Tuesday, October 6, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၆)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၆)
တတိယပိုင်း
မိုးကြိုးစစ်ဆင်ရေး
၁၉၅ဝ ခုနှစ် ဇန္နဝါရီလထဲတွင် ကေအင်ဒီအိုတို့ မြို့တော် တောင်ငူကို ချီတက်သိမ်းပိုက်ရန် ပြင်ဆင်ရပါသည်။ ပါဝင်သည့်တပ်များမှာ စာဘူးတောင်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့်တပ်များအပြင် ဗိုလ်မှုးဗန်ကူးလ်၏ ချင်းသေနတ်ကိုင်တပ်ရင်း(၁)၊ ဒုဗိုလ်မှုးကြီးလျင်ချင်ဇန်၏ ချင်းသေနတ်ကိုင်တပ်ရင်း(၃)တို့ပါ ပါဝင်လာပါသည်။

ထိုစစ်ဆင်ရေးကြီးသည် ထိုအချိန်ထိ တပ်မတော်၏သမိုင်းတလျှောက်တွင် စစ်ဆင်ရေးစီမံချက်ရေးဆွဲကာ စနစ်တကျအရှိဆုံးပြုလုပ်မည့် သမရိုးကျစစ်ဆင်ရေးကြီးဖြစ်သည်။ ကျနော်ကိုယ်တိုင်ဦးစီးပြီး စစ်ဆင်ရေးစီမံချက်များရေးဆွဲရာတွင် ခြေလျင်တပ်နှင့်တင့်ကား၊ သံချပ်ကာကား ကယ်ရီတပ်များအကြား ဟန်ချက်ညီညီ ပူးပေါင်းလှုပ်ရှားမှု၊ ခြေလျင်တပ်များ ခရီးတိုချီတက်ထိုးဖောက်မှု SRP တို့ ပါဝင်သည်။ အမြောက်တပ်ကိုလည်း ကျနော်ကိုယ်တိုင် ပစ်ခတ်မှုစီမံချက် Fire Plan ရေးဆွဲပြီး ကိုယ်တိုင်ကိုင်တွယ် ညွှန်ကြားသည်။ အမြောက်တပ်အရာရှိတဦးကိုလည်း ကျနော့်အနီးမှာပင်ခေါ်ထားပြီး တိုက်ရိုက်အမိန့်ပေးညွှန်ကြားပါသည်။ ထိုအကြောင်းများကို ထိုစဉ်က အမြောက်တပ်အရာရှိတဦးဖြစ်သည့် ဗိုလ်ခင်မောင်သောင်း(မိုးမိုးတာ ရောစန်)က “မုန်တိုင်းကိုမမှု အံတုလေသော်”စာအုပ်တွင် တော်တော် ပြည့်ပြည့်စုံစုံရေးထားတာ တွေ့ရပါသည်။ သူက ထိုဆောင်းပါးများကို ၁၉၉ဝ ခုနှစ်များတွင် ရေးသားသောကြောင့်(ကျနော်က ကွန်မြူနစ်ပါတီ သို့ရောက်ရှိနေပြီဖြစ်သောကြောင့်) ကျနော့်ကို နာမည်မဖော်ပြနိုင်ဘဲ တိုင်းမှုးဟုသာရေးသားဖော်ပြထားပါသည်။ သူကကျနော့်ကို တိုင်းမှုးသည် “မဖြစ်နိုင်တာမရှိစေရ၊ လူလုပ်လျှင် ဘာမဆိုဖြစ်ရမည်”ဟူသောစိတ်ဓာတ်ဖြင့် ဇွတ်လုပ်တတ်သူဟု ရေးသားထားပါသည်။

