ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၅)
တတိယပိုင်း
ကျနော်ကိုယ်တိုင်မှတ်မိနေတာကလည်း ၁၉၄၉ ခုနှစ် မေလ၂၁ ရက်ည၌ အင်းစိန် ကေအင်ဒီအိုတပ်များ အင်းစိန်ကျောဘက်ရှိ လှိုင်မြစ်ကိုဖြတ်ပြီး မြစ်ဝကျွန်းပေါ်ဒေသသို့ ဆုတ်ခွာသွားကြောင်းဖြစ်ပါသည်။ မိမိတို့အစိုးရတပ်က ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက် နေ့ကစတင်ခဲ့သော အင်းစိန်တိုက်ပွဲကို မေလ(၂၂) ရက်နေ့ အင်းစိန်ကိုဝင်ပြီးသိမ်းပိုက်လိုက်ခြင်းဖြင့် ပြီးဆုံးစေခဲ့ပါသည်။
ကျနော်သည် ဤအကြောင်းများကို ပြန်လည်ရေးသားရင်း ထိုစဉ်ကာလက ကျနော်နှင့်အတူ ဗမာ့လွတ်လပ်ရေးနှင့် နိုင်ငံရေးအတွက် တိုက်ပွဲတွေအတူဝင်ခဲ့ကြသည့်သူများအတွင်းမှ ကွယ်လွန်ကုန်သူများ၊ ကျဆုံးခဲ့ရသူများကို ပြန်လည်သတိရလွမ်းဆွတ်မိပါသည်။
ထိုသူများထဲတွင် ဗိုလ်မှုးကြီးတာဝန်ဖြင့် တပ်မတော်တွင်တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူပြီးမှကွယ်လွန်သွားသော ဗိုလ်မှုးကြီးတင်မောင် (စာရေးဆရာ မြတ်ထန်)ကိုလည်းကောင်း၊ အင်းစိန်တိုက်ပွဲအတွင်းမှာကျဆုံးသွားရသော ချင်းသေနတ်ကိုင်တပ်ရင်း(၁) မှ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး ဟရန်သီယို တို့ကိုလည်းကောင်း သတိရလွမ်းဆွတ်နေမိပါသည်။
ဗိုလ်မှုးကြီးတင်မောင်မှာ လူပုံဟန်က ပျော့ပျောင်းသော်လည်း တိုက်ပွဲတွင်းတွင် အလွန်တည်ငြိမ်သူဖြစ်သည်။ တာဝန်ပေးလိုက်လျှင်လည်း ချက်ချင်းလိုပင်သဘောပေါက်နားလည်ပြီး သူ့ဟာသူလည်း ထိုးထွင်းလုပ်ဆောင်တတ်သူဖြစ်သည်။ ကျနော်နှင့်အတူတွဲ တိုက်ခိုက်ခဲ့ရသူများ ထဲတွင် ကျနော်သဘောကျနှစ်သက်မိသော တပ်မှုးကောင်းတယောက်ဖြစ်သည်။
ဒုဗိုလ်မှုးကြီး ဟရန်သီယိုမှာ ကျနော်နှင့် အင်းစိန်တိုက်ပွဲအပြင် တခြားတိုက်ပွဲများတွင်ပါ အတူတကွ နီးနီးကပ်ကပ် ပူးတွဲဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပြီး အလွန်ရဲစွမ်းသတ္တိနှင့်ပြည့်ဝကာ ဘောလုံးကန်လည်းကောင်းသော ကျနော်၏မိတ်ဆွေရဲဘော်ကြီးဖြစ်ပါသည်။
