၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့
တိုနန့်နန့်လေးတွေ(၃)
(တာဝန်မရှိသူများ)
မဲပေးခွင့်ဆိုတာ ပဲပေးပိုင်ခွင့်ရှိသူတိုင်း
ရကိုရရမယ့် နိုင်ငံသားတိုင်းရဲ့မူလအခွင့်အရေးပဲ။
မဲစာရင်းလိမ်မဲစာရင်းမှားအောင်လုပ်ထားတာက စစ်အုပ်စု။ ဒီနှစ်ခုဟာ ဘယ့်နှယ်လို့မှ ဆက်စပ်တွေးပေးလို့မရနိုင်ဘူး။
မဲစာရင်းလိမ်မဲစာရင်းမှားအောင်လုပ်ထားတာက စစ်အုပ်စု။ ဒီနှစ်ခုဟာ ဘယ့်နှယ်လို့မှ ဆက်စပ်တွေးပေးလို့မရနိုင်ဘူး။
မဲပေးခွင့်ရှိသူတိုင်း
နိုင်ငံသားအခွင့်အရေးအရ မဲပေးခွင့်ရအောင် မဲစာရင်းစစ်ဆေးကြစို့တို့
မဲစာရင်းမှန်ကန်ရေးအတွက် ပြည်သူတွေမှာတာဝန်ရှိတယ်တို့ဆိုတာနဲ့က ဘယ်လို
အဆက်အစပ်လုပ်လို့ရသလဲ။
မဲစာရင်း တမင်မှားတမင်ညစ်ထားတာကို
ဖွင့်ချဖော်ထုတ်အရေးဆိုကန့်ကွက် (သိတ်လိုအပ်လာရင်)
ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်တာထိတောင် လုပ်ရမှာဖြစ်ရက်နဲ့ ဘယ့်နှယ်
နိုင်ငံသားတိုင်းရဲ့မူလရပိုင်ခွင့်ကိုခုတုံးလုပ်ပြီး
မဲစာရင်းသွားစစ်ခိုင်းရပြန်သတုန်း။
ဘယ့်နှယ် ကိုယ့်ဝန်တာ ပြည်သူအပေါ်
လာပုံချရပြန်သတုံး။
စက်တင်ဘာ ၁၇၊ ၂ဝ၁၅
(ဧကနဲ့ဗဟုအိမ်ထောင်ရေး) မျိုးမြင့်ချို
အမေရိကန်မှာ
လိင်တူခြင်းလက်ထပ်ထိမ်းမြားခွင့်ရရေး ကြိုးပမ်းနေကြချိန်က ထောက်ခံသူဆန့်ကျင်သူတွေကြား
စကားလုံးစစ်ပွဲတွေမှ ကြောက်ခမန်းလိလိကို ဖြစ်ခဲ့တာကလား။ ကိုယ်ဝန်ဖျက်ချရေး
မချရေးတုန်းကလည်း အလားတူပါပဲ။ ခုလည်း လာပြန်ပါပြီ လင်အများမယားအများတဲ့။
တောင်းဆိုသံတွေလည်း ဟိုနားဒီနား ခတ်သဲ့သဲ့ကြားလာနေရတယ်။ တလင်တမယားကို
ဧကအိမ်ထောင်လို့ ပါဠိသံလေးစွက်ပြောရင် ဒါကိုတော့ ဗဟုအိမ်ထောင်လို့ပြောမလား
မသိပါဘူး။ ဘာသာပြန်ကျင်လည်သူတွေ စကားလုံးသစ်တည်ထွင်ကြဖို့သာပါပဲ။ အမေရိကန်မှာက
ဥပဒေကြောင်းအရ တလင်တမယားစနစ်ပဲ ပြဌာန်းထားတာပါ။
ဥပဒေကြောင်းအရတော့ မယားတယောက် လင်တယောက်ကိုသာ တရားဝင်လက်ထပ်ယူလို့ရပါတယ်။ ၂
ယောက်ကို လက်ထပ်လို့မရပါဘူး။ တရားဝင်အိမ်ထောင်ရှိရက်နဲ့ ဘွိုင်းဖရင်န်းဒ်
