Monday, October 26, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၃)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၃)
၂။ ကျနော်၏ နိုင်ငံခြားခရီးများ
(က)မလေးရှားနှင့်စင်္ကာပူသို့-
၁၉၅၂ခုနှစ် မေလအတွင်းတွင်၊ ကျနော်ခေါင်းဆောင်ပြီး စစ်မစ်ရှင်အဖွဲ့ကလေး တဖွဲ့သည် စင်္ကာပူနှင့်မလေးရှားရှိ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးစခန်းများနှင့် စစ်ဌာနချုပ်များကိုလေ့လာရန်အတွက် ခရီးထွက်ခဲ့ကြပါသည်။ ထိုစဉ်က စင်္ကာပူသည်လည်းကောင်း၊ မလေးရှားသည်လည်းကောင်း လွတ်လပ်ရေးမရကြသေးဘဲ၊ လွတ်လပ်ရေးအတွက် တိုက်ပွဲပုံစံအမျိုးစုံဖြင့် တိုက်ပွဲဝင်လုံးပန်းနေသည့် ကာလဖြစ်သည်။ ဗြိတိသျှစစ်တပ်ကအုပ်ချုပ်ထားရာ ထိုစစ်တပ်များကို ကျနော်တို့က သွားရောက်လေ့လာရခြင်းဖြစ်သည်။ ထိုစစ်တပ်များက မလေးရှားသူပုန်များကို ကွန်မြူနစ်များဟုတံဆိပ်တပ်ကာ ချေမှုန်းတိုက်ခိုက်နေရာ ကျနော်တို့က သူတို့၏လုပ်နည်းလုပ်ဟန်များနှင့် အခြေအနေအရပ်ရပ်ကိုလေ့လာရန် သွားရောက်ကြခြင်း ဖြစ်သည်။
ထိုအဖွဲ့ကို ခေါင်းဆောင်အဖြစ် ကျနော်ကတာဝန်ယူပြီး ကျန်အဖွဲ့ဝင်များမှာ ဗိုလ်မှူးကြီးကျော်စိုး၊ ဒုဗိုလ်မှူးကြီးမောင်ဘိုနှင့် ဒုဗိုလ်မှူးကြီး တင်မောင်(စာရေးဆရာ မြတ်ထန်)တို့ ဖြစ်ကြသည်။ ကျနော်သည် ထိုစဉ်က ဗိုလ်မှူးချုပ်ရာထူးနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏တိုင်းမှူး ဖြစ်နေသည်။ လေ့လာချိန်မှာ ရက်သတ္တ(၂)ပတ်သာ ဖြစ်သည်။
ဗိုလ်မှူးကြီး ကျော်စိုးနှင့် ဒုဗိုလ်မှူးကြီးမောင်ဘိုတို့ကို စင်္ကာပူတွင် လေ့လာရန်ထားခဲ့ကြရပြီး ကျနော်နှင့်ကိုတင်မောင်မှာ မလေးရှားသို့သွား လေ့လာပါသည်။ မလေးရှားတွင်လည်း ကျနော်နှင့် ကိုတင်မောင်တို့လူချင်းခွဲပြီး လေ့လာရပါသည်။ ကွာလာလမ်ပူရှိ ဗြိတိသျှတပ်မဟာ ဌာနချုပ်တွင် ကျနော်ကကျန်ရစ်ပြီး ကိုတင်မောင်ကတော့ ဗြိတိသျှတပ်ခွဲတခုရှိရာ တောရွာလေးတရွာသို့ ဆက်လက်ထွက်ခွာသွားပါသည်။
မလေးရှားတွင် ကျနော်လေ့လာနေစဉ် ကျနော့်ဘဝတွင်မမေ့နိုင်သော အဖြစ်အပျက်တခုတွေ့ကြုံရပါသည်။ ၎င်းမှာ မလေးရှားအစိုးရက တနေ့ အခမ်းအနားညစာ စားပွဲတခုကျင်းပပါသည်။ ထိုညစာစားပွဲကိုတက်ရောက်ရန် ကျနော့်အားလည်းဖိတ်သဖြင့် ကျနော်တက်ရောက်ခဲ့ပါသည်။ ထိုညစာစားပွဲ၌ ကျနော့်ဘေးကပ်လျက်ထိုင်သူတဦးမှာ မလေးရှားသို့တာဝန်နှင့်ရောက်ရှိနေသော ဗြိတိသျှလူမျိုး ဒုဗိုလ်မှူးကြီးတဦးဖြစ်ပြီး သူက ထိုစဉ်က ကျနော့်တို့ဗမာပြည်တွင် စတင်နေပြီဖြစ်သော တရုတ်ဖြူတပ်များ ဝင်ရောက်ကျူးကျော်လာမှုကိစ္စများအကြောင်းကို မေးမြန်း ပါသည်။