နောက်သတိရမိသူတဦးမှာ အင်းစိန်စစ်မျက်နှာတွင် ရှေ့တန်းစစ်မြေပြင်တနေရာ၌ ရန်သူပစ်ခတ်နေသောကျည်ဆံများအောက် မိမိနှင့်အတူ အားလျားမှောက်ပြီး စစ်ရေးကိစ္စဆွေးနွေးအပြီး ကိုယ့်နေရာအသီးသီးသို့ထပြန်ရာတွင် ရန်သူ့ကျည်ဆံထိမှန်ကျဆုံးသွားရရှာသော တပ်ရင်း (၅) မှ ဗိုလ်မှုးလှသောင်း ပင်ဖြစ်ပါသည်။
ကျနော်နှင့်တိုက်ဖော်တိုက်ဖက် ရဲဘော်အတော်များများ ကွယ်လွန်ကျဆုံးကုန်ကြသော်လည်း ကျနော်မှာ ထိုသေဘေးအမျိုးမျိုးကြားမှ လွတ်မြောက်ခဲ့ပြီး ယခုအသက် ၈၅ နှစ်အထိ ကျန်းမာစွာရှိနေခြင်းမှာ ကျနော့်ကံကြမ္မာဟုပင် ပြောရမည်ထင်ပါသည်။
အင်းစိန်တိုက်ပွဲတိုက်နေရစဉ်အတွင်း အခြားအဖြစ်အပျက်များလည်း တချိန်တည်းလိုလို ပေါ်ပေါက်နေပါသည်။ ဧပြီလ(၄) ရက်မှ(၈) ရက်နေ့ အထိ ဝန်ကြီးချုပ်ဦးနုနှင့် စောဘဦးကြီးတွေ့ဆုံဆွေးနွေးနေ၍ ကျနော်တို့အင်းစိန်စစ်မျက်နှာတွင် အတိုက်အခိုက်ရပ်စဲထားရပါသည်။
ထိုအချိန်တွင် သာယာဝတီဘက်တွက်လည်း ပြည်မြို့မှကွန်မြူနစ်သူပုန်(ရဲဘော်ဖြူ)တပ်ဖွဲ့က ဥက္ကံနှင့်သာယာဝတီကို သိမ်းသည်။ နောက် သာယာဝတီနယ်ကိုကာကွယ်နေသော စစ်ရဲတပ်ရင်း(၂၁)လည်း သူပုန်တို့နှင့်ပူပေါင်းသွားသည်။
ဤတွင် ကျနော့်ဇနီးလည်း သာယာဝတီသုံးဆယ်မြို့ သူမ၏မိဘများနှင့်နေထိုင်နေရာမှ မိဘများကိုပါခေါ်ကာ သမီးနှစ်ယောက်နှင့်အတူ ကျနော်ရှိရာ မင်္ဂလာဒုံသို့ရောက်ရှိလာကြပါသည်။
သူပုန်များသိမ်းထားသော သာယာဝတီသို့ တပ်မတော်(လေ)မှ ဗိုလ်မှုးခင်ဦးဆောင်သော လေယာဉ်(၃)စီးသည် ဧပြီလ(၇) ရက်နေ့တွင် သွားရောက်ဗုံးကြဲတိုက်ခိုက်ရာ အောက်မှပြန်လည်ပစ်ခတ်သဖြင့် လေယာဉ်တွင်လိုက်ပါလာသော ဗိုလ်မှုးစိန်မှန် ကျည်သင့်၍နောက်ပိုင်းတွင် ထိုဒဏ်ရာဖြင့်ပင် ကွယ်လွန်သွားပါသည်။
