Sunday, October 25, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁)
နိုင်ငံခြားခရီးများ
တရုတ်ဖြူပြဿနာ
၁။ ဗိုလ်ချုပ်နေဝင်း အနောက်နိုင်ငံများသို့ ခရီးထွက်ခြင်း
၁၉၄၉ခုနှစ်၊ ဇူလိုင်-သြဂုတ်လမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းသည် ဗြိတိန်နှင့်အမေရိကန်နိုင်ငံများသို့ သွားရောက်ခဲ့ပါသည်။ ဤသည်မှာ ဗမာပြည်၏ ပထမဆုံးသောစစ်ဘက်လေ့လာရေးမစ်ရှင် ဖြစ်ပါသည်။ ဗမာပြည်တွင် အဓိကအကျပ်အတည်းကြီးဆိုက်ခဲ့ရသော အင်းစိန်တိုက်ပွဲကြီးပြီးဆုံးပြီးနောက် သွားခြင်းဖြစ်ပါသည်။ ဗမာပြည် ပြည်တွင်းစစ်တွင် အစိုးရဘက်မှ ကြီးမားသောအန္တရာယ်မှ လွတ်မြောက်ပြီး၊ အောင်မြင်မှုဘက်အပေါ်စီးရလာမှသွားခြင်းလည်း ဖြစ်ပါသည်။
ဤသို့ ဗိုလ်ချုပ်နေဝင်းခရီးထွက်သွားခြင်းကိစ္စမှစ၍ ကျနော့်ဘဝကို အကြီးအကျယ်အပြောင်းအလည်းဖြစ်စေမည့် ကိစ္စကြီးတခု စတင် တွေ့ကြုံလာရပါတော့သည်။ ထိုအဖြစ်အပျက်မှာ အင်္ဂလန်မှဝယ်ယူခွင့်ပြုရန် လက်နက်ခဲယမ်းမီးကျောက်စာရင်းများကို ဗမာ့တပ်မတော် ထောက်ပံ့ရေးဌာနကပြုစုပြီး အင်္ဂလိပ်အစိုးရထံတင်ပြတောင်းဆိုဝယ်ယူရန် ဗိုလ်ချုပ်နေဝင်းနှင့်ပေးလိုက်ရာ၊ ထိုတင်ပြသော စာရင်းအတိုင်း လက်နက်ကျည်ဆံအားလုံးနီးပါးကို အင်္ဂလိပ်အစိုးရက ပေးလိုက်ခြင်းဖြစ်ပါသည်။ ကျနော် အလွန်ပင် အံ့သြသွားပါသည်။
၎င်းဝယ်ယူရရှိသော လက်နက်ကျည်ဆံများအထဲတွင် ဗမာပြည် ပြည်တွင်းစစ်အရှိန်ကို များစွာယုတ်လျော့ကျဆင်းထိခိုက်စေမည့် လက်နက်တမျိုး ပါဝင်ရာ၊ ၎င်းကို တောင်းဆိုတင်ပြသောစာရင်းအတိုင်းနီးပါးရရှိခဲ့သဖြင့် အစိုးရအတွက် များစွာအကျိုးရှိခဲ့ပေသည်။
ထိုလက်နက်မှာ ခွေးသွားစိတ်ချိန်းကြိုးနှင့်မောင်းနိုင်သော မောင်းသူအပါ လူ(၆)ယောက်စီး၊ အမိုးမပါသော ပက်လက်သံချပ်ကာ ယာဉ်ကလေးများဖြစ်သည်။ ထိုသံချပ်ကာယာဉ်ကလေးပေါင်းအစီး (၂ဝဝ)နှစ်ရာကျော် ရရှိခဲ့ပေသည်။ ထိုယာဉ်ကလေးကို ရဲဘော်များက ‘ချိန်းပက်လက်’ဟု ခေါ်ကြသည်။