ဂရဲလ်ဖရင်န်းဒ် ထားတာတွေကတော့ ကိုယ့်ဒေါသနဲ့ကိုယ်လို့ပဲသဘောထားပြီး ရပ်ထဲရွာထဲ
သိတ် ရေးကြီးခွင်ကျယ် လုပ်မနေကြတာမျိုးပါပဲ။
ဒါကို အိမ်ထောင်ရေးကျင့်ဝတ်အရ၊
မိသားစုဘဝတည်ဆောက်ရေးအရ၊ ဘာသာရေးအဆုံးအမ အရ၊ လူမှုပဋိညာဉ်သဘောအရ
စတဲ့ထောင့်ပေါင်းစုံကနေကြည့်ပြီး မဖြစ်သင့်ဘူးဆိုသူတွေရှိသလို ဘယ်သူမှ
ဘယ်သူ့ကာမကိုမှ ပိုင်ခွင့်မရှိဘူး၊ အိမ်ထောင်ပြုတယ်ဆိုတာ သူ့ကာမ ကိုယ့်ကာမ
လဲလှယ်ကြတဲ့သဘောထက် မပိုသင့်ဘူး၊ ကာမပိုင်တယ်ဆိုတဲ့သဘောက လူကိုပါ
ကိုယ့်ကိုယ်ပိုင်ပစ္စည်းလို သဘောထားချင်တဲ့စိတ်အခြေခံကလာတာ ဘာညာတွေနဲ့
ခုခံကာကွယ်သူတွေလည်း ရှိနေဆဲပါပဲ။ ဒါပေမယ့် သိတ်ကြီးတဲ့ပြဿနာကြီးလို့တော့
ဇွတ်တင်ငြင်းခုန်နေကြတာတော့လည်း မဟုတ်တော့ပါဘူး။
ဟိုးတလောလေးက ဝေါ်ရှင်တန်ဒီစီအပါအဝင်
မြို့ကြီးတချို့မှာ ဗဟုအိမ်ထောင်သမားတွေ ဆန္ဒပြကြပါတယ်။ မိန်းမတွေရော ယောက်ျားတွေပါ
ပါတယ်။ တချို့အမျိုးသမီးတွေများ အပေါ်ပိုင်း ဗလာတောင် ကျင်းထားလိုက်သေး။ ခုထိတော့
ဒီကိစ္စဟာ နိုင်ငံရေးထဲတော့ ရောက်မလာသေးပါဘူး။ နိုင်ငံရေးထဲရောက်မလာသေးဘူးဆိုတာက
ကွန်ဂရက်စ်ထဲအထိ ကျမလာသေးဘူး ဥပဒေပြုအမတ်တွေကြား ခွန်းကြီးခွန်းငယ်
မများရသေးဘူးလို့ပြောတာပါ။ ဒါပေမယ့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို
သူတို့အပိုင်စားနယ်မြေတွေမှာ ပြောဆိုနေကြတာတချို့ ရှိတယ်တဲ့။ လူသိများစကားလုံးနဲ့
လော်ဘီနေကြတယ်ပေါ့ဗျာ။ လော်လီချင်လို့ လော်ဘီနေကြတာများလားလို့တောင်
တွေးချင့်စရာပါ။
သမိုင်းနဲ့ချီပြောရရင် အမေရိကန်ဆိုတာကလည်း
ဘယ်ဖိနှိပ်ချိုးနှိမ်မှုမှ မခံနိုင်လို့ မခံချင်လို့ ထွက်ချလာကြသူတွေစုဆက်ပြီး
တိုင်းပြည်ထောင် ကိုယ့်မင်းကိုယ့်ချင်းလုပ်နေသူတွေ မဟုတ်လား။ တခုခု
ဥပဒေပြုမယ်ဆိုတိုင်း ကမ္ဘာနဲ့ချီ အုတ်အော်သောင်းတင်းတွေ ဟိုးလေးတကြော်တွေ
အကျယ်အကျယ် မငြိမ်းဖွယ်တွေဖြစ်တဲ့နိုင်ငံကိုး။ ဘယ်သူတွေ ဘာပြောနေပြောနေ
