Saturday, August 29, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၃)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၃)
တတိယပိုင်း

သို့သော် ထိုကာလအတွင်း ကျနော်ကြုံတွေ့ဖြစ်ပျက်ခဲ့ရသောအဖြစ်အပျက် ကျနော်မှတ်မိသလောက်နှင့် ကွဲလွဲနေသည်များရှိနေပါသည်။ ထိုစာအုပ်စာတမ်းများအရ ဒုဗိုလ်မှုးကြီးတင်ဦးတို့အဖွဲ့ ပဲခူးတွင် အသေခံခုခံမည်ဟု ဆိုထားပါသည်။
ကျနော်သတိရမှတ်မိတဲ့အချက်အချို့က ဤသို့ ဖြစ်ပါသည်။

ကျနော်သည် ဗမာပြည်တောင်ပိုင်းစစ်ဌာနချုပ်မှုးအဖြစ် မင်္ဂလာဒုံတွင် ဆောင်ရွက်နေစဉ် အင်းစိန်တိုက်ပွဲကိုလည်း ကိုယ်တိုင်ဦးစီးပြီး တိုက်ခိုက်နေရပါသည်။
ထိုစဉ် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ (၄)ရက်လောက်က ကျနော့်ကို ပဲခူးမှ ဒုဗိုလ်မှုးကြီးတင်ဦးက ဝိုင်ယာလက်စက်နှင့်စကားပြောလိုသည်ဆို၍ ဝိုင်ယာလက်အခန်းကို သွားရပါသည်။ ဗိုလ်မှုးတင်ဦးက သူ့တပ်များဘုရားကြီးတိုက်ပွဲကဆုတ်လာပြီး ပဲခူးပြန်ရောက်လာကြပြီး သူတို့၏ မူလအစီအစဉ်အတိုင်း ဘုရားကြီးကျသွားပြီးရင် ပဲခူးမြို့ကျယ်ကြီးက မခုခံတော့ဘဲ ပဲခူးက သနပ္ပင်သို့ဆုတ်ခွာ ဖယ်ပေးတော့မည်ဖြစ်သည့် အတိုင်း ယခုသူတို့ ပဲခူးမှသနပ္ပင်သို့ ဆုတ်တော့မည်ဟုဆိုပါသည်။ ကျနော်များစွာ စိတ်ထိခိုက်တုန်လှုပ်သွားပါသည်။ ထိုရန်သူကို ရန်ကုန်မြို့ကြီးကခုခံတိုက်ခိုက်ရန် အလွန်ခက်ခဲတော့မည်ကိုသိမြင်၍ ဖြစ်ပါသည်။ သို့သော် ကျနော်ဘာမှ မတတ်နိုင်ပါ။ - ခင်ဗျားတို့ ပဲခူးက ဆုတ်ခွာရင် ပဲခူးမြို့အစပ်ရှိ ပဲခူးမြစ်ပေါ်က ပဲခူး-ရန်ကုန်ကားလမ်းတံတားနဲ့ ရထားလမ်းတံတားတို့ကိုတော့ မုချချိုးပြီးဖျက်ဆီးပါဟု မှာကြား ရပါတော့သည်။
ကျနော်စကားပြောပြီးနောက် ကျနော်ရုံးခန်းသို့ပြန်လာကာ ရုံးတွင်ရှိနေသောအင်ဂျင်နီယာအရာရှိကို ချက်ချင်းခေါ်ပြီး ယခုချက်ချင်း ပဲခူး -ရန်ကုန်ကားလမ်းပေါ်ရှိ လှည်းကူးမြို့အနီးက “ဝန်းဘော်ဒတ်”တံတားကြီးကိုသွား၍ ဖောက်ခွဲချိုးဖျက်ရန်ညွှန်ကြားပါသည်။ စစ်အခြေအနေကိုလည်း အတိုချုပ်၍ ပြောပြလိုက်ပါသည်။

