Monday, September 21, 2015

(စာခြောက်ထောင်းစားသူများ ၁) မျိုးမြင့်ချို

0 comments
(စာခြောက်ထောင်းစားသူများ ၁)
၁၂ ပေ ၈ ပေ ကျယ်သည့်အခန်းလွတ်ထဲသို့ ဘုန်းကြီးတပါးနှင့် လူသုံးယောက်ကိုထည့်ထားပြီး တနေ့လျှင် ၂၃ နာရီနှင့် ၁၅ မိနစ် ပိတ်လှောင် ထား၏။ ဤနေရာတွင် ဘုန်းကြီးကိုလည်း လူဟူ၍မှတ်ပါက လူ လေးယောက်ဟုပြောမှရပါလိမ့်မည်။

ဤအခန်းသို့ ဘယ်သူအရင်ရောက်နှင့် တိုင်းပြီး ဝါကြီးကြကြေးဆို အသက်အငယ်ဆုံး အကောင်အငယ်ဆုံး ဒလဘက်ကမ်းမှ သခင်လူငယ်သည် ထေရ်ကြီးဖြစ်၏။ သူက ၈၈ အတွင်း ဖွဲ့စည်းလှုပ်ရှားခဲ့သော တို့ဗမာသခင်လူငယ်များအစည်းအရုံးဝင် လူငယ်ပေတည်း။ ယခု ရောက်လာသည်က သံလျှင်ရေနံချက်စက်ရုံဗုံးခွဲမှုမသင်္ကာ စွဲချက်နှင့်။ “အလကားပါဗျာ၊ ကျနော်နဲ့ ဘာမှမဆိုင်ပါဘူး၊ သိလည်း မသိပါဘူး၊ ၈၈ ပြီးကတည်းက ဘာနိုင်ငံရေးနဲ့မပတ်သက်တော့ပဲ ကိုယ့်ဘာသာကို ဓနိရည်လေးရောင်းစားနေတာ၊ ဗုံးခွဲဖို့မပြောနဲ့ ကိုယ့်ဟာကိုယ်တောင် ဘောခွဲထားရလို့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တာ ဒီမှာကြည့်ပါလား”ဟု နီရဲယောင်ကိုင်းနေသည့် သူ့ဘောကြီးအားလှန်လှန်ပြရင်း မကြေမချမ်းဖြစ်နေသူ။
ကျနော်ကား အသက်အကြီးဆုံးနှင့် ဝါအနုဆုံးရှင်သာမဏေမျှ။ ဒုက္ခိတစစ်သားလူထွက် ငြိမ်းချမ်းရေးလိုချင်လို့ဆိုပြီး ကွန်မြူနစ်တွေနှင့်တိတ်တိတ်ဆက်သွယ်ကာ ၈၈ တွင် ဝင်ပါပြီး အင်န်အယ်လ်ဒီ၏ အာဏာဖီဆန်ရေးကိစ္စဖြင့်ရောက်လာသူ။ ပြောရလျှင် နိုင်ငံရေးတောက်တိုမယ်ရနှင့် ဗကပကိုင်းဖျားကိုင်းနား။
အလယ် ၂ ယောက်ဖြစ်သော ဘုန်းကြီးနှင့်လူတွင် ဘုန်းကြီးကား သူ့အမှုသူပြန်ပတ်သူဖြစ်၏။ ၈၈ အပြီး တောအပျော်တမ်းခိုကာ ရွာပြန် သင်္ကန်းစည်းဆွမ်းခံစားရင်း အေးအေးမနေပဲ ပြောက်ကြားယူနီဖေါင်းနှင့် သေနတ်နှင့်
ရိုက်ခဲ့သည့်ဓါတ်ပုံလေး တပြပြလုပ်မိသဖြင့် ချွန်တွန်းအလုပ်ခံရပြီးရောက်လာသူ။
နောက်ဆုံးတယောက်က ထိုအချိန်က ဗမာပြည်တွင် ဒုတိယအင်အားအကြီးဆုံးပါတီ၏ ဒုတိယတန်းခေါင်းဆောင်ဆို၏။ သူကား မယ်မယ်ရရ ပြစရာသိတ်မရှိလှ။ သူ့စကားအတိုင်းဆိုလျှင် စောက်မြင်ကပ်ပုဒ်မ။ သို့သော် ဤလေးယောက်တွင် သူကား နိုင်ငံရေးစကားအပြောဆုံး ရဲရဲအတောက်ဆုံး အစိုးရကိုအဆန့်ကျင်ဆုံး အတိုက်ဆုံး။
