ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
တတိယပိုင်း၊ အခန်း(၁၁)
တတိယပိုင်း
ဦးအောင်သင်းနှင့် စောဘဦးကြီး (ကေအင်ဒီအို ဥက္ကဋ္ဌ)တို့မှာ
လန်ဒန်၌ ဥပဒေပညာသင် ကျောင်းတက်ဘက်များဖြစ်ခဲ့ပြီး စောဘဦးကြီးမှာ တခါတရံ ဦးအောင်သင်း၏
မင်္ဂလာဒုံရှိ တိုင်းမှုးနေအိမ်သို့ လာလည်စားသောက်တတ်ပြီး ညဥ့်နက်မှပြန်တတ်ကြောင်းသိရပါသည်။
ကျနော်နှင့်တာဝန်မလဲမီကလေးမှာပင် (၁၉၄၉ ခုနှစ် ဇန္နဝါရီလကုန်ပိုင်းလောက်တွင်) မင်္ဂလာဒုံရှိကရင်တပ်များ
အစိုးရကိုပုန်ကန်ပြီး တောင်ပိုင်းစစ်ဌာနချုပ်ကိုပင် ခေတ္တဝင်စီးခဲ့ပြီး အင်းစိန်ထဲဝင်သွားကြပါသည်။
ထို့ကြောင့် သူ့အပေါ်မယုံကြည်ခြင်း၊ သူ၏လုပ်ရည်ကိုင်ရည် အပေါ်မကျေနပ်ခြင်း တခြားကျနော်မသိသည့်
ပုဂ္ဂိုလ်ရေးအကြောင်းများကြောင့် ဖြုတ်ပစ်လိုက်ဟနတူပါသည်။
ဦးအောင်သင်းသည် ကျနော်မှတ်မိသလောက် ကျနော်လွတ်မြောက်နယ်မြေမထွက်မီ
၁၉၇ဝ နှင့် ၇၅ ခုနှစ်အကြား ကွယ်လွန်သွားပြီးပြီ ထင်ပါသည်။
ဤသည်မှာ ၁၉၉၁ ခုနှစ်က ကျနော်ရေးခဲ့သည့် ဦးအောင်သင်းအကြောင်း
- စာတမ်းဖြစ်ပါသည်။
ဦးအောင်သင်းနှင့်လဲလှယ်ဖို့ကျနော့်ကို အစိုးရက မြောက်ပိုင်းတိုင်းမှအမြန်ခေါ်ယူရသောအကြောင်းရင်းကို
ကျနော်ထင်မြင်ယူဆရသည်မှာ အထက်ပါစာတမ်းတွင် အနည်းငယ်ရေးသားဖေါ်ပြခဲ့သလို ဗိုလ်မှုးချုပ်ဦးအောင်သင်း၏
တောင်းပိုင်းစစ်ဌာနချုပ်အောက် ဗမာ့တပ်မတော်မှ ကရင်တပ်သား ၁ဝဝ လောက်စုရုံးပြီး ၁၉၄၉
ခုနှစ် ဇန္နဝါရီလကုန်ပိုင်းမှာ ဦးအောင်သင်း၏တောင်ပိုင်းစစ်ဌာနာချုပ်နေရာအပါအဝင် တချို့
နေရာတွေကို ရုတ်တရက်ထပြီးတိုက်ခိုက်သည်။ တောင်ပိုင်းစစ်ဌာနချုပ်ကိုလည်း ခတ္တဝင်စီးနင်းလိုက်သေးသည်။
လက်နက်ခဲယမ်းတွေသယ်ယူပြီး အင်းစိန်ထဲဝင်သွားကြသည့်ကိစ္စ
ပေါ်ခဲ့သည်။ ထိုကိစ္စကြောင့် အစိုးရ စိုးရိမ်ထိတ်လန့်သွားပုံရသည်။ အစိုးရကို အနီးကပ်ကာကွယ်ရေးမှာ
အဓိကတောင်ပိုင်းစစ်ဌာနချုပ်တာဝန်ဖြစ်ရာ ၎င်းဌာနချုပ်ပင်လျှအစီးနင်းခံရသဖြင့် အစိုးရ စိုးရိမ်သွားပုံ
ရသည်။ ထို့ကြောင့် ဦးအောင်သင်းနေရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ကျနော့်ကို ပြောင်းလဲယူရန်
ကျနော့်ကိုခေါ်ယူခြင်း ဖြစ်ပုံရသည်။
ထို့ကြောင့် ဗိုလ်နေဝင်းက ကျနော့်ကိုတွေ့လျှင်တွေ့ချင်းပင်
