ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
စတုတ္ထတွဲ၊ အခန်း(၆)
သို့သော် ထိုစစ်ဆင်ရေး၏ ပထမအဆင့်မှာပင် မြန်မာတပ်များ
လက်နက်ပစ္စည်းရော၊ လူအင်အားအများအပြားပါ ကျဆုံး-ဆုံးရှုံးရပြီး ပြန်ဆုတ်ခဲ့ရပါတော့သည်။
တရုတ်ဖြူတပ်များက ကျနော်တို့တပ်များ သံလွင်မြစ်ကျော်သည်ကိုစောင့်ကြည့်နေပြီး သံလွင်မြစ်အရှေ့ဘက်ကမ်း
တလျှောက် ပေ (၅ဝဝဝ)ကျော်မြင့်သည့် တောင်ထွတ်များပေါ်က ယခင် ဂျပန်ဝင်စဉ်ကဆောက်လုပ်ထားသည့်
ခံတပ်ငယ်များမှ ခံပြီး၊ ကျနော်တို့တပ်များအကုန်နီးပါး မြစ်ကူးလာပြီးမှ သံလွင်မြစ်နှင့်ပိတ်ပြီး
အကြီးအကျယ်တိုက်ခိုက်ရာ ကျနော်တို့တပ်များ လက်နက်ကြီး အမြောက်များထားခဲ့ရပြီး မြစ်ကူး
ပြန်ပြေးခဲ့ကြရပါသည်။
ဤမျှအရေးပါသည့်စစ်ဆင်ရေးကြီး ကျနော်တို့ဘက်မှ အရေးနိမ့်သွားရသည့်အတွက်
တရုတ်ဖြူများ ပိုမိုအားတက်ကာ ခေါင်းမာစွာ ဆက်လက်လှုပ်ရှား လာပါသည်။
ထိုအတွင်းမှာပင် ပြည်သူလူထုကလည်း လှုပ်ရှားအုံကြွလာပြီး
တရုတ်ဖြူအန္တရာယ်တားဆီးရေးအတွက် တောင်းဆိုလာမှုကြောင့် ဖဆပလ အစိုးရအနေနှင့် စစ်ရေးအရအရေးယူမှုများအပြင်
သံခင်းတမန်ခင်းအဖြစ် ၁၉၅၃ ခုနှစ် ဧပြီလတွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးသို့ ကိုယ်စားလှယ်လွှတ်
တိုင်တမ်းရပါတော့သည်။ သက်သေခံအလုံအလောက်နှင့် တိုင်ကြားသည့်အတွက် နိုင်ငံအများ၏ထောက်ခံမှုကို
ရရှိခဲ့ပါသည်။
ထို့ကြောင့်ပင် ကျူးကျော်သူတပ်များ ထွက်ခွာပေးရမည်ဆိုသောဆုံးဖြတ်ချက်ကို
ကုလသမဂ္ဂဝင်နိုင်ငံပေါင်း (၆ဝ)အနက် (၅၉)မဲ ထောက်ခံချက်ဖြင့် ဆုံးဖြတ်နိုင်ခဲ့ပါသည်။
ကြားနေမဲပေးခဲ့သော တဦးတည်းသောနိုင်ငံမှာ တရုတ်ဖြူများပင် ဖြစ်ပါသည်။(ထိုစဉ်က ကုလသမဂ္ဂတွင်
တရုတ်ပြည်၏တရားဝင်ကိုယ်စားလှယ်မှာ တရုတ်ဖြူများပင် ဖြစ်နေပါသေးသည်)
ထိုစဉ်က ကျူးကျော်သူဟုဆိုရာတွင် တရုတ်ဖြူဟုနာမည်တပ်ခွင့်
မရပါ။ ”ကျူးကျော်သူ နိုင်ငံခြားတပ်များ”ဟုသာ အမည်တပ်ရပါသည်။ ကျူးကျော်သူတရုတ်ဖြူဟုဆိုလိုက်လျှင်
