(ရပ်ကွက်ထဲမှာ ဒီလိုပဲ ၃)
မနေ့က ရပ်ကွက်ထဲက အိုင်စပိသရီးစပိအကြောင်းပြောရင်း “မနေ့က ဦးလေးကိုတွေ့ရဖို့ လူနှစ်ခုလာခဲ့တယ်”က စိတ်ထဲပေါ်လာပြန်တယ်။ ဖြစ်ပုံ ကျနော်ဒီရောက်ပြီး သိတ်မကြာခင်မှာ မိတ်ဆွေတယောက်အိမ်မှာ ကိစ္စတခုရှိလို့ ၃ ရက်လောက် သွားသောင်တင်တယ်။ ပြန်ခါနီးတော့ ကိုယ့်ဖုန်းနံပတ်ပေးခဲ့ပြီး အကြောင်းရှိရင်ဆက်ဖို့မှာခဲ့တယ်။ အိမ်ပြန်ရောက်ပြီး ၃ ရက်လောက်ကြာတော့ မိတ်ဆွေရဲ့သား အသက် ၁၅ နှစ် လောက်ရှိမယ့်ခလေးက ကျနော့်ကို “အဖေက ပြောခဲ့တယ်၊ မနေ့က ဦးလေးကိုတွေ့ရဖို့ လူနှစ်ခုလာခဲ့တယ်”လို့ ဖုန်းနဲ့ပြောတယ်။
ဒီကို ဘာ လူဝင်မှုအနေအထားနဲ့ပဲရောက်ရောက် ရောက်လာကြတဲ့ ဗမာပြည်သားမိဘတွေမွေးတဲ့ အမေရိကန်ပေါက် ဗမာခလေးတွေ၊ ဒါမှမဟုတ်လည်း အမေရိကန်ကို ငယ့်ငယ်လေးနဲ့ရောက်လာပြီး ဝလုံးတန်းကနေ ကျောင်းစနေရတဲ့ခလေးတွေအတွက်တော့ အင်္ဂလိပ် စကားက First Language ၊ ဗမာစကားက Second Language ဖြစ်သွားကြတာပါ။ အင်္ဂလိပ်လိုပြောရဆိုရတာ ပိုလွယ်ပိုကောင်းပိုပီပြီး ဗမာလိုပြောရတာ ခက်လည်းခက် အာလည်းမတွေ့သလို ပီလည်းမပီကြတာများပါတယ်။ ဒါလည်း သူတို့ကို အပြစ်ဆိုစရာမရှိပါဘူး။ သူတို့နေတာ ဗမာပြည်မှ မဟုတ်တာကိုး။ (ယေဘုယျပြောရရင်) သူတို့ကိုယ်၌ကလည်း ဒီမှာ ဗမာစာ ဗမာစကားမတတ်လည်း နေလို့ဖြစ်တယ်ဆိုတဲ့အသိက သိစိတ်မှာရော မသိစိတ်မှာပါ စွဲနေကြတာမျိုးလည်းရှိကြပါတယ်။
ဒါဆို မသင်ပေးရကောင်းလားလို့ မိဘနဲ့ဝန်းကျင်ကို ယိုးမယ်ဖွဲ့စရာကျန်ပါတယ်။ ဒါလည်း ကျနော့်အတွေ့အကြုံအရပြောရရင် သိတ်တော့မဟုတ်သေးဘူးလို့ ထင်တာပါပဲ။ အမေရိကန်လူနေမှုဘဝ(ဒီနေရာမှာ ကျနော်ဆိုလိုတာက စက်ရုံအလုပ်ရုံတွေမှာ အလုပ် လုပ်နေကြတဲ့ သူလိုငါလိုလူတွေကိုဖြစ်ပါတယ်) အစစ်အမှန်ထဲကို ထဲထဲဝင်ဝင်ရောက်ဘူးသွားရင် “သြော် ဒါ့ကြောင့်ကိုး”လို့ အဖြေရသွားမယ်လို့ ထင်ပါတယ်။ မိဘတွေအနေနဲ့လည်း စားဝတ်နေရေးဘဝ အထိုင်လေးကျအောင် မယိုယွင်းရအောင်လုံးပမ်းနေရတာနဲ့တင် စိတ်ဖိစီးမှုဒဏ် ရုပ်နွမ်းနယ်တဲ့ဒဏ်တွေ ပိနေကြရှာတာပါ။ သားသမီးတွေကို စာနဲ့စကားသင်ဖို့မပြောနဲ့ တချို့ဆို တအိမ်တည်းနေပြီး မိဘနဲ့သားသမီး တပတ်တကြိမ် ထမင်းလက်ဆုံစားဖို့တောင်အနိုင်နိုင်ပါ။ ထားပါတော့လေ အဲ့အကြောင်းလည်း နောက်ပိုင်းတွေမှာ ထည့်ထည့်ပြောသွားပါ့မယ်။