သူကြည့်နေသော အင်းစိန်မြေပုံကြီးကိုထိုးပေးပြီး ဦးအောင်သင်းထံမှ တာဝန် အမြန်သွားလွှဲပြောင်းယူဖို့နှင့်
အင်းစိန်တိုက်ပွဲတိုက်ရန် ညွှန်ကြားခြင်း ဖြစ်ပေသည်။ ထိုစဉ် မြောက်ပိုင်းတိုင်းကို မေမြို့ဗိုလ်သင်တန်းကျောင်း
ကျောင်းအုပ်ကြီး ဗိုလ်မှုးကြီးမောင်မောင်ကို တာဝန်ယူစေခဲ့သည်။
အင်းစိန်တိုက်ပွဲကြီး
ကျနော်သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုးအဖြစ်နှင့်
အင်းစိန်မြို့တိုက်ပွဲကြီးကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလဆန်းကစပြီး ဦးစီးတိုက်ခိုက်
ခဲ့ရပါသည်။ အင်းစိန်မြို့ကို ကေအင်ဒီအိုများက ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး
သိမ်းခဲ့သည်။ ထိုတိုက်ပွဲအကြောင်းကို ရေးရ ပါတော့မည်။ အင်းစိန်တိုက်ပွဲနှင့်ပတ်သက်၍
ကျနာ်၏မှတ်စုမှတ်တမ်းများမှာ ကျနော်၏ရန်ကုန်အိမ်တွင်သာကျန်ရစ်ခဲ့ရာ ထိုမှတ်စုစာတမ်း
များကို ကျနော်တို့တောခိုလာပြီးနောက် အစိုးရက ကျနော့်အိမ်မှ ကားတစီးတိုက် လာသိမ်းယူသွားကြောင်း
အိမ်တွင်ကျန်ရစ်သော သမီးအငယ် စန်းစန်းက ပြောပြပါသည်။
အင်းစိန်တိုက်ပွဲအကြောင်း အချက်အလက်ရှာဖွေရန် ကျနော့်သား
ကိုမြမောင်ရှာပေးထားသော စာအုပ်စာတမ်းအချို့ ကျနော့်ထံတွင် ရှိနေပါသည်။ ဗိုလ်မှုးကြီး
(ဟောင်း)တင်မောင် ရေးသားသော “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်”၊ မိုးမိုးတာရောစန်
(ဗိုလ်မှုးကြီး ခင်မောင်သောင်း)ရေးသားသော “မုန်တိုင်းကိုမမှု အန်တုလေသော်“ နှင့် စစ်သမိုင်းပြတိုက်မှထုတ်ဝေသော
“တပ်မတော်သမိုင်း”စာအုပ်များ ဖြစ်ပါသည်။ ကျနော်ထိုစာအုပ်များကို အချိန်ယူဖတ်ကြည့်ပါသည်။
စာအရေးအသားကောင်းကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော် ၆ဝ နီးပါးက အဖြစ်အပျက်များလည်းဖြစ်ပါသည်။
ကျနော့်အတွက် တိုက်ရိုက်သက်ဆိုင်သောအချက်များ သိပ်မတွေ့ရသော်လည်း သွယ်ဝိုက် သက်ဆိုင်သောအချက်အချို့ကို
တွေ့ရပါသည်။ ထို့ကြောင့် အင်းစိန်တိုက်ပွဲအကြောင်းကို ကျနော်မှာ ကျနော့်စိတ်တွင် မှတ်သားစွဲမြဲမိသမျှ
ကိုသာ အဓိကအခြေခံပြီး ရေးသားရပါတော့မည်။
အထက်ပါစာအုပ်များကို ပြန်လည်ဖတ်ရှုပြီးနောက် ကျနော်တို့