၁၉၄၉ ခုနှစ်ဦးပိုင်းတွင် သာယာဝတ စစ်မျက်နှာ၊ ပဲခူးစစ်မျက်နှာတို့တွင် ကေအင်ဒီအိုတို့၏ထိုးစစ်များ နောက်ပြန်လန်သွားသော်လည်း ထိုလန်သွားသောတပ်ဖွဲ့အချို့တို့သည် ၁၉၄၉ ခု ဧပြီလတွင် တခြားသူပုန်တပ်ဖွဲ့များဖြစ်သော ကချင်တပ်ရင်း(၁)မှ တောခိုသွားသော ဗိုလ်နော်ဆိုင်းအဖွဲ့၊ မန္တလေးမေမြို့မှကရင်တပ်ရင်းများ၊ မေမြို့အချက်ပြဆက်သွယ်ရေး ဗဟိုတပ်ရင်း၊ စစ်ရဲတပ်ရင်း စသည်တို့မှ ကရင်တပ်သားများနှင့်ပေါင်းစပ်စုစည်းပြီး ကျနော်တို့၏ ရှေတန်းစခန်းဖြစ်သော ဒိုက်ဦးမြို့ကိုတိုက်ခိုက်ရာ ဧပြီလ(၂၄)ရက်နေ့တွင် ဒိုက်ဦးမြို့ ကရင်တို့လက်သို့ ကျရောက်သွားသည်။
ဒိုက်ဦးမြို့တောင်ဘက်တွင် အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်းမှ တပ်ခွဲနှစ်ခွဲ၊ အမှတ်လေး ခြေလျင်တပ်ရင်းမှ ဂေါ်ရခါးတပ်ခွဲတခွဲ၊ အမှတ် (၆)သေနတ်ကိုင်တပ်ရင်းမှ တပ်ခွဲတခွဲ စသည်တို့ရှိရာ ထိုတပ်များပါဆုတ်ခွာ၍ ဒိုက်ဦးနှင့် ဖောင်တော်သီလမ်းဆုံအကြား ရှမ်းစုရွာတွင် တပ်စွဲသည်။
ရှမ်းစုရွာသည် ရန်ကုန်မန္တလေးကားလမ်း မိုင်တိုင်(၈၁)ရှိ လမ်း၏အရှေ့ဘက်တွက်ရှိ၍ အနောက်ဘက်တွင် ညောင်ပင်သာရွာရှိသည်။ ထိုမှ မိုင်တိုင်(၇၉)တွင် ပေါက်တပင်တာဆုံခေါ် ဖောင်တော်သီလမ်းခွဲရှိရာ လမ်း၏တောင်ဘက်တွင် ဗိုလ်ကြီးရဲထွန်းဦးစီးသော ၂၅ ပေါင်ဒါ အမြောက်နှစ်လက်ပါသည့် အမြောက်တပ်ဖွဲ့ရှိသည်။
ကျနော်တို့တပ်၏ ရှမ်းစုရွာခံစစ်စခန်းကို ဧပြီလ(၂၇)ရက်နေ့တွင် ကျနော်ကိုယ်တိုင် သွားရောက်စစ်ဆေးကြည့်ရှု့သည်။ အင်းစိန်စစ်မျက်နှာမှ ထုတ်နှုတ်နိုင်သမျှအင်အားကိုလည်း ပို့ပေးခဲ့သည်။
၁၉၄၉ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ည သန်းခေါင်ကျော်တွင် ကေအင်ဒီအိုတပ်များက ရှမ်းစုရွာခံစစ်နေရာကို နောက်ဘက်မှ ဝင်ရောက်တိုက်ခိုက် စီးနင်းလိုက်သည်။ ထိုတိုက်ပွဲတွင် ခြေလျင်တပ်ရင်း(၃)မှ အရာရှိအကြပ်တပ်သား(၁ဝဝ)ခန့်ကျဆုံးပြီး ကတုတ် ဘုရားကြီးရွာသို့ ဆုတ်ခွာ ခဲ့ကြရသည်။ ထိုတိုက်ပွဲတွင် မိမိတို့တပ်ဖွဲ့ဝင်များဆုတ်ခွာနိုင်ရေးအတွက် အသေခံ၍ကာပစ်ပေးခဲ့သော တပ်သားလှသောင်းသည် “အောင်ဆန်းသူရိယ”ဘွဲ့ကို ရရှိသည်။