ထို့နောက် ကျနော်စိတ်သောကကြီးစွာနှင့် ရန်ကုန်မြို့မှခုခံကာကွယ်ရေးကို စဉ်းစားနေမိပါသည်။ ကျနော်မှတ်မိနေပါသေးသည်။ ကျနော့်ရုံးခန်းမှ မတ်တတ်ရပ်ပြီးကြည့်လိုက်လျှင် ပြတင်းပေါက်မှ ကိုက် ၁၅ဝ လောက်ဝေးသော ပြည်-ရန်ကုန်ကားလမ်းမကြီးကို မြင်နေရရာ ပဲခူးဘက်မှထင်ရသော အရပ်သူအရပ်သားအချို့ မော်တော်ကားများပေါ် ပစ္စည်းများအပြည့်အနှက်တင်ကာ ရန်ကုန်မြို့တွင်းသို့ခိုအောင်းရန် အပြေးအလွှားဝင်ရောက်နေကြသည်ကို တွေ့မြင်နေရပါသည်။ ဟာ လူတွေက ရန်ကုန်မြို့လုံခြုံမယ်ထင်ပြီး ပြေးဝင်နေကြပြီ ငါဘယ်လိုလုပ် ကာကွယ်နိုင်ပါ့မလည်းဟု မိမိတာဝန်အတွက် စိတ်သောကကြီးစွာရောက်နေစဉ် ခဏအကြာ၌ နောက်ထပ် ပဲခူးမှ ဝိုင်ယာလက်စကား ပြောလိုကြောင်း လာပြောပြန်သဖြင့် ကျနော်ထလိုက်သွားပြီး ဝိုင်ယာလက်ပြောသောအခါ အခြေအနေမှာ များစွာဝမ်းသာဖွယ်ပြောင်းလဲ သွားသည်ကို တွေ့ရပါတော့သည်။

အကြောင်းမှာ ဒုဗိုလ်မှုးကြီးတင်ဦးက ယခုအခြေအနေတွေ ပြောင်းသွားပြီ၊ ဘုရားကြီးမှ ရန်သူကေအင်ဒီအိုတပ်တွေ ဆုတ်ခွာသွားကြပြီ ကျနော်တို့က သူတို့ဆုတ်ခွာကြောင်း အရင်စောသိရလို့ ကျနော့်တို့တပ်တွေ ဘုရားကြီးရွာသို့အမြန်ပြန်ပြီး ခံစစ်နေရာယူရန်ပြန်ဝင်နေကြပြီဟု အစီရင်ခံပါသည်။
ကျနော်အတိုင်းမသိ ဝမ်းမြောက်သွားပါတော့သည်။

သို့ရာတွင် ကျနော်က “ဝန်းဘော်ဒတ်”တံတားကြီးကို ချိုးဖျက်ခိုင်းထားတာကိုချက်ချင်းသတိရပြီး တာဝန်ပေးစေလွှတ်ထားသော အင်ဂျင်နီယာအရာရှိ သွားပြီလားဟုချက်ချင်းမေးရာ ထွက်သွားပြီဟု သိရပါသည်။ ထိုစဉ် ကျနော်စဉ်းစားမိသည်မှာ တံတားမချိုးခင် မီအောင် လေယာဉ်ပျံနှင့်လိုက်ပြီး စာချပေးရင် မီနိုင်သည်ဟုတွက်ချက်လိုက်ပါသည်။
ကျနော်က ဗမာ့လေတပ်မတော်မှ လေယာဉ်တစ်စီး အရေးပေါ်ကိစ္စကြုံလျှင်သုံးရန် အသင့်အမြဲရှိနေဖို့တာဝန်ပေးထားရာ ထိုလေယာဉ်လည်း အဆင်သင့်ရှိနေပါသည်။

ကျနော်က ထိုအင်ဂျင်နီယာအရာရှိသို့ အမိန့်စာတိုလေး တစောင်ရေးပါသည်။
“ဘုရားကြီးရွာမှ ရန်သူများဆုတ်သွားပြီ မိမိတို့တပ်များ ဘုရားကြီးရွာကိုဝင်သိမ်းပြီး နေရာယူပြီးပြီ။ ဝန်းဘော်ဒတ်တံတားကို ချိုးဖျက်စရာ မလိုတော့ ပြန်လာပါ”ဟူသော သဘောပါသည့်အမိန့်စာကို ကျနော်လက်မှတ်ထိုးပြီး နောက်ထပ်အရာရှိတဦးကို လေယာဉ်နှင့်လိုက်ပြီး ထိုစာကို ‘ချ’ပေးရန် စာကို သံဘူးငယ်တခုတွင်ထည့်ပေးပြီး လေယာဉ်နှင့် အမြန်စေလွှတ်လိုက်ပါသည်။

