Saturday, October 3, 2015

သံဃာစင်မှဆင်းကာ သံဝါသသို့တက်သွားသူများ (မျိုးမြင့်ချို)

0 comments
(သံဃာစင်မှဆင်းကာ သံဝါသသို့တက်သွားသူများ)
အမေရိကားမှာလည်း တလင်တမယားစနစ်ပဲလို့ ဥပဒေအရပြဌာန်းထားပါတယ်။ နောက်အိမ်ထောင်ပြုချင်ရင် လက်ရှိအိမ်ထောင်နဲ့ တရားဝင်ပြတ်စဲကြပါတယ်။ ကွဲကြချိန်မှာ ကလေးငယ်တွေရှိပြီး မိခင်ဘက်က အုပ်ထိမ်းခွင့်ရထားတယ်ဆို ဖခင်ဘက်က ကလေးတွေအသက်ပြည့်ချိန်ထိ သူ့ဝင်ငွေအခြေအနေ ဇနီးဟောင်းရဲ့ဝင်ငွေအနေအထား စတာတွေကြည့်ပြီး ကလေးတွေအရွယ်ရောက်ချိန်အထိ ကလေးထောက်ပံ့ကြေး ဘယ်ရွေ့ဘယ်မျှပေးရမယ်လို့ ဆိုင်ရာတရားရုံးက ဆုံးဖြတ်ပေးပါတယ်။ ဒါလည်း တသမတ်တည်းတော့ မဟုတ်ပါ။ ခြွင်းချက်တွေဘာတွေ ရှိပါတယ်။
လင်မယားပြတ်စဲကြတဲ့အခါ ပိုင်ဆိုင်မှုခွဲဝေတာတွေကလည်း အခြားလူ့အဖွဲ့အစည်းများနည်းတူ ရှိပါတယ်။ ဓလေ့ထုံးထမ်းဥပဒေလိုဟာမျိုးတော့ သတ်သတ်ကြီးမရှိပါ။ လင်ခန်းမယားခန်းပြတ် စီရင်ရာမှာလည်း မိန်းမကို အားနွဲ့သူဆိုတဲ့သဘော သတ်မှတ်တာမျိုး၊ နစ်နာရသူဆိုတဲ့သဘော သတ်မှတ်တာမျိုးထက် တရားဥပဒေအညီအမျှ သက်ရောက်စေရေးရှုထောင့်ကကြည့်ပြီး စီရင်ဆုံးဖြတ်ကြတာမျိုးပါ။ မမျှတဘူးထင်ရင် ပြန်လှန်အမှုဖွင့်တာ တရားစွဲတာတွေလည်း လုပ်ကြပါတယ်။
အိမ်ထောင်ရှင်မိန်းမဟာ ယောက်ျားကိုမှီခိုနေရတဲ့ မီးဖိုချောင် ခြင်ထောင်ခန်းနဲ့ သားမွေးမှုမှာတင် အချိန်ကုန်ရတဲ့အဖြစ်ထက် ဝင်ငွေရှာနိုင်မယ့် အမှီအခိုကင်းမယ့်ဝန်းကျင်မျိုး အခြေအနေမျိုး ဖန်တီးပေးထားတာတွေလည်း ရှိပါတယ်။ လူတန်းစားဘဝ မလွတ်မြောက်သေးသရွေ့ မိန်းမရဲ့လွတ်မြောက်ခြင်းဟာလည်း အပြည့်မရှိနိုင်ဘူးဆိုတာ မှန်ပေမယ့် တချို့လူ့အဖွဲ့အစည်းတွေမှာလို လင်ယောက်ျားအပါအဝင် ယောက်ျားသားများရဲ့ တရားလွန်ဖိစီးဖိနှိပ်မှုကနေ အထိုက်အလျှောက် သက်သာရာရနေတာတော့ အမှန်ပါ။
