ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၄)
(ခ) အနောက်နိုင်ငံများသို့
၁၉၄၉၊ ၅ဝ-၅၁ခုနှစ်များအတွင်း ဗမာပြည်ကြီးအာ ခြိမ်းခြောက်ခဲ့သည့် ပြည်တွင်းဆူပူမှုများ အထူးသဖြင့် ကေအင်ဒီအိုတို့၏ တော်လှန်ပုန်ကန်မှုများကို ကျနော်ဦးစီးပြီး အတော်ငြိမ်သက်အောင် ဖြေရှင်းလိုက်နိုင်သည့်အတွက် ထိုကာလက ကျနော်သည် တိုင်းပြည်တွင် ထင်ရှားကျော်ကြားလာပါသည်။
ထိုစဉ်က ဗမာပြည်၏ အာဏာရ (ဖဆပလ)ဆိုရှယ်လစ်ပါတီခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းသည် ဤကျော်ကြားလာသော ကျနော်၏အခြေအနေကြောင့် ကျနော့်ကို သူ့သြဇာအောက်သိမ်းသွင်းရန် ကြံစည်စိတ်ကူးလာပါသည်။ ထို့အပြင် ထိုစဉ်က စစ်ဦးစီးချုပ် ဖြစ်နေသော ဗိုလ်ချုပ်နေဝင်းကိုလည်း သူက သိပ်မကြိုက်တော့ပေ။ ဗိုလ်နေဝင်းမှာ ဘာအရည်အချင်းမှ မရှိသည်ကိုလည်း သူကသိသည်။ ထို့အပြင် နောင်တွင် သူ့သြဇာမကိုက်ဘဲ တန်ပြန်အန္တရာယ်ပင်ဖြစ်လာနိုင်သည်ဟုလည်း ထင်မြင်နေဟန်ရှိသည်။ (ထိုကာလက ဗိုလ်နေဝင်း က အိမ်ထောင်ရှိ-ကစ်တီဘသန်း(ခင်မေသန်း)ကို ယူလိုက်သည့်အတွက် ဖဆပလအတွင်း ဗိုလ်နေဝင်းဖြုတ်ချရေးအတွက် အတော်ပြောဆို နေသော ကာလလည်းဖြစ်သည်)
ထို့ကြောင့်ပင် ဦးကျော်ငြိမ်းသည် ဗိုလ်နေဝင်းကိုဖြုတ်ပြီး ကျနော့်အားတင်မြှောက်ရန် စိတ်ကူးခဲ့ပေသည်။ သို့သော်လည်း ကျနော့်တွင် ကွန်မြူနစ်စိတ်ဓာတ် အနည်းအကျဉ်းရှိနေသည်ဟု သူကယူဆပြီး ထိုစိတ်ဓာတ်ပျောက်အောင်လုပ်ရန် ကြံစည်စိတ်ကူးလာဟန်ရှိသည်။
ထို့ကြောင့် ဦးကျော်ငြိမ်းသည် အနောက်နိုင်ငံများသို့ခရီးထွက်ရာတွင် ကျနော့်ကိုခေါ်သွားခဲ့ပါသည်။ ထိုအနောက်နိုင်ငံသွား စစ်ဖက် လေ့လာရေးခေါင်းဆောင်မှာ ဦးကျော်ငြိမ်းကိုယ်တိုင်ဖြစ်ပြီး၊ ဒုခေါင်းဆောင်မှာ ကျနော်ဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆိုရှယ်လစ်ပါတီမှ လူအများအပြားလည်း ပါဝင်ပါသည်။ ဝန်ကြီးသခင်ချစ်မောင်၊ တပ်မတော်အတွင်းမှာ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးခင်ညို၊ ဗိုလ်မှူးကြီး သိမ်းမောင်၊ ရေတပ်မှဗိုလ်မှူးတင်သိန်းလူ၊ လေတပ်မှဗိုလ်မှူးစိုးလှိုင်၊ ဗိုလ်မှူး(ပြည်)လှဖေ(အဆိုတော်) စသူများ ပါဝင်ပါသည်။