တရုတ်ဖြူများကို ရှုတ်ချဖို့၊ ကုလသမဂ္ဂမှထုတ်ပစ်ဖို့များအထိ အရေးယူခိုင်းလာမှုများ ဖြစ်လာနိုင်သည်ကိုကာကွယ်ရန်အတွက်နှင့်
တရုတ်ဖြူများနောက်ကွယ်ရှိ ဆရာရင်း အမေရိကန်များအထိပါ လိုက်ရှုတ်ချလာနိုင်မှုများကို ကာကွယ်ရန်တို့အတွက်ပါ
ဖြစ်ပါသည်။ ဗမာပြည်ဘက်အနေနှင့်လည်း ထွက်သွားပြီးရောသဘောထား လိုက်လျောခဲ့ကြရပါသည်။
ထိုဆုံးဖြတ်ချက်ကျပြီးနောက် အကောင်အထည်ဖော်ရန်အတွက်
မြန်မာ၊ ထိုင်း၊ အမေရိကန်၊ တရုတ်ဖြူ(၄)နိုင်ငံ စစ်ဖက်ကော်မရှင်တခုဖွဲ့ပြီး ဆောင်ရွက်ရန်စီစဉ်ကြရပါသည်။
ထိုဆွေးနွေးပွဲများကို ၁၉၅၃ ခုနှစ်၊ မေလ(၂၂)ရက်နေ့မှ စတင်၍ပြုလုပ်သော်လည်း အချိန်ဆွဲရန်သာ
ရည်ရွယ်ကြောင်းထင်ရှားလာပါသည်။ နောက်ဆုံး တရုတ်ဖြူကိုယ်စားလှယ်များက ဆုတ်ခွာရေးကို
လုံးဝငြင်းပယ်လိုက်ပါတော့သည်။
ပြည်သူလူထုက ကုလသမဂ္ဂ၏ ဆုတ်ခွာပေးရမည်ဟူသောဆုံးဖြတ်ချက်ကြောင့်
အုံကြွမှုအရှိန်ကျသွားပါသည်။ မိုးကလည်း ကျလာပါပြီ။ စစ်ရေးအရလည်း နဂါးနိုင်စစ်ဆင်ရေး
အရေးရှုံးနိမ့်မှုကြောင့် ဘာမှဆက်မလုပ်နိုင် ဖြစ်နေပါသည်။ ဖဆပလအစိုးရအနေနှင့်ကလည်း သူ၏ပင်ကိုယ်
ဖောက်ပြန်ရေးအနေအထားကြောင့် ပြည်သူလူထု လုံးဝအုံကြွလာအောင် မလုပ်ရဲပါ။ နဂါးနိုင်စစ်ဆင်ရေးရှုံးနိမ့်မှုများကို
ဖုံးဖိထားခြင်း၊ (၄)နိုင်ငံ ကော်မရှင်အစည်းအဝေးများကို တမင်သက်သက် အချိန်ဆွဲပြုလုပ်နေခြင်း
စသည့်အချက်များကို ပြည်သူလူထုကို အသိမပေးဘဲဖုံးဖိထားပါသည်။
ထိုအချိန်မှာ ကျနော်တို့နိုင်ငံ မျက်နှာအငယ်ဆုံးအချိန်
ဖြစ်ပါသည်။ တချို့နိုင်ငံကြီးများက (အထူးသဖြင့် နယ်ချဲ့နိုင်ငံများက) “ဘာကုလသမဂ္ဂ တိုင်ရမှာလည်း။
ကိုယ်မခံချင်ရင် ကိုယ့်ဟာကိုယ်တိုက်ပေါ့”ဟု ငေါ့ကြပါသည်။ “တရုတ်ကိုမနိုင်ရင် ဘာလို့လွတ်လပ်ရေး
ယူသေးလည်း။ ကျွန်းကလေး တကျွန်းပေါ်တက်နေကြပါလား”-ဟုပင် ပြောင်လှောင်ပြောဆိုခြင်း ခံလာကြရပါသည်။
အလွန်နာကြည်းဖွယ်ရာ ဖြစ်ခဲ့သည်။
0 comments:
Post a Comment