မိုးကြိုးစစ်ဆင်ရေးကို ၁၉၅ဝ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မိုးကြိုးစစ်ဆင်ရေးကြီး စပါသည်။ ကရင်သူပုန်များသည် ထိုအချိန်က ပြွန်တန်ဆာမြို့တွင် လက်နက်ကြီးအတော်များများဖြင့် အခိုင်အမာတပ်စွဲထားကြသည်။ ကျနော်တို့က ထိုလက်နက်ကြီးများကို အမိအရ သိမ်းဆည်းနိုင်ဖို့အရေးကြီးသည်။ ထို့ကြောင့် ပြွန်တန်ဆာကို နှစ်ဘက်ညှပ်၍တိုက်ရန် စီစဉ်ရသည်။ ကျနော်က ထိုးမည့်တပ်အလုံးအရင်းကို ကားလမ်း၊ မီးရထားလမ်းအတိုင်း မြို့တောင်ဘက်မှဖိ၍တိုက်ခိုင်းသည်။ ဗိုလ်မှုးတင်မောင်၏ တပ်ရင်း(၆)ကို ရန်သူ၏ကျောနောက်ပိုင်း ပြွန်တန်ဆာနှင့် ညောင်လေးပင်အကြား ကားလမ်း၊ မီရထားလမ်းတို့ကို ပိတ်ဆို့၍တိုက်ရန် စီစဉ်သည်။

ထိုကဲ့သို့ နှစ်ဘက်ညှပ်တိုက်ရာတွင် ကျန်တပ်ဖွဲ့အသီးသီးကလည်း ဟန်ချက်ညီညီပူးပေါင်းနိုင်မှုကြောင့် ဖေဖော်ဝါရီ(၂၅)ရက် မွန်းလွဲပိုင်းတွင် ပြွန်တန်ဆာကို ကျနော်တို့တပ်များ သိမ်းပိုက်လိုက်နိုင်ပါသည်။

ရန်သူသည် အတော်ကလေး အထိနာသွားသည်။ အကျအဆုံး အထိအခိုက်များသည်။ ထို့ထက် အရေးပိုကြီးသည်မှာ သူတို့၏ သံချပ်ကာ မီးရထား၊ သံချပ်ကာကားများ၊ ၆ ပေါင်ဒါအမြောက်၊ ၃လက္မမော်တာအချို့နှင့် ခဲယမ်းမီးကျောက်များကို ဖမ်းဆီးရလိုက်မိခြင်းပင် ဖြစ်တော့ သည်။
ဤ ပြွန်တန်ဆာတိုက်ပွဲနှင့်ပတ်သက်သော စစ်သဘောတရားအချို့ကို ရေးရပါဦးမည်။

ကျနော်တို့မှာ ပြွန်တန်ဆာမြို့တွင်းရှိ ကေအင်ဒီအိုတို့၏လက်နက်ကြီးများကို သိမ်းဆည်းရနိုင်ဖို့လိုသည်။ ဤလိုစစ်ဆင်ရေးမျိုး၏သဘောမှာ စစ်ဆင်သူဘက်တွင် တပ်များအနေနှင့်တိုက်ခိုက်သိမ်းပိုက်ပြီး တပ်များစွဲမထားရသေးသော ပထမဆုံးတိုက်ပွဲဖြစ်ရာ တပ်အင်အားအလုံး အရင်း ကြီးမားစွာရှိနေသည်။ ရန်သူတို့ဘက်ကမူ တလျှောက်လုံး အဆင့်ဆင့်နေရာအနှံ့အပြား ခံစစ်တပ်စွဲထားရသဖြင့် သူ့တပ်အင်အား ကုန်ခမ်းပြီး အရံတပ်များ အလွန်အားနည်းနေသောကာလမျိုးဖြစ်ရာ ထိုးစစ်ဆင်သူဘက်က မိမိလက်ထဲရှိနေသောစစ်အင်အားကြီးဖြင့် ပထမဆုံး ရန်သူ့ရှေ့တန်းတပ်စခန်းများကို အလုံးအရင်းဖြင့်ဝိုင်းရံပိတ်ဆို့ပြီး ရန်သူ့ဘက်ကို အတော်ကြီးထိခိုက်နာကျင်သွားအောင် ချေမှုန်း တိုက်ခိုက်နိုင်ပေသည်။

