ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၄)
တတိယပိုင်း
ဤစာရေးရင်း ဤကဲ့သို့အလားတူ ကွန်မြူနစ်ကိုဆန့်ကျင်သော်လည်း ကျနော်နှင့်မိတ်ဆွေကြီးဖြစ်နေခဲ့သောပုဂ္ဂိုလ်တဦးကို သတိရမိပါသည်။ ထိုပုဂ္ဂိုလ်မှာ ဗိုလ်မှုးကြီးချစ်မြိုင်ဖြစ်ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိပါသည်။
ထိုအင်းစိန်တိုက်ပွဲကို အပြင်းအထန်တိုက်ခိုက်နေစဉ်အတွင်း မတ်လဆန်းလောက်တွင် ထင်ပါသည်။ ကျနော်မေမြို့တွင် ချန်ထားရစ်ခဲ့သော ဇနီးသည်နှင့်သမီးငယ်တို့ ရန်ကုန်သို့ပြန်လည်ရောက်ရှိလာပါသည်။
ကျနော်မေမြို့၌ မြောက်ပိုင်းတိုင်းမှုး တာဝန်ထမ်းဆောင်နေရာမှ ဗိုလ်ချုပ်နေဝင်းက ရန်ကုန်သို့ဆင်းလာရန်ခေါ်ပြီး တောင်ပိုင်းတိုင်းမှုး တာဝန်ပေးကာ အင်းစိန်စစ်မျက်နှာကိုကြီးကြပ်ရန် စေလွှတ်လိုက်သဖြင့် သူတို့သားအမိ မေမြို့တွင်သောင်တင်ကျန်ရစ်ပါသည်။
သူတို့ကိုခေါ်ပေးရန်သွားသော ယူဘီအေလေယာဉ်မှာ မိတ္ထီလာသို့ဆင်းမိရာ ထိုနေ့နံနက်စောစောက မိတ္ထီလာကိုသိမ်းပိုက်လိုက်သော ဗိုလ်နော်ဆိုင်းဦးစီးသည့် ကရင်သောင်းကျန်းသူများက ထိုလေယာဉ်ပျံကို စီးနင်းသိမ်းပိုက်လိုက်ပါသည်။ ထိုကရင်တပ်များမှာ ပဲခူးစစ်မြေပြင်မှ ဆုတ်လာသောတပ်များ ဖြစ်ပေသည်။ ထိုနေ့မှာ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ(၂ဝ) ရက်နေ့ဖြစ်သည်။
ဗိုလ်နော်ဆိုင်းသည် ထိုလေယာဉ်ဖြင့်မေမြို့သို့သွားကာ မေမြို့အချက်ပြဆက်သွယ်ရေးတပ်ဝင်းအတွင်း ကျနော် လက်နက်ြုဖတ်ထားသော ကရင်တပ်သားများကို လက်နက်တပ်ဆင်ပေးပြီး ထိုနေ့မှာပင် မေမြို့ကိုသိမ်းလိုက်ပါသည်။
ကျနော့်ဇနီးမှာ ထိုနေ့က ရန်ကုန်ကလေယာဉ်လာခေါ်မည်ဟု အကြောင်းကြားထား၍ အထုပ်အပိုးပြင်စောင့်ဆိုင်းနေရာ ညနေစောင်းသည် အထိ လာခေါ်ခြင်းမရှိဘဲ မေမြို့ကရင်သူပုန်များလက်ကျရောက်သွားပြီဟူသော သတင်းသာရရှိလိုက်ပါတော့သည်။ ထိုညတွင်းချင်းမှာပင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရာရှိရိပ်သာတွင် ကျနော်နေရာချထားပေးသော ဗိုလ်ချုပ်စမစ်ဒွန်းက လူလွှတ်၍ သူနဲ့လာနေရန် သူတို့ သားအမိကိုလာခေါ်သဖြင့် သူတို့လိုက်သွားကြပြီး