ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁ဝ)
တတိယပိုင်း
မြောက်ပိုင်းတိုင်းမှုး
ကျနော်ခွင့် ၆ လယုပြီး အနားယူ၍ ပြန်နေကောင်းလာသောအခါ
ကျနာ့်ကို မြောက်ပိုင်းတိုင်းမှုးအဖြစ် မေမြို့တွင် တာဝန်ခန့်လိုက်ပါသည်။
နောက် ၁၉၄၉ ခုနှစ်ဆန်းလောက်တွင် မြောက်ပိုင်းစစ်တိုင်းမှုးဖြစ်စဉ်
စစ်ရုံးချုပ်၏အစီအစဉ်အရ ကရင်တပ်များလှုပ်ရှားလာသဖြင့် မြောက်ပိုင်းရှိကရင်တပ်အချို့ကို
လက်နက်ြုဖတ်ရသည်။ ထိုကိစ္စမှာ လွယ်သည်မဟုတ် ကရင်များက ကျနော့်အပေါ်ယုံကြည်သဖြင့် လက်နက်အပ်ကြသည်။
ကရင်တပ်သားများကိုမူ မေမြို့အချက်ပြတပ်ရင်းတွင် ထားသည်။ (ထို ကျနော် လက်နက်ဖြုတ်ပြီး
ထိန်းသိမ်း ခဲ့ဖူးသည့် ကရင်၊ ကချင်ရဲဘော်အချို့နှင့် ကျနော် နောင်နှစ်ပေါင်းများစွာကြာပြီးနောက်
ပြန်လည်ဆုံတွေကြရပါသည်။ သူတို့မှာ ဗိုလ်နော်ဆိုင်းတပ်နှင့်အတူ တရုတ်ပြည်ပါသွားပြီး
ထိုမှတဆင့် ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်ရေးဒေသ အရှေ့မြောက် စစ်ဒေသသို့
ပြန်လည်ရောက်ရှိလာပြီး ကျနော့်မှာလည်း ၁၉၇၆ ခုနှစ်မျာ တောခိုကာ ဗမာပြည်ကွန်မြူနစ်ပါတီသို့
ရောက်ရှိလာရာတွင် အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ရှိရာပန်ဆန်းမြို့တွင် ပြန်လည်ဆုံစည်းမိကြပါသည်။)
ထိုအတွင်းမှာပင် မေမြို့လေယာဉ်ကွင်းမှ ဗိုလ်ချုပ်စမစ်ဒွန်း
ဖုန်းဆက်သဖြင့် လေယာဉ်ပျံကွင်းဆင်းပြီး ဗိုလ်ချုပ်စမစ်ဒွန်းတို့ဇနီးမောင်နှံကို သွားတွေ့ကာ
ကျနော့်အိမ်သို့ ခေါ်လာရသည်။
ထိုမှသိရသည်မှာ ဗိုလ်ချုပ်စမစ်ဒွန်းသည် ကလောမြို့သို့သွားရန်
ရန်ကုန်လေဆိပ်သို့လာကြရာတွင် လေဆိပ်အနီးတွင် တစုံတဦးက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်လုပ်ကြံခြင်း
ခံရပါသည်။ ကံသီ၍ ဘာမျှမထိခိုက်ဘဲ လွတ်မြောက်ခဲ့ရသည်။
ဤတွင် ဗိုလ်ချုပ်စမစ်ဒွန်းက စဉ်းစားမိသည်မှာ ယခုလိုသူ့အတွက်
အန္တရာယ်များသောကာလတွင် မိတ်ဆွေမြန်မာအရာရှိကြီး တဦးဦးကို မှီခိုပြီးနေထိုင်မှဖြစ်မည်စိတ်ကူးပြီ
မှီခိုရမည်သူအဖြစ်ကျနော့်ကိုရွေးချယ်ပြီး ကျနော်ရှိရာမေမြို့သို့ လာကြခြင်းဖြစ်သည်ဟုဆိုပါသည်။