ကျနော်တို့သည် အင်္ဂလန်၊ ပြင်သစ်စသည့် ဥရောပနိုင်ငံကြီးများသာမက ဘယ်လ်ဂျီယန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ ဒိန်းမတ်စသည့် အရင်းရှင်ဒီမိုကရေစီစနစ်ဖြင့် တည်ငြိမ်အေးချမ်းပြီး၊ သာယာဝပြောချမ်းသာနေသော အရင်းရှင်နိုင်ငံငယ်ကလေးများတွင် တနင်္ဂနွေတပတ်စီမျှ လည်ပတ်ကြည့်ရှုခဲ့ပါသည်။ ထိုချမ်းသာနေသော အရင်းရှင်နိုင်ငံငယ်ကလေးများကို ကျနော့်အား တမင်ပြသခြင်းဖြစ်ပုံရပါသည်။
ထိုနိုင်ငံများတွင် သင်္ဘောကျင်းများ၊ လေ့ကျင့်ရေးကျောင်းများ၊ စစ်တက္ကသိုလ်များ၊ စစ်လေ့ကျင့်ရေးစခန်းများ၊ လက်နက်ငယ်စက်ရုံများကို လှည့်လည်ကြည့်ရှုခဲ့ရပါသည်။ ကျနော်တချို့ နိုင်ငံများသို့ရောက်စဉ် ထူးခြားသည့်ဖြစ်ရပ်များကို တွေ့ခဲ့ရပါသည်။
မိမိက နယ်ချဲ့နိုင်ငံလည်း မဖြစ်ဖူးခဲ့။ မိမိကိုယ်တိုင်လည်း ကိုလိုနီနိုင်ငံမဖြစ်ဖူးခဲ့သောနိုင်ငံများ။ ဥပမာ - ဆွစ်ဇာလန်၊ ဆွီဒင် စသည့် နိုင်ငံများမှလူများကို ဆက်ဆံရသည်မှာ အလွန်ပေါ့ပါးကောင်းမွန်ခြင်းပင် ဖြစ်ပါသည်။ ထိုသူများသည် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြင့် ကျနော်တို့ကို ကောင်းမွန်စွာတန်းတူဆက်ဆံပါသည်။ အလွန်ခင်မင်ဖွယ် ကောင်းပါသည်။ သူတို့အချင်းချင်းကြားတွင်လည်း အထက်ဆင့် အောက်ဆင့်ခွဲခြားဆက်ဆံသည့် ဗျူရိုကရက်လုပ်ဟန်များ သိပ်မတွေ့ရချေ။
နော်ဝေးနိုင်ငံတွင် တညဧည့်ခံပွဲတခု၌ ဗြိတိသျှသံမှူးတဦးက ကျနော်တို့အဖွဲ့ဝင်များနှင့် စကားပြောဆိုနေစဉ် “ခင်ဗျားတို့အထဲမှာ သစ္စာဖောက်တဦး ပါတယ်”ဟူသော သဘောပြောဆိုလိုက်တာကို ကျနော်ကြားလိုက်မိပါသည်။ ကျနော် သိပ်မသဲကွဲလိုက်ပါ။ ည တည်းခိုသည့်ဟော်တယ်ပြန်ရောက်မှ ဗိုလ်မှူးကြီးခင်ညိုကို ကျနော်အဲသလိုကြားလိုက်သည်။ ဟုတ်သလားဟု မေးမြန်းကြည့်ရာ သူက ဟုတ်ကြောင်းပြောသဖြင့် ဘယ်သူ့ကိုပြောတာလဲဟု ထမ်မံမေးမြန်းတော့၊ သူက ရယ်မောပြီး ဗိုလ်ချုပ်ကိုပြောတာပေါ့ဟု ဆိုပါသည်။ ကျနော်က ဟာ ခင်ဗျားက စောစောကပြောရောပေါ့။ ဒီလိုပြောမှန်းသိရင် ကျနော် ထပြန်မှာပေါ့ဟု ဆိုမိပါသည်။ ကျနော်တို့ ရဲဘော်သုံးကျိပ်များကို သူတို့က ဒီလိုသဘောထားပါသည်။
ဒီနိုင်ငံများကို ကျနော့်ကိုခေါ်သွားခြင်းမှာ ကွန်မြူနစ်စနစ်မှ မဟုတ်ဘဲ အရင်းရှင်ဒီမိုကရေစီအောက်မှာလည်း နိုင်ငံများ၊ ပြည်သူများ ချမ်းသာဝပြောနိုင်ကြောင်းကို ပြသရန်ရည်ရွယ်ပုံရပါသည်။