၎င်းယာဉ်ကလေးများသည် ဗမာပြည်၏ တောတောင်ထူထပ်သောနေရာ၊ ရွှံ့နွံထူထပ်သောနေရာတို့မှတပါး မည်သည့်နေရာတွင်မဆို မောင်းနိုင်သည်။ ခြေလျင်တပ် လက်နက်ငယ်ကျည်များကိုလည်းကာကွယ်နိုင်ရာ ခြေလျင်တပ်လက်နက်ငယ်များကိုသာကိုင်စွဲနိုင်သည့် သူပုန်များနှင့် ရင်ဆိုင်ရာတွင် အစိုးရတပ်အဖို့ တပန်းသာနေပေသည်။ ၎င်းယာဉ်ကလေးသွားနိုင်သည့် မြေပြန့်များ၊ ဆင်ခြေလျော တောင်ကမူ စသည်တို့တွင် သူပုန်တို့ကို အစိုးရစစ်တပ်အနေနှင့် ထိုယာဉ်ကလေးများနှင့်ထိုးဖောက်နိုင်သဖြင့် သူပုန်တို့အဖို့ အစိုးရတပ်ကိုအန်တုပြီး နေရာယူစစ်ပွဲ မဆင်နွှဲနိုင်တော့ဘဲ အဓိကပြောက်ကျားစစ်ပွဲအဆင့်သို့ လျှော့ချလိုက်ကြရပါတော့သည်။
ထိုချိန်းပက်လက်သံချပ်ကာ ယာဉ်ကလေး (၂၅)စီးပေါ်တွင် သံခမောက်ဆောင်းထားသော ခြေလျင်တပ်ခွဲတခွဲကို ယာဉ်တစီး လူ(၅)ယောက် စီမျှ တင်ပြီး၊ နောက်ကတပ်တချို့နှင့် သူပုန်တို့၏ နေရာစွဲထားသောတပ်စခန်းတို့ကို ထိုးစစ်ဆင်ပြီးတပ်စွဲစေရာ သူပုန်တို့မှာ မခုခံနိုင်တော့ဘဲ ဆုတ်ခွာထွက်ပြေးပြီး၊ အခြေချစခန်းမထားနိုင်သော ပြောက်ကျားစစ်ဘဝသို့ရောက်ရှိသွားပြီး တောတောင်များသို့သာ အမှီပြုကြရ ပါတော့သည်။ သူတို့သည် မြို့ရွာ လူနေများသောဒေသတို့တွင် အထင်ကရတပ်မစွဲနိုင်တော့ပေ။
သူပုန်များအနေနှင့် တိုက်ပွဲများအတွင်း ၎င်းချိန်းပက်လက်ယာဉ်များအနီးသို့ချဉ်းကပ်ပြီး ထိုအမိုးမပါသောယာဉ်ပေါ်လက်ပစ်ဗုံး ပစ်သွင်း နိုင်လျှင် ထိုယာဉ်မှာ လက်ပစ်ဗုံးဒဏ်ကြောင့်ရပ်ဆိုင်းသွားနိုင်ပြီး ထိုယာဉ်ကိုပင် သူတို့သိမ်းဆီးနိုင်ပေသည်။ သို့သော် သူတို့ ထိုသို့ မလုပ်နိုင်ပေ။
သို့ဖြင့် ဗမာပြည် ပြည်တွင်းစစ်မှာ ညှိုးခြောက်အားနည်းလာရပေသည်။ ဤသို့ညှိုးခြောက်လာရသောအကြောင်းတွင် နိုင်ငံရေးရာ အကြောင်းသည် အဓိကဖြစ်သော်လည်း စစ်မှုရေးရာတွင် ထိုအင်္ဂလိပ်တို့ကပေးသောလက်နက်များသည် အဓိကအကြောင်းတရားဖြစ်သည်။ အိန္ဒိယက နေရူးအစိုးရကလည်း ဝန်ကြီးချုပ်ဦးနု၏မေတ္တာရပ်ခံချက်အရ လက်နက်အတော်များများပေးအပ်လာပါသည်။ ထို့ပြင် အင်္ဂလိပ်တို့က ဗမာနိုင်ငံကို ချေးငွေအများအပြားလည်း ထုတ်ပေးခဲ့ပါသည်။