ထိုလေယာဉ်က ဝန်းဘော်ဒတ်တံတားပေါ်ရောက်သောအခါ တံတားအနီးတွင် ကားတစီးရပ်ထားတာမြင်ရသဖြင့် လေယာဉ်ကိုနိမ့်နိမ့်ဆင်းပြီး ဝဲနေပါသည်။ တံတားကိုဖျက်ခိုင်းထားသော အင်ဂျင်နီယာအရာရှိလည်း တံတားတွင် ဒိုင်းနမိုင်းများချည်နှေင်ရန်လုပ်နေပါသည်။ ထိုစဉ် ခေါင်းပေါ်တွင် လေယာဉ်ဝဲလာသဖြင့် ထူးခြားသည်ဟုယူဆပြီး တံတားမှခွာပြီး လေယာဉ်ကိုမော့ကြည့်စဉ် လေယာဉ်ပေါ်မှ သံဘူးကလေး ကျလာပြီး ကျနော့်စာကိုဖတ်ရကာ မဖောက်ခွဲတော့ဘဲ ပြန်လာနိုင်ပါတော့သည်။
ဤတွင် ကျနော်တို့အခြေအနေ ချောမောသွားပါတော့သည်။
ဤသည်တို့မှာ ပဲခူးစစ်မျက်နှာ ဘုရားကြီးရွာကိစ္စ ကျနော်မှတ်မိနေသောအကြောင်းအရာ ဖြစ်ပါသည်။

ကွဲလွဲချက်မှာ စာအုပ်စာတမ်းများရေးသားချက်အရ မိမိတို့တပ်များ ဘုရားကြီးမှဆုတ်လာရစဉ် ဒုဗိုလ်မှုးကြီးတင်ဦးတို့က ဘာပဲဖြစ်ဖြစ် ပဲခူးမြို့ကပဲ အသေခံပြီးခုခံတိုက်ခိုက်ရန်ဆုံးဖြတ်ပြီး လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ကြောင်းဆိုထားပါသည်။ ကျနော် မှတ်မိသလောက်မှာ ဘုရားကြီးရွာမှဆုတ်ခွာလာပြီးနောက် မူလအစီအစဉ်အတိုင်း ပဲခူးမှမခုခံဘဲ သနပ္ပင်မြို့ကလေးသို့ဆုတ်ခွာမည်ဟု ဒုဗိုလ်မှုးကြီးတင်ဦးက အစီရင်ခံမှုပင် ဖြစ်သည်။

တူညီမှုကတော့ ဒုဗိုလ်မှုးကြီးတင်ဦးတို့ ဆက်လုပ်ဆောင်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်နေစဉ်မှာပင် နှစ်နာရီလောက်အတွင်း ကေအင်ဒီအိုရန်သူများလည်း ဘုရားကြီးရွာကဆုတ်ခွာသွားကြောင်း မိမိတို့ဘက်ကကြိုတင်သိရပြီး ဘုရားကြီးရွာသို့ မိမိတို့တပ်များ အမြန် ပြန်ဝင်ကာ နေရာယူတပ်စွဲလိုက်သည့်အကြောင်းပင် ဖြစ်သည်။
ဤကွဲလွဲချက်အပေါ် ကျနော်၏ တွေးခေါ်ယူဆချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပထမ မိမိတပ်များ ဘုရားကြီးရွာတိုက်ပွဲကဆုတ်လာစဉ် ဒုဗိုလ်မှုးကြီးတင်ဦးသည် မူလအစီအစဉ်အတိုင်း ပဲခူးက မခုခံဘဲ သနပ္ပင်မြို့ကလေး (ပဲခူးမြို့ အရှေ့မြောက်ကားလမ်းမ (၇)မိုင်ကွာ လောက်တွင်ရှိသည့်နေရာ)သို့ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ပုံရပါသည်။ သို့ရာတွင် လုပ်ရင်းကိုင်ရင်း မှာပင် သနပ္ပင်ဆုတ်ရေးမှာ မသင့်တော် ပဲခူးမြို့ကပဲ အသေခံတိုက်တော့မည်ဟု နောက်ထပ်ဆုံးဖြတ်ချက်ပြင်ပြီး လုပ်ကိုင်နေပုံရသည် ထင်ပါသည်။ ဤအတွင်းမှာပင် ဘုရားကြီးရွာစစ်မျက်နှာသို့ ပြန်ဝင်နေရာယူနိုင်သည့်ကိစ္စပေါ်လာခြင်း ဖြစ်ဟန်ရှိပါသည်။