လက်ထပ်ကြတဲ့အခါမှာတော့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေကတော့ သာမန်သူလိုငါလိုပဲ လက်ထပ်ကြပေမယ့် ပိုက်ဆံရှိသူတွေကတော့ လက်မထပ်ခင် ကတည်းက သူပိုင်ကိုယ်ပိုင်ဓနတွေကို သီးသန့်စာရင်းလုပ်ထားပြီး ရှေ့နေရှေ့ရပ်နဲ့ စာချုပ်စာတမ်းနဲ့သက်သေထားတတ်ကြပါတယ်။ ညားပြီးမှဖြစ်လာတဲ့ လက်ထက်ပွား အစီးအပွားတွေကိုတော့ နှစ်ဦးဆိုင်အဖြစ် သတ်သတ်ထားပါတယ်။ အဲ့သလိုထားရတာက အိမ်ထောင်များ မတော်တဆပျက်ခဲ့ရင် ပိုင်ဆိုင်မှုအငြင်းမပွားရအောင်လို့ လို့ ဆိုပါတယ်။ လင်ခန်းမယားခန်းပြတ်စဲ စီးပွားခွဲကြတဲ့အခါ လက်ထက်ပွားပစ္စည်းကိုပဲခွဲဝေယူကြပြီး နဂိုပိုင်ဥစ္စာကို မျက်စောင်းသွားခဲလို့မဖြစ်ပါ။
ဒါကို နှစ်သက်သူတွေရှိသလို နှာခေါင်းရှူံ့သူတွေလည်းရှိပါတယ်။ ဓနရှင်အိမ်ထောင်ရေးရဲ့ သန္ဓေပါအပျက်အယွင်းလို့ ပြောသူပြောသလို လူ့တကိုယ်ရည်ဆိုင်ရာအခွင့်အရေးနဲ့ လွတ်လပ်မှုအဖြစ် ကောင်းချီးပေးသူပေးပါတယ်။
တခုတော့ ရှိပါတယ် မိန်းမကို မှီခိုသူသက်သက် မီးဖိုချောင် ခြင်ထောင်ခန်းနဲ့ သားမွေးမှုမှာပဲထားလိုတဲ့ မိန်းမရဲ့ခန္ဓာနဲ့လုပ်အားတင်မက ကာမကိုပါအပိုင်စီးထားလိုတဲ့ လူ့အဖွဲ့အစည်းတွေမှာတော့ အမေရိကန်မတွေရနေတဲ့ လွတ်လပ်အမှီအခိုကင်းမှုမျိုး မျှော်လင့်ဖို့မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာ ခုပြောတဲ့လူ့အဖွဲ့အစည်းတွေရဲ့ ကာမပိုင်သတ်မှတ်ပြောဆိုချက်ဟာ ယောက်ျားပေါ်မှာထက် မိန်းမပေါ်ပို တဘက်စောင်းနင်းသဘောဆောင်ပါတယ်။ သဘောက လင်ငယ်ထားမိတဲ့မိန်းမကို လူ့အသိုင်းအဝိုင်းကနေ ကျဉ်ပစ်တာမျိုးတွေသာလုပ်ပေမယ့် မယားငယ်ထားတဲ့ယောက်ျားကြတော့ သာမန် နှာခေါင်းရှူံ့တာ မေးငေါ့တာလောက်နဲ့ ပြီးသွားတာမျိုးပါ။
ဒီမှာဖြစ်နေတဲ့ အိမ်ထောင်ရေးစီးပွားခွဲမှုကိစ္စက ဘာသာရေး လူမျိုးရေးမတူမှု အခြေခံကနေဖြစ်တာမဟုတ်ပဲ စီးပွားရေးဘဝအခြေခံကနေ ဖြစ်နေတာဆိုတာကိုတော့ သတိချပ်မိကြမှာပါပဲ။ သူ့ပုံစံ သူ့လူမှုစီးပွား သူ့ကုန်လုပ်ဆက်ဆံရေးပုံစံနဲ့ သူ့ဟာသူ အသားကျနေတာဖြစ်သလို အကောင်းအဆိုးတွေလည်းလည်း ဒွန်တွဲနေတာပါ။ ကျနော်တို့ ယေဘုယျသဘော နားလည်ထားချက်အရ အိမ်ထောင်ပြုတယ်ဆိုတာ စီးပွားရေးအရ၊ သွေးသားကိစ္စအရ၊ မျိုးဆက်တည်တန့်ပြန့်ပွားရေးအရ ဘဝတွေပေါင်းစည်းကြတာ မဟုတ်လား။ ဒီမှာကတော့ အိမ်ထောင်စီးပွားမှုဘဝကိုပဲ နှစ်ပိုင်းခွဲထားတာလို့ပြောလည်း မှားမယ်မထင်ပါဘူး။