ဗိုလ်ချုပ်စမစ်ဒွန်းတို့မိသားစုနှင့် ပေါင်းနေခဲ့ကြပါသည်။ ဗိုလ်ချုပ်စမစ်ဒွန်းက ဗိုလ်ကျော်ဇောက ကျုပ်ကိုကယ်တင်စောင့်ရှောက်ခဲ့တယ်။ ဒါကြောင့်ကျုပ်ကလည်း ခင်ဗျားကိုစောင့်ရှောက်မယ်။ ကျုပ်အသက်ရှင်နေသရွေ့ ခင်ဗျားဘာမှမဖြစ်စေရဘူး စိတ်ချပါ ဟု သူ့ကိုအားပေးကြောင်း ကျနော့်ဇနီးက ကျနော့်ကို ပြန်ပြောပြပါသည်။
နောက်ရက်အချို့ကြာပြီးနောက် ဗိုလ်ချုပ်စမစ်ဒွန်းတို့မိသားစုက မြစ်ကြီးနားသို့ပြောင်းချင်ကြောင်း အကြောင်းကြားလာသဖြင့် ဗိုလ်ချုပ် စမစ်ဒွန်းမိသားစုကို မြစ်ကြီးနားသို့ပို့ပေးမည်၊ အပြန်အလှန်အားဖြင့် ဗိုလ်ကျော်ဇောမိသားစုကိုရန်ကုန်ခေါ်မည်ဟု အစိုးရနှင့်ကေအင်ဒီအိုတို့ အပေးအယူလုပ်ကာ ယူဘီအေလေယာဉ်ပျံနှစ်စီးဖြင့်စီစဉ်လိုက်မှုကြောင့် သူတို့သားအမိ ရန်ကုန်ရောက်လာခြင်းဖြစ်ပါသည်။ ကျနော်တို့လည်းထိုအချိန်ကစ၍ ဗိုလ်ချုပ်စမစ်ဒွန်းနဲ့ ကွဲသွားရာ ပြန်လည်ဆုံတွေ့နိုင်ခြင်း မရှိတော့ပေ။
ကျနော်မင်္ဂလာဒုံလေဆိပ်သို့ အကြိုလွှတ်လိုက်သော အရာရှိနှစ်ယောက်နှင့်အတူ သူတို့သားအမိရောက်လာရာ ကျနော်က ထိုအရာရှိများကို သူတို့အားတခါတည်း သုံးဆယ်မြို့ သူ့မိဘများထံပြန်ပို့ရန် စေခိုင်းလိုက်ပါသည်။ ကျနော်လည်း တဖက်တလမ်းက စိတ်အေးသွားရပါသည်။ မေမြို့ကျသွားကြောင်း ကျနော်ကြားရကတည်းက ကျနော့်ဇနီးတခုခုဖြစ်သွားက သူ့မိဘများကို ဘယ်လိုပြောရမလည်းဟုပူပန်နေမိရာ ယခုတော့ တပူအေးသွားပါတော့သည်။
ကျနော်အင်းစိန်တိုက်ပွဲအကြောင်းရေးနေစဉ် အချက်အလက်အတော်များများကို မေ့လျော့နေပြီဖြစ်၍ ကျနော်လက်ဝယ်ရှိနေသော စာအုပ် စာတမ်းများကိုလည်း မကြာခဏပြန်လည်ဖတ်ရှုရပါသည်။ ထိုအထဲက “တပ်မတော်သမိုင်း”စတုတ္ထတွဲ (၁၉၄၈-၁၉၆၂)စာအုပ်တွင် အသေးစိတ်အချက်အတော်များများ ထပ်မံတွေ့ရှိရသဖြင့် ကျနော့်ရေးသားချက်များ ပြည့်ဝပြည့်စုံသွားစေရန်အလို့ငှာ ထပ်မံဖြည့်စွက်ပြီး ကူးယူဖော်ပြလိုက်ရပါသည်။
အင်းစိန်စစ်မျက်နှာ
