ပထမဆင့်အနေဖြင့် ဗမာပြည်အပေါ်ခြိမ်းခြောက်နေသည့်
တရုတ်ဖြူအန္တရာယ်ကို တွန်းလှန်ဖယ်ရှားပစ်ရန်။ တရုတ်ဖြူများအား
အခြေခံအားဖြင့်
ဗမာပြည်အတွင်းပိုင်းထိုးဝင်ကျူးကျော်နိုင်မည့်နေရာများကနေပြီး
ထိုင်းနယ်စပ်သို့မောင်းထုတ်ရန် ဖြစ်သည်။
ဤကဲ့သို့ မိမိ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားသိပြီးနောက်တွင်
ဘက် (၂)ဘက် (ရန်-ငါနှစ်ဘက်)၏ ထူးခြားချက်များကို ရှာဖွေရသည်။
(ခ) ရန်သူ
အင်အား
၁။ တသောင်းနှစ်ထောင်ကျော်ရှိပြီး သုံးထောင်ခန့်မှာ မိမိယခုစစ်ဆင်ရေးနှင့်တိုက်ရိုက်မကျသော
တောင်ကြီး-ကျိုင်းတုံကားလမ်း မြောက်ဘက် သံလွင်အရှေ့နှင့် တရုတ်နယ်စပ်အကြားတွင် တရုတ်နယ်စပ်နှောင့်ယှက်ရေးနှင့်
ဘိန်းကိစ္စလုပ်ငန်းများလုပ်နေကြသည်။
၂။ ၉ဝဝဝခန့်မှာ ထိုလမ်း၏တောင်ဘက်၊ ဗမာပြည်အတွင်းပိုင်းကျူးကျော်ရေးလုပ်ငန်းနှင့်
ဘိန်းကိစ္စလုပ်ငန်းများလုပ်ရန်ဖြစ်သည်။
၃။ ထိုရန်သူ့အင်အား ၉ဝဝဝ ၏ အခိုင်အမာတပ်ဖြန့်ပုံမှာ
(၁)ပထမလေယာဉ်ကွင်းရှိတဲ့မိုင်းဆတ်တွင် အခြေခံဌာနချုပ်ထားရာက
အတွင်းပိုင်း ပိုမိုလှုပ်ရှားနိုင်ဖို့နှင့် (မိုင်းဆတ်လည်း နာမည်ကြီးလာသဖြင့်) ထိုင်းနယ်စပ်အနီး
ပွန်ပါကျင်ဒေသသို့ ၁၉၅၂ ခုနှစ် ကုန်လောက်တွင် ဌာနချုပ်ကို ပြောင်းထားခဲ့သည်။ (၂)မိုင်းဆတ်ဒေသတွင်မူ
ကင်းစခန်းသာဖွင့်ထားပြီး ကာကွယ်ထားသည်။
(၃)အဓိက ရှေ့တန်းဌာနချုပ်- မိုင်းတုံတွင် ထားပြီး၊ အဓိကအခိုင်အမာခံစစ်နေရာကို
မိုင်းတုံဒေသနှင့်သံလွင်မြစ်အကြား မိုင်းတုံမှ (၁ဝ)ကီလိုမျှကွာတဲ့ ပေ ၅ဝဝဝ ခန့်စီမြင့်တဲ့
တောင်ကုန်း (၃)ခု-ဖိုခုံလောက်ဆိုင်တွင် ခံကတုတ်ကြီး(၃)ခု တည်ဆောက်ထားပြီး အခိုင်အမာခံထားသည်။
မိုင်းတုံမှ သံလွင်ကူးတို့ဆိပ် ဝမ်ဆလာအထိ (၆)ပေကျယ် လားလမ်း က၊ ထိုတောင် (၃)လုံးကို