ကျနော်က ဝမ်းမြောက်ဝမ်းသာလက်ခံပြီး ကျနော့်အိမ်တွင် ကြိုက်သလောက်နေရန်ပြောပြီး အိမ်တွင်ထားပါသည်။
ဗိုလ်ချုပ်စမစ်ဒွန်းတို့ ကျနော့်အိမ်တွင်နေစဉ် ကျနော့်သမီးငယ်
စန်းစန်း ၁ နှစ်ခွဲရွယ်သမီးကို သူအတော်ချစ်သည်။ ပါးဖောင်းကြီး ပါးဖောင်းကြီးဟုနံမည်ပေး၍
ခေါ်တတ် မြှူတတ်ပါသည်။ ကျနော့်သမီးအကြီး လှလှ ၃ နှစ်သမီးမှာ ဇာတိသုံးဆယ်မြို့တွင် ကျနော့်
ယောက္ခမများနှင့် ကျန်ရစ်ခဲ့ပါသည်။
နောက်တနေ့တွင် ကရင်အရာရှိတချို့ ကျနော့်အိမ်ရောက်လာပြီး
ဗိုလ်ချုပ်စမစ်ဒွန်းကိုတွေ့လိုကြောင်း ခွင့်တောင်းပါသည်။ ကျနော်က ခွင့်တောင်းစရာမလိုပါ
တွေ့ချင်တာတွေ့ရပါတယ်ဟုပြောပြီး ဗိုလ်ချုပ်စမစ်ဒွန်းရှိရာ အိမ်ပေါ်ထပ်သို့တက်သွားပြီး
“ကရင်အမျိုးသား အရာရှိ တချို့ ဗိုလ်ချုပ်ကိုလာတွေ့ပါတယ်။ ကျနော်သူတို့ကိုဧည့်ခန်းမှာ
စောင့်ခိုင်းထားပါတယ်”ဟုပြောပြီးမှ “ကျနော်ကထပ်ပြောသည်မှာ ဗိုလ်ချုပ် ခင်ဗျား သူတို့က
ဗိုလ်ချုပ်ကို ကျနော့်အိမ်မှာဖမ်းဆီးထားတယ်လို့ ထင်မြင်နေပုံရပါတယ်။ မဟုတ်ကြောင်းပြောပေးပါခင်ဗျာ”ဟု
ပြောရ ပါသည်။ ဗိုလ်ချုပ်စမစ်ဒွန်းလည်း ဧည့်ခန်းဆင်းသွားပြီး ၎င်းအရာရှိတို့နှင့် ရယ်ရယ်မောမော
စကားပြောနေသည်များကို ကြားရပါသည်။
နောက်ရက်အချို့ကြာသောအခါ ဗိုလ်ချုပ်စမစ်ဒွန်းက ကျနော်တို့အိမ်မှာနေရတာအားနာလာ၍
သူတို့အတွက် အိမ်တလုံးရှာပေးပါရန် လေးလေးနတ်နတ်တောင်းဆိုလာပါသည်။ ကျနော်က ဒီကာလမှာ
ဗိုလ်ချုပ်နှင့်ကျနော် အတူနေကြတာ နှစ်ဦးစလုံးအတွက် လုံခြုံကောင်းမွန်သည်၊ ဗမာတချို့က
ဗိုလ်ချုပ်ကိုလုပ်ကြံရန် ကြံစည်လျှင် ကျနော်ရှိနေ၍ခက်မည် တဖန်ကရင်တချို့က ကျနော့်ကိုလုပ်ကြံရန်
ကြံစည်လျှင်လည်း တဖက်တွင် ဗိုလ်ချုပ်ရှိနေ၍ခက်မည် ထိုကြောင့် ကျနော်တို့ပိုလုံခြုံနိုင်ကြပါမည်။
ထို့ကြောင့် မပြောင်းရန်နှင့်အားမနာရန် ပြောပါသည်။
ထိုသို့ကျနော်တို့အပေါ် အားမနာဖို့ပြောသော်လည်း အတင်းသာပြောင်းဖို့
ဖိပြောလာသဖြင့် မြောက်ပိုင်းစစ်ဌာနချုပ်ရှိ အရာရှိရိပ်သာမှာ လူမရှိသဖြင့် ထိုရိပ်သာသို့ပြောင်းနေဖို့