ဖြတ်သန်းတိုက်ခိုက်လာရသော ကျနော်တို့တိုင်းပြည်၏ ပြည်တွင်းစစ်ကြီး အပေါ် ပြန်ဆင်ခြင်တွေးတောမိပြီး
များစွာရင်နာစိတ်မကောင်း ဖြစ်မိပါသည်။ ကျနော်သည် နောက်ကြောင်းဖြစ်ရပ်တွေကို ပြန်စဉ်းစားပြီး
များစွာလည်း စိတ်ထိခိုက်မိသည်။ ပြည်တွင်းစစ်ကြီးအတွင်းမှာ တချိန်က ဗမာ့လွတ်လပ်ရေးအတွက်
အတူတိုက်ပွဲဝင်လာခဲ့ကြသူများ အချင်းချင်းအကြား ပြန်လည်တိုက်ခိုက်ကြရပြီး ဗမာ့သားကောင်းသမီးကောင်းမြောက်မြားစွာ
သေကျေခဲ့ကြရပေသည်။ တိုင်းပြည်အတွက် နှမျှောတသစရာ ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ အချင်းချင်းကြား
မတိုက်ကြရဘဲ မသေဆုံးကုန်ကြဘဲ အားလုံးတိုင်းပြည် ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးများမှာသာ
ဝိုင်းအလုပ်လုပ်ကြမည်ဆိုလျှင် တိုင်းပြည်အတွက် ဘယ်လောက်ကောင်းလိုက်မလည်းဟုလည်း ယူဆစဉ်းစား
နေမိပါသည်။ ပြည်တွင်းစစ်သည် ကျနော်တို့ တိုင်းပြည်တိုးတက်ရေးအတွက် အနှောင့်အယှက်ဖြစ်စေခဲ့သောအကြောင်းဆိုးကြီး
ဖြစ်ခဲ့သည်ဟု ကျနော့်စိတ်တွင် ထင်မြင်မိသည်။
ဤသို့ ကျနော်ရေးသဖြင့် ကျနော့်ကိုတော်လှန်ရေးသမားထက်
ရွှေပြည်အေးသမားဟု ထင်မြင်ကောင်းထင်မြင်နိုင်မည် ဖြစ်သော်လည်း ပြည်တွင်းစစ်အပေါ် ကျနော်၏တဒင်္ဂထိတွေ့ခံစားရမှုကို
ဝမ်းနည်းနာကျည်းစွာဖော်ပြမိခြင်းသာ ဖြစ်ပါသည်။
အမှန်တော့လည်း အင်းစိန်တိုက်ပွဲ ပြည်တွင်းစစ် စသည်တို့မှာ
နယ်ချဲ့ပယောဂနှင့်မကင်းပေ။
ကျနော်သည် “စစ်”၏သဘောကို ဆက်၍စဉ်းစားနေမိပါသည်။ “စစ်”
ဆိုသည်မှာ လူတန်းစားတိုက်ပွဲ၏ အဆင့်အမြင့်ဆုံးတိုက်ပွဲပင်ဖြစ်သည်။
ကမ္ဘာ့သမိုင်းဆိုသည်မှာလည်း အခြေခံအားဖြင့် လူတန်းစားတိုက်ပွဲ၏သမိုင်းသာဖြစ်ပေသည်။
ထို့ကြောင့် လူတန်းစားတိုက်ပွဲ၏ အမြင့်ဆုံး သဏ္ဍာန်ဖြစ်သော “စစ်” ဆိုသည်မှာလည်း ကမ္ဘာ့သမိုင်းတွင်
ပါဝင်တွန်းဆော်နေပေသည်။
စစ်ဆိုသည်မှာ အနိဌာန်ရုံဖြစ်၍ ကျနော်တို့က စစ်အားလုံးကိုမုန်းတီးဆန့်ကျင်ရန်
မသင့်ပေ။ စစ်ဆိုသည်မှာ လူတန်းစား တိုက်ပွဲပင်ဖြစ်၍ အဆိုးအကောင်း၊ တရားတဲ့စစ်၊ မတရားတဲ့စစ်ဟူ၍
နှစ်မျိုးနှစ်စားအမြဲရှိနေပေသည်။ ကျနော်တို့သည် မတရားသောစစ်ကို မုန်းတီးဆန့်ကျင် ရမည်ဖြစ်သော်လည်း
တရားသောစစ်ကိုမူ ထောက်ခံအားပေးရမည်ဖြစ်ပေသည်။ သို့မှာသာ ကမ္ဘာကြီးတိုးတက်လာမည် ဖြစ်ပါသည်။