နောက်ဆုံးတော့ သူ့လူ သူ့စကား သူ့တရားနဲ့ သူ့လမ်းသူသွားတာပါပဲ။
ခုပဲကြည့်
လိင်တူလက်ထပ်ခွင့်ပြဌာန်းပြီးတော့ ဘုရားကျောင်းတွေက “လိင်တူတွေလာလက်ထပ်ရင်
ထိမ်းမြားမပေးဘူးတဲ့၊ ဘုရားသခင်အလိုအရ လက်ထပ်ထိမ်းမြားတယ်ဆိုတာ
မိန်းမနဲ့ယောက်ျားကြားကကိစ္စတဲ့” လိင်တူဆရာတွေကလည်း “မပေးရင်နေ၊ နင်တို့ပေးမှ
ငါတို့ညားရမှာမဟုတ်၊ တရားရုံးသွားလက်မယ် သောက်ရေးမပါတာ လာမပြောနဲ့”ဆိုပြီး
ပြန်ပက်တယ်။ တရားဥပဒေနဲ့(နိုင်ငံတော်)
ဘုရားနဲ့(ကျောင်းတော်)တန်းညှိထားတဲ့ပြည်ဆိုတော့ ဘုရားလူကြီးတွေခမျာလည်း
ဗျစ်ဗျစ်တောက်ဗျစ်တောက်လုပ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ရှာကြဘူး။
ဒီမနက် စက်တင်ဘာ ၂၁၊ ၂ဝ၁၅
တိုင်မ်းမဂ္ဂဇင်းမျက်နှာဖုံးလေးတွေ့ပြီး ပြောမိတာပါ။ မျက်နှာဖုံးဆောင်းပါးက Is
Monogamy over? တဲ့။ ဗမာလိုတော့ ဧကအိမ်ထောင်ရေး နိဌိတံပြီလော ဆို
သင့်မယ်မှတ်တာပါပဲ။
စက်တင်ဘာ ၁၇၊ ၂ဝ၁၅
(မလာချင်ပဲရောက်ရသူ)
ဟိုတလောက အမေရိကန်အသားဖြူမိတ်ဆွေတယောက်နဲ့
ဗမာဆိုင်သွားစားကြရင်း ပွားကြရင်းကနေ ခုနှစ်ပိုင်းအတွင်းအဖြစ်များလှတဲ့
အာဖရိကန်အမေရိကန်တွေနဲ့ လူဖြူအမေရိကန်ပုလိပ်တွေကိစ္စဆီရောက်သွားတယ်။
ပြောကြတာတွေကတော့ အများသားပဲ ကျွန်ကုန်ကူးသင်္ဘောကြီးတွေရော ဦးလေးတွမ်ရဲ့တဲကလေးရော
အေဗရာလင်ကွန်းရော မယ်လ်ကွန်အိပ်က်စ်ရော မာတင်လူသာကင်းရော ဘရခ်အိုဘားမားရော အစုံပဲ။
ပြန်ခါနီး စကားလက်စသတ်တော့ မိတ်ဆွေက
“မင်းတို့ ငါတို့က ဒီကို ကိုယ့်သဘောနဲ့ကိုယ် လာပါရစေဆိုပြီး ရောက်လာခဲ့ကြတာကွ။
သူတို့ခမျာက အနှိပ်စက်အညှဉ်းပမ်းခံရဖို့ အရောင်းစားခံရဖို့ မတရားအလုပ်ခံရဖို့
ကုန်ကုန်ပြောရရင် လူမဆန်ဆုံးရက်စက်မှုတွေ သားစဉ်မြေးဆက်ခါးစည်းခံရဖို့
အဓမ္မခေါ်ယူခံခဲ့ရတာ”လို့ ပြောရင်း မျက်ရည်တွေဝဲလို့ အသံတွေတုန်လို့။
စက်တင်ဘာ ၁၆၊ ၂ဝ၁၅
(အထဲကလူ သတ္တိပို၏)
လူဟာ မိမိကိုယ်ပိုင်ရွေးချယ်မှုနဲ့
ကိုယ်စီခရီးနှင်နေကြတာမဟုတ်လား။ အထူးသဖြင့် နိုင်ငံရေးလိုဟာမှာ ပိုထင်ရှားပါတယ်။