ထိုရှမ်းစုရွာအနီးတွင် ခြေလျင်တပ်ရင်း(၃)က ကျဆုံးသွားရသော စစ်သည်အပေါင်းအားရည်စူး၍ လွမ်းစေတီလေးတဆူ တည်ထားခဲ့ကြ ပါသည်။
ကတုတ်ဘုရားကြီးတွင် ခံစစ်စခန်းပြင်ဆင်ရာတွင် ကျနော်ကိုယ်တိုင်တက်သွားပြီး ခံစစ်ကတုတ်စခန်းများနေရာချထားမှုကို စီစဉ် ညွှန်ကြားသည်။
ကတုတ်ဘုရားကြီး၏ခံစစ်ကို နောက်ဆုံး ဂျပန်စစ်တပ်၏ခံစစ်ပြင်ပုံစနစ်ပုံစံအတိုင်း လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးအသုတ်အဖြစ် ဂျပန်မှ ပြန်လာသော ဗိုလ်မှုးတင်မောင်(မြတ်ထန်)က ဦးဆောင်ဆွေးနွေးတင်ပြသည့် ပုံစံပင်ဖြစ်သည်။ ၎င်းမှာ မိမိခံစစ်ဒေသ၏ နှုတ်ခမ်း ပတ်လည်တွင် ခံစစ်ကတုတ်များတည်ဆောက်ရုံမျှမက ခံစစ်အတွင်းပိုင်းတွင် တပ်စုလိုက်၊ တပ်ဖွဲ့လိုက်ခံစစ်ဝိုင်းကလေးများလည်း တည်ဆောက်ထားသည်။ အတွင်းသဘောမှာ ခံစစ် “တောင်း”တလုံးတွင် တောင်း၏နှုတ်ခမ်းများတွင်သာ ခံစစ်ကတုတ်များ လုပ်ထားသည်သာမက “တောင်း”ထဲတွင်လည်း ကျောက်ခဲတုံးများထည့်ထားသကဲ့သို့ ခံစစ်ဝိုင်းကလေးများဖွဲ့တည်ထားရာ နှုတ်ခမ်းကို ဖောက်ဝင်လာနိုင်သည့်တိုင် “တောင်း”ထဲတွင်ရှိသော ကျောက်ခဲတုံးများနှင့်တူသော ခံစစ်ဝိုင်းကလေးများကိုလည်း အဆင့်ဆင့်ကျော်ဖြတ် ရဦးမည်ဖြစ်၍ များစွာအကျအဆုံးများနိုင်သည်။ ဤပတ်လည်ခံစစ်တွင် ယခင်ကျနော်တို့အသုံးပြုခဲ့သော တန်းစီ၍ခံသော “မျဉ်းခံစစ်”နှင့် မတူသောအချက်များ ပိုမိုအားကောင်းသောအချက်များရှိသည်။
“မျဉ်းခံစစ်”တွင် တန်းစီ၍တပ်ဖြန့်သောကြောင့် ရန်သူသည် ခဏကလေးဖြင့် ထိုးဖောက်နိုင်သည်။ တဖန်ရန်သူသည် အလုံးအရင်းဖြင့် ကျောဘက်မှလည်း တိုက်လို့ရသည်။