ထို့ကြောင့် စစ်ဆိုသည်မှာ လူ့သမိုင်း ဖြစ်ပေါ်တိုးတက်မှုနှင့် မကင်းနိုင်၊ ထို့ကြောင့်ပင်
ကျနော်တို့သည် တရားသောစစ်ကို ထောက်ခံ အားပေးပြီး မတရားသောစစ်ကို ဆန့်ကျင်ရှုတ်ချပစ်ပယ်ရပေမည်။
ကျနော်တို့သည် “အင်းစိန်တိုက်ပွဲကြီး”ကို မလွှဲသာ၍ တိုက်ရပေတော့သည်။
နှစ်ဘက်စလုံး ကိုယ့်ဘက်ကအမှန်ဟု ယူဆနေကြပေမည်။
အင်းစိန်စစ်ပွဲသည် ကျနော်၏ပထမဆုံးစစ်တက္ကသိုလ် ဖြစ်ခဲ့ပါသည်။
ကျနော်သည် ဤစစ်ပွဲမှ စစ်အတတ်ပညာ၏အနှစ်သာရကို အခြေခံ သဘောပေါက် နားလည်လာခြင်းဖြစ်ပါသည်။
ထို့ပြင် အင်းစိန်တိုက်ပွဲကြီးသည် ကျနော်၏ စစ်သားဘဝတွင်
အခက်ခဲဆုံး၊ အပင်ပန်းဆုံး၊ အကျပ်အတည်းအရှိဆုံး၊ ဘေးအန္တရာယ် အများဆုံးနှင့် ထိခိုက်ကျဆုံးမှုအများဆုံး၊
အချိန်အကြာဆုံးဆင်နွှဲခဲ့ရသော တသက်မမေ့နိုင်သည့်တိုက်ပွဲကြီးပင် ဖြစ်ပေသည်။
အင်းစိန်တိုက်ပွဲသည် ကျနော်၏ ပထမဆုံးစစ်တက္ကသိုလ်ဟုပြောရခြင်းမှာ
ဒီအရင်က ကျနော်တို့တိုက်ခဲ့ရသော စစ်အတွေ့အကြုံများမှာ အဓိကအားဖြင့် ပြောက်ကျားစစ်ပွဲများသာ
များခဲ့ပါသည်။ ကျနော်တို့၏ အဓိကစစ်အတွေ့အကြုံမှာ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေး
စစ်ပွဲပင်ဖြစ်သည်။ ဂျပန်တိုက်ခိုက်ရေးတွင် အဓိကတပ်များမှာ မဟာမိတ်စစ်တပ်များဖြစ်ပြီး
ကျနော်တို့ကတပ်ဆွယ်များသာဖြစ်သည်။ ထို့ကြောင့်ကျနော်တို့၏တိုက်ပွဲပုံစံမှာလည်း ပြောက်ကျားစစ်သာအဓိကဖြစ်ပြီး
နေရာယူစစ်များမှာ ရက်အနည်းသငယ်နှင့် ခေတ္တခဏ တစိတ်တပိုင်းများသာ ဖြစ်ခဲ့သည်။
စစ်တွင် နေရာယူစစ်များသာ တကယ့်စစ်ပွဲဖြစ်၍ ပြောက်ကျားစစ်မှာ
ယေဘုယျ အများအာဖြင့် နေရာယူစစ်ပွဲ၏အထောက်အကူသာ ဖြစ်သည်။ ပြောက်ကျားစစ်သာအဓိကတိုက်ခဲ့ရသော
ကျနော်တို့မှာ အင်းစိန်တိုက်ပွဲတွင် တလျှောက်လုံး “လ” အချို့ကြာအောင် ခေါင်းမာသောရန်သူများနှင့်
နေရာယူစစ်ပွဲကြီးကို စတင်တွေ့ကြုံဆင်နွှဲရသဖြင့် ၎င်းသည်ကျနော်တို့၏ ပထမစစ်တက္ကသိုလ် ဖြစ်ရ
ပေတော့သည်။
နေရာယူစစ်ပွဲဆိုသည်မှာ တဖက်နှင့်တဖက် ကျကျနနအတိအကျနေရာခံကတုတ်များစွဲပြီး
အချိန်ရှည်လျားစွာတိုက်ရပြီး ပြောက်ကျားစစ် မှာတော့ ခံကတုတ်များစွဲမထားဘဲ မိမိအတွက်အခွင့်သာမည့်နေရာနှင့်