တပ်မတော်မှ ကရင်သေနတ်ကိုင်တပ်ရင်းများသည် ကေအင်ဒီအိုများနှင့်ပူပေါင်း၍ အတိအလင်းပုန်ကန်သဖြင့် အစိုးရက ကရင်တပ်များမှ လက်နက်သိမ်းယူရန် ၁၉၄၉ ခုနှစ် ဇန္နဝါရီလ(၃၁)နေ့တွင် အမိန့်ထုတ်ပြန်၍ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းကို စစ်ဦးစီးချုပ် ခန့်သည်။ ဇန္နဝါရီလ(၃၁)ရက်နေ့တွင်ပင် မင်္ဂလာဒုံရှိ ဆက်သွယ်ရေးတပ်ရင်း၌ ကရင်ရဲဘော်များသည် အရာရှိတဦးကိုပစ်သတ်ကာ လက်နက်များယူဆောင်၍ အင်းစိန်မြို့တွင်းသို့ဝင်သွားကြသည်။
နောက်တနေ့ဖေဖော်ဝါရီ(၁)ရက်နေ့တွင် အင်းစိန်မြို့တွင်းမှ ကေအင်ဒီအိုများ ထွက်လာသည်။ တောင်ပိုင်းစစ်ဌာနချုပ်နှင့် လေတပ်တို့မှ လက်နက်များသိမ်းဆည်းကာ အင်းစိန်သို့ပြန်သွားကြသည်။ ဤသို့ဖြင့် အင်းစိန်မှ ကေအင်ဒီအိုများသည် နိုင်ငံတော်အစိုးရနတပ်မတော်တို့ကို အတိအလင်းစိန်ခေါ်သောအပြုအမူများ လုပ်ဆောင်လာသဖြင့် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် မြောက်ပိုင်းတိုင်းမှုး ဗိုလ်မှုးကြီးကျော်ဇောသည် တောင်ပိုင်းတိုင်းမှုးတာဝန်ကို ဗိုလ်မှုးချုပ်အောင်သင်းထံမှလွှဲပြောင်းလက်ခံရယူလျက် မင်္ဂလာဒုံတဝိုက်ရှိတပ်များ၊ တပ်မှုးများနှင့် ဆွေးနွေးသည်။ ထို့နောက် ဖေဖော်ဝါရီလ(၁ဝ)ရက်နေ့တွင သမိုင်းရှိ အင်းစိန်စစ်မျက်နှာနည်းဗျူဟာဌာနချုပ်သို့ ကိုင်တိုင်လာရောက် ကွပ်ကဲသည်။ ထိုအချိန်မတိုင်မီက ဒုဗိုလ်မှုးကြီး ကြည်မောင်သည် ရန်ကုန်ပြည်ထောင်စုအရံတပ်ရင်း (ယူအေအက်ဖ်တပ်ရင်း) ကို ကွပ်ကဲလျက် သမိုင်းစစ်မျက်နှာတွင် ယာယီဦးစီးလျက်ရှိသည်။ ထိုစဉ်က ယင်းစစ်မျက်နှာတွင်ရှိသော ပြည်ထောင်စုအစိုးရတပ်ဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ရန်ကုန်ပြည်ထောင်စု အရံတပ်ရင်း (ယူအေအက်ဖ်)
၂။ အမှတ် (၁၈) ပြည်ထောင်စုစစ်ရဲ
၃။ အမှတ် (၂၁) ပြည်ထောင်စုစစ်ရဲ
၎။ အမှတ် (၁၅) ပြည်ထောင်စုစစ်ရဲ
၅။ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ရန်ကုန်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်ရင်း(၁)မှ တပ်စုနှစ်စုကို အမှတ်(၁) ခြေလျင်တပ်ရင်းမှ လက်နက်တပ်ဆင်ပေးပြီး မိမိတပ်စုတစုနှင့်ပေါင်း၍ မော်တာတပ်ဖွဲ့ပါ တပ်ခွဲအဖြစ် သမိုင်းစစ်မျက်နှာတွင်တာဝန်ပေးသည်။ အဆိုပါ တပ်ရင်း(၁)ရဲဘော်များသည် သရက်မှတောခိုသွားခဲ့သောတပ်ရင်းမှဖြစ်၍ စစ်ကြောရေးစခန်းတွင် ထိမ်းသိမ်းထားခြင်းဖြစ်ပေသည်။