စီစဉ်ပေးရပါသည်။ အိမ်ထောင်ပရိဘောဂ အိုးခွက်တွေလည်း အသင့်ရှိသည့်နေရာဖြစ်ပါသည်။ ကျနော်က
ညနေရုံးဆင်းတိုင်း သူတို့အိမ်ဝင်၍ နှုတ်ဆက်မေးမြန်းတတ်ပါသည်။ တညနေ ကျနော်ရောက်သွားစဉ်
ဗိုလ်ချုပ်စမစ်ဒွန်းမှာ အတော်မျက်နှာမကောင်းပါ။ ကျနော်က ထုံးစံအတိုင်း နေထိုင်ကောင်းမကောင်း
လိုအပ်တာရှိမရှိမေးမြန်းပြီး ပြန်ထွက်လာကာ ကင်းစောင့် ရဲဘော်ကို ထိုနေ့က ဒီအိမ်ကိုဘယ်သူလာသလည်းဟု
မေးမြန်းစစ်ဆေးရာ ဗမာစစ်အရာရှိတဦးလာကြောငပြောသဖြင့် ပုံပန်းသဏ္ဍာန်ပါ ဆက်မေးသောအခါ တပ်တွင်းမှ
ဆိုရှယ်လစ်တပ်မှုးတဦး ဖြစ်နေပါသည်။ ထိုဆိုရှယ်လစ်တပ်မှုးက ဗိုလ်ချုပ်စမစ်ဒွန်းအား ဘာများ
ပြောသွားသည်မသိပါ။ ဗိုလ်ချုပ်စမစ်ဒွန်းမှာ အတော်ပင် မျက်နှာပျက်နေရှာပါသည်။ ကျနော့်ကိုတော့
ဘာမျှပြောမပြပါ။
ထိုကာလတွင် ၁၉၄၉ ခုနှစ် ဇန္နဝါရီလကုန်ခါနီးတွင် တောင်ငူမြို့ကိုလည်းကောင်း၊
၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် တောင်ပိုင်းတိုင်းအတွင်းရှိ အင်းစိန်မြို့ကိုလည်းကောင်း
ကရင်အမျိုးသား ကေအင်ဒီအိုသူပုန်တပ်တို့ကသိမ်းပိုက်လိုက်ကြောင်း သတင်းများထွက်ပေါ်လာပါသည်။
ထိုအတွင်း ကျနော့်အား ရန်ကုန်စစ်ရုံးချုပ်က ခေတ္တဆင်းလာဖို့ခေါ်သဖြင့်
ကျနော်ရန်ကုန်ဆင်းသွားပါသည်။ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်စမစ်ဒွန်း မဟုတ်တော့ဘဲ ဗိုလ်ချုပ်နေဝင်းဖြစ်နေ၍
စစ်ရုံးချူပ်ရှိ ဗိုလ်ချုပ်နေဝင်းထံသွား၍ သတင်းပို့ပါသည်။
ဗိုလ်ချုပ်နေဝင်းအခန်းသို့ ကျနော်ရောက်ကြောင်းသတင်းပို့ရန်
ဝင်သွားသောအခါ ဗိုလ်ချုပ်နေဝင်းမှာ လက်တဖက်က မြေပုံကြီးတချပ်ကို ကိုင်ထားပြီး လက်တဖက်က
ကြက်ဥနှင့်ဘရန်ဒီရောထားသော အရက်ခွက်ကိုကိုင်ထားကာ မျက်နှာသုန်သုန်မှုန်မှုန်နှင့် (ကျနော်
မှတ်မိသလောက်) ကျနော့်ကိုပြောသည်မှာ - ယခုအင်းစိန်ကို ကရင်သိမ်းလိုက်ပြီ။ အင်းစိန်တိုက်ပွဲကြီး
ဖြစ်နေပြီ။ ခင်ဗျား တောင်ပိုင်း စစ်တိုင်းမှုး ဦးအောင်သင်းနေရာအမြန်သွားလဲပြီး အင်းစိန်တိုက်ပွဲ
