Friday, September 25, 2015

စာခြောက်ထောင်းစားသူများ ၃ (မျိုးမြင့်ချို)

0 comments
(စာခြောက်ထောင်းစားသူများ ၃)
ဆေးပေါ့လိပ်ဆိုသည်မှာ တဖွာနှင့်တဖွာကြား ခနနားနားပေးရ၏။ ဆက်တိုက်ဖွာလျှင် ဖင်တွေပူလာပြီး ဖွာလိုက်တိုင်း ပါးစောင်တွေပူလောင်လောင်ဖြစ်ကာ ရှိုက်လိုက်တိုင်း လည်ချောင်းထဲစပ်ရှားရှားနိုင်၏။ တယောက်တည်း တလိပ်သောက်ရသည့်အခါ စိတ်တိုင်းကြ နှပ်၍ ရသော်လည်း ခုလို တယောက်တလှည့် လှည့်ဖွာရသည့်အခါ ပြဿနာရှိ၏။ ကိုယ်ကလည်း အလှည့်ရောက်တုန်းလေး ငတ်ငတ်နှင့် ဝဝလေး ဖွာလိုက်ရှိုက်လိုက်ချင်၊ နောက်လူကလည်း စောင့်နေဆိုတော့ သိတ်ဇိမ်ဆွဲနေလို့မရ။ မြန်မြန်ဖွာ များများဝင်အောင်ရှိုက်ရ၏။
ဖွာပြီးသည်နှင့် ပါးစပ် ယောင်လို့ပင်မဟမိအောင် ကြီးစွာသောသတိ ကပ်ထားရ၏။ မီးခိုးလေးတမျှင်ပင် အလဟသအဖြစ်ခံလို့မရ။ တခါ ရှိုက်ထားတုန်းလေး အဆုတ်ထဲ အငွေ့ကြာကြာနေရန် ချက်ခြင်းပြန်မထုတ်ပဲ စုပ်ငွေ့ကို နိုင်သမျှအောင့်ထားရ၏။ ဒါမှ ရှိသမျှ နစ်ကိုတင်း အဆုတ်ထဲကျန်ခဲ့မည်မဟုတ်လား။ ပြန်ထုတ်လိုက်သည့် မှုတ်ငွေ့တွင် နစ်ကိုတင်း ပြန်အပါ များမသွားရေး အလေးထားရ၏။ ဤကား အလှည့်ကြဆေးလိပ်သောက်ဖူးသူတိုင်း ကြုံရမြဲဓမ္မတာပင်။
ဆေးလိပ်သောက်ခြင်း ပရောဆက်မှာ ဆေးလိပ်ဖင်စီခံကို အလောတော်အနေအထား နှုပ်ခမ်းတွင်တေ့ပြီး ပါးစပ်ထဲလိုသလောက်ဖွာယူ၊ ပြီးမှ ရှိုက်သွင်း၊ ပြီးတော့ပြန်ထုတ်၊ ဒါပဲဖြစ်၏။ ဤမှာပင်လျှင် တချို့က နည်းနည်းခြင်းဖွာ ဖြည်းဖြည်းခြင်းရှိုက် တငွေ့ငွေ့ပြန်ထုတ်၏။ ဖွာသည့်အခါ ပါးပင်မဖေါင်းလိုက်။ တချို့က ပါးစပ်အပြည့်ဖွာ၊ အငွေ့တဝက်ကျော်လောက် အပြင်ထုတ်၊ ပြီးမှလက်ကျန်ရှိုက်သွင်း၊ မနှေးမမြန်ပြန်ထုတ်။ တချို့က ပါးစောင်ဖောင်းသည်အထိဖွာ၊ ရှူးကနဲအကုန်ရှိုက်သွင်း၊ အငွေ့တန်းကြီးဖြစ်သည်အထိ ဟူးကနဲမှုတ်ထုတ် စသည်ဖြင့် ကွဲပြားတတ်၏။ သို့သော် နှုပ်ခမ်းတေ့တာ ဖွာတာ ရှိုက်တာ ပြန်မှုတ်ထုတ်တာ စသည့်ပရောဆက်ကား အတူတူပင်။
