(စာခြောက်ထောင်းစားသူများ ၂)
တခါတခါ ဒုတိယတန်းခေါင်းဆောင်က နိုင်ငံရေးဆိုတာဘယ်သို့ဘယ်ချမ်းသာ၊ ဘယ်ဖီလော်ဆော်ဖာက ဘာပြောတာ၊ လူဆိုတာ ဘာ ဆိုတာမျိုးတွေအစချီပြီး အင်္ဂလိပ်လိုတွေညှပ်ကာညှပ်ကာ အလုံးကြီးတွေပစ်လျှင် ဦးဇင်းက ထောက်ထောက်ခံခံလေး ဝင်ဝက်ပြောတတ်ပြီး၊ ကျနော်က ဘာသိဘာသာနေကာ သခင်လူငယ်က နှာတင်းနေတတ်၏။ ဘာမှ ပြန်မပြောသော်လည်း သိတ်ကြည်ပုံမရ။ ကွယ်ရာတွင် ခေါင်းဆောင်ကြီးဟု အငေါ်တူး၏။ သူနှင့်စကားပြောရင်း ဟိုလူ့ကိုညွှန်းရမည့်အခါ ကျနော်လည်း ခေါင်းဆောင်ကြီးဟုလိုက်ပြောရင်း နောက်တော့ ခေါင်းဆောင်ကြီးဟုပဲ ကွယ်ရာတွင် အခေါ်ရအသားကျသွား၏။ သခင်လူငယ်ကား ခေါင်းဆောင်ကြီးအပေါ် အမြင်မကြည်တာမှန်သော်လည်း အခန်းတွင်းနေထိုင်မှု ခန္တီစကောင်းကောင်းနှင့် ထေရ်ကြီးသူဝတ်မပျက်။ ကျနော်ကတော့ မေတ္တာခတ်ပျက်ပျက်။
တခါတခါ ဒုတိယတန်းခေါင်းဆောင်က နိုင်ငံရေးဆိုတာဘယ်သို့ဘယ်ချမ်းသာ၊ ဘယ်ဖီလော်ဆော်ဖာက ဘာပြောတာ၊ လူဆိုတာ ဘာ ဆိုတာမျိုးတွေအစချီပြီး အင်္ဂလိပ်လိုတွေညှပ်ကာညှပ်ကာ အလုံးကြီးတွေပစ်လျှင် ဦးဇင်းက ထောက်ထောက်ခံခံလေး ဝင်ဝက်ပြောတတ်ပြီး၊ ကျနော်က ဘာသိဘာသာနေကာ သခင်လူငယ်က နှာတင်းနေတတ်၏။ ဘာမှ ပြန်မပြောသော်လည်း သိတ်ကြည်ပုံမရ။ ကွယ်ရာတွင် ခေါင်းဆောင်ကြီးဟု အငေါ်တူး၏။ သူနှင့်စကားပြောရင်း ဟိုလူ့ကိုညွှန်းရမည့်အခါ ကျနော်လည်း ခေါင်းဆောင်ကြီးဟုလိုက်ပြောရင်း နောက်တော့ ခေါင်းဆောင်ကြီးဟုပဲ ကွယ်ရာတွင် အခေါ်ရအသားကျသွား၏။ သခင်လူငယ်ကား ခေါင်းဆောင်ကြီးအပေါ် အမြင်မကြည်တာမှန်သော်လည်း အခန်းတွင်းနေထိုင်မှု ခန္တီစကောင်းကောင်းနှင့် ထေရ်ကြီးသူဝတ်မပျက်။ ကျနော်ကတော့ မေတ္တာခတ်ပျက်ပျက်။
တကြိမ်တွင် နှစ်ယောက်သား အပေါက်ဝထိုင်ရင်း
“ဦးဇင်းက ခေါင်းဆောင်ကြီးကို ဖော်လိုသာလိုက်နေတာဗျ၊ တကယ်က ဘာမှသိတာ မဟုတ်ဘူး။
ဖောရှော၊ ပေါ်လစ်တစ်ကိုတောင်မှ အက်စ်သံပါအောင် မထွက်နိုင်ပဲ
ပေါ်လစ်တစ်ပေါ်လစ်တစ်နဲ့လုပ်နေတာကြည့်ပါလား”ဟု မဲ့ကာရွဲ့ကာပြောဖူး၏။
“ခေါင်းဆောင်ကြီးလည်း သိတ်သိတာမဟုတ်ပါဘူး။ ကြားဖူးနားဝတွေ လျှောက်ပြောနေတဲ့သဘောပါ၊
နိုင်ငံရေးစာတအုပ် ဆုံးအောင် ဖတ်ဖူးပုံမရဘူး”ဟု ကျနော်ကလည်း အတိုင်အဖေါက်ညီညီ