ဤတွင် ကျနော်သည် ဗမာပြည်၏အခြေအနေကို ပြန်လည်စဉ်းစားလာမိသည်။ ယခင်က ကျနော်၏ထင်မြင်မှုမှာ ဗမာပြည်ကိုအုပ်စိုးရာတွင် အင်္ဂလိပ်တို့က သူတို့စိတ်ကြိုက် ဆက်လက်လွှမ်းမိုးနိုင်ရန် သူတို့ အင်္ဂလိပ်များကိုလိုလားသော ကရင်အမျိုးသားများကိုသာ ကူညီဖန်တီး ပေးလိမ့်မည်ဟူ၍ဖြစ်ပါသည်။ ထို့ကြောင့် ကရင်အမျိုးသားတို့၏ပုန်ကန်မှုကို ကျနော့်အနေနှင့် နယ်ချဲ့အင်္ဂလိပ်၏ပယောဂအဖြစ်ကြည့်မြင်ပြီး ကျနော်ဦးဆောင်ပြီး တိုက်ခိုက်နှိမ်နင်းခဲ့ခြင်း ဖြစ်ပေသည်။
သို့ရာတွင် လက်တွေ့တွင်မူ အင်္ဂလိပ်တို့သည် ဗမာပြည်တွင် ကီးစိုးလွှမ်းမိုးရန် လက်တွေ့လည်း တကယ်ဖြစ်နိုင်သော မြန်မာလူမျိုးကြီးထဲမှ သူတို့ကိုမဆန့်ကျင်သော အင်္ဂလိပ်ဘက်သားဖြစ်နိုင်သော ဗမာပြည်ခေတ်သစ်နိုင်ငံရေးတွင်လည်း အတော်အတန်ပါဝင်ခဲ့ပြီး ပြည်သူကြားတွင် လည်း သြဇာအသင့်အတင့်ရှိသူ၊ မြန်မာအလိုတော်ရိများကိုသာ ပိုအလိုရှိပြီး၊ ထိုလူမျိုးများကိုသာ အင်္ဂလိပ်တို့က ကူညီလာကြလိမ့်မည်ဟု ကျနော် သိမြင်လာပါသည်။ ကရင်ပုန်ကန်မှုကို အင်္ဂလိပ်တို့ကအားပေးခဲ့သည်မှာလည်း ကရင်များအာဏာရလာရေးအတွက်မဟုတ်ဘဲ လက်ရှိ ဗမာအစိုးရအကျပ်အတည်းဆိုက်ပြီး အင်္ဂလိပ်များထံ ရိုကျိုးအောက်ကျို့ဆက်ဆံလာရန်သာအဓိကဖြစ်သည်ကို ကျနော်နားလည် လာပါသည်။
ဤကာလအတွင်း ဝန်ကြီးချုပ်ဦးနုက မြစ်ဝကျွန်းပေါ်အရပ်များသို့ သင်္ဘောနှင့် စည်းရုံးရေးထွက်ရာတွင် ကျနော့်ကိုပါ ခေါ်သွားပါသည်။ ဦးနုသည် သွားလေရာရာကို ဗေဒင်ဆရာများ၊ နက္ခတ်ဆရာများတရုန်းရုန်းနှင့် သွားလာနေပြီး၊ အချိန်နာရီကအစ ထိုဆရာများ၏ ညွှန်ကြား ချက်များကိုခံယူနေခြင်း၊ တိုင်းရေးပြည်ရေးဆွေးနွေးပြောဆိုနေမှုများထက် ဘုရားရှိခိုးချိန်၊ ပုတီးစိတ်ချိန်ကများနေခြင်း၊ တခါတရံ အရေးကြီး ကိစ္စများဖြစ်နေသော်လည်း သူဘုရားရှိခိုးပြီးချိန်များအထိ စောင့်စိုင်းနေရခြင်း စတာများကို ကျနော်မြင်တွေ့လာရပါသည်။ ဤ ဦးနု၏ နိုင်ငံရေးသမား၊ တိုင်းပြည်ခေါင်းဆောင်မဆန်မှုများအပေါ် ကျနော်စိတ်ပျက်လာပါသည်။ ထို့ကြောင့် ကျနော်က ဦးနုကို ခပ်တန်းတန်းပင် ဆက်ဆံမိပါသည်။ ဦးနုက ဤခရီးတွင် ကျနော့်ကိုခေါ်သွားခြင်းမှာ သူ့ဘက်သားအဖြစ်သိမ်းသွင်းရန် ရည်ရွယ်ပုံရသည်။ သို့သော် ဤခရီးက ပြန်လာပြီးနောက် ကျနော်နှင့်ဦးနု၏ဆက်ဆံရေးမှာ အတော်ပင်တန်းသွားပါတော့သည်။
