ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
စတုတ္ထတွဲ၊ အခန်း(၅)
ထိုအမျိုးသမီးပြောပြသည်မှာ ကျမ တရားပွဲက ဆူဆူညံညံသံတွေကြားရလို့
ကျမအိမ်ပြတင်းပေါက်ကထွက်ကြည့်တော့ တရားပွဲအဝင်ဝ လမ်းပေါ်မှာ အလံနီကလေး တလက်လက်လှုပ်ရှားနေတာ
တွေ့ရပါတယ်။ အလံနီကလေးဟာ တထွာလောက်ပဲရှိမယ်။ ဒါကို သေသေချာချာ သိရအောင်လို့ အိမ်ပြင်ထွက်ကြည့်တော့
အလံနီကလေးရဲ့အောက်မှာ ကားမဲမဲကြီးတစီး တွေ့ရတာ။ ဒါဟာသံချပ်ကာ-ကားကြီးဆိုတာ ကျမသိပါတယ်လို့
ထွက်ဆိုသွားပါသည်။
ကျနော်က ထိုအမျိုးသမီးထွက်ဆိုချက် မည်မျှ လက်တွေ့မှာမှန်ကန်နိုင်ကြောင်းသိရှိဖို့အတွက်
တပ်မှသံချပ်ကာကားတစီး မောင်းယူလာစေပြီး ထိုအမျိုးသမီး အလံနီကလေးမြင်ရသောနေရာတွင် ရပ်ထားစေပါသည်။
ထိုသံချပ်ကာကားကြီးရပ်ထားရာ လူသွားလမ်းကလေးမှာလည်း အုတ်နီခဲများခင်းထားရာ အုတ်နီခဲတချို့ကျိုးပဲ့နေတာကိုမြင်ရသဖြင့်
ယခင်သံချပ်ကာကားကြီးရပ်စဉ်က တိုက်မိခိုက်မိခဲ့ပုံရပါသည်။
နောက် ထိုအမျိုးသမီးပြောသော သူ့အိမ်ထဲမှ ထိုနေရာကိုကြည့်ရှုရာတွင်၊
သူပြောသလိုပင် အလံနီကလေးကိုတွေ့ရပါသည်။ ဗမာ့တပ်မတော်မှ သံချပ်ကာကားများတွင် ကားထိပ်ညာဘက်စောင်းတွင်
(၆)လက်မနီးပါးရှိ ကြက်လျှာအလံနီအဝတ်စလေးတခုကို သံချောင်းမှာချည်ပြီးစိုက်ထားမြဲဖြစ်ရာ
ထိုအမျိုးသမီး၏ထွက်ဆိုချက်များမှန်ကန်ကြောင်း သိနိုင်ပါသည်။ ဗိုလ်သန်းစိန်လည်း ဝင်ကြည့်
ပါသည်။
၎င်း၏သဘောမှာ ဝင်ရိုက်သူတို့မှာအနည်းစုသာဖြစ်သဖြင့် သူတို့ချည်း
မရိုက်ရဲဘဲ၊ လူထုတရားပွဲကြီးကို သံချပ်ကာကားကြီးဖြင့် ချိန်ရွယ် ခြိမ်းခြောက်ထားပြီးမှ
ဝင်ရိုက်ကြခြင်းဖြစ်ကြောင်း ထင်ရှားနေပါသည်။ သံချပ်ကာကားကြီးများတွင် ကျနော်သိသလောက်
(၃.၇) လက်မ စက်အမြောက်တလက်နှင့် စက်သေနတ်ကြီးတလက် တပ်ဆင်ထားတတ်ပါသည်။ ကောင်းစွာ ခြိမ်းခြောက်နိုင်ပါသည်။
ဤအမျိုးသမီးကို စစ်ဆေးပြီးနောက် ကျနော်တို့၏စုံစမ်းစစ်ဆေးမှုမှာ
ပြည့်စုံလုံလောက်သွားပါသည်။ တပ်မတော်သားရဲဘော်များက တရားပွဲ ဝင်ရိုက်သည်မှာ မှန်ကန်ကြောင်းထင်ရှားလာသဖြင့်
ကျနော်တို့၏စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်လိုက်ပါသည်။