နောက်တခုက ဝန်းကျင်။ ဒီမှာလည်း “ဘုန်းကြီးကျောင်းတွေ၊ ချာ့ခ်ျတွေ၊ ဗလီတွေရှိနေတာပဲဟာ အဲ့ဒီမှာ သင်ပေးပေါ့။ ဘုန်းကြီးတွေလည်းရှိ ဆရာတွေလည်းရှိတာပဲ။ သူတို့ သင်ပေးနိုင်တာပဲ။ မသင်ပေးနိုင်လို့ရှိရင်လည်း ဆရာငှားသင်ခိုင်းပေါ့။ နောက်ပြီး ကွန်မြူနတီအဖွဲ့အစည်းတွေ၊ တဦးခြင်းဗော်လံတီယာလုပ်နေသူတွေလည်းရှိတာပဲဟာ”လို့ဆိုရင်တော့ နည်းနည်းရှင်းပြပါရစေ။ တစ်တချက်က ဘာသာရေးနဲ့ဆိုင်တဲ့နေရာတွေမှာသင်တဲ့အခါ ဘာသာမတူတဲ့မိဘများက သူတို့ကလေးတွေကို မလွှတ်ချင်ပါဘူး။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူတချို့ ဒီသာ ရောက်နေကြတာ ခုထိ တွေးပုံ နေထိုင်ပုံ ကျင့်သုံးပုံ ကောက်ယူပုံတွေက လူမျိုးနဲ့ဘာသာ သာမတူကြတာ သာမန်အားဖြင့်တော့ ဗမာပြည် ဆန်လွန်းတုန်း၊ ဗမာပြည်အငြိ ဗမာပြည်အတွယ် တွယ်နေတုန်း မဟုတ်လား။ ကိုယ့်ကျောင်းလာ ကိုယ့်ဂါထာရွတ်ရမယ်လို့ မပြောရုံတမယ် ကိုယ့်ဘာသာရေးယဉ်ကျေးမှုအထိုင်ကနေ ဗမာစာအရေးအဖတ်ကို သင်ကြတာမဟုတ်လား။ ဒါက သင်ပေးသူနဲ့ မိဘတွေဘက်က သဟဇာတသိတ်မဖြစ်ရတဲ့အကြောင်းရင်းတခုပါ။ ဆိုတော့ စာသင်တာမှာတောင် ဘာသာလူမျိုးတူရာစုစက်ပြီး သင်ကြတဲ့သဘောပဲ ဖြစ်သွားပါတယ်။
တခါ ခလေးတွေဘက်ကကြည့်ပြန်တော့လည်း ယဉ်ကျေးမှုစုံ လူမျိုးစုံ ဘာသာစုံ ယုံကြည်မှုစုံယဉ်ကျေးမှုစုံ ရောနှောနေထိုင်ခြင်းကိုအားပေးတဲ့လူ့အဖွဲ့အစည်းမှာ ကြီးပြင်းရတာဆိုတော့ လူမျိုးအစွဲက မိဘများထက် ပါးပါတယ်။ ခွဲခြားအဆက်ဆံကို သူတို့လည်းမခံချင်၊ သူတပါးလည်း မလုပ်ချင်တဲ့စိတ်က အခြေခံအားဖြင့်ကို စွဲငြိနေတာများပါတယ်။ တချို့မိဘတွေက ဗမာပြည်ပြည်တွင်းစစ်ကြီးရဲ့ ဆိုးကျိုးတွေအနက် အဆိုးဆုံးဖြစ်တဲ့ လူမျိုးကြီးဝါဒနဲ့ကျဉ်းမြောင်းတဲ့လူမျိုးစွဲအမြင်တွေကို ဒီအထိယူလာပြီး ကိုယ်တိုင်လည်း အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားကြပြီး ခုထိတိုင် တယောက်နဲ့တယောက် တစုနဲ့တစု မုန်းတီးနာကျည်းရေးတွေ ဆန့်ကျင်မပတ်သက်ရေးတွေပြောပလားဆို ခလေးတွေက မကြိုက်ကြတာများပါတယ်။ မိဘမို့သာ ပြန်မပြောရင်ရှိမယ် သူတို့စိတ်ထဲမှာတော့ မိဘတွေကိုပါ အထင်အမြင်သေးတာ စက်ဆုပ်ရွံရှာတာတွေဖြစ်ကြတာများပါတယ်။ ဆိုတော့ ဘာသာတူလူမျိုးတူတွေစုသင်တဲ့နေရာမှာ သွားတက်ရစေဦး ဆရာတွေက သင်ရင်းသင်ရင်း အတိတ်အနာဖေးခွာမုန်းတီးရေးတွေ မသိမသာရော သိသိသာသာပါသွင်းလာပလားဆို ခလေးတွေ မနှစ်မြို့တော့ပါဘူး။ အဲ့ဒီမှာ စာသင်ရတာ မပျော်တော့ပါဘူး။ ဒီတင် စာသင်ရမှာကို ငြီးငွေ့စိတ်ကုန်သွားတတ်ကြပါတယ်။ ဒါက ခလေးတွေနဲ့ သင်ကြားသူတွေ ကြားက စေ့စပ်ရခက်တဲ့ အဟကျယ်ရတဲ့ကိစ္စတခုပါ။
နောက်တခုက တဦးခြင်းဗော်လံတီယာသင်ပေးသူတွေပါ။ သူတို့ကတော့ လွတ်လပ်ပါတယ်။ စာသင်ခန်းထဲကို ဘယ်ဘာသာရေးယဉ်ကျေးမှုမှ အယူလာမခံသလို သူတို့ကိုယ်၌ကလည်း ဘာသာတွေနဲ့ ခတ်ကင်းကင်းနေသူတွေများပါတယ်။ တချို့ဆို ဘာ ဘာသာမှမယုံကြည်သူတွေပါ။ အဲ့သလိုနေရာတွေမှာတော့ ခလေးတွေ အထိုက်အလျှောက်ပျော်ပေမယ့် ရေရှည်သင်ပေးသင်ယူဖို့တော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ရတာက သင်ပေးသူရဲ့စားဝတ်နေရေးဘဝနဲ့ ခလေးတွေရဲ့ကျောင်းချိန်၊ အိမ်စာလုပ်ချိန်၊ ကျောင်းပြင်ပ လုပ်ငန်းဆောင်တာသွားရချိန်၊ အားကစားချိန်၊ ရပ်ကွက်ထဲကအဖော်တွေနဲ့ လည်ချိန်ပတ်ချိန် ကစားချိန်၊ တီဗီကြည့်ချိန်၊ ကွန်ပြူတာ၊ အင်တာနက်နဲ့ ဂိမ်းကစားချိန်တွေရှိနေလို့ပါပဲ။
တဦးခြင်းသင်ပေးသူတွေက အဲ့ဒီအချိန်တွေကို သူတို့နေ့စဉ်ဘဝထဲကနေ သွားဖဲ့ယူဖို့မဖြစ်နိုင်သလို လုပ်လည်းမလုပ်ကြပါဘူး။ ဘာသာရေး အခြေခံတဲ့နေရာတွေမှာတော့ အဲ့ဒီအချိန်တွေကို နည်းနည်းတင်းကြပ် လိုတိုးပိုလျှော့ကို ဖိအားလေးနည်းနည်းသုံးပြီး ညှိလို့ရကောင်းရပေမယ့် တကယ့်လက်တွေ့ကြတော့ ရေရှည်မှာမဖြစ်ပါဘူး။ ဒီမှာက ငါမိဘ ငါဆရာ ငါဘာဆိုပြီး ဘယ်ကလေးကိုမှ ကွပ်ညပ်ခွင့်မရှိတာက အဓိကဖြစ်နေလို့ပါပဲ။ ဆိုတော့ သင်ပေးမယ့်သူက သူအားမယ့်အချိန်၊ ခလေးတွေအားမယ့်အချိန်၊ လူအတတ်နိုင်ဆုံးစုံမယ့်အချိန် စတာတွေ ချိန်ရင်းညှိရင်းသင်ရင်း နောက်ဆုံးတော့ လုံးပါးတဲ့ကိန်း ဆိုက်ပြီး တံခါးပိတ် ဂျိတ်တွေဖြစ်ကုန်တာများပါတယ်။ ကျနော်ကိုယ်တိုင် ခလေး ၁၉ ယောက်ကို တပတ်ကို ၄ ရက်နှုန်းနဲ့ ၂ နှစ်လောက် ဗမာစာ ဗမာစကားသင်ပေးခဲ့ဖူးပါတယ်။ ခုတော့ နားသွားပါပြီ။ ဒါက ဗော်လံတီယာ သင်ပေးသူနဲ့ခလေးတွေကြား ညှိဖို့ခက်တဲ့အချိန်ပြဿနာပါ။