၆။ အရံစစ်ရဲတပ်များ၊ စစ်ဝန်ထမ်းများ၊ ကျောင်းသားရဲခေါင်နှင့် သံမဏိတပ်များ
၇။ ချင်းသေနတ်ကိုင် တပ်ရင်း(၁)
၈။ ဖေဖော်ဝါရီလ ၆ ရက်မှ ၈ - ရက်အတွင်း မော်လမြိုင်ရှိ အမှတ်(၂) ကချင်သေနတ်ကိုင်တပ်ရင်းကို လေယာဉ်ဖြင့် အင်းစိန်စစ်မျက်နှာသို့ ပို့ပေးသည်။
၉။ အမှတ်(၁) ခြေလျင်တပ်ရင်း။ ဖေဖော်ဝါရီလ ၅ - ရက်နှင့် ၆- ရက်နေ့များတွင် အမှတ်(၄) ခြေလျင်တပ်ရင်းမှ တပ်စု(၂)စု အားဖြည့် ပေးထားသည်။
၁ဝ။ အမှတ်(၅) ဗမာ့သေနတ်ကိုင်တပ်ရင်း။ အစပိုင်းက ဗိုလ်မှုးလှသောင်း တပ်ဖွဲ့သာရှိခဲ့ပြီး ဖေဖော်ဝါရီလ ၈၊ ၉၊ ရက် နေ့များတွင် စစ်တွေရှိ တပ်ရင်းမှုးနှင့်တပ်ဖွဲ့များကို လေယာဉ်ဖြင့်ရွှေ့ပြောင်း ပေးပို့သည်။
၁၁။ အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း ဖျာပုံမှ ဖေဖော်ဝါရီ ၇ - ရက်နေ့တွင် ရန်ကုန်သို့ရောက်ရှိလာသော်လည်း နောက်တနေ့တွင် ပြည်မှဆင်းလာသော အမှတ်(၂) ကရင်တပ်ရင်းကို ဟန့်တားတိုက်ခိုက်ရန် သာယာဝတီသို့ချီတက်ရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ အင်းစိန်စစ်မျက်နှာတွင် ပါဝင်တိုက်ခိုက်နိုင်သည်။
၁၂။ ရေတပ်မှ အော်လီကွန်စက်အမြောက်နှင့် ၂၅ ပေါင်ဒါ အမြောက်တပ်ဖွဲ့။
အင်းစိန်စစ်မျက်နှာတွင် တိုက်ပွဲများ စတင်ဖြစ်ပွားသည်မှာ ထိုအချိန်ထုတ်သတင်းစာများအလိုအရ ၁၉၄၉ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့မှပင် စတင်ခဲ့ခြင်းဖြစ်ပေသည်။ ထိုနေ့တွင် ဗိုလ်မှုးစိုးရ၊ ဗိုလ်ညွန့်ဝင်း၊ ဗိုလ်စံလှဘော်နှင့်ဗိုလ်ကျော်ဒင်တို့ဦးစီးသော ပြည်ထောင်စု စစ်ရဲတပ်ရင်းသည် သမိုင်းရှိ ခဝဲခြံကိုဝိုင်းထားပြီး လက်နက်ချခိုင်းကာ ကျိုက္ကလားနှင့်အင်းစိန်လမ်းထောင့် ရထားတွဲပျက်များရှိရာနေရာအထိ တိုက်ပွဲများဖြစ်ပွားပြီး စစ်ရဲတပ်မှ နဂါး၊ သူရိယ၊ ရွှေပြည်အေး စသော သံချပ်ကာကား ၈ စီးဖြင့်တိုက်ခိုက်သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီတွင် ကရင်ကုန်း၌တိုက်ပွဲဖြစ်ပွားပြီး ကရင်တပ်များနှင့် အစိုးရအရံတပ်ဖွဲ့များ အပြင်းအထန်တိုက်ခိုက်ကြသည်။
၂ ရက်နေ့တွင် နံနက် ၇ နာရီ၌ ကြို့ကုန်းတိုက်ပွဲဖြစ်ပွားပြီး အင်းစိန်ရှိကရင်တပ်များကို တက္ကသိုလ်ဘွဲ့နှင်းသဘင်အနီး အင်းလျားကန်စောင်းမှ ၂၅ ပေါင်ဒါ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်သည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဗိုလ်မှုးလှသောင်းဦးစီးသော တပ်ရင်း(၅) သည် စော်ဘွားကြီးကုန်းနှင့်ပြည်လမ်းဆုံရှိတောင်ကုန်းကို ရယူတိုက်ခိုက်အောင်မြင်သည်။ ၁၁ ရက်နေ့တွင်မူ ခဝဲခြံကိုသိမ်းယူရရှိသည်။
၁၃ ရက်နေ့ နံနက် ၅ နာရီခွဲတွင် အစိုးရတပ်များသည် သမိုင်းတဝိုက်ထိုးစစ်ဆင်ရာ ရန်ကုန် ပြည်ထောင်စုအရံတပ်ရင်းက ဦးသော် ပန်းကန်စက်ကိုသိမ်းပိုက်ပြီး ချင်းတပ်ရင်း(၁) က ပြည်ထောင်စုအရံတပ်ရင်း၏ညာတောင်ပံဖြစ်သောနေရာကို သိမ်းယူလျက် ချင်းတပ်ရင်း(၁) ၏ ညာတောင်ပံရှိ အိမ်ဝါကြီးကို ကချင်တပ်ရင်း(၂) က သိမ်းပိုက်သည်။ ခြေလျင်တပ်ရင်း(၄) က ကချင်တပ်ရင်း(၂)၏ အရှေ့ဘက် မျက်နှာစာ ဒေသကို သိမ်းယူသည်။
ကြို့ကုန်းစစ်မျက်နှာတွင်လည်း တပ်ရင်း(၅) နှင့် ကရင်တပ်များ ပစ်ခတ်တိုက်ခိုက်ကြပြီး ကေအင်ဒီအို ၃ဝ ခန့်သည် ဝါးကင်းကုန်းသို့ ဆုတ်ခွာသည်။ အင်းစိန်တိုက်ပွဲတွင် အစပိုင်း၌ အရံတပ်ရင်း၊ စစ်ရဲ စသည်တို့ဖြင့်တိုက်ခိုက်နေရာမှ တပ်မတော်ပုံမှန်တပ်ရင်းများ ပါဝင်လာကြောင်း တွေ့ရလေသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရော်ဘာခြံတိုက်ပွဲ၊ ၁၅ ရက်နေ့တွင် စောဘင်ဆင်ခြံတိုက်ပွဲများဖြစ်ပွားပြီး ကရင်တပ်များသည် ဦးစက္ကိန် ဘုန်းကြီးကျောင်းကိုပင်မအခြေခံပြု အလုံးအရင်းနှင့်ခံနေသည်။ ဦးစက္ကိန်ကျောင်းတည်နေပုံမှာ စနစ်တကျဆောက်လုပ်ထားသော ခံတပ်နှင့်တူသည်။ ကျောင်းသည် တောင်ကုန်းအမြင့်ပေါ်တွင်တည်ရှိ၍ ပတ်ပတ်လည်တွင် တိုက်ကျောင်းများရှိပြီး ယင်းတိုက်ကျောင်းများ ကိုလည်း သစ်ပင်များကအုပ်မိုးထားသည်။ ချဉ်းကပ်လာသမျှရန်သူကို ကုန်းမြင့်ပေါ်မှ အပေါ်စီးပစ်ခတ်တိုက်ခိုက်နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အင်အား ၁ဝဝ ကျော်ရှိ တပ်ရင်း ၅ တပ်ဖွဲ့သည် အကျပ်အတည်းတွေ့နေရသည်။