အခွင့်သာမည့်အချိန်တွင် ရုတ်တရက်အလစ်ဝင်ရောက်ပြီး ထိုးသုတ် တိုက်ခိုက်ရခြင်း ဖြစ်သည်။
ထိုသို့တိုက်ခိုက်ပြီး ရန်သူ့ဘက်က ပြန်လှန်၍တုံ့ပြန်တိုက်ခိုက်နိုင်ခြင်းမရှိမီ ရသမျှလက်နက်ပစ္စည်းများယူပြီး
ချက်ချင်းဆုတ်ခွာ ကွယ်ပျောက်သွားရခြင်းမျိုးဖြစ်သည်။
ပြောက်ကျားစစ်မှာ ယေဘုယျအားဖြင့် ချီတက်လှုပ်ရှားနေသော
ပေါ်လွင်နေသောရန်သူကို ပုန်းလျှိုးလာပြီး သင့်တော်သောနေရာတွင် အလစ်အငိုက်တွင် ရုတ်တရက်ဝုန်းကနဲဝင်ရောက်ထိုးသုတ်
တိုက်ခိုက်ခြင်းဖြစ်၍ မိမိဘက်က အထိအခိုက်အကျအဆုံး မများပေ။ “မ” စ” သော လက်နက်ကြီး၊
သံချပ်ကာကား စသည့် အကူအညီများသိပ်မလိုအပ်ပေ။ (သို့သော် လက်နက်ကြီးများ၊ သံချပ်ကာကားအကူအညီနှင့်
ရုတ်တရက်ဝင်တိုက်သော ပြောက်ကျားစစ်များလည်း ရှိကြပါသည်။ အလွန်နည်းပါသည်။)
နေရာယူစစ်မှာ ယေဘုယျအားဖြင့် ခံကတုတ်ဖြင့် ကျကျနနအသေတပ်စွဲထားသောရန်သူကို
မိမိလက်နက်ကြီးဖိအား၊ သံချပ်ကာကား အကူတို့ဖြင့် ကျကျနနစီစဉ်ပြီးတိုက်ရပေသည်။ ယေဘုယျအားဖြင့်
ပြောက်ကျားစစ်မှာ လှုပ်ရှားနေသော၊ ပေါ်လွင်နေသောရန်သူကို လျှို့ဝှက်ပုန်းအောင်းပြီး ရုတ်တရက်ဝင်တိုက်ခြင်းဖြစ်သည်။
နေရာယူစစ်တွင် ခံစစ်စွဲထားသောရန်သူကို “မ” စ” သော မီးအား၊ သံချပ်ကာကား အကူမပါဘဲ တခါတရံအလစ်ထိုးဖောက်ပြီး
ထိုးသုတ်တိုက်ခိုက်ခြင်းမျိုးလည်း အခါကောင်းအခွင့်ကောင်းတွင် တိုက်ခိုက်နိုင်ခြင်းလည်း
ရှိပေသည်။
အင်းစိန်တိုက်ပွဲသည် ကျနော်၏ စစ်သားဘဝတွင် အခက်အခဲဆုံး၊
အကျပ်တည်းဆုံးဖြစ်ခဲ့ရသည်မှာ အကြောင်းရင်းများစွာရှိပါသည်။ ပထမဆုံးအကြောင်းမှာ ထိုစဉ်က
ကျနော့်မှာ စစ်အတွေ့အကြုံ ပညာဗဟုသုတအားနည်းနေသေးခြင်းသည် အဓိကအကြောင်းရင်း ဖြစ်နေ ပါသည်။
ကျနော်သာ အတွေ့အကြုံအားနည်းနေသည်သာမက ထိုစဉ်က
အင်းစိန်တိုက်ပွဲတွင် ကျနော်နှင့်အတူပါဝင်တိုက်ခိုက်နေကြသော တပ်မှုးကြီးများဖြစ်ကြသော
ဗိုလ်မှုးကြီးဘလိပ်၊ ဒုဗိုလ်မှုးကြီးချစ်မြိုင်၊ ဒုဗိုလ်မှုးကြီးကြည်မောင်၊ ဒုဗိုလ်မှုးကြီးစောမြင့်
စသူတို့မှာလည်း ကျနော့်လိုပင် အတွေ့အကြုံအားနည်းနေသောကာလဖြစ်နေပေသည်။ သို့သော် ကျနော်တို့အားလုံး
တတ်နိုင်သစည်းလုံးညီညွတ်စွာဖြင့် တိုင်တိုင်ပင်ပင်ဆွေးနွေးလုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါသည်။