ရွှေပြည်ကြီးမှာလည်း လူ့အခွင့်အရေးကို ကမ်းကုန်အောင် ဗလက်ကာယပြုထားတဲ့ မျိုးစောင့်ဥပဒေကြောင့် ဘာသာတူတူ/မတူတူ လူမိန်းမ လူယောက်ျားတွေ အိမ်ထောင်ပြုကြတော့မယ်ဆိုရင် မညားခင် သူပိုင်ကိုယ်ပိုင်က သတ်သတ် လက်ထက်ပွားကသတ်သတ် စာရင်းထားတာမျိုးတွေ ဖြစ်လာမယ်ထင်တယ်။ လင်မယားဆိုတာ တသက်လုံးပေါင်းရမယ်လို့ ဘယ်သူကမှ အတင်းအကျပ်ပြုရမယ့်ကိစ္စမှ မဟုတ်တာ။ အခြေအနေအမျိုးအမျိုး အကြောင်းရင်းခံအမျိုးတွေကြောင့် အချိန်မရွေးကွဲတာပြဲတာ အိုးသစ်အိမ်သစ်ထူထောင်တာတွေလည်း ရှိရမှာပါပဲ။
မိန်းမနဲ့ယောက်ျားအိမ်ထောင်ပြုတယ်ဆိုတာ ဘုရားကျောင်းမှာ ဘိသိတ်ဆရာရှေ့မှာ နှစ်ဘက်မိဘတွေရှေ့မှာ ဘုရားရှေ့မှာ သေသည်အထိ မဖေါက်ပြန်သောအချစ် မယွင်းသောမေတ္တာတွေနဲ့ ရိုးမြေကျတိုင်ပေါင်းပါ့မယ်လို့ ဘယ်လိုပဲသစ္စာရေတွေ သောက်သောက်၊ ဘယ်လိုပဲ စာချုပ်စာတမ်းတွေရှိရှိ၊ နှုတ်ကတိတွေထားထား၊ ဘယ်ဘုရားတွေပဲတိုင်တိုင် ဆက်ပေါင်းနေလို့ ပိုဆိုးဖို့ပဲရှိတော့တယ်လို့ နှစ်ဘက်စလုံးက ဒါမှမဟုတ် တဘက်ဘက်ကမြင်သွားပြီဆို ကိုယ့်လမ်း ကိုယ်လျှောက်ကြရတာပဲ မဟုတ်လား။
အိမ်ထောင်ရှိရက်နဲ့ (မိန်းမရော ယောက်ျားပါ) နောက်တယောက်နဲ့ ဇာတ်လမ်းဖြစ်ကြတာတွေကိုလည်း ဘေးအမြင်တွေနဲ့သွားဆုံးဖြတ်လို့ ဘယ်တော့မှ မမှန်နိုင်မယ့် သူတို့လင်မယားခြင်းသာသိတဲ့ လိင်မှုဘဝတွေလည်းရှိပါတယ်။ ဒါကိုသွားပြီး ဖမ်းဆီးထောင်ချတယ်ဆိုတာ အတော့်ကို စက်ဆုပ်ရွံရှာစရာ အော့နှလုံးနာစရာ ညာဏ်ပညာနည်းပါးမှုလို့ ပြောရမှာပါ။ ခုချိန်ကတည်းက ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်မထားရင် နောက်ဆို ရှေး ဂျူးနဲ့ အာရဗ်လူ့အဖွဲ့အစည်းတွေကလို ခဲနဲ့ပေါက်သတ်တွေဘာတွေတောင် ဖြစ်လာမယ်ထင်တယ်။
လူတွေရဲ့ လိင်မှုဘဝ မိသားစုဘဝ စီးပွားရေးဘဝ မျိုးဆက်တည်တန့် ပြန့်ပွားရေးဘဝတွေထဲကပြဿနာတွေကို တရားမျှတတဲ့၊ ဘယ်ဘာသာရေး ဘာလူမျိုးရေးအစွဲမှ အစွန်းမှမပါတဲ့ချဉ်းကပ်မှုမျိုး ဥပဒေမျိုးနဲ့သာ ထိန်းသိမ်းပေးရမှာပါ။
သံဃာစင်နဲ့ထိုက်တဲ့သူမှန်ရင် သံဝါသထဲခေါင်းတိုးမဝင်ပါဘူး။

0 comments:

Post a Comment