ဤတွင် ချင်းတပ်ရင်းက ဗိုလ်တိုက်ချွန်းနှင့် ရဲဘော် ၄ ဦး တို့သည် ယခုစက်မှုတက္ကသိုလ်ဝင်းတည်ရာ ဝါးတောမှချဉ်းကပ်၍ ကျောင်းတွင်းသို့ ဝင်ရောက်ကာ စတင်း၊ ဘရင်းများနှင့် လျှပ်တပြတ်တိုက်ခိုက်သိမ်းပိုက်ရသည်။ ဦးစက္ကိန်ကျောင်းမှဆုတ်ခွာသွားသော ကေအင်ဒီအိုတို့သည် သံဆူးကြိုးဝင်းခတ်ထား၍ မြေကတုတ်ကျင်းများ သစ်ပင်အုပ်များရှိလင့်စင်များနှင့် အခိုင်အမာရှိနေသော ပြည်သူ့လုပ်ငန်းဘန်ဂလိုတွင် တပ်စခန်းချသည်။ သို့ဖြစ်၍ ဝင်ရောက်တိုက်ခိုက်သော တပ်မတော်ဘက်မှ အထိအခိုက်များပြားနေသည်။ ဤတွင် ဗိုလ်တိုက်ချွန်းနှင့်ရဲဘော် ၅ ဦးက ညတစ်နာရီတွင် သံဆူးကြိုးကို တိတ်တဆိတ်ဖြတ်၍ ဝင်ရောက်တိုက်ခိုက်သည်။ ပစ်ခတ်သံများ ကြားရချိန်တွင် နောက်မှတပ်ဖွဲ့များ ဝင်ရောက်လိုက်ပါပြီးတိုက်ခိုက်ရာ ရန်သူများထွက်ပြေးကြသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တပ်ရင်း(၅) သည် အထိအခိုက်အကျအဆး များစွာဖြင့် မင်းဓမ္မကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
သာယာဝတီ ဝက်ကော်တိုက်ပွဲတွင် ကရင်တပ်ရင်း(၂) ၏ထိုးစစ်ကို အောင်မြင်စွာ ရိုက်ချိုးခဲ့သော အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်းသည် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အင်းစိန်စစ်မျက်နှာ၌ပါဝင်လာကာ ၁၉ ရက်နေ့ နေ့တစ်နာရီတွင် အငိုက်ဖမ်း၍ ကြို့ကုန်းတိုက်ပွဲဆင်နွှဲသည်။ ထိုစဉ်က အင်းစိန်စစ်မျက်နှာတွင် အာရုဏ်ဦးတိုက်ပွဲများသာ ဆင်နွှဲလေ့ရှိကြပြီး နေ့လည် နေ့ခင်းတွင် နားနေလျက် လက်ဖြောင့်တပ်သားများ၏ပစ်ခတ်မှုများသာ ရှိတတ်သည်။ ဤသို့သော အခြေအနေကို တပ်ရင်း(၃) တပ်ရင်းမှုး ဒုဗိုလ်မှုးကြီးချစ်မြိုင်ကသုံးသပ်၍ တိုက်ခိုက်ခြင်းဖြစ်ပေသည်။ တိုက်ခိုက်ရာတွင်လည်း တပ်ရင်း(၃) ကအင်းစိန်လမ်းမကြီး၏ အနောက်ဘက် ခြမ်းကိုလည်းကောင်း၊ တပ်ရင်း(၁) တပ်ခွဲနှင့် အမှတ်(၁) ခြေလျင်တပ်ရင်းတပ်ခွဲတို့က တပ်ရင်း(၃)၏ ညာတောင်ပံ လမ်းမအရှေ့ဘက်ခြမ်းကို လည်းကောင်း တိုက်ခိုက်ခဲ့ရာ ရန်သူတို့မမျှောင်လင့်ထားသောအချိန်ဖြစ်၍ တနာရီအတွင်း ရည်မှန်းချက်များကိုသိမ်းပိုက်နိုင်ခဲ့သည်။