ကျနော်တို့အဖွဲ့ တလနီးပါးအချိန်ယူလေ့လာလည်ပတ်ခဲ့သည့် အဓိကနိုင်ငံမှာ ယူဂိုစလားဗီးယားဖြစ်ပါသည်။ ထိုစဉ်က ဆိုဗီယက်ရုရှား ကွန်မြူနစ်များကိုဆန့်ကျင်သဖြင့် ကမ္ဘာပေါ်တွင်ကျော်ကြားလာနေသောမာရှယ်တီးတိုးနှင့် တွေ့ဆုံရခြင်းပင်ဖြစ်ပါသည်။
မာရှယ်တီးတိုးမှာ ဖက်ဆစ်ဂျာမဏီလက်အောက်ရောက်နေသော သူ့နိုင်ငံကို ပြောက်ကျားစစ်ပွဲဆင်နွှဲပြီး တော်လှန်အောင်မြင်ခဲ့သည့် ယူဂိုစလပ် ကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင်တဦးအဖြစ် အလွန်ကျော်ကြားခဲ့သူတဦးဖြစ်ကာ ကျနော်တို့ကိုယ်တိုင်လည်း အလွန်လေးစား ကြည်ညိုခဲ့ပါသည်။ သူသည်အစောပိုင်းက ဆိုဗီယက်ယူနီယံ ရုရှားကွန်မြူနစ်များနှင့်အတူယှဉ်တွဲပြီး၊ ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ် ဂျာမန်များကိုတိုက်ခိုက်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် ရုရှားတို့နှင့်ကွဲကာ ရုရှားဆန့်ကျင်ရေးဖြစ်လာနေရာမှ နောက်ပိုင်း ကွန်မြူနစ် ဆန့်ကျင်ရေးပါ ဖြစ်လာသဖြင့် အမေရိကန်၏မြှောက်စားခြင်းကိုခံနေရချိန်ဖြစ်ပါသည်။
ကျနော်တို့သည် ယူဂိုစလပ်တွင် ရုရှားမကောင်းကြောင်း၊ ကွန်မြူနစ်ဝါဒမကောင်းကြောင်းတွေကို သူတို့ယူဂိုစလပ်များပြောသမျှကို တဝကြီ နားထောင်ခဲ့ရပါသည်။
ယူဂိုစလပ်တွင် ကျနော်တို့လှည့်လည်ကြည့်ရှုနေရင်းက တနေ့တွင် လူအုပ်ကြီးတအုပ် မာရှယ်တီးတိုးကိုချီးကျူးသြဘာပေးပြီး ကြွေးကြော် အော်ဟစ်ကာ ကျနော်တို့ ဟော်တယ်အနီးသို့ရောက်လာရာ ကျနော်တို့နှင့်အတူရှိနေသော ယူဂိုစလပ်ဗိုလ်ချုပ်က ကျနော့်အား ထိုလူအုပ်ကြီးကိုမိန့်ခွန်းပြောရန် အတင်းတိုက်တွန်းပြီး လူအုပ်ကြီးအားလည်း ဧည့်သည်ဗမာဗိုလ်ချုပ်ကမိန့်ခွန်းပြောမည်ဟု ကြေညာလိုက်ပါတော့သည်။
ကျနော်လည်း မလွဲသာတော့ဘဲ မိန့်ခွန်းတိုလေးပြောရပါသည်။ ကျနော်က မာရှယ်တီးတိုးခေါင်းဆောင်သော ယူဂိုစလပ်ပြည်သူတွေ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျာမန်ဖက်ဆစ်တို့ကို စွမ်းစွမ်းတမံ ပြန်လည်တွန်းလှန်တိုက်ခိုက်မှုကို ချီးကျူးပြောဆိုပြီး၊ ပုဂ္ဂိုလ်အရလည်း ခေါင်းဆောင်မာရှယ်တီးတိုးကို အလွန်ချီးကျူးပြောဆိုလိုက်ပါသည်။ အထူးသဖြင့် မာရှယ်တီးတိုး၏သူရသတ္တိကို ချီးကျူးပြောဆိုခြင်း ဖြစ်ပါသည်။ ဤသည်မှာ ထိုစဉ်က ၎င်းတို့လုပ်ဆောင်နေကြသော