ထို့ကြောင့် ကျနော်သည် နယ်ချဲ့အင်္ဂလိပ်တို့၏အလိုတော်ရိဖြစ်နေသော ဖဆပလအစိုးရလက်အောက်တွင် ဆက်လက်အမှုထမ်းလိုစိတ် မရှိတော့ပါ။ သင့်လည်းမသင့်လျော်တော့ဟု ထင်မြင်လာမိပါသည်။ ထို့ကြောင့် ရှေ့မှာ ကျနော် ဘာဆက်လုပ်သင့်သည်ကို စဉ်းစားလာရ ပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကျနော်ကွန်မြူနစ်ပါတီနှင့် တိုင်ပင်လိုသော်လည်း ကွန်မြူနစ်ပါတီနှင့်ကျနော် အဆက်အသွယ်မရှိပါ။ ဤကိစ္စမှာ ကျနော့်ပုဂ္ဂိုလ်ရေးသာမက၊ တိုင်းပြည်အတွက်ပါ အရေးကြီးသောကိစ္စကြီးဖြစ်နေ၍ ဆုံးဖြတ်ချက်မမှားရန် လိုပါသည်။ ထို့ ကြောင့် တိုင်ပင်သင့် သူများနှင့်တိုင်ပင်ကြည့်ရန်နှင့် စိတ်ချလုံခြုံစွာ ကျနော့်ကိုအကြံဉာဏ်ပေးနိုင်မည့်သူကိုစဉ်းစားရာ ကျနော်၏ ဂျပန်ခေတ် တိုက်ဖော်တိုက်ဖက် ရဲဘော်ကြီးဖြစ်ခဲ့သူ ကွန်မြူနစ်ပါတီမှ ကိုကြီးမြင့်ကို သတိရမိပါသည်။
ကိုကြီးမြင့်သည် ၁၉၄၈ ကတည်းက ကွန်မြူနစ်ပါတီနှင့်အတူ တောခိုသွားခဲ့ပြီး၊ တောတွင်းတိုက်ပွဲတပွဲတွင် ဗမာ့တပ်မတော်မှ တောခိုသွား ခဲ့သူ ဗိုလ်အေးဖေနှင့်အတူ အစိုးရတပ်၏ဖမ်းဆီးခြင်းခံခဲ့ရပါသည်။ ဗိုလ်အေးဖေမှာမူ(အလွန်စိတ်မကောင်းဖွယ်) သေဒဏ်အပြစ်ပေး ခံလိုက်ရပြီး၊ ကိုကြီးမြင့်ကိုတော့ ထောင်ထဲထည့်ထားသည့်အချိန်ဖြစ်နေပါသည်။
ကိုကြီးမြင့်မှာ ကျနော်နှင့်အတူ ဗမာ့တော်လှန်ရေးကိစ္စတာဝန်များကို ဂျပန်ခေတ်တလျှောက်လုံးလုပ်ကိုင်ခဲ့ကြသော မျိုးချစ်တော်လှန်ရေး ရဲဘော်။ ကျနော်နှင့်လည်း အလွန်ရင်းနှီးသောမိတ်ဆွေရဲဘော်ကြီး ဖြစ်သည်။ ထို့ကြောင့် ကျနော့်မှာ တတ်နိုင်သမျှကူညီရမည့်ဝတ္တရားလည်း ရှိ၍နေသည်။ အထက်မှာရေးခဲ့သလို ကျနော့်၏ရှေ့ရေးကိစ္စကိုလည်း တိုင်ပင်ဆွေးနွေးချင်နေတာလည်းရှိသည်။ ထိုအကြောင်းနှစ်ရပ်ကြောင့် ကျနော် ကိုကြီးမြင့်ကို ထောင်မှလွတ်အောင်လုပ်ရန်စိတ်ကူးလာပါသည်။