ဖေဖော်ဝါရီလ(၂၈) ရက်နေ့တွင် တပ်ရင်း(၅)သည် ပွိုင့် ဝမ်းဝမ်းတူးတောင်ကုန်းရှေ့ရှိ တောင်ကုန်းငယ်ကို တိုက်ခိုက်သိမ်းပိုက်ရာ ဗိုလ်မှုးလှသောင်းအပါအဝင် အရာရှိအရာခံ အကြပ်တပ်သား ၈ဝ ခန့် ကျဆုံး၍ ၁၂ဝ မျှ ဒဏ်ရာရခဲ့ခြင်းကြောင့် တပ်ခွဲနှစ်ခွဲစာအင်အား လျော့နည်းသွားခဲ့သည်။ (မှတ်ချက်။ ထိုတိုက်ပွဲအသေးစိတ်ကို ကျနော်ရှေ့ပိုင်းတွင် ရေးသားခဲ့ပြီးဖြစ်ပါသည်။) သို့ဖြစ်၍ ပွိုင့် ဝမ်းဝမ်းတူး ရန်သူစခန်းကိုသိမ်းပိုက်ရန်တာဝန်ကို တပ်ရင်း(၃) က လွှဲပြောင်းယူခဲ့ရသည်။
ထိုအချိန်က ဦးစက္ကိန်ကျောင်းတွင် ဗမာ့တပ်မတော် ချင်းတပ်ရင်း(၁)က လည်းကောင်း၊ နထိုးကုန်းနှင့် မင်းဓမ္မတောင်ကုန်းတို့တွင် တပ်ရင်း(၅) က လည်းကောင်း တပ်စွဲထားပြီးဖြစ်သည်။ တပ်ရင်း(၅)တွင် အမှတ် ၁၆ ပြည်ထောင်စုစစ်ရဲတပ်မှ တပ်အချို့လည်းပါရှိသည်။ မင်းဓမ္မကုန်းမှ မြေပြင်သည် မတ်စောက်ဆင်းသွားပြီး လျှိုတခုဖြစ်ပေါ်စေကာ ထိုမှတဖန် ဝမ်းဝမ်းတူးတောင်ပေါ်သို့ မတ်စောက်စွာ တက်သွားပြန်သည်။ သို့ဖြစ်လေရာ ပွိုင့် ဝမ်းဝမ်းတူးရန်သူ့စခန်းကိုတိုက်ခိုက်ရန်မှာ အမြင့်ရှိရန်သူကို အောက်မှဆန်၍တိုက်ရမည်ဖြစ်သည်။ ဤတွင် တပ်ရင်း(၃) တပ်ရင်းမှုး ဒုဗိုလ်မှုးကြီးချစ်မြိုင်သည် ဗိုလ်လှမောင်ဦးစီးသောကွန်မန်ဒိုတပ်စု၊ ဗိုလ်ကြီးစိန်မြဦးစီးသော ကွန်မန်ဒိုတပ်ခွဲ၊ ဗိုလ်ကြီးမောင်ကျော် ဦးစီးသော နောက်ရံတပ်ခွဲ၊ ဗိုလ်ထွန်းလှဦးစီးသော စိန်ပြောင်းတပ်ခွဲများ ဖွဲ့စည်းလေ့ကျင့်ပေးသည်။
၁၉၄၉ ခုနှစ် မတ်လ ၉ ရက်နေ့ နံနက် ၂ နာရီခွဲတွင် ရည်မှန်းချက်(၁)အဖြစ် သတ်မှတ်ထားသော ပွိုင့် ဝမ်းဝမ်းတူး ဘယ်တောင်ပံကို ကွန်မန်ဒိုတပ်စုက ဝင်ရောက်တိုက်ခိုက်ရာ မိနစ်ပိုင်းအတွင်းမှာပင်သိမ်းပိုက်ရမိသည်။ ရည်မှန်းချက်(၁)ကို သိမ်းပိုက်ပြီးကြောင်း သတင်းပို့ချိန်တွင် စိန်ပြောင်းတပ်ခွဲက ရည်မှန်းချက်(၂)အဖြစ် သတ်မှတ်ထားရာသို့ မော်တာ ၁ဝ လက်ဖြင့် ဆက်တိုက်ပစ်ခတ်သည်။
သိမ်းပိုက်ပြီးဖြစ်သော ရည်မှန်းချက်(၁) နှင့် ရည်မှန်းချက်(၂)တို့မှာ ကိုက် ၅ဝ ခန့်သာကွာဝေး၍ မိမိတပ်များတွင်လည်း အထိအခိုက်ရှိခဲ့သည်။ မော်တာအပစ်ရပ်လျှင် ကွန်မန်ဒိုတပ်ခွဲမှ တပ်စုတစုက ရည်မှန်းချက်(၂)အား တိုက်ခိုက်သိမ်းပိုက်သည်။ ထို့နောက် စိန်ပြောင်းတပ်ခွဲက ရည်မှန်းချက်(၃)နေရာသို့ပစ်ခတ်ပြီး တက်ရောက်သိမ်းပိုက်သည်။ ထိုတိုက်ပွဲတွင် တပ်မတော်မှ စတီးဝပ်တင့်ကားတစီး ပါဝင်ခဲ့သည်။