ယခုတောင်ငူ “မိုးကြိုးစစ်ဆင်ရေး”တွင် ကေအင်ဒီအိုတို့၏ ရှေ့ဆုံးခံစစ်စခန်းဖြစ်သော ပြွန်တန်ဆာမြို့တိုက်ပွဲတွင် ကျနော်သည် အထက် ဖော်ပြပါစစ်သဘောတရားအတိုင်း လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ကေအင်ဒီအိုတို့၏ ပြွန်တန်ဆာမြို့ကို ကျနော်၏အင်အားကြီးမာလှသောတပ်ဖြင့် ရှေ့တည့်တည့်မှတိုက်ခိုက်ရုံမျှမက ပြွန်တန်ဆာမြို့၏ နောက်ကျောကိုပါ မိမိ၏တပ်များကထိုးဖောက်ပြီး နောက်ပိုင်းနှင့်ဘေးဘက်များကပါ လေးဘက်ဝိုင်းရံပြီးတိုက်ခိုက်ပါတော့သည်။

ကေအင်ဒီအိုတပ် အစိတ်စိတ်ပြိုကွာသွားပြီးနောက် ၎င်းတို့၏ခြေလျင်တပ်များ တယောက်စီ၊ နှစ်ယောက်စီ အစုစုကွဲပြီး ဝိုင်းထားသော စစ်မြေပြင်မှ အတော်များများလွတ်မြောက်သွားကြသည်။ ကိုယ့်တိုင်းပြည်သူအချင်းချင်းကြားဖြစ်သည့် ပြည်တွင်းစစ်ပွဲဖြစ်သဖြင့် အရောရောအနှောနှောဖြစ်ကာ အရပ်သားများနှင့်ရောထွေးလွတ်မြောက် ထွက်ပြေးသွားနိုင်ခြင် ဖြစ်ပေသည်။ သို့သော်လည်း သယ်ယူရန် ခက်ခဲသော စိန်ပြောင်း၊ မော်တာနှင့် ၆ပေါင်ဒါ ကာပစ်အမြောက် စသည်များ မီးရထား၊ သံချပ်ကာကားများ၊ ခဲယမ်းမီးကျောက် စသည့် ၎င်းတို့ထံတွင်ရှိနေသော လက်နက်ကြီးအားလုံး ကျနော်တို့ သိမ်းဆည်း ရမိလိုက်သည်။

ပြွန်တန်ဆာမြို့ဝန်းကျင်မှာ နှုတ်ခမ်းမွှေးများထွက်နေသကဲ့သို့ ကားထွက်ပြီးကျယ်ပြန့်နေသဖြင့် ကျနော်တို့တပ်များက မြို့ကိုစေ့စေ့စပ်စပ် မဝိုင်းနိုင်သဖြင့် သူတို့ခြေလျင်တပ်သားများ အတော်လွတ်မြောက်သွားရခြင်း ဖြစ်ပေသည်။
ထို့ကြောင့် တောင်ငူသို့ ချီတက်ရာလမ်းမကြီး ပွင့်သွားပါတော့သည်။

ထိုပွဲတွင် ကျနော်၏ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်ကြီးစိုးမင်းကျဆုံးသွားပါသည်။ ကျနော်ကသူ့ကို ရှေ့တန်းစစ်မြေပြင်သို့လွှတ်၍ စုံစမ်းထောက်လှမ်းရေးလုပ်ရန် စေခိုင်းခဲ့ခြင်းဖြစ်ပါသည်။ သူကလည်းနောက်တန်းရုံးတွင် မထိုင်ချင် ရှေ့တန်းသွားရန်သာတောင်းဆိုနေသဖြင့် လွှတ်လိုက်ရခြင်းဖြစ်သည်။ ဂျပန်ပြန်လေးဖြစ်၍ လူတော်လေးဖြစ်ပါသည်။ ကျနော်လည်း အတော်နှမြော စိတ်မကောင်းဖြစ်မိသည်။

ရန်သူသည် ပြွန်တန်ဆာမှဆုတ်ခွာပြီးနောက် ခုခံမှုမရှိသလောက်ပင် ဖြစ်ခဲ့သည်။ လမ်းတလျှောက်ရှိမြို့များကို တမြို့ပြီးတမြို့ ဝင်သိမ်း ကြသည်။ မြို့သူမြို့သားများလည်း ဝမ်းသာအားရထွက်ကြိုကြ၊ စားဘွယ်သောက်ဘွယ်များ ဝေငှပေးကမ်းကြပါသည်။