သူပုန်တို့၏ ဒုတိယအကြိမ် ထိုးစစ်

၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက် ကေအင်ဒီအိုတို့၏ပထမထိုးစစ်မှာ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အရေးနိမ့်တပ်လန်သွားပြီးနောက် မိမိတို့ဘက်ကမျှော်လင့်ထားသည့်အတိုင်း နောက် (၃)ရက်ကြာသောအခါ ကေအင်ဒီအိုများသည် အင်အားပြန်လည်စုရုံးပြီး ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ဒုတိယအကြိမ်ထိုးစစ်ကြီးကို စတင်ပါတော့သည်။

သို့ရာတွင် မိမိတို့အစိုးရတပ်ဖွဲ့များက “ဘုရားကြီး”ခံစစ်စခန်းတွင် အင်အားအလုံအလောက် သွင်းထားပြီးဖြစ်၍ မိမိတို့ကို မလှုပ်နိုင်တော့ပေ။ တဖန်မိမိတို့က တန်ပြန်ထိုးစစ်ဆင်ရာ ၎င်းတို့မတတ်နိုင်တော့ဘဲ ဆုတ်ခွာရပါတော့သည်။ ထိုအခါ မိမိတို့တပ်ပေါင်းစုတပ်များက ချက်ချင်း တောက်လျှောက် ဆုတ်ခွာပြေးသောရန်သူကိုဖိ၍လိုက်ရာ ထိုနေ့ညနေ နေဝင်ချိန်တွင် မိမိတို့တပ်များ ပဲခူးမြို့မြောက်ဘက် မိုင် (၃ဝ)အကွာရှိ ဒိုက်ဦးမြို့အထိ ချီတက်သိမ်းပိုက်လိုက်နိုင်ပေသည်။
ဤတွင် ရန်ကုန်မြို့တော်ကြီးကို ခြိမ်းခြောက်နေသောကေအင်ဒီအိုတို့၏ စစ်ကြောင်းအန္တရာယ်ကို ဖယ်ရှားလိုက်နိုင်ပြီးဖြစ်၍ ကျနော်တို့ အားလုံး များစွာဝမ်းသာရွှင်လန်းသွားကြပါသည်။

အင်းစိန်တိုက်ပွဲ အဆုံးသတ်

၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့က စတင်ခဲ့သော အင်းစိန်တိုက်ပွဲကြီးမှာလည်း ပဲခူးစစ်မျက်နှာမှ ကေအင်ဒီအိုတို့ ဆုတ်ခွာသွားပြီးသည့် တိုင် အချိန်အတော်ကြာ ဆက်တိုက်ရတုန်း ဖြစ်ပါသည်။

သို့သော် ကေအင်ဒီအိုတို့သည် တတိတတိဖြင့် အင်းစိန်တွင်အတော်နေရာ ကျည်းမြောင်းလာသည့်အပြင် အဓိကအားဖြင့် သူတို့ကိုလာပြီး ပေါင်းစီးအကူအညီပေးရန်အလားအလာများ မရှိတော့ပြီဖြစ်၍ အင်းစိန်မှ ၁၉၄၉ - မေလ (၂၁)ရက်နေ့ညတွင် အင်းစိန်မြို့ကျောဘက်ရှိ လှိုင်မြစ်ကိုဖြတ်ကာ မြစ်ဝကျွန်းပေါ်သို့ ဆုတ်ခွာထွက်ပြေးကြလေတော့သည်။

