ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
စတုတ္ထတွဲ၊ အခန်း(၇)
မြောက်ပိုင်းတိုင်းမှူးအဖြစ် ပြောင်းရခြင်း
၁၉၅၃ ခုနှစ်၊ ဇူလိုင်လအတွင်း ကျနော့်ကို
တရုတ်ဖြူအန္တရာယ်ကို ခုခံတွန်းလှန်ရန်တာဝန်ပေးပြီး မြောက်ပိုင်းတိုင်းမှူးအဖြစ် ပြောင်းရွှေ့
ခန့်ထားလိုက်ပါသည်။ ကျနော်လည်း မင်္ဂလာဒုံတွင် တောင်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ
မြောက်ပိုင်းတိုင်းရုံးစိုက်ရာ မေမြို့သို့ ပြောင်းရွှေ့ခဲ့ရပါသည်။
ထိုအချိန်ကလမှာ ဗမာ့တပ်မတော်အတွင်း
ဆိုရှယ်လစ်တပ်မှူးများ အလွန်ခြေရှုပ်လာသောအချိန်လည်း ဖြစ်ပါသည်။ တရုတ်ဖြူအန္တရာယ်ကို ကုလသမဂ္ဂတိုင်ကြားရာတွင်လည်း
နိုင်ငံခြားတပ်များရုပ်သိမ်းပေးရမည်ဟူသောဆုံးဖြတ်ချက် ချမှတ်လိုက်နိုင်သဖြင့် တရုတ်ဖြူတပ်များကို
အလွယ်တကူမောင်းထုတ်နိုင်လိမ့်မည်ဟု ထင်ယောင်မှားခဲ့ကြပါသည်။ ထို့ကြောင့်ပင် တပ်မတော်အတွင်းရှိ
ဆိုရှယ်လစ်တပ်မှူးများက ဆိုရှယ်လစ်အမာခံတဦးဖြစ်သည့် ဗိုလ်ကျော်စိုး (နောင် မဆလခေတ်
- ပြည်ထဲရေးဝန်ကြီး)ကိုပွဲထုတ်ကာ စစ်ဆင်ရေးမှူးချုပ်ခန့်ပြီး နဂါးနိုင် စစ်ဆင်ရေးတိုက်ပွဲ
ဆင်နွှဲခဲ့ကြပါသည်။ ထိုကာလက ကုလသမဂ္ဂကဖွဲ့စည်းပေးခဲ့သည့် (၄)နိုင်ငံစစ်ကော်မရှင်တွင်လည်း
ဗိုလ်အောင်ကြီးက မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်နေပါသည်။
နဂါးနိုင်စစ်ဆင်ရေး အရေးနိမ့်သွားပြီး
(၄)နိုင်ငံစစ်ကော်မရှင်အစည်းအဝေးကလည်း တိုးတက်မှုဘာမှမရှိလာသည့်အခါကျမှ ကျနော့်ကို တာဝန်ပေးခြင်း
ဖြစ်ပါသည်။
ကျနော် မေမြို့သို့ မိသားစုအားလုံးပါခေါ်၍
မိုးတွင်းကြီးမှာ ပြောင်းရွှေ့သွားရပါသည်။ ကျနော့်အငယ်ဆုံးသားတွတ်တွတ်မှာ (၆)လ သားလေးသာ
ရှိပါသေးသည်။ သူ့ကို ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလထဲတွင် မင်္ဂလာဒုံ၌ဖွားမြင်ခြင်းဖြစ်ပါသည်။
ကျနော် မေမြို့ရောက်ပြီးမကြာမီမှာပင်
