Wednesday, August 26, 2015

အတင်း ၁ (မျိုးမြင့်ချို)

0 comments
နောက်ဆုံးအကြိမ်ထောင်ကမလွတ်ခင် အိုင်စီအာရ်စီကောင်းမှုနဲ့ သာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို မျက်စေ့ခွဲဖို့ ပြောင်းရတယ်။ အင်းစိန်ရောက်တော့ ထောင်ဆေးရုံမှာထားတယ်။ ဒေါက်တာသန်းငြိမ်း၊ ကိုကြည်တင်ဦး၊ ဦးအုန်းမောင်၊ ကိုမင်းသိန်း၊ ဗိုလ်သာဂေါင်၊ ဦးသုဝေတို့အပါအဝင် အခြားနိုင်ကျဉ်းတွေနဲ့အတူနေရတယ်။
အဲ့ဒီမှာ ထောင်က၊ အစိုးရက၊ စစ်ထောက်က တရေးတယူအလုပ်ခံရတာ ၂ ယောက်ပဲရှိတာ။ တယောက်ကဦးအုန်းမောင်(ဘဏ်အုန်းမောင်ဆို နိုင်ငံရေးထဲကလူတွေ သိကြပါတယ်) နောက်တယောက်က ဒေါက်တာသန်းငြိမ်း။ ခင်ညွန့် ဘုန်းမီးနေလတောက်နေချိန်ဆိုတော့ ဒေါက်တာသန်းငြိမ်းလည်း ထောင်ထဲမှာ ဘုရားပဲ။ ရေချိုးရင်တောင် ဆေးရုံထောင်မှူးနဲ့ လိုင်းသမားတွေချိုးတဲ့ ကန်သန့်သန့်မှာ ချိုးရတာ။ အံမယ် တခါတလေ ရာဇဝတ်အကျဉ်းသား တယောက်က(ထောင်မှူးလေးခိုင်းလို့ လို့ ပြောတာပဲ)နောက်ကနေ ဆပ်ပြာခွက်တို့ တဘက်တို့ ရေလဲပုဆိုးတို့ ကိုင်လိုက်ပေးရတာ။ ထမင်းလည်း ဆန်ဖြူဆန်ချောပဲစားတာ။ ဇွန်းတွေခက်ရင်းတွေတောင်ပါလားမသိပါဘူး။

ဝန်ကြီးတို့ ညွှန်ချုပ်တို့ ထောင်ပိုင်တို့လှည့်တဲ့အခါ လိုတာရှိရင်ပြောပါဆရာ အားမနာနဲ့နော်လို့ ခါးလေးတွေကိုင်းကိုင်းပြီးပြောကြတာကလား။ ခင်ညွန့်အရှိန်နဲ့ ဖိန့်ဖိန့်တုန်ပြီး ပစားပေးတာမျိုးပဲ။ ကြောက်တာလေးစားတာမျိုးတော့လည်း ဟုတ်ဟန်မတူပါဘူး။ ဦးအုန်းမောင်ကိုတော့ နိုင်ငံရေးအရ ကြောက်တာ။ ရပ်တည်ချက်အရလန့်တာမျိုးမှန်း သိသာလွန်းတယ်။ အဲ့ဒီဘိုးတော်ကြီးက ထောင်ထဲမှာ ဘယ်လောက် ဘယ်လို အဖိအနှိပ်ခံနေရနေရ ခြင်္သေ့လိုနေတဲ့လူ။ နိုင်ငံရေးသမားရဲ့သတ္တိဆိုတာ သူနဲ့တွေ့မှ ကျနော် သဘောပေါက်သွားတာ။ မကြောက်တာမှ သူ့မှာ သေစရာအသက် မရှိတဲ့အတိုင်းပဲ။

ကျန်တဲ့လူတွေထဲကတော့ ဦးနုရဲ့ဒီမိုကရေစီဗျာဒိပ်ခံဦးသုဝေလိုလူမပြောနဲ့ ကျနော်တို့လည်း အာပလာတွေပဲ။ ဘာရုပ်မှ မပေါက်တဲ့ကောင်တွေပဲ။ ရေချိုးရင်လည်း အေအိုင်ဒီအက်စ်တွေ ဝဲထူတွေ သာတီးဒီတွေနဲ့အတူ ချိုးရတာ။ သိတ်တော့ ကိစ္စမရှိပါဘူး။ အဲ့ဒါတွေက ရေကတဆင့်ကူးတာမှ မဟုတ်တာ။ ထမင်းစားတော့လည်း တန်းစီတိုးစား ပုံစံများနဲ့ပေါ့။ ဆေးရုံထမင်းပေါ့ ဆေးရုံဆန်ပေါ့ ဘဲဥအရည်ကျဲပေါ့၊ ပုံစံပဲပေါ့။ ဒါလည်း ဖြစ်ပါတယ်။ ရိုးရိုးအဆောင်နဲ့ တိုက်ထဲကနဲ့စာရင် ဆေးရုံထမင်းဆိုတာ နတ်သုဒ္ဒါ မဟုတ်လား။