ကျနော်က မင်းလှတရားပွဲကို ကျနော်တို့ တပ်မတော်သားများကဝင်ရိုက်နှက်ပြီး
တရားပွဲကိုဖြိုခွဲကြောင်း ကျနော်တို့စစ်ဆေးချက်အရ မှန်ကန်သည်ဟုယူဆကြောင်းကို သက်သေခံထွက်ချက်များနှင့်ပူးတွဲပြီး
စစ်ရုံးချုပ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာ တင်တော့မည်။ အကယ်၍ ဗိုလ်မှူးကြီးသန်းစိန်ကသဘောမတူလျှင်
သီးခြားအစီရင်ခံစာတင်နိုင်ကြောင်းပြောပြီး၊ စုံစမ်းစစ်ဆေးမှုကို ရပ်လိုက်ပါသည်။ ဗိုလ်မှူးကြီးသန်းစိန်ကလည်း
သီးခြားတင်စရာမရှိတော့ဟု သဘောတူလာပါသည်။ ထို့ကြောင့်အထက်ပါ အစီရင်ခံစာကိုတင်လိုက်ပါသည်။
သို့သော် ဘာကြောင့်မှန်းမသိ။ သက်ဆိုင်ရာတို့က ထိုအစီရင်ခံစာအရ ဘာမှဆက်မလုပ်ပါ။ လူထုကလည်း
ငြိမ်သက်သွားပါသည်။
ဤသည်မှာ ထိုခေတ်ထိုကာလက တပ်တွင်းဆိုရှယ်လစ်များ၏ ပြည်သူတို့၏ဒီမိုကရေစီအခွင့်အရေးများကို
စတင် ပိတ်ဆို့လာမှုများ၏ တကွက်တကွင်းအခြေအနေ ဖြစ်ပါသည်။ မရဲတရဲ သွေးတိုးစမ်းလာမှုလည်း
ဖြစ်ပါသည်။
ကျနော်အနောက်နိုင်ငံလေ့လာရေးခရီးမှ ပြန်လာပြီးနောက်တွင်
တိုင်းပြည်တွင် တရုတ်ဖြူကျူးကျော်မှုအန္တရာယ်ကြီးမားလာသဖြင့် ထိုကျူးကျော်မှုကိုနှိမ်နင်းရန်
တာဝန်ပေးအပ်ခြင်းခံရပြီး ၁၉၅၃ခုနှစ်၊ ဇူလိုင်လတွင် မြောက်ပိုင်းတိုင်းမှူးအဖြစ်ခန့်အပ်လိုက်ပါသည်။
(တရုတ်ဖြူ သို့မဟုတ် ကူမင်တန်များ၏ကျူးကျော်မှု သမိုင်းအကျဉ်းချုပ်)
တရုတ်ပြည်ကြီးတွင် ချန်ကေရှိတ်ဦးဆောင်သည့် ကူမင်တန်အစိုးရနှင့်
မော်စီတုန်းဦးဆောင်သည့်ကွန်မြူနစ်ပါတီတို့ ၂ ဘက် နှစ်ရှည်ကြာများ ပြည်တွင်းစစ်ဆင်နွှဲရာမှ
၁၉၄၉ခုနှစ် အောက်တိုဘာလတွင် ကွန်မြူနစ်များက တပြည်လုံးတွင် အောင်ပွဲခံသွားပါတော့သည်။
ချန်ကေရှိတ် အပါအဝင်ထိပ်သီးကူမင်တန်များ ထိုင်ဝမ်သို့ထွက်ပြေးသွားနိုင်သော်လည်း ကျနော်တို့နိုင်ငံနှင့်
နယ်ချင်းဆက်နေသည့် ယူနန်ပြည်နယ်မှ စစ်ရှုံးကူမင်တန်တပ်ပျက်အချို့မှာ ကျနော်တို့၏ အရှေ့ဘက်နယ်နိမိတ်များကိုဖြတ်ကျော်ပြီး
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်ထဲသို့ စတင် ကျူးကျော်ဝင်ရောက်လာပါသည်။
ဝင်လာစက အင်အားမှာ (၈ဝဝ)လောက်သာဟု ယူဆရပါသည်။ နောင်မှ