ရုရှားကွန်မြူနစ်ဆန့်ကျင်တော်လှန်နေမှုများကို ထောက်ခံချီးကျူးရာပါ ရောက်သဖြင့်တကြောင်း၊ ဘာသာပြန်သူမှာလည်း အာဝဇ္ဇန်းအလွန်ရွှင်သဖြင့်တကြောင်း လူထုကအလွန်သဘောကျသွားပြီး များစွာ သြဘာပေးပါတော့သည်။ ထိုမိန့်ခွန်းကိုလည်း ယူဂိုစလပ် စာနယ်ဇင်းများတွင် အပြည့်အစုံထည့်သွင်းဖော်ပြသည်ဟု နောက်ပိုင်းတွင် သိရပါသည်။ ထို့ကြောင့် ကျနော့်မှာ ယူဂိုစလပ်တွင်လည်း ထင်ရှားသွားပါသည်။
ကျနော့်မှာ မိမိစိတ်နှင့်ဆန့်ကျင်ဘက်များကို ပြောဆိုလုပ်ကိုင်နေရသဖြင့် အထူးသတိထားနေ နေရပါသည်။ ဦးကျော်ငြိမ်းမှာလည်း အလွန် သတိကြီး၊ ပါးနပ်သူဖြစ်ရာ ကျနော့်အကဲကို ခတ်နေ၊ လေ့လာနေသည်ထင်ပါသည်။
ကျနော်လည်း ဦးကျော်ငြိမ်းက ယူဂိုစလပ်အပေါ် ဤမျှလောက်လေးလေးစားစား ဆက်ဆံပြုမူနေမှုအပေါ် သံသယရှိလာပါသည်။ ဦးကျော်ငြိမ်းအနေဖြင့် ယူဂိုစလပ်ခေါင်းဆောင်များကို ဗမာပြည်သို့ဖိတ်ခေါ်ပြီး ဗမာပြည်တွင် ရုရှားမကောင်းကြောင်း၊ ကွန်မြူနစ်ဝါဒ မကောင်းကြောင်း၊ ကွန်မြူနစ်ဆန့်ကျင်ရေးတွေ ဝါဒဖြန့်ပြောဆိုစေလိမ့်မည်။ ထိုအရေးတွင် ကျနော့်ကိုလည်း အိမ်ရှင်အဖြစ် ယူဂိုစလပ် အဖွဲ့ကို ကြိုဆိုဧည့်ခံရာတွင်ပါဝင်စေပြီး၊ ကွန်မြူနစ်ဆန့်ကျင်ရေးတွင် ကျနော်ရောနှောပါဝင်လာစေရန် ရည်ရွယ်လုပ်ကိုင်နေသည်ဟု ကျနော် ထင်မြင်ယူဆ လာနေပါသည်။
ထို့ကြောင့် ကျနော်သည် ထိုအရေးကိုမဖြစ်စေရန်၊ အနိမ့်ဆုံး ထိုကိစ္စတွင် ကျနော်ပါဝင်ပတ်သက်ခြင်းမရှိစေရန် လုပ်ကိုင်ဆောင်ရွက်ရမည်ဟု ထင်မြင်လာပါသည်။
ထိုအတွင်း ယူဂိုစလပ်မှ လည်ပတ်ကြည့်ရှုမှုများပြီး၍ ကျနော်တို့ပြန်ခါနီးအချိန်ရောက်လာရာ၊ ဗိုလ်မှူးကြီးကျော်စိုးက ကျနော့်ထံရောက်လာပြီး စကားစမြည်ပြောရင်းက ယူဂိုစလပ်အပေါ် ကျနော့်ထင်မြင်ချက်ကိုမေးမြန်းပါတော့သည်။
ကျနော်ကလည်း ဤမေးခွန်းသည် ဦးကျော်ငြိမ်းက မေးခိုင်းတာဖြစ်ရမည်ဟု နားလည်လိုက်ပါသည်။ ထို့ကြောင့် နောက်နောင် ကျနော့်ကို ကွန်မြူနစ်ဝါဒဆန့်ကျင်ရေးတွင် အသုံးမချနိုင်ရန် အပြတ်ပြောမှကောင်းမည်ဟုယူဆပြီး၊ ကျနော်က ပြန်ပြောဆိုရာတွင် မှတ်မိသလောက်မှာ-ယူဂိုစလပ်တိုင်းပြည်သည် ကျနော်တို့တိုင်းပြည်ထက်ပင်ငယ်သည့် ဥရောပမှဆင်းရဲသည့်နိုင်ငံငယ်လေးတရပ်သာဖြစ်ကြောင်း၊ မာရှယ်တီးတိုး ၏ လက်ထက်တွင်လည်း ဘာမျှကြီးကြီးကျယ်ကျယ်တိုးတက်နေတာလည်း မတွေ့ရကြောင်း၊ ဖောက်ပြန်တဲ့အမေရိကန်နဲ့သာ ပူးပေါင်း လုပ်ကိုင်နေပြီး ရုရှားဆန့်ကျင်ရေးတွေသာပြောဟော အချိန်ကုန်နေကြတာဖြစ်ကြောင်းစတာတွေ ပြောလိုက်ပါတယ်။ ထို့ပြင် ကျနော်တို့ မတော်တဆတွေ့မြင်လိုက်ရတဲ့ ယူဂိုစလပ်စစ်ဗိုလ်တချို့ရဲ့ မဖွယ်မရာ၊ ကရော်ကမည်လှုပ်ရှားမှုများကိုလည်း ထောက်ပြလိုက်ပြီး ဤလို သေးငယ်လှသည့် ယူဂိုစလပ်လိုနိုင်ငံမှာ ကျနော်တို့ လေ့လာအတုယူစရာမရှိဟု ပြောလိုက်မိပြီး ကျနော်လေ့လာဖတ်ရှုထားရသော ယူဂိုစလပ် မကောင်းကြောင်း အချက်အလက်တွေကိုလည်း ပြောပြလိုက်မိပါသည်။
ထိုစဉ်က ဗိုလ်မှူးကြီးကျော်စိုးကိုလည်း ဆိုရှယ်လစ်ပါတီမှအမာခံလူရင်းဟု မထင်ခဲ့မိ။ မလွှဲသာ၍ ဆိုရှယ်လစ်ထဲရောနေရသည်ဟု ထင်မြင်ခဲ့ မိသည်။ နောင်မှသာ သူသည် ဆိုရှယ်လစ်လူရင်းတဦးဖြစ်ကြောင်း သိလာရပါသည်။
ဤသို့ကျနော်က ဗိုလ်မှူးကြီးကျော်စိုးကိုပြောဆိုလိုက်မှုမှာ ကျနော့်ဘဝအတွက် ကြီးစွာထိခိုက်သွားခဲ့ကြောင်းကို နောက်ပိုင်းကျမှ သိခဲ့ရ ပါသည်။ တိုင်းပြည်အတွက်ရော၊ တပ်မတော်အတွက်ပါ နစ်နာသွားခဲ့ရပါသည်။
ကျနော်၏ သဘောထားများကိုသိရှိသွားသူဦးကျော်ငြိမ်းမှာ ကျနော်သည် သာမန်လူရိုးတဦးမဟုတ်။ အတော်ခိုင်မာသောကွန်မြူနစ် တယောက်ဟု ယူဆလိုက်ပုံရပါသည်။ ကျနော့်ကို သူ့သြဇာအောက်သိမ်းသွင်းပြီး ဆိုရှယ်လစ်ပါတီဘက်ပါလာအောင် လုပ်နိုင်မည် မဟုတ်ရုံမက ကျနော့်အန္တရာယ်ပါ မြင်လာပုံရပါသည်။ ထို့ကြောင့်ကျနော့်ကို ဗိုလ်နေဝင်းထက်ပင် အန္တရာယ်များသူဟုမြင်လာပုံရပြီး ကျနော့်အပေါ် ဖိနှိပ်ရေးကို ဗိုလ်အောင်ကြီးနှင့်တတန်းတည်းဖြစ်လာကာ ကျနော်၏ရန်သူတော်ကြီး ဖြစ်သွားပါတော့သည်။ ထို့ကြောင့်ပင် နောက်ပိုင်းတွင် ကျနော့်ကို တပ်မတော်မှထုတ်ပစ်ရေးကို ဗိုလ်အောင်ကြီးနှင့်အတူ ကြိုးစားလေတော့သည်။
ကျနော်တို့ အနောက်နိုင်ငံအတော်များများကို လှည့်လည်ကြည့်ရှုပြီးနောက်၊ အထူးသဖြင့် ယူဂိုစလပ်တွင် တလနီးပါးမျှ လေ့လာ နေထိုင်ပြီး နောက် အင်္ဂလန်သို့ပြန်လာကြပါသည်။ ယူဂိုစလပ်တွင် တလလုံးလုံး ထမင်းမစားဘဲ ပေါင်မုန့်သာစားနေရရာ ကျနော်တို့ အင်္ဂလန် ရောက်သည့်နေ့တွင် ဗမာမုန့်ဟင်းခါးဆိုင်တဆိုင်ကိုရှာပြီး ဆိုင်ပိတ်ခိုင်းလိုက်ပြီး ကျနော်တို့စားချင်သည့် ဗမာအစားအစာများနှင့်ထမင်းကို အားရပါးရ ချက်ပြုတ်စားသောက်ခဲ့ကြရသည့်အဖြစ်အပျက်တခုကိုလည်း မှတ်မိနေပါသည်။