ဒုတိယအကြောင်းမှာ ထိုစဉ်က ရန်သူများဖြစ်နေကြသော ကေအင်ဒီအိုတပ်မှုးအချို့မှာ
ဗြိတိသျှတပ်မှပါလာသူများဖြစ်၍ စစ်ရေးအရ အတော်အတန်ကျွမ်းကျင်ကြပြီး နေရာယူစစ်ပွဲအတွေ့အကြုံများ
ရှိထားကြသည်။ ထို့အပြင် ကေအင်ဒီအိုတပ်သများမှာလည်း တိုက်ခိုက်ရေး စိတ်ဓာတ်မြင့်မားပြီး
အလွန်ခေါင်းမာကြံ့ခိုင်ကြသောသူများ ဖြစ်သောကြောင့်လည်းဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာ ကျနော့်အထင်
အချက်အချို့ ရှိပါသည်။
ပထမအချက်မှာ ထိုအချိန်ကာလက ကေအင်ဒီအိုတို့မှာ အမျိုးသားရေးစိတ်ဓာတ်အပြင်ထန်ဆုံးကာလ
ဖြစ်နေပေသည်။ ဒုတိယအချက်လည်းဖြစ် အဓိကအချက်လည်းဖြစ်သည်မှာ ထိုအင်းစိန်ဝန်းကျင်ဒေသမှာ
ကရင်အမျိုးသားများစွာ၏ ဇာတိဋ္ဌာနေဒေသ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူတို့စစ်ရှုံးနေသော်လည်း
သူတို့၏ဇာတိမှ မိမိအိမ်သားများနှင့်ခွဲခွာပြီးမဆုတ်ခွာလို မခွဲခွာလိုကြပေ။ ထို့ကြောင့်
ပေတေပြီး စွဲမြဲစွာ ဇွဲကောင်းကောင်းနှင့်ခုခံကြသည်။
ထို့ပြင် အင်းစိန်အဝင်ဝ နှုတ်ခမ်းများတွင်ရှိသော “မင်းဓမ္မကုန်း”၊
“တောင်သူကုန်း” စသော လက်နက်ငယ်ခံစစ်အတွက် များစွာအသုံးဝင် နိုင်သော အချက်အချာကျသည့်တောင်ကုန်းကလေး
သုံး လေး လုံးရှိနေရာ ထိုကုန်းတွေပေါ်မှတပ်စွဲထားသူတို့ကို ကျနော်တို့ခက်ခဲစွာ တိုက်ခိုက်တွန်းလှန်ခဲ့ရပေသည်။
နောက်အကြောင်းတခုမှာ နေရာယူခံစစ် တပ်စွဲထားသောရန်သူကိုတိုက်ခိုက်ရာတွင်
တိုက်သူဘက်က လုံလောက်သော အမြောက်ဆံမီးအား၊ သံချပ်ကာအားတို့ရှိရမည်ဖြစ်ရာ ကျနော်တို့တွင်
အမြောက်ဆံ၊ ဗုံး၊ သံချပ်ကာအားတို့ မလုံလောက်ပေ။ အဓိက ခြေလျင်တပ်လက်နက်နှင့်ပင် တိုက်နေရသည်။
၂၇ တန် စတူးဝပ်တင့်ကားလေး နှစ်စီးသုံးစီးရှိသော်လည်း ၎င်း၏အမြောက်ဆံမရှိ၍ စစ်ပွဲတွင် မထိရောက်လှပေ။
ထို့ကြောင့် “မ” စ” သော လက်နက်ကြီးအားမလုံလောက်၍လည်း အင်းစိန်တိုက်ပွဲသည် ခက်ခဲကြန့်ကြာရပေသည်။
အလွန်ခက်ခဲ ကျပ်တည်းသွားရသောအကြောင်းကတော့ ဗမာ့တပ်မတော်တွင်းရှိ
ကရင်အမျိုးသားသေနတ်ကိုင်တပ်ရင်းနှစ်ရင်း အစိုးရကို ပုန်ကန်သွားခြင်းပင် ဖြစ်ပါတော့သည်။
တောင်ငူရှိ ကရင်တပ်ရင်း(၁)မှာ အင်းစိန်ကို ကေအင်ဒီအိုများမသိမ်းပိုက်မီကလေးတွင် ၁၉၄၉