ပတ်လည်ခံစစ်၏ပုံသဏ္ဍာန်မှာ အရပ်ရှစ်မျက်နှာသို့လှည့်၍ ပြင်ဆင်ထားသော “ခံစစ်ဝိုင်း”ပင်ဖြစ်သည်။ တပ်ခွဲလိုက် ထိုသို့ပြင်ဆင်ထားသော ခံစစ်ဝိုင်းတို့သည် တဦးနှင့်တဦးပစ်ခတ်မှုအကူအညီပေးနိုင်သည့်အပြင် အကယ်၍ ထိုခံစစ်ဝိုင်းတခု ရန်သူ့လက်တွင်းသို့ကျသွားစေကာမူ အခြားခံစစ်ဝိုင်းတို့က ဆက်လက်ခုခံနိုင်သည်။ တန်ပြန်ထိုးစစ်ဆင်နိုင်သည်။ ဤနည်းဖြင့် စစ်မျက်နှာ၏ ရှေ့နောက်ဝဲယာ မရှိတော့၊ တနေရာတွင် အဖောက်ခံရသဖြင့် ကျန်တပ်များဆုတ်ရခြင်း၊ နောက်ပိုင်းမှအတိုက်ခံရသဖြင့် ရှေ့ပိုင်းပြိုရခြင်းဟူသော မျဉ်းခံစစ်၏ပျော့ကွက်၊ ဟာကွက်တို့ကိုဖယ်ရှားလိုက်ခြင်းဖြစ်သည်။
ဤသည်မှာ “ပတ်လည်ခံစစ်” ၏ အားသာချက်ဖြစ်သည်။
ကတုတ်ဘုရားကြီးရွာတဝိုက်တွင် တပ်အင်အားထက်ဝက်ကျော်ကို ခံစစ်ဝိုင်း(၃)ဝိုင်းဖြန့်ထားပြီး ဘုရားကြီးရွာ၏တောင်ဘက် ကိုက်(၁ဝဝဝ) ခန့်ရှိ လက်ခုပ်ကွင်းရွာတွင် ကျန်တပ်များကို ကားလမ်းမ၏တဖက်တချက်၌ ခံစစ်ဝိုင်းတဝိုင်းစီ ချထားသည်။ အမြောက်ကို အရှေ့ဘက် ခံစစ်ဝိုင်း၌ နေရာချထားသည်။ ကရင်သူပုန်များသည် ရှမ်းစုရွာတိုက်ပွဲမှာကဲ့သို့ပင် ခံစစ်၏နောက်တန်းဖြစ်သော လက်ခုပ်ကွင်း အရှေ့ဖက် ခြမ်းကို အတင်းဖိတိုက်တော့သည်။ ရန်သူများအတင်းထိုး အတင်းဖိဝင်လာချိန်တွင် မိမိတပ်များကို အမြောက်များနှင့်အတူ ဝမ်းဘဲအင်းနှင့် ရွာအနောက်ခြမ်းသို့ဆုတ်ခွာခိုင်းပြီးမှ ထိုဆုတ်လာသော အမြောက်များ၊ စိန်ပြောင်းများအားလုံးအားစု၍ အရှေ့ခြမ်းကို ပြန်တိုက်ရသည်။
ညနေစောင်း စစ်ကူအချို့ရောက်လာကြတော့ အရှေ့ခြမ်းကို လှံစွပ်တက်ထိုးပြီး လက်ခုပ်ကွင်းရွာကို ပြန်သိမ်းပိုက်လိုက်ပါတော့သည်။ ကေအင်ဒီအိုများ အကျအဆုံးများစွာဖြင့်ဆုတ်ခွာသွားရသဖြင့် ၎င်းတို့၏တိုက်စစ်အရှိန်အဟုန်မှာ ရိုက်ချိုးခြင်းခံရသကဲ့သို့ ဖြစ်သွား ပါတော့သည်။ ထိုနေ့မှာ ၁၉၄၉ ခုနှစ် မေလ(၃) ရက်နေ့ဖြစ်ပါသည်။
ကေအင်ဒီအိုတို့၏ ထိုးစစ်အရှိန်များ ကျသွားပြီဖြစ်သော်လည်း သူတို့သိမ်းထားသောနယ်မြေများ အများအပြားကျန်နေပါသေးသည်။ တပြည်လုံးလည်း လမ်းပန်းဆက်သွယ်ရေးကအစ ပြတ်တောက်နေပါသည်။ ထို့ကြောင့် ကျနော်သည် အင်းစိန်ကို မေလ ၂၁ - ၂၂ ရက်မှာ သိမ်းပိုက်ပြီးနောက် ပဲခူးစစ်မျက်နှာသို့ ရောက်ရှိသွားပါသည်။ ပဲခူးနှင့်ရန်ကုန်အကြား မီးရထားလမ်းသည် ပြတ်နေသည်။