အသစ်တယောက် ရောက်လာတိုင်း နံမည်ဘယ်သူ ဘယ်အဖွဲ့အစည်းကဟု မိတ်ဆက်ပြီးပြီးချင်း ဘေးဘယ်ညာအခန်း ၂ ဘက်သို့ သခင်လူငယ်က သတင်းပို့၏။ ပြီးတော့ ဘယ်အခန်းမှာ ဘယ်သူတွေရှိတယ်ဟုဆိုကာ ထိုသူများမှာ သူနှင့်ငယ်ပေါင်းကြီးဖော်များပမာ လူမပါပဲ တဆင့်ခံမိတ်ဆက်ပေး၏။ ကျေးဇူးလည်းတင်ရ စောက်မြင်လည်းကပ်ရ၏။
သို့သော်သူကား စီနီယာပီပီ အငယ်တွေကိုတာဝန်ယူ၏။ ကျန်သူတွေအပေါ် ကျေးဇူးကြီး၏။ မိလ္လာဘုတ်ကိုင်၊ အမြဲဆင်း၊ ဘောက်ဆင်းတွေကိုသာမက ဝါဒါတချို့ကိုပင် ဘာထောင်ဝင်စာမှမရှိပဲ တော်ကီသက်သက်ဖြင့် ချုပ်ထားနိုင်၏။ တခါတလေ ထောင်မှူးအလစ် အကြပ်တွေအလစ်ဆို အမြဲဆင်းနှင့်ဘောက်ဆင်းလေးတွေ သူ့တော်ကီနာလိုသဖြင့် အခန်းပြင်လှေကားထစ်တွင် အကျထိုင်ကာ ရသစုံပေါ်သည့်မျက်နှာတွေနှင့် လက်ရှိဘဝမှ တခနလွတ်မြောက်နေကြ၏။ ညဘက်ဆို ညစောင့်ဝါဒါတချို့ ထန်းညက်ခဲလေး မြေပဲဆန်လေး ဆေးပေါ့လိပ်လေး အဆောင်တောင်ယာက အသီးအရွက်လေးတွေ မ လာကာ ရော့ရော့ ဒိုင်ထားလိုက်။ မနက်တလာရှိလို့ မိရင်တော့ ကိုယ့်ဘဝနဲ့ကိုယ်ပဲဆိုကာ စွန့်ကြဲပြီး သူပြောသမျှတွေ တဟီးဟီးတဟားဟားနှင့် ပွဲကျမဆုံးတတ်။
သူကား ဟာသဓါတ်ခံရှိသလို စကားအပြောလည်းကျင်လည်၏။ နှိုက်နှိုက်ချွတ်ချွတ်ညစ်တီးညစ်ပတ်တွေကို ကြည်ကြည်စင်စင် ရယ်ရွှင်စရာဖြစ်အောင်ပြောတတ်၏။ လူတိုင်းသိပြီးသား နံမည်ကြီးတချို့၏အဖြစ်အပျက်တွေကို သူ့ကိုယ်တွေ့လုပ်ကာ ပြောပြတတ်၏။ ပြောရလျှင် သူ့ကြောင့် ဆေးလိပ်လေးတညို၊ ပဲလှော်လေးလတဆုပ်၊ ငါးပိကျော်လေးတတို့၊ ပဲဟင်းရေပေါ်ဆီလေးတဇွန်း၊ ပုံစံငါးပိထဲက ငရုပ်သီးလေးတဖတ်စနှစ်ဖတ်စ စသည်တို့ရတတ်သည့်အပြင် ဘုန်းကြီး မနက်အာရုံဆွမ်းအတွက် ပဲထမင်းလေးလည်း မနက်တိုင်း ခိုးကြောင်ခိုးဝှက်ပုံမှန်ရနေ၏။
“ကျုပ်က ခင်ဗျားတို့လိုပညာတတ်တော့ မဟုတ်ဘူး ကျောင်းလေး ၉ တန်းလားပဲနေဖူးတာ” ဟုဆိုသော်လည်း တနေ့ သောက်ပြီးသားဆေးလိပ်ဖင်စီခံမှ ဂဲသြမေထရီဆိုသည့် စာလုံးတွေ့တော့ ဘုန်းကြီးဘက်လှည့်ပြီး အဲ့ဒါဘာလဲဦးဇင်းဟုမေး၏။ ဘုန်းကြီးက ဂျီအိုမက်တရီဆိုတာ အဲ့ဒါလေ၊ အက္ခရာသင်္ချာလို့ ခေါ်သလားပဲဟုပြန်ဖြေတော့ “တပည့်တော်ကမသိပါဘူး ပါဠိစကားများလားလို့၊ ဂျီအိုမက်တရီဆို တပည့်တော်လည်း သိတာပဲဟာ၊ ကျောင်းတုန်းက သင်ခဲ့ရတာပဲ။ လူတွေများ အတော်အဆန်းထွင်တယ်၊ သူတို့လုပ်တာနဲ့ သိပြီးသားတွေတောင် မသိဖြစ်ဖြစ်ကုန်တယ်”ဆိုတော့ ဒုတိယအကြီးဆုံးပါတီက ဒုတိယတန်းခေါင်းဆောင်က တဘက်လှည့်ပြီးပြုံး၏။ ကျနော်က မသိချင်ယောင် ဆောင်နေ၏။ (ဆက်ပါဦးမယ်) စက်တင်ဘာ ၂၁၊ ၂ဝ၁၅


0 comments:

Post a Comment