ကိုယ်ရည်သွေး၏။ ဤသို့ဖြင့် ထို ၂ ယောက် ဘုရားဝတ်ပြုချိန်သည် ကျနော်တို့
အတင်းပြောရန်အခွင့်သင့်ချိန်ပင်။ ၄၅ မိနစ် ရေချိုး၊ အဝတ်လျှော်၊ ပန်းကန်ဆေး၊
မိလ္လာချချိန်လေးတွင်ပင် မရ ရအောင် အတင်းပြောသည့်အခါလည်းပြောကြ၏။
သူတို့နှစ်ဦးက ကျနော်တို့လို
အတင်းမပြောကြ။ ကွန်မြူနစ်ဝါဒက ဘယ်ပုံအာဏာရှင်ဆန်သည်၊ ဘယ်ပုံဆိုးသည်၊
ဒီမိုကရေစီနှင့်ကွန်မြူနစ်က ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်သည်၊ ဗကပတွေ သမိုင်းမှာ
ဘယ်သို့လူလည်ကျသည်၊ ပဲခိုးရိုးမမှာ ဖြုတ်ထုတ်သတ်သည်၊ ရုပ်ဝါဒဆိုသည်မှာ ဘာသာတရားတိုင်းနှင့်
ဆန့်ကျင်ဘက်ဖြစ်သည်၊ ဓမ္မန္တရာယ်ဖြစ်သည်၊ ဗမာပြည်လို
ထေရဝါဒထွန်းကားသည့်တိုင်းပြည်တွင် ကွန်မြူနစ်တွေ ကမ္ဘာဆုံးတောင်
အာဏာမရနိုင်စတာမျိုးတွေအပြင် ဗုဒ္ဓဝါဒသည် ဓမ္မဖြစ်ကြောင်း၊ သမ္မာဒိဌိဖြစ်ကြောင်း၊
သိပ္ပံနည်းကျကြောင်း၊ ဘယ် သိပ္ပံပညာရှင်ကပင် ဘယ်လိုပြောကြောင်း၊
ဖန်ဆင်းရှင်ဆိုသည်မှာ ယုံမှတ်မှားမှုဖြစ်ကြောင်း၊ မိစ္ဆာဒိဌိဖြစ်ကြောင်းစတာတွေကို
အခန်းထဲတွင် ကျယ်ကျယ်လွင့်လွင့် ဝံ့ဝံ့ရဲရဲ ပြောဆိုဆွေးနွေးတတ်၏။
နားမထောင်လည်း ကြားနေရသည့်အတူတူ ကျနော်က
အရည်ထူထူနေနိုင်ဖို့ကြိုးစားသော်လည်း သခင်လူငယ်က “ကမ္ဘာပေါ်မှာ ဘုရားဟာ တစ်ဆူတည်းဗျ၊
လူတွေကွဲလို ဘုရားတွေလိုက်ကွဲနေကြတာ၊ ဘုရားတိုင်းက လူတွေကို ကောင်းတာလုပ်ဖို့
မကောင်းတာမလုပ်ဖို့ပဲဟောတာ၊ အဲ့ဒါ လူတွေကလိုက်ပြီး သူ့ဘုရား ငါ့ဘုရားပြိုင်နေကြတာ၊
အဲ့လိုတွေ လျှောက်ပြိုင်ရင်း ထချကုန်ကြတာဗျ၊ ဘာသာရေးစစ်ပွဲတွေ အဲ့ဒါကြောင့်
ဖြစ်နေကြတာ”ဆိုကာ အချက်အလက်မရှိဘာမရှိ လေသံမာမာ မျက်နှာထန်ထန်နှင့်
ဝါးလုံးရှည်သိမ်းရိုက်တတ်၏။ ထိုအခါမျိုးဆို ထို ၂ ယောက်လုံး ထိုနေ့အတွက်
ဆွေးနွေးပွဲပျက်တတ်၏။ ဘာမှပြန်မပြောတာကြတာက လန့်တာလည်းပါနိုင်သလို ကျေးဇူး
စူးနေသည်မို့ မလှန်နိုင်တာလည်း ပါနိုင်၏။
တပတ်တကြိမ် အသားစားရက်ရောက်လျှင် အမဲမစား
ဝက်မစားများအား ဘဲဥပြုတ်တလုံးနှင့် မန်ကျည်းမှည့်ချဉ်ရေ ဆယ်ဇွန်းစာမျှရ၏။
အသားစားဆိုသည်မှာ အမဲသားဝက်သားကိုဆိုခြင်းဖြစ်၏။ ထိုအသားကို ပုံစံအသားဟုခေါ်၏။
ပုံစံအမဲသားဆိုသည်မှာ အသားအတုံးလိုက်ထက် အသားစလေးများနှင့်အတူ အကြောအရွတ်များအား