သို့ဖြင့် ၁၉၄၉  ဖေဖော်ဝါရီ (၁)ရက်မှ မေလ (၂၂)ရက်အထိ ၃ လနှင့် ၂၂ ရက်ကြာပြီး များစွာအသေအပျောက် ထိခိုက်ကျဆုံးမှုများခဲ့သော သမိုင်းဝင်အင်းစိန်တိုက်ပွဲကြီးမှာ ပြီးဆုံးခြင်းသို့ရောက်ရှိသွားပေတော့သည်။

အင်းစိန်တိုက်ပွဲတွင်း ကိစ္စအချို့ကျန်ရစ်နေ၍ ထပ်ရေးရပါဦးမည် - အင်းစိန်တိုက်ပွဲအတွင်း တနေ့ မနက်အစောကြီး ကျနော်တို့ အိပ်ရာ ထခါစအချိန် ဗိုလ်ချုပ်နေဝင်းသည် သူ့ကားလေးနှင့် ကျနော်တို့၏ အင်းစိန်တိုက်ပွဲရှေ့တန်းဌာနချုပ်ရုံးသို့ရောက်လာပြီး  ကျနော့်ကိုတွေ့ဆုံပြီး ပြောပြသည်မှာ တနေ့က ဗိုလ်မှုးကြီးဘလိတ် သူ့ထံလာပြီး တိုင်ကြားတာကတော့ ဗိုလ်ကျော်ဇောက သူကိုကြိမ်းမောင်းပြစ်တင်တယ်လို့ ပြောပါသည်။ ၎င်းပြင် ဗိုလ်မှုးကြီးဘလိတ်အား လေးလေးစားစား ကောင်းကောင်းမွန်မွန်ဆက်ဆံရန်လည်း ကျနော့်ကိုသတိပေးပြီးနောက် သူပြန်ထွက်သွားပါသည်။

ဗိုလ်မှုးကြီးကြည်မောင်လည်း ကျနော့်အနီးရောက်လာသဖြင့် ကျနော်က ဗိုလ်ချုပ်နေဝင်းလာပြောပြသွားသောကိစ္စ သူ့ကိုပြောပြလိုက်ပြီး တဆက်တည်းမှာပင် နေပါအုံးဗျ ဒီလိုဆိုတော့လည်း ဗိုလ်နေဝင်းက လုံ့လဝိရိယအရှိသားပဲ ကျနော့်ဆီ မနက်အစောကြီးကိုရောက်ချလာတာ ဟုပြောမိတော့ ဗိုလ်မှုးကြီးကြည်မောင်က ဘာဆန်းသလည်းဗျာ သူ့အလုပ်ဘာမှ မရှိတာ ဒီလောက်တော့လုပ်ပြရမှာပေါ့ဟု ဆိုပါသည်။

ကျနော်လည်း ဗိုလ်မှုးကြီးဘလိတ် ကျနော့်အပေါ်စိတ်ဆိုးနေတာ ဘယ်လိုတောင်းပန်ရပါ့မလည်းဗျာ ကျနော်လည်းအလုပ်များပြီး စိတ်ရှုပ်တော့ တခါတရံ ပြောမိဆိုမိသလားလည်းမသိဘူးဗျာဟု ညည်းတွားမိရာ ဗိုလ်မှုးကြီးကြည်မောင်က (သူကိုယ်တိုင်လည်း ဗိုလ်မှုးကြီး ဘလိတ်နှင့် အတော်ရင်းနှီးသူဖြစ်ရာ) ဒီကိစ္စ သိပ်စိတ်မပူပါနဲ့ ဗိုလ်မှုးကြီးဘလိတ်ဟာ စိတ်ရင်းကောင်းသူဖြစ်ပါတယ်။ သူဟာတခါတရံ စိတ်တိုပြီး ဒါမျိုးဖြစ်တတ်ပါတယ် နောက်ခဏမှာပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပါတယ်။ ကျနော်ကြည့်ပြောလိုက်ပါ့မယ်။ နောင်သာ ကောင်းကောင်းမွန်မွန် သတိထားဆက်ဆံပေါ့ ဟု ပြောပါသည်။ ဗိုလ်မှုးကြီးဘလိတ်လည်း ဒီကိစ္စသတိရမှာ မဟုတ်တော့ပါဘူး။ မေ့လောက်ပြီထင်ပါတယ်ဟုလည်း ဆက်ပြောပါသည်။ ကျနော်လည်း အတော် စိတ်သက်သာသွားပါသည်။ နောက်ပိုင်းကျနော်သည် ဗိုလ်မှုးကြီးဘလိတ်နှင့် ပြေလည်ရင်းနှီးပြီး အတော်ခင်မင်သောမိတ်ဆွေကြီးများ ဖြစ်သွားကြပါတော့သည်။