ထို့ကြောင့် ကျနော် ဗိုလ်ချုပ်နေဝင်းထံသွားပြီး ကိုကြီးမြင့်ကိုလွှတ်ပေးပါရန် ပန်ကြားပါသည်။ ကိုကြီးမြင့်မှာ (ဘီအိုင်အေ)တပ်မှူးကြီးဖြစ်ခဲ့ရာမှ ၁၉၄၃ခုနှစ်၊ ဘီအိုင်အေတပ်များကို(ဘီဒီအေ)သို့ပြောင်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းက ဘီအိုင်အေမှတချို့တပ်မှူးများကို ဘီဒီအေသို့ မပြောင်းစေဘဲ အပြင်အရပ်သားအဖြစ်နေရစ်စေပြီး ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်လုပ်ဆောင်စေရာတွင် သူသည် ဗိုလ်ချုပ်၏ ညွှန်ကြားချက်အတိုင်း ဘီဒီအေတပ်မှူးအဖြစ်မပြောင်းတော့ဘဲ အပြင်အရပ်သားအဖြစ်ဆင်းဆင်းရဲရဲနေထိုင် ကာ ဂျပန်တော်လှန်ရေးလုပ်ခဲ့သူ ဖြစ်ကြောင်း။ ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာကျောင်းသားလည်းဖြစ်ကြောင်း စသည်တို့ကို ကျနော်က ဗိုလ်ချုပ်နေဝင်းကိုပြောပြပြီး လွှတ်ပေးပါရန် ပန်ကြားပါသည်။
ကျနော်မှာ တိုင်းပြည်၏ သေရေးရှင်ရေးတာဝန်ကြီးများကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့သော်လည်း မိမိကိုယ်ရေးကိုယ်တာအကျိုးအတွက် ဘာမှပြောဆိုခဲ့ဖူးခြင်းမရှိသဖြင့်၊ ထိုကဲ့သို့ မပြောစဖူးလာ၍ပြောသော ကျနော့်ကို ဗိုလ်ချုပ်နေဝင်းက များစွာအားနာနေပုံရပါသည်။ သူကိုယ်တိုင်လည်း ကိုကြီးမြင့်အကြောင်းနည်းနည်းသိထားပုံ ရပါသည်။ ထို့ကြောင့်ပင် သူက ကျနော်ကြည့်ပြီးစီစဉ်ပါဦးမည်ဟု ပြောလိုက်ပါသည်။
သို့ဖြင့်ပင် ကိုကြီးမြင့်လွတ်လာပြီး ကျနော့်အိမ်သို့ရောက်လာပါသည်။ ၁၉၅၁ခုနှစ်တွင် ဖြစ်ပါသည်။ သူသည် ကျနော်က သူ့အတွက် ဆောင်ရွက်ခဲ့သည်တို့ကိုသိရှိပြီး ရဲဘော်ရဲဘက်များလည်းဖြစ်ခဲ့၍ များစွာယုံကြည်အားထားပါသည်။ အပြင်အရပ်ထဲတွင်လည်း မနေရဲသဖြင့် ကျနော့်မင်္ဂလာဒုံအိမ်မှာသာ နေပါတော့သည်။ ကျနော်တို့ကလည်း ကောင်းစွာပြုစုထားပါသည်။
ဤနေရာတွင် ကျနော်ကိုကြီးမြင့်အကြောင်း အနည်းငယ် ရေးသားလိုပါသည်။ တကယ်တော့ ကျနော့်ကို ခိုင်မာသောကွန်မြူနစ်ဖြစ်အောင် ကူညီပေးခဲ့သော ပုဂ္ဂျိလ်(၂) ဦး ရှိပါသည်။