၁၉၅ဝ ခုနှစ် မတ်လ(၅)ရက်နေ့မှာ ကေအင်ဒီအိုများ အလုံးအရင်းနှင့်ရှိနေသေးသည်ဆိုသော “ဖြူး” မြို့သို့ ကယ်ရီယာများဖြင့် ကျနော်သည် ဗိုလ်မှုးချစ်မြိုင်၊ ဗိုလ်မှုးတင်မောင်တို့နှင့်အတူ ဝင်ရောက်သွားခဲ့ပါသည်။ မြို့သည် တစပြင်ကဲ့သို့တိတ်ဆိတ်နေပြီး အိမ်တိုင်းလည်း တခါးများ ပိတ်ထားပါသည်။ လူရိပ်လူယောင်လည်း မတွေ့ရပါ။ မကြာမီမှာပင် ဓားဒဏ်ရာများဖြင့်သေဆုံးနေကြသောအလောင်းများကို အစုလိုက် အပြုံလိုက်တွေ့ရပါတော့သည်။ ကျနော်တို့အားလုံး အကြီးအကျယ်ထိခိုက်တုန်လှုပ် သွားပါသည်။ ကရင်သူပုန်များသည် ဖြူးမှအဆုတ် မြို့သူမြို့သားများကို သတ်ဖြတ်သွားခြင်းဖြစ်ပါသည်။ ကျနော်မှတ်မိသလောက် အလောင်းပေါင်း ၂ဝဝ ကျော်ခန့်ရှိပါသည်။ ဤကိစ္စကို “မြန်မာ့အသံ”မှ ဗိုလ်ဗကိုက အသံလွှင့်ပြောကြားရာတွင်“ဤဖြစ်ရပ်ကြောင့် သင်တို့ ဗမာပြည်သူများအကြားတွင်ရပ်တည်ရန် ခက်ခဲချေပြီ”ဟု ပြောဆိုသွားခဲ့သည်။

ထို့ကြောင့် ကျနော်တို့မရပ်မနား ဆက်လက်ချီတက်ကြရာ မတ်လ ၁၉ ရက် ညနေ ၅ နာရီခန့်တွင် ရန်သူ၏ အနည်းငယ်မျှသောခုခံမှုကို တွန်းဖယ်၍ တောင်ငူမြို့ကိုသိမ်းပိုက်လိုက်ပါသည်။ ကရင်သူပုန်များ သံတောင်ဒေသသို့ဆုတ်ခွာသွားရာ မိတ္ထီလာ၌ဖမ်းမိခဲ့သော မြောက်ပိုင်း တိုင်းမှုး ဗိုလ်မှုးကြီးမောင်မောင်နှင့်အဖွဲ့ကိုလည်း ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားပါသည်။ ကျနော်တို့တောင်ငူသိမ်းပြီး တပတ်ခန့်နားကြ ပါသည်။

ဤအတွင်း ဗိုလ်ချုပ်နေဝင်း ရှေ့တန်းသို့ရောက်ရှိလာပါသည်။ သူက ဤကဲ့သို့ မျက်နှာထွက်ပြသည့်အလုပ်မျိုးကို ကောင်းကောင်းလုပ်တတ် ပါသည်။

တောင်ငူမြို့ကိုရရှိပြီးသော်လည်း မြို့၏လုံခြုံမှုအတွက် အနီးပတ်ဝန်းကျင်ကို ဆက်လက်ရှင်းလင်းရအုံးမည်။ ထို့ကြောင့် တောင်ငူတွင် တပတ်ခန့်နားပြီး ကျနော်သည် ဗိုလ်မှုးတင်မောင်နှင့် သူ၏တပ်ရင်း(၆) နှင့်အတူ သံတောင်ကားလမ်းအတိုင်း ချီတက်ကြရပြန်သည်။ အင်းတိုင်ကုန်းတွင် ကျနော်တို့၏သံချပ်ကာကားတစီး အမြောက်ထိပြီး ရပ်သွားရာ သံချပ်ကာကားကိုရော အထဲရှိရဲဘော်များကိုရော ကယ်ဆယ်ရန်ကြိုးစားရာ နောက်ထပ်ရဲဘော်များ အကျအဆုံးများလာသဖြင့် လက်လျှော့လိုက်ပြီး ညနေစောင်းလာမှ အမြောက်များ စုပစ်ပေးရာ ထိုသံချပ်ကာကားထဲမှ တဦးတည်းအသက်ရှင်ကျန်ရစ်သော ရဲဘော်တယောက် သံချပ်ကာကားအမိုးဖွင့်၍ ထွက်ပြေးလွတ် မြောက်လာပါသည်။