အထဲကနေပဲလုပ်လုပ် အပြင်ထွက်ပြီးပဲလုပ်လုပ် ခွထိုင်ပြီးပဲလုပ်လုပ် ဘာမှပဲမလုပ်လုပ်
မိမိရွေးချယ်မှုပဲအခြေခံကြတာပါ။
ဘယ်သူကတော့ ဘယ်ကနေလုပ်နေလို့မို့
သတ္တိပိုရှိတယ် မရှိဘူးပြောဖို့ရာအကြောင်းမရှိသလို မလုပ်နိုင်တော့သူတွေကိုလည်း
ငြိုငြင်စိတ်ကလေးတောင် မဝင်မိဖို့အရေးကြီးပါတယ်။ ကုန်ကုန်ပြောရရင်
ဘာမှမလုပ်ပဲထိုင်နေသူတောင် တိုင်းပြည်ဖျက်နေသူထက်တော့ သာတာပဲမဟုတ်လား။
“ငါကတော့ ကိုယ်ကျိုးတွေစွန့်ပြီးလုပ်လိုက်ရတာ” လူတွေရှေ့သွားပြောကြည့် ဘယ်သူကမှ
ခင်ဗျား ကိုယ်ကျိုးစွန့်မှုကို အသိအမှတ်မပြုချင်ကြတော့မှာတွေ့ရလိမ့်မယ်။ ထောင်ထဲ သွားနေခဲ့တာလည်း
ကိုယ်ပိုင် သိစိတ်ရှိရှိရွေးချယ်မှုနဲ့လုပ်ခဲ့တဲ့ကိစ္စပဲ။ ဘယ်သူ့အတွက်မှ
စွန့်လွှတ်တာမဟုတ်ဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တာပဲ။ ဒီ့အတွက် ဘာမှ
မဏ္ဍပ်တိုင်တက်ပြဖို့မလိုဘူး။ ဖြတ်သန်းမှုကို သူ့အရှိအတိုင်း အခြားသူတွေပြောကြမှာပဲ။
ခုတလော နိုင်ငံရေးနဲ့ ဒါမှမဟုတ်
နိုင်ငံရေးနဲ့ တိုက်ရိုက်သွယ်ဝိုက်ဆက်စပ်တဲ့အလုပ်တွေနဲ့
အသက်မွေးဝမ်းကြောင်းနေကြသူတွေထဲကြား “ဒို့က ပြည်တွင်းထဲကနေ သတ္တိရှိရှိလုပ်နေတာ”
ဆိုတဲ့စကားဟာ မဏ္ဍန်လိုလိုကို ဂါထာလိုလို စုပ်ကြရွတ်ကြနဲ့ ခေတ်ထနေပုံရတယ်။
ခုချိန်ထိ ကိုယ့်ထမင်းကိုယ်စားပြီး
စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးကို ယုံကြည်ချက်အပေါ် မြဲမြဲမြံမြံရပ်ခံပြီး
တစိုက်မတ်မတ်လုပ်နေသူတွေ အမြောက်အမြားရှိနေသေးတာတော့
စိတ်ထဲနှစ်ထောင်းအားရဖြစ်လှတယ်။
အဲ့ဒီလူတွေက သူတို့ဟာ
သတ္တိရှိရှိစွန့်လွှတ်နေကြတယ်လို့ တခွန်းမှပြောသံမကြားဖူးဘူး။
စက်တင်ဘာ ၁၆၊ ၂ဝ၁၅
(ဆေးသုတ်သမားများ)
ရှစ်တန်းအောင်၊ စစ်ထဲဝင်၊
ဘာအပြစ်ဒဏ်မှမခံဖူး၊ နှစ်အပိုင်းအခြားဝင်ချိန် တပ်ကြပ်ဖြစ်ဆို ဗိုလ်သင်တန်းတက်
စစ်ဗိုလ်လုပ်လို့ရတဲ့ခေတ်ရှိဖူးတယ်။ တောင်ငူထောင် ထောင်ပိုင်
ဘီလူးရုပ်နဲ့အောင်နိုင် (မင်းဘူး စကုသား) ဟာ အဲ့သလိုနဲ့ ဖြစ်လာတဲ့စစ်ဗိုလ်ပဲ။