ဖြတ်သွားသည်။ (မည်သူမဆို မိုင်းတုံ၊ မိုင်းဟန်၊ ပွန်ပါကျင် မြေပြန့်ကို လွှမ်းမိုးလိုသူအဖို့၊
၎င်းတောင် (၃)လုံးကိုလည်းကောင်း၊ ၎င်းသံလွင်-မိုင်းတုံလမ်းကိုလည်းကောင်းသိမ်းထားနိုင်မှ ရေရှည်လွှမ်းမိုးနိုင်မည်
ဖြစ်သည်)
(၄)ရန်သူ့ရှေ့ဖျားခံစစ်မှာ သံလွင်ကူးတို့၊ ဝမ်ဆလာနှင့်
၎င်းဝန်းကျင်တွင် တပ်စွဲထားသည်။ ယင်းမှာ သံလွင်အနောက်ဘက်ကမ်းမှ ရိက္ခာစုရန်ဖြစ်သည်။ အခြားနေရာများမှာ
(၅)မိုင်းပုလုံတွင်လည်း စခန်းခွဲတခု။
(၆)၎င်းနောက် ပို အရှေ့ဘက်ကျသော ထိုင်းနယ်စပ်-တာချီလိတ်-မဲဆိုင်ဒေသတွင်
စခန်းခွဲကြီးတခုရှိသည်။
(၇)ရန်သူ၏သေနင်္ဂဗျူဟာ အရံတပ်အင်အား (၃ဝဝဝ)သုံးထောင်ခန့်ကို
မိုင်းဟန်၊ ပွန်ပါကျင်ဒေသတွင် ချထားသည်။
(၈)နည်းပရိယာယ် အရံတပ်အင်အား (၁ဝဝဝ)တထောင်ခန့်ကို မိုင်းပုလုံနှင့်
အထက်ပါတောင် (၃)လုံးနှင့်မိုင်းတုံအကြားတွင် ချထားသည်။
၎။ ရန်သူတပ်မှူးချုပ်။ ။ ဗိုလ်ချုပ်လီမီ မကျန်းမမာဖြစ်လာ၍ တပ်မှူးအသစ်တင်ရသည်။ ထိုတပ်မှူးအသစ်မှာ
ထိုင်ဝမ်ရှိ အကြီးအကဲ တဦး၏သားဖြစ်ပြီး ငယ်စဉ်ကတည်းက အမေရိကန်ရှိ အကယ်ဒမီဗိုလ်သင်တန်းကစ၍
တပ်မအဆင့်အထိ သင်တန်းပေါင်း (၈)ခုလောက် တက်ခဲ့ရသူ။ စစ်အတွေ့အကြုံ လုံးဝနီးပါး မရှိသူ။
အထက်လွှာများ၏ လူယုံ။ လူလတ်ပိုင်းအရွယ်။ ဗိုလ်ချုပ်တဦး ဖြစ်သည်။
၅။ ရန်သူတို့၏ စစ်ပညာအဆင့်။ ။ တပ်ရင်းအထက် တပ်မှူးအတော်များများ အတွေ့အကြုံအသင့်အတင့်မျှသာ ရှိသည်။
ဗိုလ်ချုပ် အဆင့်များမှာ တပ်မှူးဟောင်းများဖြစ်ပြီး အတွေ့အကြုံအတော်အသင့် ရှိသည်။ သို့သော်
ဗိုလ်ချုပ်လီမီလောက် စိတ်ဓာတ်ရောအတွေ့အကြုံပါ ရှိသူများ မဟုတ်ကြပါ။ တပ်သားများမှာ မူလတပ်သားဟောင်းမှာ
သုံးပုံတပုံကျော်ခန့်သာရှိပြီး စစ်အတွေ့အကြုံ အသင့်အတင့်ရှိကြသော စစ်မှုထမ်းများဖြစ်သည်။
ကျန်တပ်သားအများစုမှာ ဒေသအလိုက်စုဆောင်းထားသောတပ်သားသစ်များ ဖြစ်နေကြသည်။