တိုက်ပေတော့ဟုဆိုကာ သူကိုင်ထားသော မြေပုံကြီးကိုထိုးပေးပြီး ခဏအကြာ အခန်းမှထွက်သွားပါတော့သည်။
ကျနော့်မှာ ဗိုလ်ချုပ်နေဝင်းက တာဝန်လွှဲပေးသွားသဖြင့်
တောင်ပိုင်းတိုင်းမှုး ဗိုလ်မှုးချုပ်ဦးအောင်သင်းထံမှ တာဝန်လွှဲပြောင်းယူရမည့် အကြောင်း
ဆက်၍ရေးသားရမည်ဖြစ်ရာ ထိုအတွင်း ဗိုလ်မှုးချုပ်အောင်သင်းအကြောင်းဟူသောခေါင်းစဉ်ဖြင့်
ကျနော်ရေးသားထားသော စာတမ်းတစောင်ကို ကျနော့်ဖိုင်တွဲဟောင်းတခုမှ ကျနော့်သမီးကြီးလှလှက
တွေ့ရှိပြီး ကျနော့်ကိုပေးရာ ကျနော်ဖတ်ကြည့်သောအခါ ထိုစာတမ်းတွင် ကျနော်ရေးလိုသောအကြောင်းအရာများကို
ပိုမိုပြည့်စုံစွာနှင့်ခိုင်လုံတိကျစွာ ရေးထားတာတွေ့ရပါသည်။ ထိုစာတမ်းကို ၁၉၉၁ ခုနှစ်က
ဗမာပြည်ကွန်မြူနစ်ပါတီ မော်ကွန်းတိုက်အတွက် ရေးပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ထိုကိစ္စကို အသစ်မရေးတော့ဘဲ ပိုမိုပြည့်စုံနေသည့်ထိုစာတမ်းကို
ကူးယူဖော်ပြလိုက်ပါသည်။
ဗိုလ်မှုးချုပ်အောင်သင်းအကြောင်း
ဦးအောင်သင်း၏ဇာတိမှာ ကျနော့်ဇနီးအဆိုအရ ကျနော်တို့ဇာတိ
သုံးဆယ်မြို့ဒေသကပဲဖြစ်ပြီး မိဘတွေမှာ မြေရှင်ကြီးမျိုးရိုးတွေဖြစ်ပါသည်။ ၎င်းတို့ညီအစ်ကိုတစုမှာ
ပညာတတ်များဖြစ်ပြီး ဗြိတိသျှအောက် အစိုးရအမှုထမ်းကြီးများဖြစ်ခဲ့ပါသည်။ သူ၏ညီ ဦးတင်ထွဋ်ဆိုသူမှာ
ခရိုင် စက်ရှင်တရားသူကြီးတဦးဟု ကြားဖူးပါသည်။ ဗမာပြည်လွတ်လပ်ရေးရပြီးစ ပထမဆုံး အမေရိကန်သံအမတ်ကြီးဖြစ်သူ
ဦးစိုးညွန့်မှာ သူ၏ အစ်ကိုဖြစ်ပါသည်။ ဦးအောင်သင်းကိုယ်တိုင်လည်း အင်္ဂလန်မှာ ဥပဒေပညာသွားသင်ခဲ့သူဖြစ်သည်ဟု
ကြားဖူးပါသည်။
ကျနော် ၁၉၄၆ - ၄၇ ခုနှစ်ကတည်းက ဗြိတိသျှအောက် ဗမာ့စစ်တပ်ထဲတွင်
မေဂျာ(ဗိုလ်မှုး)ဦးအောင်သင်းဆိုသူတဦးရှိကြောင်း သိထား ပါသည်။ ၁၉၄၇ ခုနှစ် ပတ်ဝန်းကျင်
ကျနော်ဒုရင်းမှုးဖြစ်စဉ် သူသည် စစ်တရားရုံးတခုတွင်ဥက္ကဌအဖြစ် ကျနော့်တပ်အနီးတနေရာတွင်
လာရုံးဖွင့် စစ်ဆေးသွားတာ သိခဲ့ရပါသည်။ လူချင်းတော့ မတွေ့လိုက်ရပါ။ ၁၉၄၈ ဇန္နဝါရီ ဗမာ့လွတ်လပ်ရေးရသောအခါ
ဗမာ့စစ်တပ်ကို ဗမာအစိုးရသို့ အင်္ဂလိပ်ကလွှဲစဉ် ဗမာပြည်တောင်ပိုင်းစစ်ဌာနချုပ်တိုင်းမှုးတာဝန်ကို