တဖြည်းဖြည်းများလာခြင်း ဖြစ်ပါသည်။ ၁၉၅ဝ ဇန်နဝါရီလတွင် တရုတ်ဖြူများက ကျိုင်းတုံမြောက်ဘက်ရှိ
မိုင်းယန်းမြို့ကို သိမ်းပိုက်တပ်စွဲလိုက်ပါသည်။ မတ်လထဲတွင် ကျိုင်းတုံအရှေ့ပိုင်းသို့
ဝင်ရောက် လာပြီး နောက်ပိုင်းအိမ်ထောင်သည်များပါ လိုက်လာပါသည်။
ကျိုင်းတုံအရှေ့တောင်ဘက် (မောင်းလင်း)မှာအခြေချပြီး
အရှေ့ဘက် မဲခေါင်မြစ်(လာအို-မြန်မာနယ်စပ်)အနောက်ဘက် ကျိုင်းတုံ -တာချီလိတ်လမ်းတောင်ဘက်၊
ယိုးဒယား-မြန်မာနယ်စပ်၊ တြိဂံနယ်မြေတွင် တပ်ဖြန့်ပြီးတပ်စွဲနေထိုင်ခဲ့ကြပါသည်။
၎င်းတို့သည် ယူနန်ပြည်နယ်၊ ကေအမ်တီအမှတ်(၈)တပ်မတော်နှင့်
အမှတ်(၂၆)တပ်မတော်တို့မှ တပ်ကြွင်းတပ်ကျန်များဖြစ်ပြီး အမှတ်(၈) တပ်မတော်ကို ဗိုလ်ချုပ်လီမီဦးဆောင်ပြီး၊
အမှတ်(၂၆)ကိုမူ ဒု-ဗိုလ်ချုပ်လူကိုချန်းက ဦးဆောင်ပါသည်။ တချို့ တပ်သားများမှာ ကျိုင်းတုံမြို့
တွင်းသို့ပင် တဖြည်းဖြည်း ရုပ်ဖျက်ပြီးစိမ့်ဝင်လာနေပါသည်။
ဗမာ့တပ်မတော်က ၁၉၅ဝ ခုနှစ် ဇွန်လဆန်းတွင် လက်နက်ချရန်သို့မဟုတ်
တိုင်းပြည်နယ်မြေမှထွက်သွားရန် တရုတ်ဖြူများကို ရာဇသံ ပေးလိုက်ပါသည်။ တရုတ်ဖြူများက
သူတို့ကိုတိုက်လျှင် သူတို့ကပြန်တိုက်ဖို့အသင့်ရှိကြောင်း တင်းတင်းမာမာပြန်ကြားသည့်အပြင်
တချိန်တည်းမှာပင် ယိုးဒယား-မြန်မာနယ်စပ်နှင့် တာချီလိတ်မြို့ကလေးပါ တာချီလိတ်လမ်း-မိုင်တိုင်(၈၁)မှစ၍
၎င်းတို့က တိုးချဲ့သိမ်းပိုက် လိုက်ပါသည်။
ဗမာ့တပ်မတော် (ထိုစဉ်က ပြည်ထောင်စုတပ်များဟု ခေါ်ပါသည်)က
ကျိုင်းတုံမြို့ထဲ ရုပ်ဖျက်ဝင်ရောက်နေသည့် တရုတ်ဖြူ(၂ဝဝ)လောက်ကို ဖမ်းဆီးပြီး မိတ္ထီလာ၊
မန္တလေးသို့ပို့ ချုပ်နှောင်ထားလိုက်ပါသည်။ တာချီလိတ်ကိုလည်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပါသည်။
သို့သော် ၁၉၅၁ ခုနှစ်တွင် တရုတ်ဖြူများသည် ထိုင်ဝမ်နှင့်အဆက်အသွယ်ရသွားကာ
သူတို့၏ကျူးကျော်ရေးစီမံကိန်းကို စနစ်တကျ ပြင်ဆင် လှုပ်ရှားလာပါတော့သည်။ အမေရိကန်များကလည်း
ဝင်ရောက်ကိုင်တွယ်နေကြသည်။
၁၉၅၁ ခုနှစ်နှစ်ဦးတွင် ဗိုလ်ချုပ်လီမီဦးဆောင်သည့်
တရုတ်ဖြူအင်အား(၁ဝဝဝ-၁၅ဝဝ)မျှသည် ကျိုင်းတုံခရိုင် အနောက်တောင်ပိုင်း မိုင်းဆတ်မြို့ကလေးမှာ