ခုနှစ် ဇန္နဝါရီလကုန် (၂၇)ရက်နေ့လောက်တွင် အစိုးရကိုပုန်ကန်ပြီး တောင်ငူမြို့ကိုသိမ်းပိုက်လိုက်သည်။
အလားတူ ဖေဖော်ဝါရီ(၄)တွင် ပြည်မြို့တွင် တပ်စွဲထားသော ကရင်အမျိုးသားသေနတ်ကိုင် တပ်ရင်း(၂)က
ပြည်မြို့ကိုသိမ်းပိုက်လိုက်သည်။
ထိုအချိန် ကရင်အမျိုးသားများ၏စီမံကိန်းမှာ အင်းစိန်ကိုသာသိမ်းယူရန်မက
ဗမာအစိုးရမြို့တော် ရန်ကုန်မြို့ကိုပါသိမ်းပြီး၊ ဗမာပြည်ကိုပါ လွှမ်းမိုးအုပ်စိုးနိုင်ရန်
ဖြစ်ပါသည်။ (သို့မဟုတ်)ကရင်ပြည်နယ်ကို သူတို့စိတ်ကြိုက်တောင်းဆိုရယူရန် ဖြစ်နိုင်ပေသည်။
ကေအင်ဒီအိုတို့၏ ထိုစဉ်ကစီမံကိန်းမှာ အထက်တွင်ဖော်ပြခဲ့သော
တောင်ငူနှင့်ပြည်မြို့မှာရှိသော ကရင်သေနတ်ကိုင်တပ်ရင်း(၂)ရင်းက ရန်ကုန်မြို့တော်ဘက်ဆင်းလာကြပြီး
အင်းစိန်တွင် အင်းစိန်မြို့ရှိကေအင်ဒီအိုတို့နှင့်ပုးပေါင်းပြီး ရန်ကုန်မြို့တော်ကိုတိုက်ခိုက်သိမ်းယူရန်
ဖြစ်ပေသည်။
ထိုအချိန်တွင် ကျနော်တို့ ရန်ကုန်ကာကွယ်ရေးအတွက် နယ်မှတပ်များကို
သယ်ယူနိုင်သောလမ်းမှာလည်းကောင်း၊ ရန်ကုန်နှင့်နယ်ဒေသ
ဆက်သွယ်ရေးမှာလည်းကောင်း၊ မင်္ဂလာဒုံလေယာဉ်ပျံဆိပ်သာ ရှိပေသည်။ အခြားသောရန်ကုန်ဝင်လမ်းများ
ပိတ်ဆို့နေပါသည်။ ထိုစဉ်က အင်းစိန်ရှိ ကေအင်ဒီအိုတို့က စော်ဘွားကြီးကုန်းစစ်မျက်နှာတွင်
၎င်းတို့လက်ရှိစခန်းမှ ရှေ့သို့ကိုက်(၂ဝဝ)မျှတိုးပြီး တပ်စွဲလိုက်နိုင်လျှင် လေယာဉ်အဆင်းအတက်ကို
လက်နက်ငယ်များဖြင့် လက်လှမ်းမီစွာပစ်ခတ်နိုင်မည်ဖြစ်၍ မင်္ဂလာဒုံလေယာဉ်ကွင်းသုံးမရ ဖြစ်ရပေတော့မည်။
အင်းစိန်မှ ၃ လက္မမော်တာတို့ဖြင့် အလှမ်းမီနိုင်သော်လည်း အင်းစိန်မြို့သိမ်းကေအင်ဒီအိုတို့တွင်
၃ လက္မမော်တာများမရှိပေ။ ထို့ကြောင့် ကျနော်တို့၏ တခုတည်းသော ရန်ကုန်မြို့သို့ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့်
မင်္ဂလာဒုံလေယာဉ်ကွင်းကို လုံခြုံစွာအသုံးပြုနိုင်ခဲ့ကြ ပေသည်။
ထိုအချိန်သည် ဗမာပြည်အတွက် ဘေးအန္တရာယ်အကြီးဆုံး အစိုးရိမ်ရဆုံးအချိန်ဖြစ်ပေသည်။
ကေအင်ဒီအိုတို့၏စီမံကိန်းအတိုင်း ၎င်းတို့၏ အင်းစိန်၊ တောင်ငူ၊
ပြည် တပ်သုံးတပ် အင်းစိန်မှာဆုံကြပြီး ရန်ကုန်မြို့ကြီးကိုလုပ်ကြံကြလျှင် ကျနော်တို့
ခုခံနိုင်ဖို့ခဲယဉ်းသည်။ အခြေအနေ ကြီးစွာရှုပ်ထွေးသွားတော့မည်ဖြစ်သည်။