ဗိုလ်မှုးကြီးကြည်မောင်မှာလည်း ကျနော်နှင့် နှစ်အတော်ကြာ ရင်းရင်းနှီးနှီးအလုပ်အတူတွဲပြီး လုပ်ခဲ့သဖြင့် ကျနော့်စိတ်နေသဘောထားကို လည်းကောင်း၊ အကျင့်စာရိတ္တကိုလည်းကောင်းသိရှိပြီး အပြန်အလှန်လေးစားချစ်ခင်ကြသော မိတ်ဆွေကြီးများဖြစ်လာကြပါသည်။

ကျနော် ကွန်မြူနစ်နှင့်ဆက်သွယ်သည်ဟူသောစွပ်စွဲချက်နှင့် တပ်မတော်က ၁၉၅၇ ခုနှစ်က ထွက်ရပြီးနောက်ပိုင်းတွင်းလည်း ဗိုလ်မှုးကြီး ကြည်မောင်သည် မိတ်ဆွေမပျက် ကျနော့်အိမ်ကိုဝင်ထွက်သွားလာ ဆက်ဆံနေပါသည်။ သူတွင်မက သူ၏ဇနီးနှင့်မိသားစုဝင်များပါ ကျနော့် အိမ်သားများနှင့် ရင်းနှီးခင်မင်လာကြပါသည်။

ကွန်မြူနစ်ဟုယူဆရသူကျနော့်အပေါ် ဗိုလ်မှုးကြီးကြည်မောင်က ခင်ခင်မင်မင်လေးလေးစားစားဆက်ဆံနေခြင်းနှင့် ကွန်မြူနစ်များကို မုန်းတီးဆန့်ကျင်သူဗိုလ်မှုးကြီးကြည်မောင်အပေါ်လည်း ကျနော်က လေးလေးစားစားဆက်ဆံနေခြင်းများကို လူအချို့က အံ့သြနေကြ ပေသည်။ ဆန့်ကျင်ဘက်ဖြစ်ကြသော ကျနော်တို့နှစ်ဦး မိတ်ဆွေကြီးများဖြစ်နေရခြင်းမှာ ကျနော်တို့ ၂ ဦးအတွင်း တဦးအားကောင်းချက်ကို တဦးကလေးစားချစ်ခင်ကာ တဦးအားနည်းချက်ကို တဦးကခွင့်လွှတ်နိုင်ကြခြင်းတို့ကြောင့် ဖြစ်မည်ထင်ပါသည်။

ဗိုလ်မှုးကြီးကြည်မောင်သည် တပ်မတော်မှအနားယုပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ခေါင်းဆောင်တဦးအဖြစ် ဝင်ရောက် လုပ်ဆောင်ခဲ့ရာမှ ယခုအခါ အသက်အရွယ်ကြီးရင့်လာပြီးဖြစ်၍ (ကျနော့်ထက် ၂ နှစ်ခန့်ကြီးပါသည်။) ရန်ကုန်တွင် အနားယုနေထိုင်လျက် ရှိကြောင်း သိရပါသည်။


0 comments:

Post a Comment