မိုင်းဆတ်လွင်ပြင်ကိုအခြေပြုပြီး အခြေခံစခန်းသစ် ဖွဲ့စည်းတည်ထောင်ကြပါသည်။ နောင်တွင်
ထိုစခန်းမှာ ဗမာပြည် တရုတ်ဖြူကျူးကျော်မှုဌာနချုပ်ကြီး ဖြစ်လာပါတော့သည်။ ကျိုင်းတုံမြောက်ဘက်
မိုင်(၅ဝ)ကွာရှိ မိုင်းယန်းမြို့ကလေးနှင့် ကျိုင်းတုံအရှေ့တောင် (၆၅)မိုင်ကွာရှိ မိုင်းယောင်းမြို့ကလေးများတွင်လည်း
တရုတ်ဖြူစစ်သားစုဆောင်းရေးနှင့် စစ်လေ့ကျင့်ရေးစခန်းများ ဖွဲ့စည်းတည်ထောင်ခဲ့ ပါသည်။
နေရာအနှံ့အပြားမှ စစ်သားများလည်း စုဆောင်းကြပါသည်။ ထိုင်ဝမ်(ဖော်မိုဆာ)မှ လေ့ကျင့်ရေးမှူးများလည်းရောက်ရှိလာပြီး
စစ်သင်တန်းများပေးကာ တပ်သစ်များဖွဲ့စည်းကြပါသည်။ ထိုင်းက ထိုလေ့ကျင့်ရေးမှူးများနှင့်
စစ်ပစ္စည်းလက်နက်ခဲယမ်းများကို ဗမာပြည် နယ်စပ် ပွန်ပါကျင်သို့ ကားနှင့်ပို့ပေးသည်။ တချို့ကို
လေထီးနှင့်ချပေးသည်။
ဤသို့ဖြင့် တရုတ်ဖြူ၏ကျူးကျော်မှုမှာ သံလွင်မြစ်အရှေ့ဘက်တခြမ်းလုံးပျံ့နှံ့သွားပြီး
မြောက်ဘက်သို့ချဲ့ရာ ‘ဝ-နယ်-ကိုးကန့်နယ်’ သိန္နီနယ်များအထိတိုးချဲ့သွားပြီး၊ အင်အားမှာလည်း (၄ဝဝဝ)ခန့်
ရှိလာပါသည်။ အချက်အချာကျသည့်မြို့ကလေးများတွင်လည်း အခြေခံ စခန်းများဆောက်ပြီး အခိုင်အမာနေထိုင်လာကြပါသည်။
ထို့အပြင် ဗမာပြည်အတွင်းပိုင်းဝင်ရန်ရည်ရွယ်ချက်ဖြင့် သံလွင်မြစ်အနောက်ဘက် ကမ်းသို့ကူးလာကာ
ဗမာပြည်တောင်ပိုင်း ကယားပြည်နယ်စပ်၊ ကဒူးကြီး ဧရိယာအတွင်းထိပင် ဝင်လာပြီးတပ်စွဲလိုက်ပါသည်။
၁၉၅၁ ခုနှစ် ဇူလိုင်လထဲတွင် ဖြစ်ပါသည်။
၁၉၅၁ ခုနှစ် မေလထဲတွင် လီမီသည် ဝနယ်မှနေပြီး တရုတ်ပြည်မကြီးကို
ကော်လံ(၂)ခု ခွဲပြီးဝင်တိုက်ပါသည်။ အမေရိကန်များက လေယာဉ်များနှင့် ရိက္ခာများလိုက်ချပေးပါသည်။
သို့သော် တရုတ်လွတ်မြောက်ရေးတပ်မတော်ကတိုက်ထုတ်၍ ပြည်မအတွင်း မိုင် အနည်းငယ်သာဝင်နိုင်ပြီး
(၂)ပတ်အတွင်း အကျအဆုံးများစွာနှင့် ဆုတ်ခွာလာရပါသည်။
ဤမဖြစ်စလောက် အင်အားကလေးနှင့် ပြည်မကြီးကိုဝင်တိုက်သည်မှာထူးဆန်းသဖြင့်
ကျနော်က သူတို့၏ရည်ရွယ်ချက်ကို စဉ်းစား ကြည့်ရာတွင် စစ်ရေးထက် နိုင်ငံရေးရည်ရွယ်ချက်ဖြစ်မည်ဟု