စစ်တပ်အသွင်ပြောင်း ထောင်ပိုင်ပဲ။ ဘာပညာမှမတတ် ဘာအရပ်ဘက်အုပ်ချုပ်ရေး
အဆင့်အတန်းမှမရှိသူပဲ။
ကွန်မြူနစ်ကို ဘယ့်လောက်မုန်းသလဲဆို
ကွယ်လွန်ရှာပြီဖြစ်တဲ့ကိုမျိုးသန့် စာကဗျာရေးတော့ ဘာသာပြန်တော့ ခွန်းခ
ကျနော်တို့ခေါ်တော့ ဂျပ်ကြီး(သူက တရားသူကြီးကနေ ဗကပ ယူဂျီနဲ့ထောင်ကျလာသူ)နဲ့ ကိုအာဂျစ်ဟိန်းတို့
ထောင်တွင်းတိုက်ပွဲ(အငယ်စားလေးပဲ ထားပါ)တခုဖြစ်တော့ “ဟေ့ ငါက ကွန်မြူနစ်အသဲ
မီးကင်စားလာတဲ့အကောင်ကွ”ဆိုပြီး သည်းသည်းမဲမဲချေမှုန်းခဲ့သူ။ အရည်ရွှပ်ပက်နဲ့ထမင်း
၄၅ ကျပ်သား ချိန်ခွင်နဲ့ချိန်ကျွေးခိုင်းသူ။ တနင်္လာထောင်ပိုင်တန်းစီမှာ
ထောင်ပုံစံ(၁ဝ)စာရွက် လက်နဲ့ထောင်မပြလို့ နိုင်ကျဉ်းမှန်သမျှကို တယောက်ချင်း
တန်းစီပါးရိုက်ခဲ့သူ။ တောင်ငူမှာ လယ်မြေတွေသိမ်းပြီး မင်းကြီးညိုအမည်နဲ့
ကွက်သစ်ရိုက်ပြီး စစ်ဗိုလ်တွေဝေစားတော့ အိမ်ကြီးရခိုင်ဆောက်ခဲ့သူ။
အဲ့ဒီအချိန် ကျနော်တို့တတွေ ထောင်ထဲ
ကျောကော့အောင် သူ့အနှိပ်အစက်ခံနေရပေမယ့် ထောင်ပြင်ထွက် မင်းကြီးညိုကွက်သစ်က
ထောင်ပိုင်အိမ် ဆေးသွားသုတ်တာတာပါ အကြောင်းပြချက်နဲ့ ညအိပ်ညနေထွက်
ထောင်ဝင်စာအပြင်မှာတွေ့ စာလေးဖတ်လိုက် အအေးလေးသောက်လိုက်နေခဲ့သူ ၂ယောက်ဟာ
ဘယ်သူတွေလဲ။ အဲ့အချိန်ထောင်ထဲမှာ နိုင်ကျဉ်းတွေကို အလုပ်ကို
နွားလိုခိုင်းနေချိန်မို့ Anti-Labour ခေါင်းတင်ပြီး တိုက်နေရချိန်ကြီး။
တောင်ငူထောင်ခေတ်ပြိုင်တွေသိကြပါတယ်။
စက်တင်ဘာ ၁၄၊ ၂ဝ၁၅
(မချိုးရင် မကျိုးဘူး)
ဖေ့စ်ဘွတ်ခ်ကရော အပြင်ကတည်းကရော
သိကျွမ်းဖြတ်သန်းခဲ့သူများခင်ဗျား ကျနော့်စိတ်မအားလူမအား ရက်သတ္တနှစ်ပတ်နီးပါးကတော့
တိမ်ကောသွားပြီမှတ်တာပါပဲ။
ဘာမှမရေးဖြစ်ပေမယ့်
အချိန်ရသမျှလေးတွေမတော့ ထုံ့ပိုင်းထုံ့ပိုင်းနဲ့ဖတ်ဖြစ်နေပါတယ်။ တွေးဖြစ်နေပါတယ်။
မတူတဲ့အတွေးတွေချပြကြရင်း
မိတ်ဖြစ်ဆွေဖြစ်ဖြစ်မယ့်သူတွေ ရလာမှာဖြစ်သလို မိတ်ပြတ်ဆွေပြတ်ပြတ်ကြမယ့်သူတွေလည်း
ထုံးစံအတိုင်းဖြစ်မှာပါပဲ။