ဘန်ကောက်မြို့၌ ကျင်းပနေသည့် (၄)နိုင်ငံစစ်ကော်မရှင်ကသဘောထားတခု ရရှိလာပါသည်။ အမေရိကန်နှင့်တရုတ်ဖြူကိုယ်စားလှယ်တို့က
ဗမာပြည်တွင်းရှိ အရေးကြီးသောတရုတ်ဖြူအခြေခံစခန်းလုပ်ထားသည့် မိုင်းဆတ်၊ မိုင်းတုံ၊
မိုင်းယန်း၊ မိုင်းယောင်းတို့ကို ဗမာ့တပ်မတော်သို့လွှဲပြောင်းပေးပါမည်ဟု ဆိုလာသည်။ သို့သော်
ခေါင်းမာသော တရုတ်ဖြူအချို့လည်းရှိနိုင် သဖြင့် တိုက်ပွဲအနည်းအကျဉ်းလည်းဖြစ်နိုင်သည်ဟု
ဆိုပါသေးသည်။
ထိုအခါ အစိုးရက အထက်ပါနေရာများကို
ဝင်မည်၊ မဝင်မည်သဘောထားပေးရန် ကျနော့်ကို မေးမြန်းလာပါသည်။
မိုးတွင်း အလယ်ကြီးဖြစ်၍ အလွန်မြင့်သောတောင်တန်းများအပေါ်
ရေစီးသန်သောမြစ်ချောင်းများ ဖြတ်ချီတက်ရမည့်အရေးမှာ မလွယ်ကူ လှပါ။ တိုက်ပွဲများလည်း
ဖြစ်နိုင်သေးသည်ဟုဆိုထားသေးသည်။ သို့သော် ကျနော်သည် တပ်မှူးများနှင့်ထိုင် အသေးစိတ်ဆွေးနွေးကြည့်
ပါသည်။ ထိုအချိန်က တပ်မှာလည်း နဂါးနိုင်စစ်ဆင်ရေးရှုံးနိမ့်မှုကြောင့် စိတ်ဓာတ် တစုံတရာထိခိုက်ကျဆင်းနေပါသည်။
ကျနော်တို့ အသေးစိတ်တွက်ချက်တိုင်ပင်ပြီးနောက်
နွေဥတုတွင် ကြီးကျယ်စွာတိုက်ရသည်ထက်စာလျှင် ယခုဒုက္ခနှင့်တိုက်ပွဲကလေးများကို ရင်ဆိုင်မည်။
သတိ၊ ဝိရိယနှင့် စနစ်တကျအဆင့်ဆင့်ပြင်ဆင်ပြီး တထစ်ပြီးတထစ်ချီတက်လျှင် အကျအဆုံးနည်းစွာနှင့်
ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆပြီး ကျနော်တို့ချီတက်သိမ်းပိုက်မည်ဟု အကြောင်းပြန်ကြားလိုက်ပါသည်။
သူတို့ပြောဆိုလာသည့်ရက်ချိန်းအမီ
သိမ်းနိုင်ဖို့လည်း တပ်တွေကို ခဲရာခဲဆစ်ပြင်ဆင်ရပါသည်။ တပ်သားများ ရိက္ခာပစ္စည်းများ၊
လက်နက် ကိရိယာများ၊ ဝန်တင်လားမြင်းစသဖြင့် လိုအပ်သမျှ စုစည်းပြင်ဆင်ရပါသည်။ သံလွင်မြစ်ကို
ရေစီးအသန်ဆုံးအချိန်ဖြစ်သည့် ဝါဆို ဝါခေါင် တွင် ဖြတ်ကျော်ပြီး မိုင်းပုအောင်တွင် အားလုံးစု-ရပ်စေရပါသည်။
နောက်ဆုံး ရက်ချိန်းနီးကပ်လာစဉ်မှာပင်
ကျနော်တို့ အစောကတည်းကသံသယရှိမိသည့်အတိုင်း အမှန်ဖြစ်လာပါသည်။ တရုတ်ဖြူ ကျူးကျော်သူများက