စစ်ဆင်ရေးအစီအစဉ်တွင် တပ်ရင်း(၃) က ပွိုင့်ဝမ်းဝမ်းတူးအားတိုက်ခိုက်၍ ရန်သူအခြေပျက်ချိန်တွင် ပွိုင့်ဝမ်းဝမ်းတူး၏အရှေ့မြောက်ဘက် အုန်းပင်စုကို အမှတ်(၁၆) ပြည်ထောင်စုစစ်ရဲကလည်းကောင်း၊ စော်ဘွားကြီးကုန်းရှိ အင်္ဂလိပ်သင်္ချိင်းကို ကချင်တပ်ရင်း(၂)က လည်းကောင်း တိုက်ခိုက်ရန်ဖြစ်သော်လည်း ထိုတပ်များတိုက်ခိုက်မှုနောက်ကျ၍ ထိုနေရာများမှ ရန်သူများပစ်ခတ်ခြင်းခံရသော တပ်ရင်း(၃)တွင် အထိအခိုက်များခဲ့သည်။
သို့ဖြင့် မတ်လတလလုံး တိုက်ပွဲများဖြစ်ပွားပြီး ဧပြီလ ၄ ရက်နေ့တွင် စောဘဦးကြီးနှင့်အဖွဲ့က အစိုးရနှင့်ဆွေးနွေးရန် အင်းစိန်မှထွက်လာပြီး ဧပြီလ ၅ ရက်မှ ၈ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကာဆွေးနွေးကြသည်။ သို့ရာတွင် မအောင်မြင်၍ ဧပြီလ ၈ ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲများပြန်လည်စတင် ဖြစ်ပွားသည်။ ဧပြီလ ၂၉ ရက်နေ့တွင် တပ်မတော်လေက အင်းစိန်အစိုးရအထက်တန်းကျောင်းနယ်မြေ၊ အင်းစိန်ထောင်၏ တောင်ဘက်နယ်မြေများကို ဗုံးကြဲတိုက်ခိုက်ပြီး မေယုစစ်သင်္ဘောမှလည်း စက်မှုကျောင်းနယ်မြေ၊ ကမ်းနားဆန်စက်များ နယ်မြေတို့ကို အမြောက်ဖြင့်ပစ်ခတ်တိုက်ခိုက်သည်။ ၁၄ ရက်မှ ၁၆ ရက်နေ့အတွင်း တပ်မတော်က တိရိစ္ဆာန်ဆေးကုသရေးသိပ္ပံကျောင်းကို တိုက်ခိုက်သိမ်းပိုက်ရရှိသည်။ မေလတွင် ချင်းတပ်ရင်း(၁) နှင့် (၂)တို့သည် မင်္ဂလာဒုံဘက်မှ စဥ့်ကူး၊ ဖော့ကန်၊ အောင်ဆန်းတို့ကို သိမ်းပိုက် လာခဲ့ရာ မေလ ၂၁ ရက်နေ့တွင် အောင်ဆန်းမြို့အလွန် စွပ်ကျယ်စက်ရှိ ကေအင်ဒီအိုများကိုတိုက်ခိုက်၍ စွပ်ကျယ်စက်ကိုရရှိသည်။ သို့ဖြင့် ၁၉၄၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် အင်းစိန်မြို့ကို တပ်မတော်ကအပြီးအပိုင်သိမ်းပိုက် နိုင်ခဲ့ပေသည်။
ဤသည်တို့မှာ တပ်မတော်သမိုင်း စတုတ္ထတွဲ စာအုပ်မှ ကူယူဖော်ပြချက် အဓိကဖြစ်ပါသည်။
0 comments:
Post a Comment