မိတ်ဟောင်းတယောက်ပြတ်တယ်ဆိုတာ
မိတ်သစ်တယောက်ရဖို့အကြောင်းရင်းခံ မဟုတ်လားဗျာ။
အစဉ်အလာတို့ ဓလေ့တို့ဆိုတာ
ချိုးဖေါက်မယ့်သူမရှိသရွေ့ အသစ်မဖြစ်ထွန်းတဲ့အရာပေပဲ။
အတွေးအခေါ်ဆိုတာ အသေဆုပ်ကိုင်ထားသရွေ့ ရှေ့မရောက်မယ့်အရာပေပဲ။
ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုတာ အာဏာသဘောမှာ ရှိမှမရှိတဲ့အရာပဲ။
အတွေးအခေါ်ဆိုတာ အသေဆုပ်ကိုင်ထားသရွေ့ ရှေ့မရောက်မယ့်အရာပေပဲ။
ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုတာ အာဏာသဘောမှာ ရှိမှမရှိတဲ့အရာပဲ။
စက်တင်ဘာ ၁၄၊ ၂ဝ၁၅
(ဒါ့ကြောင့်နေမယ်)
ဘုန်းကြီးနံမည်ခံထားပြီး
ဖေ့စ်ဘွတ်ခ်သုံးတဲ့လူတယောက်နဲ့ ပွားမိကြရင်း စကားက နွားဆီရောက်သွားတော့ “ဒီမှာ
နွားကို နဖားကြိုး မထိုးရဘူးဗျ။ ထိုးရင် တိရိစ္ဆာန်ညှဉ်းဆဲမှုနဲ့
အရေးယူလို့ရတယ်”လို့ပြောပြတော့ သူက “ဒါဆို လယ် ဘယ့်နှယ်လို့ ထွန်ရပါ့မလဲ”တဲ့။
“ဒီမှာ လယ်က နွားနဲ့မထွန်တော့ဘူးဗျ”ဆိုတော့ "ဘာနဲ့ ထွန်လဲ”တဲ့။
“စက်နဲ့”ဆိုတော့ “ဒါဆို လယ်သမားတွေ နွားမမွေးကြတော့ဘူးလား။ အနည်းဆုံး
နို့စားနွားမလေး ဘာလေးလောက်တော့”တဲ့။ “လယ်သမားက နွားမမွေးဘူးဗျ။
နွားခြံသမားကြီးတွေပဲ မွေးကြတာ။ မွေးတာတောင်မှ အသားစားနွားနဲ့နို့စားနွား သတ်သတ်ခွဲမွေးကြတာ၊ ပြီးတော့
နွားသားဖေါက်ခြံတွေလည်း သတ်သတ်စီရှိကြတယ်”လို့ပြောတော့ “သြော် ဒါဆို အဲ့မှာက
နွားကို သတ်စားဖို့နဲ့ နို့သောက်ဖို့ပဲပေါ့”တဲ့ “ဟုတ်ပါတယ် ဒါပေမယ့်
နွားကနေအခြားထွက်ကုန်တွေလည်း ရှိပါတယ်။ သားရေလုပ်ငန်း နို့ထွက်ပစ္စည်းလုပ်ငန်းတွေရောပေါ့ဗျာ”ဆိုတော့
သူက အဆုံးသတ်သဘော ကောက်ချက်ချလေတယ် “အင်း ကျေးဇူးရှင်ကို
ကျေးဇူးရှင်မှန်းမသိတဲ့လူမျိုးတွေနေတဲ့ပြည်မို့ သာသနာမထွန်းကားတာနေမယ်”တဲ့။
ကျနော်လည်း ဘာဆက်ပြောရမှန်းကို မသိတော့တာ။ သြော် မေ့တော့မလို့
သူကလယ်တီဘုန်းတော်ကြီးရဲ့တပည့်ရဲ့ တပည့်အရင်းခေါက်ခေါက်တဲ့ဗျ။
စက်တင်ဘာ ၂၊ ၂ဝ၁၅
0 comments:
Post a Comment