ဗမာ့တပ်များကို သူတို့အခြေခံစခန်းများအတွင်းသို့ဝင်ခွင့်မပေးနိုင်ဟု ပြောင်ပြောင်ပင်
ငြင်းဆိုလိုက်ပါတော့သည်။ အတော်ပင် နာကြည်းခံခက်စရာ ဖြစ်ရပါသည်။
၎င်းတို့ အခြေခံကပင် ရိုးသားမှုမရှိပါ။
မိုးတွင်းကျလာအောင်အချိန်ဆွဲထားပြီး သူတို့ကန့်သတ်ပေးသည့်ရက်ချိန်းအမီ နေရာ လေးငါးနေရာကို
ဖယ်ပေးမည်။ ဝင်ရောက်နိုင်လျှင်ဝင်ယူပါဟု ဆိုလာခြင်းဖြစ်သည်။ သူတို့ရိုးသားလျှင် ထွက်ခွာသွားပေးရုံသာရှိသည်။
မိုးတွင်းကြီး ဗမာတပ်များ ဝင်လာရဲမှာမဟုတ်။ ဝင်မလာလျှင် သူတို့တာဝန်ကျေပြီဟု ဝါဒဖြန့်ရန်အတွက်သာရည်ရွယ်ရင်းဖြစ်သည်။
ကျနော်တို့ဘက်က ဘယ်လိုပဲဖြစ်ဖြစ် ဝင်မည်ဟုဆုံးဖြတ်လိုက်တော့ သူတို့ အကျပ်ရိုက်သွားပြီး
ပြောင်ပြောင်ပင် ငြင်းပယ်ရခြင်းဖြစ်ပေသည်။
ထို့ကြောင့် (၄)နိုင်ငံအစည်းအဝေးမှ
မြန်မာကိုယ်စားလှယ်အဖွဲ့နုတ်ထွက်လိုက်သဖြင့် ထိုကော်မရှင်လည်း ပျက်သွားပါတော့သည်။ ဤ
နောက်ပိုင်းတွင်လည်း တရုတ်ဖြူများဆုတ်ပေးမည်။ အပစ်အခတ်ရပ်စဲထားပါဟုဆိုလာပြီး ကလေးလူကြီး
အိမ်ထောင်သည်များကို ဆုတ်ခွာခြင်း၊ လက်နက်အညံ့စားများသာယူသွားခြင်းစသည့်လုပ်ငန်းများ
လုပ်ကြပါသေးသည်။
သို့သော် ကျနော်တို့ စိတ်မဝင်စားတော့ပါ။
တရုတ်ဖြူပြဿနာဖြေရှင်းရေးသည် မိမိတိုင်းပြည်အင်အားပေါ်တွင်သာ ရပ်တည်ရတော့မည် ဆိုသည့်သင်ခန်းစာကို
ကောင်းစွာရရှိခဲ့ပြီး ဖြစ်ပါသည်။
ထို့ကြောင့်ပင် ၁၉၅၃ခုနှစ်၊ မိုးဥတုကုန်သောအခါ
သံလွင်မြစ်အနောက်ဘက်ကမ်းရှိ တရုတ်ဖြူတပ်များကို ရှင်းလင်းတိုက်ခိုက်ပစ်ရပါသည်။ ဒီဇင်ဘာလကုန်တွင်တော့
သံလွင်အနောက်ဘက်ခြမ်းရှိတရုတ်ဖြူများကို အရှေ့ဘက်ကမ်းသို့ မောင်းထုတ်လိုက်နိုင်ပါတော့သည်။
ကျနော် ဤစာတမ်းကိုရေးနေစဉ်မှာပင် လွန်ခဲ့သည့်(၁ဝ)နှစ်ခန့်က ကျနော်ရေးခဲ့ဖူးသည့် “ဘုရင့်နောင်စစ်ဆင်ရေးမှတ်တမ်း”စာတမ်းကို
ပြန်ရှာဖွေ တွေ့ရှိခဲ့ပါသည်။ ထိုစဉ်က ကျနော်သတိရသလောက် အတော်ပြည့်စုံစွားရေးထားသည့်စာတမ်းဖြစ်သဖြင့်
ပြန်လည်ဖော်ပြလိုက်ပါသည်။
0 comments:
Post a Comment