ယူဆရပါသည်။ တရုတ်ပြည်တွင်း မငြိမ်မသက်ဖြစ်နေသည့်သဘော၊ တရုတ်အစိုးရ တရားဝင်အစိုးရမဖြစ်နိုင်သည့်သဘော
ပေါ်လွင်စေချင်ဟန်ရှိသည်။ ထိုအချိန်က ကိုးရီးယားစစ်ပွဲလည်းဖြစ်နေသဖြင့် ပြည်မကြီးအတွင်းကျန်ခဲ့သည့်
ကူမင်တန်လူဟောင်းများအားတက်ပြီး ပုန်ကန်ထကြွစေလိုဟန်လည်း ရှိသည်။ ဤကဲ့သို့ ဝင်တိုက်တာ
ကိုလည်း အကြီးအကျယ်တိုက်နေသလို ဝါဒလည်းဖြန့်သည်။ ထို့ကြောင့် နောက်ထပ်ယူဆစရာအချက်တရပ်မှာ
အမေရိကန်ပြည်သူများက ချန်ကေရှိတ်ကိုဆက်ပြီး ဒေါ်လာတွေ၊ အကူအညီတွေထောက်ပံ့ဖို့ အကျိုးခံစားရမည့်အမေရိကန်အချို့နှင့်
ချိန်ကေရှိတ်တို့ ပူးပေါင်းကြံရွယ် ချက်လည်း ဖြစ်ဟန်ရှိသည်။
သို့သော် တရုတ်အစိုးရတပ်များက တိုက်ထုတ်လိုက်လို့၊ ထို့နောက်ပိုင်းတွင်တော့
ဗမာပြည်အတွင်းပိုင်းကိုသာ ရည်ရွယ်လာပါတော့သည်။ ၁၉၅၁ ခုနှစ်အကုန်တွင် တရုတ်ဖြူအင်အား
(၆ဝဝဝ)ခြောက်ထောင် ကျော်လာပါသည်။ လီမီလည်း လေ့ကျင့်ရေးလူ (၇ဝဝ)ခေါ်ကာ ထိုင်းမှ တဆင့်
ထိုင်ဝမ်သို့ခေတ္တပြန်သွားပါသည်။
၁၉၅၂ ခုနှစ်မှာတော့ တရုတ်ဖြူအင်အား အမြင့်မားဆုံးအထိတိုးချဲ့ပြီး
အလုံးအရင်းနှင့် သံလွင်မြစ်ကိုဖြတ်ကျော်ကာ မြောက်ဘက် ကချင်ပြည်နယ်၊ ဗန်းမော်၊ မြစ်ကြီးနားမှစ၍
တောင်ဘက် မွန်ပြည်နယ်၊ မော်လမြိုင်အထိ ထိုးဖောက်ကျူးကျော်သည့်နှစ် ဖြစ်ပါသည်။ တပ်သားသစ်စုဆောင်းရေးတွင်လည်း
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွင်းရှိ တရုတ်လူမျိုးများသာမက၊ ယိုးဒယားပြည် တွင်းက တရုတ်များကိုပါ
စုဆောင်းပါသည်။ နောက် အင်အားတသောင်းရှိလာသောအခါ ဒီဝီဇံတပ်မ (၃)တပ် အသစ်ဖွဲ့ပြီး ဤတပ်များသည်
သံလွင်မြစ်ကူး၍ ဗမာပြည်အတွင်းပိုင်းကိုဝင်ရောက်သည့်အဓိကတပ်များ ဖြစ်လာသည်။
ပြောက်ကျား တပ်ခွဲကလေးများကိုလည်း သီးသန့်ဖွဲ့စည်းခဲ့ကြသေးသည်။
ထိုတပ်များကတော့ သံလွင်မြစ်အရှေပိုင်း၌သာ ထားခဲ့သည်။ တရုတ်ဖြူတပ်အားလုံး၏ စစ်သေနာပတိကို
ဗိုလ်ချုပ်လီမီကိုထားပြီး၊ တပ်ဖွဲ့များကိုတော့ “ယူနန်နယ်၊ ကွန်မြူနစ်ဆန့်ကျင်ရေး-ပြည်သူ့
ကယ်တင်ရေးတပ်မတော်”ဟူသောအမည်နှင့် ဖွဲ့စည်းခဲ့သည်။
၁၉၅၂ ခုနှစ်ဖေဖော်ဝါရီလတွင် မိုင်းဆတ်လေယာဉ်ကွင်းကို