ဗိုလ်မှုးချုပ်ရာထူးဖြင့် တာဝန်ပေးခြင်းခံရပါသည်။ ထိုစဉ်က မြောက်ပိုင်းတိုင်းမှုးမှာ
ဗိုလ်ချုပ်နေဝင်းဖြစ်သည်။ (ထိုစဉ်က ဗမာပြည်တွင် စစ်တိုင်း ၂ တိုင်း တောင်နှင့်မြောက်သာရှိ)
ကျနော် မိတ္ထီလာမှ ခွင့်ပြန်လာပြီးနောက် ၁၉၄၈ နောက်ဆုံးပိုင်းများတွင် ဗိုလ်မှုးကြီးရာထူးဖြင့်
မြောက်ပိုင်းတိုင်းမှုးဖြစ်လာပါသည်။
၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလဆန်း (၁)ရက်နေ့တွင် အင်းစိန်မြို့ကို
ကရင်များသိမ်းပြီးနောက် တိုက်ပွဲများစတင်ပါတော့သည်။ ထိုစဉ် အစိုးရက ကျနော့်ကို မြောက်ပိုင်းတိုင်းမှုးဖြစ်နေရာက
ရန်ကုန်သို့ဆင်းလာဖို့ ခေါ်ပါသည်။ ရန်ကုန်၌ ဦးစီးချုပ်ဗိုလ်နေဝင်းနှင့် တွေ့တွေ့ချင်း
ကျနော့်ကို တောင်ပိုင်းတိုင်းစစ်တိုင်းမှုးခန့်လိုက်ပြီး ယခုချက်ချင်း ဦးအောင်သင်းနေရာ
သွားလဲယူရန်နှင့် အင်းစိန်တိုက်ပွဲတိုက်ရန် ညွှန်ကြားပါသည်။
ကျနော် ဝန်ကြီးချုပ်ဦးနုကို သွားတွေ့သတင်းပို့ပြီး
မင်္ဂလာဒုံရှိ တောင်ပိုင်းစစ်ဌာနချုပ်ရှိ ဦးအောင်သင်း၏ရုံးခန်းသို့ သွားပါသည်။ ဗိုလ်မှုးချုပ်
ဦးအောင်သင်းမှာ သူ့စားပွဲမှာ မျက်နှာမကောင်းစွာနှင့်ထိုင်နေပြီး ကျနော်သူ့အခန်းထဲ
ဝင်သွားတာနဲ့ ‘လာဗျို့ ခင်ဗျားကို ချက်ချင်းတာဝန်လွှဲဖို့
အမိန့်ရပြီးလို့ စောင့်နေတယ်’ဟုပြောပါသည်။ ကျနော်က ဗိုလ်ချုပ်ရော ဘယ်သွားရမလည်းဟုမေးတော့
သူခွင့်နှင့် အနားယူတော့မယ်ဟု ပြောသည်။
ဤတွင် ကျနော်စိတ်မကောင်းပါ။ များစွာလည်းအားနာသွားပါသည်။
အသက်လည်း ကျနော့်ထက် ၁ဝ နှစ်မျှကြီးပြီး ကျနော့်ထက် ရာထူး ကြီးသူလည်းဖြစ်၊ လူကြီးလူကောင်းတဦးလည်းဖြစ်လို့
ချက်ချင်းပင် - ဒီလိုတော့မကောင်းပါဘူး။ ဗိုလ်ချုပ်က တိုင်းမှုးအဖြစ်ဆက်လုပ်ပါ။ ကျနော်က
ဗိုလ်ချုပ်အောက်မှာတပ်မှုးကြီးတဦးအနေနဲ့ အင်းစိန်စစ်မျက်နှာတာဝန်ယူပါ့မယ်ဟု ပြောကာ
ဒီကိစ္စကျနော် အခုဘဲ စစ်ရုံးပြန်သွားပြီး အမိန့်ပြင်ပေးဖို့ပြောမယ်ဆိုပြီး ရန်ကုန်စစ်ရုံးသို့
ချက်ချင်းပြန်ထွက်လာပါသည်။
စစ်ရုံးရောက်သောအခါ ဗိုလ်နေဝင်းကို မတွေ့ရတော့၍သူ့စစ်ဦးစီး