ကျနော်တို့အမြောက် ပစ်ပေးသည့်ရည်ရွယ်ချက်ကလည်း သံချပ်ကာကားထဲက အသက်ရှင်နေသူရှိက ထွက်လာနိုင်အောင်ပင်ဖြစ်သည်။ ထိုညက ကျနော်တို့တောင်ငူသို့ ခြေကုန်လက်ပန်းကျပြီး ပြန်လာရပါသည်။

တောင်ငူပတ်ဝန်းကျင်ကို ဆက်လက်ရှင်းလင်းရာမှာ ထန်းတပင်ဒေသစစ်ဆင်ရေးလုပ်ရန် လိုအပ်လာပါသည်။ ကျနော်ကိုယ်တိုင် ဦးစီးရန် ပြင်ဆင်ရာတွင် တောင်ငူတွင်ဖွဲ့စည်းမည့် တပ်မဟာဌာနချုပ်၏တပ်မဟာမှုးအဖြစ်ရောက်လာသော ဗိုလ်မှုးကြီးတင်ဖေ(နောင်တော်လှန်ရေး ကောင်စီဝင်ဗိုလ်မှုးချုပ်)ကလည်း လိုက်ပါလာပါသည်။

ကျနော်တို့သည် နံနက်အရုဏ်ဦးတွင် တောင်ငူမှ စတင်ထွက်ခဲ့ရာ မနက်မိုးလင်းတာနှင့် ချောင်းကလေးတခုကို ရောက်လာသည်။ ထိုချောင်းကို အင်ဂျင်နီယာတပ်က တံတားကလေးတခု အမြန်ခင်းပေးပါသည်။ ကျနော်တို့ထိုချောင်းကိုကူးအပြီး မလှမ်းမကမ်းရှိ ဒိုးသောင်ရွာကိုသိမ်းပိုက်ဖို့ ချီတက်ရန်စီစဉ်ကြပါသည်။ ထိုအတွင်းချောင်းဘေးရှိ တောင်ကုန်းကလေးတခုပေါ်မှ ရန်သူသည် မော်တာဖြင့် စထုပါတော့သည်။ အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးတင်အောင်မှာ တံတားပြင်နေရင်း မော်တာများကျလာရာ မျက်လုံးမှာဒဏ်ရာရသွား ပါတော့သည်။ နောက်တချီ မော်တာများကျလာသောအခါ သံချပ်ကာကားဘေးမှ ရှေ့ချီတက်နေသောရဲဘော်များကို မှန်ပြောင်းနှင့် ကြည့်နေမိသော ကျနော့်ကို ထိပါတော့သည်။ ကျနော့်ညာဖက်ပေါင်ကို မော်တာကျည်ဆံမှန်ခြင်းဖြစ်သည်။
ကျနော်နှင့်ဗိုလ်ကြီးတင်အောင်တို့အား ကယ်ရီယာတစီးပေါ်တင်ပေးကြပြီး တောင်ငူသို့ပြန်ပို့ပေးကြပါသည်။ ကျန်သူများက ထန်းတပင်မြို့ကို ဆက်လက်ချီတက်ကြပြီး ထိုနေ့ညနေစောင်းမှာပင် ထန်းတပင်မြို့ကို သိမ်းပိုက်လိုက်ကြပါတော့သည်။

မိုးကြိုးစစ်ဆင်ရေးကြီးလည်း ပြီးဆုံးသွားခဲ့ပေပြီ။ ဤစစ်ဆင်ရေးကြီးတလျှောက်တွင် ပြန်ကြားရေးအဖွဲ့မှ ဓာတ်ပုံဆရာကိုမျိုးမြင့်သည် ကျနော်တို့တပ်ဖွဲ့များနှင့်အတူလိုက်ပါလာပြီး ရုပ်ရှင်ရိုက်ကူးပါသည်။ ထိုရုပ်ရှင်သတင်းကားများ တပ်မတော်မော်ကွန်းတိုက်တွင်ရှိနိုင်ပါသည်။

0 comments:

Post a Comment