တရုတ်ဖြူများက ပြင်ဆင်ဖွင့်လှစ်လိုက်နိုင်သည့်အတွက် အရေးကြီးသည့် စစ်လက်နက်၊ လူ(အရာရှိများ)၊
ပစ္စည်းအကူအညီများ ဖော်မိုဆာ(ထိုင်ဝမ်)မှ တိုက်ရိုက်လည်းကောင်း၊ ထိုင်းမှတဆင့်လည်းကောင်း
သယ်ယူပို့ဆောင်လာနိုင်ကြသည်။ ထိုင်ဝမ်သို့ခေတ္တပြန်သွားသည့် ဗိုလ်ချုပ်လီမီလည်း နည်းပြဆရာများအပါအဝင်
သင်တန်းဆင်း လူအင်အား(၇ဝဝ)နှင့်အတူ လေယာဉ်များနှင့် ထိုမိုင်းဆတ်သို့ ပြန်ရောက်လာသည်။
ထို့နောက် တပ်အင်အားများ စနစ်တကျတိုးချဲ့ပြီး သင်တန်းများဖွင့်လှစ်ခဲ့သည်။
ထိုသို့ အင်အားတိုးချဲ့ပြီးနောက် ၁၉၅၂ခုနှစ် တနှစ်လုံး
ဗမာပြည်အတွင်းပိုင်းသို့ဝင်ရောက်ရေးကို လျင်မြန်စွာတိုးချဲ့ပြုလုပ်လာကြသည်။ ဗမာပြည်တွင်းမှ
ပုန်ကန်ထကြွနေသည့်အစိတ်အပိုင်းများကိုလည်း သွေးဆောင်စည်းရုံးနိုင်ကြသည်။ ထိုသူများမှတဆင့်
အတွင်းပိုင်းသို့ စိမ့်ဝင်လာရာ ကရင်သူပုန်များရှိရာ မော်ချီမိုင်းဒေသ၊ ကယားပြည်နယ်၊
ရှမ်းပြည်နယ်စပ်ရှိ ကဒူးကြီးဒေသများအထိ၊ ဝင်ရောက် အခြေချ လာနိုင်ပါတော့သည်။
ဤသည်မှာ အချက်အချာကျလှသော မန္တလေးလမ်းမကြီးကို စစ်တောင်းအရှေ့ဘက်တောင်တန်းများပေါ်မှနေ၍
စတင်ခြိမ်းခြောက်ရန် ခြေကုတ်ယူနေခြင်း ဖြစ်ပါသည်။
ထို့နောက် တရုတ်ဖြူဒီဝီဇံတပ်တတပ်သည် သြဂုတ်လတွင် မော်ချီးမှ
ဖာပွန်ကိုဖြတ်ကာ မော်လမြိုင်၊ ကျိုက္ခမီခရိုင်အတွင်းဝင်ရောက်ကာ မွန်ဒေသ ပင်လယ်ကမ်းစပ်များ
(ကရုပ္ပိ၊ ပင၊ ကော့ဒွက်)အထိ ချီတက်တပ်စွဲခဲ့ကြပါသည်။ ဤသည်မှာ တောင်ဘက်စစ်ကြောင်းဖြစ်သည်။
ရေကြောင်းဖြင့် အကူအညီများတိုးချဲ့ပေးပို့နိုင်ရန် ဖြစ်သည်။
အလယ်ပိုင်းစစ်ကြောင်းမှာ ဝ-နယ်၊ ပန်ယန်းတွင်အခြေပြုပြီး
သံလွင်မြစ်အနောက်ဘက်ကမ်းကူးကာ လာရှိုးအရှေ့တောင်ဘက်ရှိ မိုင်းရှူး ဒေသတွင်းသို့ ကျူးကျော်ဝင်ရောက်တပ်စွဲလာသည်။
တောင်ကြီးမြို့၏အရှေ့တောင်ဘက် မိုးနဲမြို့အနီးဒေသများကိုလည်း ဝင်ရောက်လာ ကြသည်။ ကျိုင်းတုံခရိုင်အတွင်းရှိ
မိုင်းပူအောင်လွင်ပြင်ကို ချီတက်တပ်စွဲကြသည်။ ကျိုင်းတုံ-တောင်ကြီးလမ်းမကြီးကို ကြီးကျယ်စွာ
ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။
ဤသို့ ၁၉၅၂ ခုနှစ် တနှစ်လုံး ဗမာပြည်အတွင်းပိုင်းရောက်အောင်