အင်္ဂလန်တွင် ဦးကျော်ငြိမ်းက တပတ်မျှ မိမိတို့ သွားချင်လည်ပတ်ချင်သည်များကို လည်ပတ်သွားရောက်ခွင့်ပြုရာ ကျနော်သည် နံနက်တွင် ပေါင်မုန့်အသားညှပ်မုန့်များဝယ်သွားပြီး၊ လန်ဒန်ပြတိုက်ကြီးထဲတွင် တနေကုန် ဗမာပြည်အကြောင်းရေးသားထားချက်များ၊ ကမ္ဘာ့စစ်ပွဲကြီးများ အကြောင်း၊ ကမ္ဘာ့စစ်သူကြီးများနှင့် နိုင်ငံရေးသုခမိန်များအကြောင်းစတာတွေကို သွားရောက်ဖတ်ရှုလေ့လာခဲ့ပါသည်။ ကျနော့်အတွက် အတော် အဖိုးတန်သောဗဟုသုတများကို လေ့လာရရှိခဲ့ပါသည်။ ဗိုလ်မှူးကြီးခင်ညိုနှင့် ကျန်အဖွဲ့ဝင်အချို့ကလည်း စကော့တလန်သို့ သွားရောက်လည်ပတ်ကြပါသည်။
အင်္ဂလန်တွင် ရေတပ်လေ့ကျင့်ရေး၊ ကမ်းရိုးတန်းကာကွယ်ရေး၊ ကမ်းတက်တပ်များ၏ ကွန်မင်ဒိုလေ့ကျင့်ရေးများကို လေ့လာခဲ့ကြပါသည်။ ထို့နောက် ကျနော်တို့ အနောက်နိုင်ငံသွားလေ့လာရေးအဖွဲ့ ဗမာပြည်သို့ ပြန်လာခဲ့ပါသည်။
ကျနော်တို့ မင်္ဂလာဒုံလေဆိပ်သို့ဆိုက်ရောက်လာသောအခါ လေယာဉ်ကွင်းတွင် လူအများအပြားလာရောက်ကြိုဆိုနေတာကို တွေ့ရပါသည်။ ကျနော်ခရီးထွက်နေစဉ်အတွင်း တပ်တွင်း၌ ဤတခေါက်ကျနော်ပြန်ရောက်လျှင် ဒု-ကာကွယ်ရေးဦးစီးချုပ်ရာထူးပေး တော့မည်ဟူသော သတင်းထွက်နေပြီး လူအများကလည်း ဒီသတင်းဟုတ်မဟုတ် မိမိကိုမေးမြန်းကြောင်း ကျနော် ပြန်ရောက်လာချိန်တွင် ကျနော့်ဇနီးက ပြောပြပါသည်။
ထိုနေ့က လာရောက်ကြိုဆိုသူများကြားတွင် စစ်ဦးစီးချုပ်ဗိုလ်နေဝင်းလည်း ပါ-ပါသည်။ သူက ကျနော့်ကို လေယာဉ်ပျံကွင်းမှ တောင်ပိုင် စစ်ဌာနချုပ်ရုံးရှိ ကပွဲခန်းမဆောင်သို့ခေါ်သွားပြီး ခရီးစဉ်အကြောင်း အသေးစိတ်မေးမြန်းပါသည်။ ကျနော်က သူနှင့်ကျနော် အပြန်အလှန် ပြောဆိုချက်များကိုမမှတ်မိတော့ပါ။ ပြောရိုးပြောစဉ်ပြောခဲ့ကြသည်ဟုသာ သဘောထားခဲ့ပါသည်။
သို့သော် ဗိုလ်နေဝင်းအတွက်သော် ထိုသို့မဟုတ်ချေ။ သူက ရာထူးတည်မြဲရေးအတွက် ပူပန်နေရသောအချိန်ဖြစ်သဖြင့်လည်းကောင်း၊ ဦးကျော်ငြိမ်းက ကျနော့်ကိုခေါ်သွားသည့်ရည်ရွယ်ချက်ကိုလည်း ရိပ်မိနေ၍လည်းကောင်း၊ ကျနော့်စိတ်ကို စမ်းသပ်ဟန်ရှိပါသည်။ ဗိုလ်နေဝင်းက ကျနော့်ကို ထိုခန်းမဆောင်တွင်းခေါ်မသွားခင် ခန်းမဆောင်အတွင်းရှိ ဇာတ်ရုံကန့်လန့်ကာနောက်တွင် ဗိုလ်ချစ်ခင် (နောင် မဆလခေတ် ထောက်လှမ်းရေးမှူး)ကို ပုန်းအောင်းနေစေပြီး