မီးညှိပြီးပြီးခြင်း “တပည့်တော်ကပ္ပိပြီးပြီဖျာ့”ဟု သခင်လူငယ် သောက်တော်ဦးတင်သည့်ဆေးလိပ်အား သောက်ဦးသောက်ဖျားလိုင်စင်ရ ဦးဇင်း၏သောက်ပုံကား ထူးခြား၏။ ဆေးလိပ်အဖျားဘက်ကို လက်ဖဝါးခွက်ထဲထား၊ ဖင်စီခံကို လက်မနှင့်လက်ညှိုးကြားညှပ်၊ လက်ခုံကို နှုပ်ခမ်းဘက်ကပ်၍ ရှူးကနဲသံရှည်ကြီးဆွဲကာ အသားကုန် အဆုပ်ပြည့်ရှိုက်သွင်း၏။ လက်မလက်ညှိုး ဖင်စီခံနှင့်နှုပ်ခမ်းကြား လေဝင်ရန် နည်းနည်းလေး အဟထားပုံရ၏။ ဆေးလိပ်မီးခိုးငွေ့ချည်း အဆုပ်ထဲ တိုက်ရိုက်ဝင်သည်မဟုတ်ပဲ လေပါနည်းနည်းနည်းနည်းပါသွားပုံပေါ်၏။ မီးခိုးငွေ့ချည်းပဲ ဤမျှအလုံးလိုက်အခဲလိုက်ကြီး ရှိုက်သွင်းနိုင်ဖို့ အတော်ခဲယဉ်းမည်ထင်၏။ သူ့ တလှည့်စာ ၃ ရှိုက်သည် သူများ ၂ လှည့်စာ ၆ ဖွာနှင့်ညီမည်ထင်၏။
ထိုနည်းနှင့် ဦးဇင်းအလှည့်ပြီးသည့်အခါ ဆေးလိပ်ဖျားတွင် ပြာအတောင့်လိုက်ကျန်၏။
ဖင်လည်း ပူထွက်သွား၏။ ဆေးလိပ်လည်း အတော် ကျိုးသွား၏။ မီးလည်း မညီမညာ ဖြစ်ကုန်၏။ သူ့နောက်သောက်ရမည့်သူက တော်တော်နှင့်သောက်မရ၊ မီးညီအောင် တံတွေးဆွတ်ရ၏၊ ဖင်အေးအောင် အစီခံမှုတ်ရ၏။ ခနစောင့်ပြီးမျ သုံးဖွာ ဖွာ၊ ၃ ရှိုက် ရှိုက်ကာ နောက်တယောက်ကို လက်ဆင့်ကမ်းရ၏။ ကြာတော့ ဘယ်သူမှ ဦးဇင်းနောက် အလှည့်ကြသူ မဖြစ်ချင်ကြ။ ဖဲစကားနှင့်ပြောရလျှင် ဦးဇင်းအောက်အိမ်မဖြစ်ချင်ကြ။ သို့သော် မဖြစ်လို့မရ။ သူ့ကို လက်ထိပ်အိမ်နေရာပဲ အစဉ်ထားရ၏။ မထားလျှင် မျက်နှာညိုချင်၏။ ဆောင့်ဆောင့်အောင့်အောင့်လည်း လုပ်တတ်၏။ တခါတလေ ဘယ်သူ့မှ စကားမပြောပဲ မျက်နှာပုတ်ကြီးနှင့် ဘဝနာပွားသလို အဖက်မတန်သလို တနေကုန်လုပ်နေ၏။ လူလေး ၄ ယောက်နေသည့်အခန်းထဲ တယောက် အဲ့သလိုဖြစ်နေပြီဆို ကျန်သူတွေအနေရခက်၏။ လူဆိုလျှင်တော်သေး၊ ခုက ဘုန်းကြီး။ ဘုန်းကြီးမှ လက်နက်ကိုင်တော်လှန်ရေးခြံစည်းနား ဖြတ်လျှောက်ခဲ့ဖူးသူဆိုတော့ ပိုဆိုး၏။
ထိုသို့ဖြစ်ပြီး လပြည့်လကွယ်ညများ ဘေးအခန်းတွေက တရားတောင်းပြီဆို ဘယ်ဇာတ်တော်တို့ ဘယ်နိပတ်တော်တို့ကဆိုကာ “စားဦးစားဖျား ဘုရားတင်သဖြင့် ရဟန်းကိုလှူသဖြင့် မသေခင် ဥစ္စပေါရုပ်ချောဖြစ်၊ သေပြီးနောက် နတ်တွေဘာတွေဖြစ်ကြောင်း အဲ့သလို မလုပ်သဖြင့် ရှင်နေတုန်းလည်းဆင်းရဲ သေတော့လည်းပြိတ္တာဖြစ်”စသည့်တရားမျိုး ဟောတတ်၏။