ပထမတဦးမှာ သခင်စိုး ဖြစ်ပေသည်။ သူသည် ၁၉၄၄ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေး (ဖတပလ)ဖွဲ့ရန် တွေ့ဆုံကြဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ညွှန်ကြားချက်အတိုင်း ကျနော်က စီစဉ်ဆောင်ရွက်ပေးရစဉ်ကာလက ကျနော့်ကို ကွန်မြူနစ်ဝါဒနှင့်ပတ်သက်၍ အရက်(၂ဝ)ကျော် သင်တန်းပေးခဲ့ပြီး ကျနော့်ကိုလည်း ကွန်မြူနစ်ပါတီဝင်အဖြစ် သိမ်းသွင်းပေးခဲ့ပါသည်။ ဤ အကြောင်းများကို ကျနော်အသေးစိတ်ရေးပြီး ဖြစ်ပါသည်။
နောက်တဦးမှာမူ ကိုကြီးမြင့်ဖြစ်ပါသည်။ သူကျနော်၏ မင်္ဂလာဒုံအိမ်တွင် ၁၉၅၁ ခုနှစ်က ရောက်ရှိလာပြီး အတူနေထိုင်စဉ်အတွင်း ညတိုင်းလိုလို လအချို့ကြာအောင် ကွန်မြူနစ်ဝါဒအကြောင်းဆွေးနွေးပြောဆိုကြရသဖြင့် ကျနော်သည် ကွန်မြူနစ်ဝါဒအကြောင်း အတော်ကြီး နားလည်လာပါသည်။
ကျနော်ကိုကြီးမြင့်ကို ဘီအိုင်အေအတွင်းက စတင်သိရှိခဲ့ပါသည်။ ၁၉၄၂ခုနှစ်က ရန်ကုန်မင်္ဂလာဒုံတွင် ကျနော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ပေးချက်အရ ဘီအိုင်အေစစ်ဗိုလ်သင်တန်းကျောင်းတခုဖွင့်၍ စစ်ပညာများသင်ကြားပေးနေရပါသည်။ ထိုသင်တန်းတွင် ကိုကြီးမြင့် ပါဝင်လာပြီး သူသည်သင်တန်းတွင်လည်း ထင်ရှားလာရာ ကျနော်နှင့်ရင်းနှီးသိကျွမ်းလာပါသည်။ သူသည်စစ်ကြီးမဖြစ်မီက ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာကျောင်းသားတဦးလည်း ဖြစ်ပါသည်။ ထိုသင်တန်းပြီးနောက် သင်တန်းဆင်းများအားလုံး ဘီအိုင်အေ စစ်ဗိုလ်များအဖြစ်တာဝန်များပေးအပ်ခဲ့ရာ ကိုကြီးမြင့်သည် ပုသိမ်ခရိုင်တွင် ဘီအိုင်အေတာဝန်ခံတပ်မှူးဖြစ်ခဲ့သည်ဟု ထင်ပါသည်။ ဘီအိုင်အေတပ်များက အင်္ဂလိပ်တပ်များကိုတိုက်ခိုက်ရာတွင် သူပါဝင်ခဲ့ပါသည်။