ကျနော်ကလည်း တရုတ်ဖြူများဝင်လာပုံသမိုင်းကိုပြောပြပြီး သူတို့ဝင်ကာစက လူ(၈ဝဝ)လောက်ပဲရှိကြောင်း၊ နောက် များလာကြောင်း၊ မိမိတို့တပ်မတော်မှာလည်း ပြည်တွင်းဆူပူမှုများကြောင့် ဒီတရုတ်ဖြူကူမင်တန်များကို အပြတ်မတိုက်နိုင်သေးကြောင်း၊ တဖြည်းဖြည်းချင်းသာ တိုက်နေရကြောင်း စသည်များကိုပြောပြပါသည်။
ထိုအခါ ၎င်းအင်္ဂလိပ်စစ်ဗိုလ်က ခပ်တည်တည်ဖြင့် “ဒီလိုသာ မင်းတို့ကျူးကျော်သူတရုတ်ဖြူတွေကို မတိုက်နိုင်ရင် ဘာကြောင့် မင်းတို့ လွတ်လပ်ရေးယူခဲ့ကြသေးသလည်း။ မင်းတို့ ကျွန်းကလေးတကျွန်းပေါ် သွားနေကြပါလား”စသည့် သဘောထားများပါသည့် စကားများကို ခပ်တင်းတင်းနဲ့ ပြောချလိုက်ပါသည်။
ကျနော်မှာ ဟုန်းကနည်း ဒေါသများထွက်ပြီး၊ လူလည်း မွှန်ထူသွားပါသည်။ ဧည့်သည်ဖြစ်နေ၍ ရန်ဖြစ်ရန်မသင့်လို့ တချက်လောက်သာ ပြန်ငေါက်ငမ်းလိုက်ပြီး ကျနော်ဆက်စကား မပြောတော့ပါ။ ကျနော်စိတ်ဆိုးသွားမှန်း သူလည်းသိပြီး ငြိမ်သွားပါသည်။ ကျနော် ထမင်းစား ပြီးလျှင်ပြီးချင်းပင် အိမ်ရှင်မလေးရှားများကို ကျနော်ကောင်းကောင်းနေမကောင်း၍ စောစောတည်းခိုခန်း ပြန်လိုကြောင်းပြော၍ ပြန်လာခဲ့ပါသည်။
တည်းခိုခန်းသို့ မကြာမီ ဗိုလ်မှူးကြီးတင်မောင်လည်း ပြန်ရောက်လာပါသည်။ သူလည်း အင်္ဂလိပ်စစ်ဗိုလ်များနှင့်ပြဿနာတက်ပြီး ပြန်ရောက်လာခြင်းဖြစ်သည်။ ကျနော်တို့နှစ်ဦးလည်း ငါတို့ကိုချက်ချင်းပြန်ပို့ပါ - ဟု အရေးဆိုပြီး ပြန်ပို့ခိုင်းသဖြင့် သူတို့ ကျနော်တို့ကို စင်္ကာပူသို့ပြန်ပို့ပြီး ထိုမှတဆင့် ထိုင်းသို့ပြန်ပို့ပေးပါသည်။
ထိုင်းတွင် (ကျနော်တို့ ထိုစဉ်က ယိုးဒယားဟုခေါ်ပါသည်) ခေတ္တနေစဉ် ထိုင်းအစိုးရ၏ တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်ရန် ဖိတ်ကြားခြင်းခံရပါသည်။ ထိုအခမ်းအနားသို့ ကျနော်တို့တက်ရောက်ကြပြီး၊ ထိုင်းစစ်ဗိုလ်များနှင့် စကားပြောဆိုဆွေးနွေးကြတော့မှ ထိုင်းတပ်မတော်နေ့ဆိုသည်မှာ ထိုင်းပြည်သူများက ဗမာပြည်ကလာရောက်ကျူးကျော်တိုက်ခိုက်သော ဘုရင့်နောင်တပ်များကို ပြန်လှန် တွန်းလှန်သောနေ့ဟူ၍ သိရပါသည်။ ကျနော်တို့လည်း အတော်အားနာသွားပါသည်။ ထိုင်းစစ်ဗိုလ်တဦးကတော့ “ဟိုခေတ်ကတော့ဗျာ ဘုရင်တဦးတည်းကသာ အုပ်ချုပ်မင်းလုပ်တဲ့ခေတ်ပါ။ အခုတော့ ပါလီမန်တို့၊ ရွေးကောက်ပွဲတို့၊ ဒီမိုကရေစီတို့ခေတ်ဖြစ်သွားပါပြီ”လို့ ဖြေပြော ပြောပါသည်။
ကျနော် ဗမာပြည်ပြန်ရောက်တော့ မလေးရှားမှာဖြစ်ခဲ့သည့်ကိစ္စကို ပြန်လည်ပြောပြရာမှာ ဆိုရှယ်လစ်များက ကျနော် သံရေးတမန်ရေး ဆက်ဆံရေးများမှာမလည်ဝယ်လို့ဟု ပြစ်တင်စကားပြောချင်လာပါသည်။ ကျနော်က သူတို့လည်း ဒါမျိုးကြုံခဲ့ဟန်ရှိရာ ငြိမ်ခံနေခဲ့ကြပုံ ရသည်လို့ ပြန်ပြောလိုက်တော့မှ ငြိမ်သွားကြပါတော့သည်။
ဤမလေးရှား ခရီးစဉ်အတွင်း ထိုအင်္ဂလိပ်စစ်ဗိုလ်ပြောခဲ့သည့် “မင်းတို့ ကျွန်းကလေးတကျွန်းပေါ် တက်နေပါလား”ဆိုသည့် စကားကို ကျနော်ဘယ်တော့မှ မမေ့တော့ပါ။

0 comments:

Post a Comment