နောက်ဆုံးတချက်ကတော့ ဘာသာရေးအခြေခံပဲဖြစ်ဖြစ် တဦးခြင်းဗော်လံတီယာပဲဖြစ်ဖြစ် အတူတူကြုံရတဲ့ ဘုံပြဿနာပါ။ ကျောင်းကြီး တက်ရတဲ့ကာလတွေမှာ အချိန်ညှိဖို့ခက်သမို့ နွေကျောင်းပိတ်ချိန်တွေမှာ တပတ် ၇ ရက်(အနည်းဆုံး ၅ ရက်) တနေ့ ၄ နာရီလောက် တောက်လျှောက်သင်တဲ့နည်းပါ။ ဒီနည်းက မထိရောက်ဘူးလားဆိုတော့ တနှစ်စာထိရောက်တယ်။ အလုပ်ဖြစ်လားဆိုတော့ တသက်စာအလုပ်မဖြစ်ဘူး။ ဘာ့ကြောင့် ခုလိုပြောရသလဲဆိုတာ ရှင်းပြပါရစေ။
ခလေးတွေလည်းနွေကျောင်းပိတ်ချိန် မိဘများလည်း အလုပ်က ဗကေးရှင်န်းရချိန်ဆိုတော့ တနှစ်လုံးပမ်းသမျှ မိသားစုစုံညီ အပျော်ခရီးထွက်တာ၊ လည်တာပတ်တာတွေခနဖယ်ထားပြီး ခလေးတိုင်း တနေ့ ၄ နာရီ တပတ် ၅ ရက် မပျက်မကွက်တက်ကြတယ်လို့ပဲ တွေးပါဦး။ ကိစ္စက ရှိပါတယ်။ ဒီနွေအပိတ်မှာ ကကြီးရေက ကနေစ ကကညစ် ပေမှာခြစ်အလယ် ညအခါလသာသာအဆုံး သင်ပေးနိုင် သင်ယူနိုင်သွားကြတယ်ဆိုပါတော့။ ကျောင်းကြီးပြန်ဖွင့်တော့ ကျောင်းကြီးပြန်တက်။ ကျောင်းကြီးကိစ္စနေ့တဓူဝနဲ့ပဲ အချိန်ပြန်ကုန်ရတာပါ။ ကိုယ့်ဘာသာ အိမ်နေရင်း ဗမာစာပြန်နွှေးချိန် မရှိတော့ပါဘူး။ တနွေစာသင်ခဲ့သမျှလည်း မေ့မက်ကုန်ကြတာပါပဲ။ ဒီက ကျောင်းသားဆိုတာ တကယ်အလုပ်များပလားဆို ဖင်ယားလို့တောင် မကုပ်အားတဲ့အထိ ရှိတတ်ပါတယ်။
ဆိုတော့ နောက်နှစ်နွေကျောင်းပိတ်လို့ ဇကာတင်ကျန်တာလေးတွေ စသင်ဖို့ပြန်ရောက်လာပလားဆို ကကြီးရေ ပြန်က၊ ကညစ် ပေမှာ ပြန်ခြစ်၊ ညအခါ လလည်း ပြန်ပြန်သာနေရတာပါပဲ။ အဲ့သလိုနဲ့ နွေရာသီတိုင်းနွေရာသီတိုင်းမှာ ကကြီးက ကနေ ပြန်ပြန်စရင်းစရင်း ရှေ့ဆက်မတိုးပဲ သင်ယူသူရော သင်ပေးသူပါ အလိုလိုနောက်ဆုတ်မိရက်သားတွေဖြစ်ကုန်ကြတာပါပဲ။
ဒီမှာတင် “အဖေက ပြောခဲ့တယ်၊ မနေ့က ဦးလေးကိုတွေ့ရဖို့ လူနှစ်ခုလာခဲ့တယ်”တွေ ဖြစ်ကုန်တော့ပါပဲ။

0 comments:
Post a Comment