ကေအင်ဒီအိုသူပုန်တို့သည် ထုံးကြီးရွာကြီးနှင့် ထိုတဝိုက်ကို အခိုင်အမာတပ်စွဲထားသေးသည်။ ထိုကြောင့် ကားလမ်းမှာလည်း အန္တရာယ် မကင်းပါ။ ထို့ကြောင့် ထုံးကြီးကိုပြန်လည်သိမ်းပိုက်ရန် ပြင်ဆင်ရပါတော့သည်။
ထိုထုံးကြီးတိုက်ပွဲတွင် ပါဝင်သောတပ်များမှာ ဗမာ့သေနတ်ကိုင်တပ်ရင်း(၆)၊ ၂၅ ပေါင်ဒါအမြောက်တပ်စုနှင့် ခြေလျင်တပ်ခွဲတခွဲ သယ်ယူနိုင်သည့် ဘရင်းကယ်ရီယာသံချပ်ကာကားများ ပါဝင်သည်။
ဤထုံးကြီးတိုက်ပွဲ၏ထူးခြားချက်မှာ ကယ်ရီယာယာဉ်ခေါ်သည့် အမိုးမပါရှိသောသံချပ်ယာဉ်များကို စတင်သုံးစွဲခြင်းဖြစ်သည်။ ထို့ကြောင့် အကျအဆုံးအထိအခိုက်နည်းပါးပြီး တိုက်ပွဲမှာလည်း မြန်ဆန်ခဲ့သည်။
ထိုတိုက်ပွဲကို ကျနော်ကိုယ်တိုင်ဦးဆောင်ခဲ့သည်။ အမြောက်နှင့်မော်တာကျည်ဆံများဖောဖောသီသီသုံး၍ ရန်သူကတုတ်ကျင်းများကို ဖျက်ဆီးနိုင်ကြသည်။ ကယ်ရီယာပေါ်မှစက်သေနတ်ပစ်ခတ်မှု နောက်ကွယ်မှ ကျနော်တို့တပ်သားများ လှံစွပ်များတပ်၍ မရပ်မနား တောက်လျှောက် အပြေးချီတက်ပြီး ထိုနေရာတဝိုက်ကိုသိမ်းပိုက်ရပါသည်။ ရန်သူက လှုပ်ရှားခံစစ်အသွင်ဖြင့် ခံသည်။ သို့သော် နောက်တနေ့နံနက်စောစောတွင် ထုံးကြီးမှဆုတ်ခွာသွားပြီး စာဘူးတောင်းသို့ ဆုတ်သွားကြပါတော့သည်။
စာဘူးတောင်းရွာကြီးမှာ ရန်ကုန်-ပဲခူးအကြားရှိ လှည်းကူးမြို့အနီးတွင်တည်ရှိပြီး ထိုအချိန်က တောင်ငူ၊ အင်းစိန်၊ ပြည်၊ မြစ်ဝကျွန်းပေါ် အစရှိသောဒေသများရှိ ကေအင်ဒီအိုတို့၏ဆက်သွယ်ရေးလမ်းဆုံ၊ အရေးပါအရာရောက်လှသောအခြေခံစခန်းကြီးတခုဖြစ်ပြီး တခြားနေရာများမှဆုတ်ခွာခဲ့ကြရပြီဖြစ်သော်လည်း ထိုစခန်းကြီးမှ ကရင်သူပုန်များသည် အညံ့မခံဘဲ ကြံ့ကြံ့ခိုင်ခံနေဆဲဖြစ်သည်။
၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကျနော်ကိုယ်တိုင်ဦးစီးပြီး စာဘူးတောင်းစစ်ဆင်ရေးကို စတင်ဆင်နွှဲခဲ့သည်။ ပါဝင်ကြမည့်တပ်များမှာ ဗိုလ်မှုးစိန်ဝင်း(နောင် မဆလခေတ် ဝန်ကြီးချုပ်)၏ ခြေလျင်တပ်ရင်း(၁)၊ ဗိုလ်ချစ်မြိုင်၏ သေနတ်ကိုင်တပ်ရင်း(၃)၊ ဗိုလ်မှုးတင်မောင်၏ သေနတ်ကိုင်တပ်ရင်း(၆)၊ ဗိုလ်မှုးရော့ဒရစ်၏ ၂၅ ပေါင်ဒါအမြောက်(၈)လက်၊ ဗိုလ်ကြီးသီလှ၏ သံချပ်ကာကားတပ် (ကယ်ရီယာသံချပ်ကာ ကားများနှင့် စစ်ရဲတပ်က ပြုပြင်ထားသော ရှားမင်းအမျိုးအစား သံချပ်ကာကားကြီးတစီးနှင့် စတူးဝပ်အမျိုးအစား သံချပ်ကားငယ် ၂ စီးတို့ ပါဝင်သည်) ထို့ပြင် ဗိုလ်ကြီးတင်အောင်၏အင်ဂျင်နီယာတပ်နှင့် ဗိုလ်ကြီးထွန်းမြင့်၏ဆက်သွယ်ရေးတပ်များ ပါဝင်ကြသည်။ စစ်ဆင်ရေးမစမီ ဒီဇင်ဘာ(၁၇)နေ့တွင် ပါဝင်သည့်တပ်များအားလုံး လှည်းကူးမှာစုရုံးထားရှိသည်။
စာဘူးတောင်းရွာမှာ လှည်းကူးနှင့်ဖောင်ကြီးသွားရာလမ်း၏ ညာဘက်တွင်ရှိပြီး လှည်းကူးမှ ၇ မိုင်အကွာတွင်ရှိသည်။ ကရင်သူပုန်များသည် ထိုလမ်းတလျှောက်နှင့် ထိုတဝိုက်ရှိရွားအားလုံးပတ်ပတ်လည်တွင် ဝါးချွန်၊ ငြောင့်များကို ခြေချ၍မရအောင် စိုက်မြှုပ်ထားကြသည်။ ကျနော်တို့က ကယ်ရီယာယာဉ်ကလေးများ အတော်သုံးနိုင်၍သာ သက်သာရာရတော့သည်။ ထို့ပြင်လမ်းတလျှောက်ရှိတံတားများကိုလည်း ကရင်သူပုန်များက ဖျက်ဆီးထားပါသည်။
ကျနော်ကစစ်ဆင်ရေး မစတင်ခင်(၂)ရက်ခန့်ကြို၍ ဗိုလ်မှုးတင်မောင်ကို ခရီးတိုထိုးဖောက်တိုက်ခိုက်ခြင်းတခု ပြုလုပ်ရန် စေလွှတ်လိုက် ပါသည်။
ခရီးတိုထိုးဖောက် တိုက်ခိုက်ခြင်းဆိုသည်မှာ အကြမ်းအားဖြင့် ရန်သူ၏ရှေ့တန်းခံစစ်မျဉ်းမှဖြစ်စေ၊ ဘေးပန်းမှဖြစ်စေ၊ ရန်သူ၏ နောက်ပိုင်းသို့ တိတ်တဆိတ်ချီတက်ခြင်းဖြစ်သည်။ ရန်သူ၏နောက်ပိုင်းသို့ရောက်လျှင် အရေးကြီးသောနေရာဌာနတခုခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရန် ဖြစ်သည်။ ထိုနည်းဖြင့် ရန်သူအား ချောက်ချားသွားစေရန်နှင့် အခြေအနေယိမ်းယိုင်သွားစေရန် ရည်ရွယ်သည်။ အောင်မြင်သောအခါတို့တွင် လွန်စွာပင်ထိရောက်သော တိုက်ခိုက်နည်းဖြစ်သည်။