ကျနော်သည် မြစ်ဝကျွန်းပေါ်ဒေသနှုတ်ခမ်းတွင်အသင့်ရှိနေသော
ဒုဗိုလ်မှုးကြီးချစ်မြိုင်ခေါင်းဆောင်သော ဗမာ့သေနတ်ကိုင် တင်ရင်း(၃)မှာ ကျနော်ကိုင်ခဲ့သောမူလတပ်ရင်းဖြစ်၍
ထိုတပ်ရင်းကို အရင်ဆုံးနှင့်အစောဆုံး ရန်ကုန်သို့ခေါ်ယူလိုက်ပါသည်။ ထိုအချိန်က တွံတေး
တူးမြောင်းကို ကေအင်ဒီအိုတို့သိမ်းပိုက်တပ်စွဲထားသဖြင့် ထိုတပ်ရင်းမှာ ပင်လယ်ဘက်မှလှေများဖြင့်
ခဲယဉ်းစွာချီတက်လာရပြီး ကျနော်တို့ရှိရာ ရန်ကုန်သို့ချောမောစွာရောက်ရှိခဲ့ပါသည်။ ထိုတပ်ရင်းကိုပင်
ပြည်မြို့က ရန်ကုန်သိမ်းရန်ဆင်းလာသော ဒုဗိုလ်မှုးကြီး စောမြမောင်ဦးစီးသည့် ကရင်သေနတ်ကိုင်တပ်ရင်း(၂)ကို
လမ်းမှကြိုတိုက်ရန် တာဝန်ပေးရပါသည်။
ဒုဗိုလ်မှုးကြီးချစ်မြိုင်တို့ အမြန်ချီတက်သွားရာ လမ်းရှိ
သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ် “ဝက်ကော်”ရွာတွင် ပြည်မြို့ကဆင်းလာသော ကရင်သေနတ်ကိုင်
တပ်ရင်း(၂)နှင့် တွေဆုံတိုက်ပွဲ ဖြစ်ကြပါသည်။ ကရင်သေနတ်ကိုင်တပ်ရင်း(၂) တပ်ရင်းမှုးမှာ
စစ်အတွေ့အကြုံ အားနည်းသဖြင့် ထိုဝက်ကော်တိုက်ပွဲတွင် ဒုဗိုလ်မှုးကြီးချစ်မြိုင်ဦးစီးသော
ဗမာ့သေနတ်ကိုင်တပ်ရင်း(၃)က လုံးဝအောင်နိုင်ခဲ့ပြီး ကရင် သေနတ်ကိုင်တပ်ရင်း(၂)မှာ လုံးဝဖရိုဖရဲ
ပြိုကွဲသွားပါသည်။ ကျနော်တို့သည် ပြည်မြို့ဘက်ကဆင်းလာသောရန်သူအပေါ် လုံးဝအောင်နိုင်
လိုက်ပါသည်။
ထိုအချိန်လောက်တွင်ပင် အင်းစိန်ရှိကရင်သူပုန်များက အစိုးရနှင့်စေ့စပ်ဆွေးနွေးပြီး
ငြိမ်းချမ်းလိုသည်။ အပစ်အခတ်ရပ်စဲပေးပါဟုတောင်းဆို လာပါသည်။ ကျနော်တို့ဝမ်းမြောက်စွာ
အပစ်အခတ်ရပ်စဲပြီး ၎င်းတို့၏ခေါင်းဆောင်များ ရန်ကုန်မြို့တွင်းရှိအစိုးရနှင့်တွေ့ရန် စီစဉ်ပေးပါသည်။
ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးကိုယ်တိုင် ခေါင်းဆောင်သော
ကရင်အဖွဲ့ ရန်ကုန်ထဲဝင်ပြီး အစိုးရအဖွဲ့နှင့်ဆွေးနွေးကြပါသည်။
ကျနော်တို့ဝမ်းသာနေကြသော်လည်း ဆွေးနွေးပွဲနှစ်ရက်လောက်ကြာပြီးနောက် ကရင်တို့ဘက်က ဆွေးနွေးပွဲဖြက်လိုက်ပြီဟု
ကြေညာသည်။ ကျနော့်စိတ်အထင် တောင်ငူကရင်သေနတ်ကိုင် တပ်ရင်း(၁)က တားမြစ်လို့ဟုသံသယရှိနေပါသည်။
ကျနော်တို့ဆက်ပြီးတိုက်ကြရပါတော့သည်။
0 comments:
Post a Comment