ကျနော်ပြန်ပြောချက်များကို မှတ်သားစေခဲ့ပါသည်။ နောင် ဗိုလ်ချစ်ခင်က ကျနော့်ကိုပြန်ပြောပြ၍ ကျနော်သိရသည်မှာ ကျနော်က ဗိုလ်နေဝင်းကို ကျနော့်အနေနှင့် ဗိုလ်ချုပ်လက်အောက်မှာနေပြီး တပ်မတော် ကောင်းရေးအတွက်ပဲရည်ရွယ်ပါသည်။ တခြားပုဂ္ဂိုလ်ရေးရည်ရွယ်ချက် ကျနော့်မှာ မရှိပါဟုပြောလိုက်သည်တွင် ဗိုလ်နေဝင်း အတော် စိတ်သက်သာရာရသွားသည်ဟု ဆိုပါသည်။
ထို့အပြင် ထိုကာလက ဆိုရှယ်လစ်တပ်မှူးအချို့ ဗိုလ်နေဝင်းကို အိမ်ထောင်ရေးကိစ္စကိုအကြောင်းပြ၍ ဖြုတ်ပစ်ရန် ကျနော့်ကို လာဆွယ်ကြ ပါသေးသည်။ ကျနော်က နောင်လာမည့်မောင်ပုလဲ ဒိုင်းဝန်ထက်ကဲမည်ကိုမြင်သဖြင့်၊ ဒါက ကိုယ်ရေးကိုယ်တာကိစ္စပဲဗျာ။ တပ်လည်း ဘာမှ ထိခိုက်တာမဟုတ်ဘဲဟုပြောပြီး ပယ်ချလိုက်ပါသည်။
ဗိုလ်နေဝင်းသည် ကျနော်နှင့်ဆက်ဆံရာတွင် တခြားဆိုရှယ်လစ်များနှင့်မတူဘဲ၊ အတော် ထောက်ထောက်ထားထားဆက်ဆံသည်ကို တွေ့ရပါသည်။ တိုင်းပြည်တွင် စစ်ရေးစစ်ရာပြဿနာပေါ်လာပါက အချိန်မရွေးခေါ်ယူဖြေရှင်းနိုင်ရန် ကျနော့်အပေါ်အားကိုးသည့်သဘော ထားဟန်ရှိပါသည်။ ကျနော့်မှာလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာကြီးပွားလိုစိတ်၊ နေရာယူလိုစိတ်နည်းပါးမှန်းလည်း သူသိပုံရပါသည်။ ထို့အပြင် နောက်ပိုင်းကျမှ ကျနော်စဉ်းစားမိသည်မှာ ကျနော်တပ်ထဲတွင်ရှိနေသရွေ့ သူ့အတွက်လုံခြုံသလို ဖြစ်နေပါသည်။ သူ့ကို ဖဆပလထဲမှ နိုင်ငံရေးသမားအချို့က မကြိုက်နှစ်သက်ကြသော်လည်း၊ သူ့ကို ဖယ်ရှားလိုက်လျှင် ကျနော့်ကိုပဲတင်ရတော့မည်ဖြစ်သဖြင့်၊ ဒါကို ထို နိုင်ငံရေးသမားများ၊ ဆိုရှယ်လစ်များကကြိုက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် သူ့ပဲဆက်ထားရပါလိမ့်မည်။ ဤအကြောင်းများကြောင့် ကျနော့်အပေါ် ဗိုလ်နေဝင်း၏ဆက်ဆံရေးမှာ အတော်အသင့်ကောင်းမွန်ပြေပြစ်ခဲ့ဟန် ရှိပါသည်။
ဤကာလအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတခုကိုလည်း မှတ်မိနေပါသည်။ တိုင်းပြည်တွင် ထင်ရှားခဲ့သည့်ကိစ္စတခုဖြစ်ခဲ့၍လည်း ကျနော်တတ်နိုင်သမျှ ပြန်လည်စဉ်းစား ရေးသားရပါဦးမည်။