ထိုတပ်ခွဲသည် စစ်ဆင်ရေးမစမီ(၂) ရက်ခန့်အလိုမှစ၍ တောလမ်းခရီးမှ တိတ်တဆိတ်ချီတက်ပြီး ရန်သူ၏ရှေ့တန်းအား ပင်မအလုံးအရင်း အင်အားဖြင့်တိုက်ခိုက်သည့်အချိန်နှင့် တချိန်တည်း ရန်သူ၏နောက်ပိုင်းရှိ စာဘူးတောင်းရွာကြီးကို မော်တာဖြင့်ပစ်ခတ်တိုက်ခိုက်ရန် ဖြစ်သည်။
၁၉၄၉ ခုနှစ် ဒီဇင်ဘာ(၁၈)ရက် နံနက်စောစောတွင် ကျနော်တို့သည် လှည်းကူးမှ ဖောင်ကြီးသွားကားလမ်းအတိုင်း ချီတက်ခဲ့ကြသည်။ ရန်သူက ကာကင်းများနှင့်လက်ဖြောင့်တပ်သားများ များကို အထပ်လိုက်အဆင့်လိုက်ချထားပြီး ‘ဒု’နှင့် ခံစစ်ချထားသည်။
ကျနော်တို့တပ်သားများ ကရင်လက်ဖြောင့်တပ်သားများ လက်ချက်ကြောင့်လည်းကောင်း၊ ငြောင့်များစူးကုန်သောကြောင့်လည်ကောင်း အထိအခိုက်အကျအဆုံးများသည်။
ပျက်စီးနေသောတံတားများကို အင်ဂျင်နီယာတပ်က အပူတပြင်းပြင်ဆင်ပေးသဖြင့် ခြေလျင်တပ်များဖြတ်ကူးလာနိုင်သည်။ ကယ်ရီယာအချို့ ချောင်းအတွင်းနစ်ကုန်ကြပြီး ကယ်ရီယာပေါ်မှရဲဘော်များထိုခိုက် ကျဆုံးကုန်သည်။
ကျနော်တို့တပ်များသည်(၆) မိုင်ခန့်အထိ ကားလမ်းအတိုင်းချီတက်ရပြီး ၆ မိုင်အရောက်တွင် ရွာ၏အရှေ့ဘက်သို့ စစ်ကြောင်းတကြောင်း ခွဲလွှတ်ကာ စစ်ကြောင်းနှစ်ကြောင်းဖြင့် ပိတ်ဆို့တိုက်ခိုက်ကြပါသည်။ ခရီးတိုထိုးဖောက်တိုက်ခိုက်သွားသည့် တပ်ခွဲကလည်း စိန်ပြောင်းများနှင့် စတင်တိုက်ခိုက်ပါတော့သည်။ တင့်ကားများမှစက်သေနတ်များကလည်း ပစ်ကူပေးပါသည်။ စိန်ပြောင်းပစ်ခတ်မှုဖြင့် ခြေလျင်တပ်များ ရွာဆီကို တဖြည်းဖြည်းတိုးတက်ကြရာ ညနေ(၅)နာရီခန့်တွင် ကျနော်တို့တပ်များ ကေအင်ဒီအိုတို့၏ခံတပ်ဟု အမည်ရခဲ့သော စာဘူးတောင်းရွာကြီးတွင်းသို့ ဝင်နိုင်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် တပ်မတော်(လေ)မှ ပစ်ကူပေးခဲ့သော လေယာဉ်(၁) စီး ပျက်ကျဆုံးရှုံးခဲ့ပါသည်။
ရန်ကုန်နှင့် ပဲခူးအကြား ရန်သူရှင်းသွားပါပြီ။
0 comments:
Post a Comment