ကျနော်တို့၏ ဘီအိုင်အေ(ဗမာ့လွတ်လပ်ရေးတပ်မတော်)ကို ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်) အဖြစ် ၁၉၄၂ခုနှစ်၊ ဇူလိုင်လမှာ ပြောင်းလည်းဖွဲ့စည်းခဲ့ပါသည်။ ထိုသို့ပြောင်းလည်းဖွဲ့စည်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းက ကျနော်တို့ကို လျှို့ဝှက်ညွှန်ကြားချက်တခု ပေးပါသည်။ ထိုညွှန်ကြားချက်မှာ ဘီအိုင်အေတပ်မှလူအားလုံး ဘီဒီအေသို့မဝင်ကြဘဲ တချို့လူများကို အရပ်သားအဖြစ်နေရစ်စေပြီး ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်ကြရန်ဖြစ်သည်။
ကျနော်မှာ ကိုကြီးမြင့်ကို မျက်စိကျနေသဖြင့် သူ့ကို ဗိုလ်ချုပ်၏အမှာစကားကိုပြောပြရာ ဒီလိုဆိုရင် သူဘီဒီအေထဲမဝင်တော့ဘဲ အပြင်တွင် အရပ်သားအဖြစ်နေကာ ဂျပန်တော်လှန်ရေးဆက်လုပ်မည်ဟုဆိုကာ စစ်တပ်ကထွက်လိုက်ပါသည်။ သူ့အပြင် တခြားလူတချို့ (ကိုဖေညွန့်၊ ကိုထွန်းစိန်စသူများ)ကိုလည်း ကျနော်က ထိုကိစ္စပြောပြပြီး တပ်ပြင်မှာနေရစ်စေခဲ့ပါသည်။ သူတို့တတွေ တပ်ပြင်မှာအရပ်သားအဖြစ် ဆင်းဆင်းရဲရဲနေကြပြီး ဗိုလ်ချုပ်၏တာဝန်ပေးချက်များကို လျှို့ဝှက်စွာလုပ်ကိုင်နေခဲ့ကြပါသည်။ တပ်တွင်းဆက်နေကြလျှင် တပ်မှူးကြီးများ ဖြစ်လာနိုင်သည့်သူများ ဖြစ်ကြပါသည်။
ထိုသို့တပ်အပြင်မှာ နေပြီး ဂျပန်တော်လှန်ရေးအတွက် လျှို့ဝှက်ပြင်ဆင်နေကြရင်း ကွန်မြူနစ်ဝါဒစာပေများကို များစွာဖတ်ချိန်ရပြီး နောက်ပိုင်း ကိုကြီးမြင့်မှာ ကွန်မြူနစ်ဝါဒအပေါ် ပိုမိုနက်ရှိုင်းစွာသိမြင်လာပြီး ကွန်မြူနစ်ပါတီနှင့်လည်း ဆက်သွယ်မိသွားပါသည်။ ကျနော်နှင့် ကိုကြီးမြင့် မှာလည်း ရင်းနှီးသောမိတ်ဆွေရဲဘော်ကြီးများ ဖြစ်လာပါသည်။ ထို့ကြောင့်ပင် ကျနော်က ဂျပန်တော်လှန်ရေးအတွက်ဆွေးနွေးရန် ဗိုလ်ချုပ် အောင်ဆန်းနှင့်တွေ့ရန် သခင်စိုးကိုသွားရောက်ခေါ်ယူရသည့်အခါ လျှို့ဝှက်ရေးအတွက်အရေးကြီးလှသဖြင့် သူတို့အုပ်စုကိုသာ ကျနော် ခေါ်သွားခြင်း ဖြစ်သည်။ ထိုအကြောင်း ကျနော်အကျယ်ရေးပြီး ဖြစ်ပါသည်။
၁၉၄၅ခုနှစ် မတ်လ ဂျပန်တော်လှန်ရေးတွင်လည်း ကိုကြီးမြင့်မှာ ကွန်မြူနစ်ပါတီမှတာဝန်ရှိသောပုဂ္ဂိုလ်တဦးအနေနှင့် အရေးပါသောအခန်းမှ ပါဝင်ထမ်းဆောင်ခဲ့ပေသည်။
ဖက်ဆစ်တော်လှန်ရေးပြီးနောက် ကျနော်နှင့် ကိုကြီးမြင့် အဆက်အသွယ်ပြတ်သွားပါတော့သည်။

0 comments:

Post a Comment