နှီးကြိုးဖြင့်တွဲချည်ထားသည့် အကြောထုံးပြုတ်သက်သက်၊။ ဘယ်လိုမှ ညက်အောင်ကိုက်ဝါးမရ
ကိုက်ရင်းဝါးရင်း တပိုင်းတစနှင့် ထွေးထုတ်ရင်ထုတ် မထုတ်ရင်
အတင်းမြိုမြက်ချလိုက်ရသည်သာများ၏။ ဝက်သားကြည့်ပြန်တော့လည်း
လေးဂွသရေလုပ်လျှင်ရလောက်သည့် မနူးအောင်ပြုတ်ထားသည့် အမွှေးကြမ်းတချို့ထိုးထိုးထောင်ထောင်နှင့်
အခေါက်ထုံထုံကြီးနှင့် အဆီလေး ပြက်ကာသီကာကပ်နေသည့် ဆနွင်းရောင်အတုံး။ ပြီးတော့
အရည်ကြည်အသားပြုတ်ရည် နည်းနည်း။
ထောင်တွင် အသားစား စာရင်း တရက်ကြိုကောက်၏။
ကောက်ကတည်းက ဒီတပတ်တော့ ၄ ယောက်လုံးအမဲသား သို့မဟုတ် ၄ ယောက်လုံးဝက်သားဆိုကာ
စာရင်းပေး၏။ ထိုသို့ပေးရခြင်းမှာလည်း သခင်လူငယ်၏ အစီအမံနှင့်ဇယားဖြစ်၏။ ၂ တုံးကို
ဆေးလိပ်နှင့် လဲသည့်အခါလဲပြီး အချိုမှုန့်နှင့်လဲသည့်အခါလဲ၏။ ကျန် ၂ တုံးကို
စည်ပတ်သံပြားပြတ်လေးဖြင့် သေးသေးလေးတွေဖြစ်အောင် ကြိတ်ကြက်လှီးကာ ပုံစံငါးပိ၊
ပဲဟင်းရေပေါ်ဆီ၊ ဟင်းချိုမှုန့်နှင့် ညစောင့်ဝါဒါ အဆောင်တောင်ယာမှလစ်လာသည့်
ကိုက်လန်၊ ဂေါ်ဖီရွက်၊ ဆလတ်ရွက်၊ မုန်လာဥ၊ ဟင်းနုနယ်ရိုး တခုမဟုတ်တခု
အစိမ်းအတိုင်းထည့်ကာ နယ်နယ်ဖတ်ဖတ်နှင့် အသုတ်တပွဲဖြစ်အောင် သခင်လူငယ်က စီမံ၏။
ကျနော်တို့က လက်တိုလက်တောင်းသမားများ။ ကံကောင်းသည့်အခါ ငရုပ်သီးမှုန့်လေးနှင့်
ပူတူတူစပ်တတ်တတ်။ ထိုဟင်းလျာကို အနည်းဆုံး ၂ နပ်စာဖြစ်အောင် နေ့ဖို့ညစာချန်စား၏။
ထိုနေ့မျိုးကား အသားသုတ်နှင့်စွပ်ပြုတ်နှင့် ဇရက်မင်းစည်းဇိမ်ယူကာ ဗိုက်
ခွေးနမ်းလောက်၏။ ညကြတော့လည်း ဆေးလိပ်က ခါတိုင်းထက် အဖွာပိုရ၏။ မီးခိုးငွေ့
အပိုအလျှံရှိသောနေ့များပင်။
ထောင်ပိတ်သံချောင်း ဒေါင်ကနဲမည်သံနှင့်တူ
အခန်းအသီးသီးမှ မီးတတို့လောက်ဆရာရေဆိုသည့်အသံတွေ စီကနဲထွက်လာတတ်၏။
ကျနော်တို့အခန်းမှ မီး ဒိုင်ခံတောင်းသူမှာ သခင်လူငယ်။ မီးတို့ပြီးသည်နှင့် တယောက်
၃ ဖွာနှုန်းနဲ့ လှည့်မယ်၊ ဦးဇင်းအရင်ဖွာဘုရားဟုဆိုကာ သနပ်ပင်မကျင်လှနွားဆေးလိပ်
သို့မဟုတ် ကျားမသန်းဌေးဆေးပေါ့လိပ်အား ဦးဇင်းထံကမ်းပေးလိုက်၏။
ထောင်တွင်း ဆေးလိပ် လှည့်သောက်ခြင်း၌လည်း
လူ့စရိုက်သဘာဝကို အကြမ်းသဘောအကဲခတ်၍ရနိုင်၏။
(ဆက်ပါဦးမယ်) စက်တင်ဘာ ၂၁၊ ၂ဝ၁၅
(ဆက်ပါဦးမယ်) စက်တင်ဘာ ၂၁၊ ၂ဝ၁၅
0 comments:
Post a Comment