၁၉၅၂ ခုနှစ်လေက်ကပဲဟု ထင်ပါသည်။ သာယာဝတီ၊ မင်းလှမြို့တွင် ထင်ရှားသောအတိုက်အခံ (နောင်တွင် ပမညတဖြစ်လာ) ခေါင်းဆောင် တဦးဖြစ်သောဦးဘငြိမ်း ကြီးမှူးကျင်းပသောလူထုတရားပွဲကို ဗမာ့တပ်မတော်အတွင်းရှိ ဆိုရှယ်လစ်ဘက်သားစစ်ဗိုလ်တဦးအမိန့်ဖြင့် တပ်ကြပ်တပ်သားတစုက ဝင်ရောက်ရိုက်နှက်ပြီး တရားပွဲကိုဖျက်ခဲ့မှုဖြစ်ပါသည်။ ဦးဘငြိမ်းကိုယ်တိုင်ပင် ဦးခေါင်းတွင်ဒဏ်ရာရသွားပါသည်။
ထိုကိစ္စ သတင်းစာများတွင်လည်းပါလာရာ၊ ဗမာပြည်လူထုကြီးကမကျေမနပ်ဖြစ်လာပြီး ဆန့်ကျင်လှုပ်ရှားလာပါသည်။ ထို့ ကြောင့် အစိုးရက ကြေညာချက်တစောင် ထုတ်ပြန်ရပါသည်။ (မင်းလှမြို့ လူထုတရားပွဲအား ဝင်ရောက်ရိုက်နှက်သည့်ကိစ္စကို အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးအရေးယူမည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဗမာ့တပ်မတော်၊ တောင်ပိုင်းတိုင်း-တိုင်းမှူးဗိုလ်မှူးချုပ် ကျော်ဇောကို တာဝန်ပေးမည်)ဟူသော ကြေညာချက်ဖြစ်သည်။
ထိုအခါ ပြည်သူလူထုမှာလည်း ကျနော်သည် မှန်သည့်အတိုင်းလုပ်မည်ကိုယုံကြည်သဖြင့် ငြိမ်ကျသွားပါသည်။
ကျနော်၏ စုံစမ်းရေးကော်မရှင်တွင် ဗိုလ်မှူးကြီးသန်းစိန်ကိုလည်း ထည့်သွင်းထားပါသည်။ ဗိုလ်သန်းစိန်မှာ ဗမာ့တပ်မတော်ရှိ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်ဗိုလ်အောင်ကြီး၏ နောက်လိုက်လူရင်း ဆိုရှယ်လစ်ပါတီဘက်တော်သားကြီး ဖြစ်သည်။ သူ့ကိုထည့်သွင်းခြင်း၏ရည်ရွယ်ချက်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်၏လုပ်ငန်းကို ဖျက်ဆီးနှောက်ယှက်ရန် ဖြစ်ပုံရပါသည်။
ကျနော်တို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များ မင်းလှမြို့ကိုသွားပြီး စုံစမ်းစစ်ဆေးမှုကို စတင်ပါသည်။ ကျနော်တို့သည် မင်းလှတွင် ထိုတရားပွဲကိုတက်ရောက်ခဲ့သည့်သူ ၂ ဦး-၃ ဦးကို ခေါ်ယူစစ်ဆေးရာ၊ ၎င်းတို့အားလုံးက စစ်သားများ တရားပွဲကိုဝင်ရိုက်နှက်ဖြိုခွဲကြောင်း အားလုံးတသံတည်း ထွက်ဆိုကြပါသည်။
ဤတွင် ဗိုလ်မှူးကြီးသန်းစိန်က လူထုထောင်ချီရှိတဲ့တရားပွဲကို တပ်သားတဦးနှစ်ဦးက ဝင်ပြီးရိုက်ရဲပါ့မလား။ မဖြစ်နိုင်ဟု ပြောဆိုလာပါသည်။ ကျနော်သူ့ကို ဘာမျှပြန်မပြောဘဲ၊ တရားပွဲတက်ခဲ့သူများကိုစစ်ဆေးပြီးသောအခါ တရားပွဲအနီးရှိအိမ်များမှလူများကို ဆက်ပြီးစစ်ဆေး မေးမြန်းပါသည်။
ဤတွင် တရားပွဲအဝင်ဝရှိ အိမ်တအိမ်မှအမျိုးသမီးတဦးကိုစစ်ဆေးရာတွင် အရေးကြီးသောထူးခြားချက်များကို တွေ့ရပါတော့သည်။

0 comments:
Post a Comment