တိုးချဲ့ဝင်ရောက်ပြီးနောက် ၁၉၅၃ ခုနှစ်တွင်မူ ကျနော်တို့၏တပ်များကို နေရာအနှံ့အပြားမှ
စတင်တိုက်ခိုက်ပါတော့သည်။ တဖက်မှာ ဤကဲ့သို့စတင်တိုက်ခိုက်ပြီး တဖက်မှလည်း သူတို့၏အင်အားကို
တနင်္သာရီ ပင်လယ်ဘက်က ဖော်မိုဆာ(ထိုင်ဝမ်)နှင့် တိုက်ရိုက်သင်္ဘောလမ်းဖွင့်ပြီး တိုးချဲ့ဖို့ကြီးကျယ်သည့်စီမံကိန်းနှင့်
ကြိုးစားခဲ့သေးသည်။
၁၉၅၃ ခုနှစ် ဆန်းလျှင်ဆန်းချင်း ရှမ်းပြည်အလယ်ပိုင်းဒေသတွင်
အချက်အချာဖြစ်သော မိုင်းရှူးနှင့်မုံးအော့ကို စတင်တိုက်ခိုက် သိမ်းပိုက် လိုက်ကြသည်။
ဒုတိယ လွိုင်ကော်မြို့ကိုတိုက်သော်လည်း အကျအဆုံးများစွာနှင့်ဆုတ်သွားရသည်။ မိုင်းပန်မြို့ကိုတော့
ဖေဖော်ဝါရီလတွင် သိမ်းပိုက်ရရှိသွားသည်။ တရုတ်ဖြူများ (၃)ရက်ကြာသိမ်းထားခဲ့ကြသည်။ တချိန်တည်းမှာလိုပင်
ဗမာပြည်မြောက်ပိုင်းသို့ဝင်ရောက်နေသည့် တရုတ်ဖြူတပ်များသည် တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်သည့်
မူဆယ်၊ ကြူကုတ်၊ မိုင်းယုမြို့များကို တပြိုင်နက်တည်း ဝိုင်းတိုက်ကြသည်။
မိုင် (၂၈ဝ)ကျော်ရှိသော တောင်ကြီး-ကျိုင်းတုံလမ်းမကြီးပေါ်တွင်လည်း
တရုတ်ဖြူတပ်များ အတော်လှုပ်ရှားကာ၊ တပ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ကြသည်။
ဤကဲ့သို့ တရုတ်ဖြူများ ဗမာပြည်တွင်းကျူးကျော်ဝင်ရောက်လာမှုအပေါ်
ဗမာပြည်သူများက အုံကြွဆန့်ကျင်လာပါသည်။ ၁၉၅၂-၅၃ ခုနှစ် ပါလီမန်ဒီမိုကရေစီခေတ်ဖြစ်သဖြင့်
သတင်းစာနယ်ဇင်းလွတ်လပ်ခွင့်များလည်း အသင့်အတင့်ရှိသေးသဖြင့် တိုးတက်သည့်အယူအဆရှိသည့်
စာစောင်များ၊ လက်ဝဲစာစောင်များလည်းထုတ်ဝေလျက် ရှိနေပါသည်။ ထို့ကြောင့်ပြည်သူများနိုးကြားနေပြီး
ထိုအန္တရာယ်ကိုဖြေရှင်းရန် အစိုးရအား တိုးတက်တောင်းဆိုနေကြပါသည်။
ထို့ကြောင့် ဖဆပလအစိုးရအနေနှင့် တရုတ်ဖြူကျူးကျော်မှုကိုတိုက်ထုတ်ရန်
စီစဉ်စိုင်းပြင်းရပါတော့သည်။ ၁၉၅၃ ခုနှစ်တွင် တပ်မတော်မှ နေရာအနှံ့အပြားကို အပြင်းအထန်ပြန်လည်တိုက်ခိုက်
သိမ်းယူရပါသည်။ တရုတ်ဖြူတပ်များကို သံလွင်မြစ်အရှေ့ဘက်ကမ်းအထိ ပြန်လည် မောင်းထုတ်နိုင်ခဲ့ပါသည်။
တောင်ပိုင်းစစ်ဆင်ရေးတွင်လည်း သံတောင်-မော်ချီလမ်းကို