ဦးဇင်း အဲ့ဒါမျိုးတွေဟောလျှင် သခင်လူငယ်က “ချီးတောင် သူများဆေးပြီးသားဂန်ဖလားထဲမှာ ပြာအသစ်ခင်းပြီး အရင်ဆုံးပါသေးတာပဲဟာ” ဟု ရေချိုးဆင်းရင်း မဲ့ကာရွဲ့ကာအတင်းပြော၏။ ကျနော်က “အခွင့်ထူးခံတဲ့အကျင့်ပါနေတာဗျ၊ လူက သီလ သမာဓိ ပညာ သိက္ခာ အစအစ အရာရာသာလည်း သူတို့က ရှိခိုးကန်တော့ခံဘဝဆိုတော့ ဒီလောက်တော့ရှိမှာပဲ”ဆိုကာ မီးလောင်ရာလေပင့်၏။ ခေါင်းဆောင်ကြီးလည်း ဦးဇင်း ဒါမျိုးတွေပြောလာလျှင် သိတ်မကြိုက်၊ မမှန်မှန်းလည်းသိ၏။ သို့သော် မှန်ပါ့ဖျာ့ မှန်ပါ့ဖျာ့ လုပ်၏။
ယင်းသို့လုပ်ရသည်မှာလည်း သူ့အကြောင်းနှင့်သူဖြစ်၏။ သူ ဦးဇင်းကို သွားကလန်မိလျှင် သူတို့လုပ်နေသည့် “ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် ထေရဝါဒသာအမှန်”ကိစ္စအတွက် အပြန်အလှန်ထောက်ခံမည့်သူ အတိုင်အဖေါက်လုပ်ရမည့်သူ မရှိတော့။ သည်တော့ ဦးဇင်းပြောသမျှ မှန်မှန် မမှန်မှန် မှန်ပါ့ဘုရားရ၏။ ဦးဇင်းကလည်း ထိုအကြောကိုနောကြေ၏။ ထို့ကြောင့် စကားဆုံးတိုင်း “ဟုတ်တယ်မှတ်လား ဒကာ”ဟု ထောက်ခံမဲတောင်း ဆွယ်မေး မေး၏။ ခေါင်းဆောင်ကြီးကလည်း တင်ပါ့ဖျာ့၏။ တယောက်အညှာ တယောက်ကိုင်ကာ တယောက်အမြီးနှင့် တယောက်ချည်ထားကြသည့်သဘောမျိုးပင်။
သို့သော် ဦးဇင်းကိုကား နောက်ဆုံးထားဖို့မပြောနှင့် အလယ်ထိုင်ပင်ထား၍မဖြစ်။ သည်တော့ အောင့်သီးအောင့်သက်နှင့်ပဲ ကျနော်တို့ ၃ ယောက် အလှည့်ကြ ဦးဇင်းအောက်အိမ်လုပ်ကြရ၏။ အဲ့သလိုလုပ်ရတာကို ဦးဇင်းသိမှာလည်း စိုးရသေးတော့ ဆေးလိပ် လှည့်တော့မည် ဆိုလျှင် အချင်းချင်းသူမမြင်အောင် မျက်ရိပ်မျက်ကဲပြကာ နေရာယူကြရ၏။ ဒုက္ခကား မသေးလှ။ သို့သော် ဖိနပ်ကြား ခဲ ခနညပ်သလို အောင့်သီးအောင့်သက်နှင့် အောက်အိမ်လူလှည့်ရင်း ဆေးလိပ် အပတ်ပေါင်းများစွာ လည်ခဲ့ကြသည်ကား အမှန်ပင်။
(ဆက်ပါဦးမယ်) စက်တင်ဘာ ၂၃၊ ၂ဝ၁၅

0 comments:

Post a Comment