Monday, October 5, 2015

စာခြောက်ထောင်းစားသူများ ၄ (မျိုးမြင့်ချို)

0 comments
(စာခြောက်ထောင်းစားသူများ ၄)
လူလေးယောက်နေသည့်အခန်းတွင် ကိုယ်ပိုင်ပစ္စည်း ခါးဝတ်ခါးစားနှင့် ဘုံပိုင်ပစ္စည်း ပလပ်စတစ်ဇလုံတလုံးလည်းရှိ၏။ ဘုံပိုင်ဟု ပြောရခြင်းမှာ အသား ၄ တုံးနှင့်လဲပြီး ရထားသောကြောင့်ပင်။ ဇလုံမှာ အတန်ငယ်ဟောင်းနွမ်းနေပြီ။ အရောင်ပင် ပျယ်စပြုပြီ။ အထဲတွင် အရည်တခုခုရှိနေပါက လက် ၂ ဘက်ဖြင့် ရိုရိုသေသေကိုင်ကြရ၏။ ဇလုံထိမ်းကား သခင်လူငယ်။ ဇလုံ၏အတွင်းဘက်တွင် သံချွန်ဖြင့်ခြစ်ကာ စာရေးထား၏။ စာက (စောဆာဖော ကေအင်န်ယူ)ဟု ထင်၏။ ထိုဇလုံ၏ရာဇဝင်အူပေါက်ကို စီနီယာသမားသခင်လူငယ်ပင် ရေရာတပ်အပ် မပြောနိုင်။

သို့သော် ဤဇလုံဟောင်းလေးကား ကျနော်တို့ ၄ ဦးသားအဖို့တော့ ဧရာမဣစ္ဆာသရ အဖိုးထိုက် အဖိုးတန်ပစ္စည်း။ ထိုဇလုံသည် မနက်စာ စားချိန်တွင် ၄ ယောက်စာ ပဲဟင်းခွက်။ ညနေစာချိန်တွင် တာလပေါခေါ်သည့် အရွက်ပြုတ်ရည်ခွက်။ အသားစားနေ့တွင် အသားသုတ် နယ်သည့်ခွက်။ နေ့ဖို့ညစာချန်သည့်အခါ ဟင်းအုပ်ခွက်။ ဦးဇင်း ပဲထမင်းအာရုံဆွမ်း ဘုဉ်းသည့်အခါ ဆွမ်းစားခွက်။ တနင်္ဂနွေရေနွေးရသည့်အခါ ရေနွေးခွက်။ ရေချိုးချချိန် (သဘောကောင်းသည့်ဝါဒါကျလျှင်) တယောက်တလှည့် ရေချိုးခွက်။ ပုံမှန်ဆိုလျှင် ဆီးစပ်ခန့်မြင့်သည့် ကန်ဘောင်ပေါ်ခါးကုန်းပြီး ကန်ရေဖင်ကပ်ကို ပုံစံပန်းကန်ပြားနှင့် ပက်ကယ်ပက်ကယ်ခပ်ကာ အထက်တဝက်အောက်တဝက် ချိုးရ၏။

ထိုဇလုံသည် ဘုံပိုင်ဖြစ်သဖြင့် ဇလုံနှင့်ပတ်သက်လျှင် ၄ ယောက်လုံး ပြောရေးဆိုခွင့် ရှိသည်မှန်သော်လည်း ဇလုံထိမ်းသခင်လူငယ်မှတပါး အခြားသူများက ပေါ့ပေါ့တန်တန်ပင်။ သခင်လူငယ်က ဝါကြီးသူပီပီ ဇလုံနှင့်ပတ်သက်လျှင် ကြောင့်ကြစိတ်ထား၏။ ဇလုံ၏ အသုံးဝင်တန်ဖိုးကို သူတကာထက်သိသူဟု ဆိုရမည်ထင်၏။ ထိုဇလုံ အကြောင်းမဲ့ မပျက်စီးမဆုံးရှူံးရေးမူ ချထားကြောင်း အားလုံးကို အသိပေးကြေညာထား၏။ မတော်တဆ ဖိမိနင်းမိမှာအလွန်စိုး၏။ သုံးပြီးတိုင်း ဆေးကြောပြီး အခန်းထောင့်တွင် တစောင်းလေးထောင်မှီကာ ရေစစ်အခြောက်ခံထား၏။ ရေခြောက်လျှင် သူ့ပုဆိုးခါးပုံစဖြင့် တယုတယပွတ်သပ်ကာ သူ့ခေါင်းရင်းနား မှောက်ရက်ချထား၏။ “ဆီကချွဲနေတဲ့ကြားထဲ ရေစိုနေတော့ အလေးထည့်ပြီးမလိုက်ရင် လက်ထဲကချောကျပြီးလွတ်ကျရင် ကွဲမှာဗျ”ဟုဆို၏။ တပတ်တခါ လက် ၂ သစ်ခန့် ချွဲကျိကျိကင်ပွန်းသီးဆပ်ပြာတုံးလေးများ ဝေသည့်နေ့တွင် ကျနော်တို့က ကိုယ်တိုက်ဆပ်ပြာအဖြစ်သုံးသော်လည်း သခင်လူငယ်က လက်တသစ်လောက်ကို ဇလုံဆေးရန် ချန်ထားတတ်၏။ ထိုဇလုံကိုအကြောင်းခံ၍ သခင်လူငယ်နှင့်ခေါင်းဆောင်ကြီး ခွန်းကြီးခွန်းငယ်တင်မက လက်သီးလက်မောင်းတန်းသည်အထိ ပြဿနာတက်ခဲ့ဖူး၏။ ထိုးသည့်ကြိတ်သည့်အထိတော့ မရောက်လိုက်။ ပြဿနာက မျက်နှာသစ်ခြင်းမှစကာ ဒရမ်တီးခြင်း၌ ပေါက်ကွဲထွက်ခြင်းတည်း။