၆။ ရန်သူ့စိတ်ဓာတ်။ ။ (က)ဗမာပြည်သူတို့၏ တခဲနက်အုံကြွဆန့်ကျင်မှု။ (ခ)တရုတ်ပြည်တွင်း
တရုတ်ကွန်မြူနစ်အစိုးရအပေါ် လွတ်မြောက်ခါစလူထု၏ ထောက်ခံတက်ကြွနေမှု။ (ဂ)သူတပါးတိုင်းပြည်အပေါ်
မတရားကျူးကျော်ဝင်နေရမှု။ (ဃ)မိမိတို့၏အနာဂတ် မရေမရာ ဖြစ်လာမှု - စသည်တို့ကြောင့် တရုတ်ဖြူတပ်သားများအကြား
စိတ်ဓာတ် တဖြည်းဖြည်းကျဆင်းလာနေကြသည်။ ရန်သူအထက် တပ်မှူးကြီးအများစုမှာမူ ဘိန်းမှရရှိသည့်အကျိုးအမြတ်ကြောင့်လည်းကောင်း၊
ဗမာ့တပ်ကို အထင်သေးသဖြင့်လည်းကောင်း စိတ်ဓာတ် အတော်အသင့်ခိုင်မာနေပုံရသည်။
သို့သော် ကမ္ဘာ့အခြေအနေတစုံတရာပြောင်းလည်းလာမှုက သူတို့စိတ်ဓာတ်ကို
ထိခိုက်လာစေပါသည်။ ၎င်းတို့၏ဆရာ အမေရိကန်အဖို့ ဒုတိယကမ္ဘာစစ်ပြီးကာစ အနုမြူဗုံးကိုင်၍ဗိုလ်လုပ်နိုင်ခဲ့သော်လည်း
နောက်ပိုင်းဆိုဗီယက်ယူနီယံကလည်း အနုမြူဗုံးရှိလာခဲ့သည်။ ထို့ပြင် အမေရိကန်တို့အဖို့
ကိုးရီးယားစစ်တွင် တရုတ်ပြည်အပေါ် ထင်သလိုမလွှမ်းမိုးနိုင်ဘဲ စေ့စပ်ပြေငြိမ်းလိုက်ရသဖြင့်
ထိုကိုးရီးယားစစ်ကြီးကို မိမိတို့အနာဂတ်နှင့်ယှဉ်တွဲထားခဲ့သော တရုတ်ဖြူဗိုလ်ချုပ်များ
စိတ်ဓာတ်ထိခိုက်သွားခဲ့ကြပုံရပါသည်။
၇။ ရန်သူ့လက်နက်။ ။
(၁)တရုတ်ရိုင်ဖယ်အများစု ဖြစ်သည်။ (၂)၎င်းတို့သည် တပ်မတော်အဆင့်အထိဖွဲ့ထားသော်လည်း လက်နက်ကြီးများမှာ
တပ်ရင်းသုံးလက်နက်ကြီးများသာ ဖြစ်သည်။ ၆ဝ မမ မော်တာနှင့် ကျနော်တို့တပ်ရင်းသုံး ၃ လက်မ
မော်တာနှင့် အလားတူမော်တာများသာ ရှိသည်။ ၎င်းမော်တာများပင်လျှင် ကျည်များများမသုံးနိုင်။
တရုတ်ပြည်မှထွက်ပြေးလာရသူများဖြစ်သဖြင့် လက်နက်ကြီးများ သယ်မလာနိုင်။ အမေရိကန်မှ ဒုတိယကမ္ဘာစစ်ကြီးအပြီးထုတ်လုပ်သော
တောတွင်းသုံးလက်နက်အချို့ရှိသော်လည်း ပေါ်လွင်သွားမှာစိုး၍ ထုတ်မသုံးရဲပေ။ မိုင်းလည်း
မရှိပေ။
0 comments:
Post a Comment