တနေ့တော့ ထောင်ထဲမှာ သတင်းတခုထွက်လာတယ် အတော် ကျယ်ကျယ်လောင်လောင်ပဲ။ အမှတ်မမှားဘူးဆို ကျနော် အရင်ဆုံးကြားတာ ဒေါက်တာသန်းငြိမ်းဆီကပဲ။ သတင်း အပြင်မထွက်ခင်ကတည်းကပဲ။ သူ ရေချိုးဆင်းလာရင်း ထောင်မှူးရှေ့တင် ဒဲ့ကြီးပြောသွားတာ။ အဲ့အချိန်မှာ ကျနော်တို့ အခြား ၅(ည)တွေက ထောင်မှူးမပြောနဲ့ ဝါဒါရှေ့မှာတောင် စကားပြောခွင့်မရှိဘူး။ လစ် လစ်သလို ခိုးခိုးပြောကြ လက်ဟန်ခြေဟန်နဲ့ဆွဲကြရတဲ့အချိန်ကြီးကိုး။

သူပြောတာမှာ သီတဂူဆိုတဲ့ ဇဒေါ်ကြီးလာမယ်တဲ့၊ ဒန်ပေါက်တွေလည်း တယောက်တထုပ်ကျွေးမယ်တဲ့။ တရားလည်း နာရမတဲ့။ ဘယ်ရောက်ကြောင်းမှန်းတော့ သူလည်း ရှင်းရှင်းလင်းလင်းမပြောပါဘူး။ ကိုယ်တွေကလည်း သိတ်ကိစ္စမရှိပါဘူး။ နိဗ္ဗန်ပဲမရောက်ရောက် ရောက်ရောက်ရောက်ပေါ့။ ဒန်ပေါက်စားရမယ်ဆိုမဆိုးပါဘူးဆိုပြီး ကြိတ်အူမြူးနေတာပေါ့။

အဲ့သတင်းထွက်ပြီးတနေ့သား ညကြီးမင်းကြီး ဆေးရုံဆောင်ကို ဆောင်းဘောက်စ်တွေ စပီကာတွေ ဝါယာကြိုးတွေ ပလာယာတွေနဲ့လူတွေရောက်လာပြီး ကမန်းကတမ်း တူတွေထုကြ ဖြတ်ကြတောက်ကြနဲ့ လုပ်တော့တာပဲ။ ကိုယ်တွေကိုတော့ ခေါင်းချထား ဆိုလို ချပဲထားရတာပေါ့လေ။ ဘယ်ထောင်ရဲပါ့မလဲ။ လင်းအားကြီးတော့ အဲ့လူတွေ ပြန်ကြတယ်။ မနက်ကြတော့ ကိုယ်တွေအခန်းကျယ်ကြီး ထောင့်လေးထောင့်မှာ ဆောင်းဘောက်စ်ကြီး ၄ လုံးနဲ့။ တန်းစီထောင်ဖွင့်ချိန်လည်းကြရော အရှေ့အရပ်နှိုက်ရှိသောအနန္တစကြာဝဠာ အနန္တသတ္တဝါတို့ဆိုပြီး စကြားရတော့တာပဲ။ အံမယ် တချို့များ အဲ့ဒါကြားလို့ မျက်ရည် မဆယ်နိုင်အောင်ဖြစ်ပြီး နိုင်ငံတော့်ကျေးဇူးကြီးမားလှပေတယ်တွေ ဘာတွေတောင်ဖြစ်ကြတာတဲ့။

ထားပါတော့လေ ဒါနဲ့ သီတဂူဆိုတဲ့ဘုန်းကြီး ရောက်လာတယ်။
ကိုယ်က သီတဂူက အရင်က သဲကုန်းဉာဏိဿရကွ နောက်တော့ သဲအင်းဂူဘာညာနဲ့ ရာဇောဝါဒသုတ္တံလေး ၈၈ အဦးပိုင်းမှာထွက်ခဲ့ဖူးကြောင်းနဲ့ ခုတော့ ခင်ညွန့်ကို ဦးခိုက်နေတယ်ကြားတာပါပဲဗျာလို့ ကဗျာဆရာကိုကြည်တင်ဦးကိုပြောတော့ ဟဲဟဲ တုတ်မကြောက်ဒါးမကြောက် ဒန်ပေါက်မျက်နှာလေးတော့ထောက် ဆရာမျိုးလို့ပြောတယ်။ ဒါနဲ့ကိုယ်လည်း ဟုတ်သားဆိုပြီး အရှိန်တန့်လိုက်တယ်။


နောက်တော့ သိတ်မကြာဘူး ဆရာတော်ကြီးကြွလာပြီ ဆရာတော်ကြီးကြွလာပြီဆိုပြီး အော်တာဗျာ။ ထောင်မှူးလေးစန်းမြင့်ရော၊ အကြပ်ကြီးရော၊ ဝါဒါတွေရော၊ တန်းစီး ဘာယာတွေရော စုံနေတာပဲ။ မိုးပေါ်ကသိကြားမင်းကြီးကြွလာသလိုမျိုး။ လူတွေက ထပဲရပ်ရတော့မှာလိုလို လက်အုပ်ပဲချီရတော့မှာလိုလို ဖင်ဗူးတောင်းထောင်ပြီးပဲ ဦးချရတော့မှာလိုလို၊ မှန်လှပါဘုရား မှန်လှပါဘုရားနဲ့ ကုန်းပဲကန်တော့ရတော့မှာလိုလိုတွေဖြစ်ကုန်တာပေါ့။
(နောက်မှဆက်ရေးမယ်ဗျာ။ ကျနော်လည်း ကိုယ့်ဘာသာပြန်ပြီး ခုမှ အဲ့ဒီအကြောင်းတွေဟာ စိတ်ဝင်စားရကောင်းမှန်းသိတာဆိုတော့)

0 comments:

Post a Comment