ဗမာ့တပ်မတော်က ပြန်သိမ်းပိုက်လိုက်ပါသည်။ တောင်ငူနယ်ရှိ ကရင် သူပုန်များက တရုတ်ဖြူများကိုလက်မခံသဖြင့်
အတော်သက်သာသွားခြင်းဖြစ်ပါသည်။ တောင်ငူသာ ရန်သူ့လက်ကျသွားပါက ဗမာပြည် ထက်ပိုင်းကျိုးသလို
ဖြစ်နိုင်ပေသည်။
နောက် တောင်ပိုင်းတွင် ဒုတိယအရေးကြီးသည့်စစ်ဆင်ရေးမှာ
ကရုပ္ပိ-ပင ပင်လယ်စပ်တွင်တပ်စွဲထားသောတရုတ်ဖြူတပ်များကို ပင်လယ်ကြောင်းမှရော၊ ကုန်းကြောင်းမှပါတိုက်ခိုက်မောင်းထုတ်ရခြင်းဖြစ်ပါသည်။
ဤနေရာတွင် တရုတ်ဖြူများတပ်စွဲရသည့်အကြောင်း၏ နောက်ကွယ်တွင် အလွန်ကြီးမားသည့်စီမံကိန်းရှိနေကြောင်း
နောက်ပိုင်းကျမှသိလာရပါသည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ ဗမာပြည်တွင်း တရုတ်ဖြူတပ်များအတွက်
တပ်သစ်များတည်ဆောက်ဖို့ လက်နက်ပစ္စည်းတန်ပေါင်းများစွာလိုအပ်ရုံမက တပ်မှူးတပ်သားအပါအဝင်
လူအင်အားလည်း အများအပြားလိုအပ်လျက်ရှိရာ ထိုလိုသမျှပစ္စည်းများကို သင်္ဘောဖြင့်ပို့ရန်
ပင်လယ်ကမ်းစပ်လိုအပ်ပါသည်။
ထိုမွန်ပြည်နယ် ကမ်းစပ်ဒေသများသည် ရေ (၆)ပေ မှ (၉)ပေကျော်အထိနက်သဖြင့်
သင်္ဘောများ အလွယ်တကူကပ်နိုင်ပါသည်။ ထို့ကြောင့် ထိုဒေသမှတရုတ်ဖြူများကို မောင်းထုတ်လိုက်နိုင်သဖြင့်
တရုတ်ဖြူ၏ တပ်နောက်ထပ်တိုးချဲ့ရေးအစီအစဉ်ကို အတော်ပင် အားနည်းသွားစေခဲ့ ပါသည်။ ထိုဒေသကို
ကျနော်တို့တပ်များတိုက်နေစဉ်မှာပင် ဖော်မိုဆာ(ထိုင်ဝမ်)မှ ပထမအသုတ်သင်္ဘောများသည် တပ်မှူးများ၊
လက်နက် ပစ္စည်းများသယ်ဆောင်ကာ မြိတ်ကျွန်းစုသို့ဆိုက်ရောက်လာကြောင်း နောက်ပိုင်းသိရပါ
သည်။ တရုတ်ဖြူများအနေနှင့် ၎င်းတို့ တပ်စွဲထားသောပင်လယ်ကမ်းစပ်များမှ ဆုတ်ခွာထွက်ပြေးနေရသည့်အတွက်
ထိုသင်္ဘောစုနှင့် ဝိုင်ယာလက်အဆက်အသွယ်ပြတ်ကာ ဆက်လက်ဝင်မလာနိုင်တော့ဘဲ ဆုတ်ခွာသွားကြရပါတော့သည်။
၁၉၅၃ ခုနှစ် မတ်လတွင် တရုတ်ဖြူများ အခိုင်အမာစွဲထားသည့်
မိုင်းတုံနှင့်မိုင်းဆတ်လွင်ပြင်ကို သိမ်းပိုက်ရန်ရည်ရွယ်ချက် အထူး စစ်ဆင်ရေးကြီးတရပ်ပြုလုပ်ရန်
မြောက်ပိုင်းတွင်ပြင်ဆင်ပါသည်။ ထိုစစ်ဆင်ရေးမှာ “နဂါးနိုင်စစ်ဆင်ရေး”ပင် ဖြစ်သည်။
0 comments:
Post a Comment