မနက်အိပ်ယာထချိန်တွင် ခေါင်းဆောင်ကြီးမှတပါး အခြားသုံးယောက်က သံတိုင်ကြားမှလက်ထုတ်ကာ သောက်ရေအိုးထဲမှရေကို ကိုင်းမဲ့ဒန်ခွက် အပိန်အရှူံ့လေးဖြင့်ခပ်ကာ လက်ခုပ်ဖြင့်ခံ၍ မျက်နှာကိုပွတ်ကာပွတ်ကာ သစ်ကြ၏။ မျက်နှာသုတ်ပုဝါက ပုဆိုးခါးပုံနား။ ခေါင်းဆောင်ကြီးက “ကျုပ်က မွေးကတည်းက Sink နဲ့ သစ်လာတာဆိုတော့ ခင်ဗျားတို့လို မသစ်တတ်ဘူး”ဟု ရောက်သည့်မနက်ကတည်းက စကားခံထား၏။ သူ သစ်ပုံက သောက်ရေအိုးမှရေကို ဇလုံတဝက်ခန့်အထိထည့်ပြီး သေးဂန်ဖလားပေါ် ခါးကိုင်းခေါင်းငုံ့ကာ နဖူးစပ်မှ ဖြည်းဖြည်းချင်း ရေကုန်သည်အထိလောင်းချပြီး ဇက်ပိုးတွေဘာတွေပါ တဖြပ်ဖြပ်ရိုက် တဂျွပ်ဂျွပ်ချိုး၏။

“ခေါင်းဆောင်ကြီးပြောတဲ့ ဆင့်ဆိုတာဘာလဲဗျ”ဟု မနက်မိလ္လာချချိန် ဂန်ဖလားအတွင်းပိုင်းထဲ အဝတ်စုတ်ပတ်တုတ်ဖြင့်ဆေးချရင်း သခင်လူငယ်ကမေးတော့ “ရေပိုက်ခေါင်းဖွင့်ချပြီး လက်ဆေးမျက်နှာသစ်လုပ်တဲ့ ကြွေကန်လေးပေါ့ဗျာ၊ ဒီဂန်ဖလားလောက်ရှိတယ်”ဆိုတော့ အဟဲဆိုကာ ဘာမှဆက်မပြော။ နောက်နေ့မနက်ကြတော့ “ဒါဆိုလည်း ဂန်ဖလားအသစ်တလုံးလောက်ရှာပြီး အဲ့ထဲသစ်ချပြီးရော”ဟု ခေါင်းဆောင်ကြီးအား အငေါ်တူး၏။ ခေါင်းဆောင်ကြီးက မကြည်သလို လှန်ကြည့်သော်လည်း ဘာမှတော့ပြန်မပြော။ သို့သော် သူ့မူကား မပြောင်း။ သခင်လူငယ်က ဤတွင်ရပ်မနေ။ “ခင်ဗျား အဲ့လိုသစ်တာအရေးမကြီးဘူး ကိုမျိုးမြင့် ချီးပါတုန်း ခြေနင်းတုံးချော်ပြီး ဂန်ဖလားထဲ ဖင်ထိုင်ကျတာ ၂ ခါရှိပြီ”ဟုထပ်ပြောတော့မှ ဇလုံဖြင့်မျက်နှာသစ်သည့်မူကို မပြင်သော်လည်း နောက်နေ့မှစကာ သေးခွက်အပြင်ရေမစင်ရန် သတိထားသွား၏။

ဤနေရာတွင် ခြေနင်းတုံးအကြောင်းနှင့် ဂန်ဖလားပေါ် ချီးပါနည်းကိစ္စပြောမှသင့်မည်ထင်၏။ သို့မှသာ ကျနော် ဘယ်လိုချော်ကျနှင့် ဂန်ဖလားပေါ် အတွင်းအားသုံးချီးပါနည်းအကြောင်းကို အများသူငါ ဆဝါးမိမည်ထင်၏။
(ဆက်ပါဦးမယ်)

0 comments:

Post a Comment