(ပ)နှင့်သာ တွေ့ရတော့သည်။ (ထိုစဉ်က စစ်ဦးစီး (ပ)မှာ ဗိုလ်နေဝင်း၏ လက်ထောက်လိုပင် ဖြစ်သည်)
ကျနော်က ဦးအောင်သင်းကိုပြောခဲ့သလိုပင် အမိန့်ကိုပြင်ပေးရန်ပြောသောအခါ ဒါဟာ မဖြစ်နိုင်တော့ကြောင်း
ကျနော့်ကို မြောက်ပိုင်းကခေါ်စဉ်ကတည်းက ဤတာဝန်ကိုလွှဲပေးဖို့အခိုင်အမာဆုံးဖြတ်ပြီးမှ
ခေါ်တာဖြစ်ကြောင်း ဒီနေ့ရုံးမဆင်းမီ တာဝန် လွှဲယူဖြစ်အောင်ယူပါဟု အတင်းအကျပ်ပြောပါတော့သည်။
ဘယ်လိုမှ ပြန်ပြင်ရန်ပြောမရတော့ပါ။ ကျနော် မင်္ဂလာဒုံသာ ပြန်လာခဲ့ရပါသည်။
ကျနော်စိတ်မကောင်းစွာနှင့်ပြန်လာပြီး ဦးအောင်သင်းအခန်းရောက်သောအခါ
သူ့ကိုမတွေ့ရတော့ဘဲ စားပွဲပေါ်တွင် ကျနော့်အတွက် စာတစောင်ရေးထားခဲ့ပါသည်။ သူထွက်သွားပြီးဖြစ်ကြောင်း
တာဝန်လွှဲစာကို သူလက်မှတ်ထိုးပြီး စားပွဲပေါ်မှာတင်ထားကြောင်း စတာတွေ ရေးထားပါသည်။
ကျနော့်အထင် ကျနော်စစ်ရုံးက မင်္ဂလာဒုံပြန်လာစဉ် စစ်ရုံးကသူကို
ဖုန်းဖြင့်အမြန်ထွက်သွားရန် အမိန့်ပေးလိုက်ဟန်တူပါသည်။ ကျနော်သူ့အိမ် ဖုန်းဆက်သော်လည်းမရပါ။
ဤသို့ဖြင့် ကျနော်လည်း တောင်ပိုင်းစစ်တိုင်းမှုးတာဝန်ယူပြီး အင်းစိန်တိုက်ပွဲ ဝင်ရပါတော့သည်။
ကျနော် ၁၉၅၃ ခု ဇူလိုင်လတွင် တရုတ်ဖြူတိုက်ဖို့အတွက်
မြောက်ပိုင်းတိုင်းမှုးအဖြစ် မေမြို့ကိုပြောင်းရပြီးနောက် တရုတ်ဖြူတိုက်ရေး စီစဉ် ရပါသည်။
သို့အတွင်း သံလွင်အရှေ့တောင်တန်းများအပေါ်စစ်ချီသောအခါ ကျည်ဆံပိုသယ်ယူနိုင်ဖို့ စစ်ပစ္စည်းများ
အနည်းဆုံးအပေါ့ဆုံးသာ သယ်ဖို့ကိစ္စ ကျနော်စဉ်းစားတွက်ချက်နေမိပါသည်။ အဓိကအကြောင်းတခုမှာ
လက်ရှိတပ်သားများအားထုတ်ပေးထားသော စစ်သုံး သက္ကလပ်စောင်သည် ထူပြီးလေးလံနေသဖြင့် နွေးလည်းနွေးပိုပေါ့သည့်စောင်ဆိုလျင်
ကျည်ဆံပိုသယ်နိုင်မည်ဖြစ်၍ မည်သူ့ကိုမေးမြန်း သင့်သနည်းဆိုသည်ကိုစဉ်းစားသောအခါ ဒုတိယကမ္ဘာစစ်ပွဲအတွင်းက
ဝင်းဂိတ်၏ ထိုးဖောက်ပွဲကသတိရမိသည်။ ထို့အပြင် ဝင်းဂိတ်နှင့် ထိုစဉ်က ဝင်းဂိတ်အနားတွင်ရှိသူ
ဦးအောင်သင်းတို့အကြောင်းကိုလည်းဖတ်ဖူးထားတာ သတိရမိသည်။ ကျနော်တို့စစ်တပ်၏ ပထမဆုံး
စစ်တိုင်းဖွံ့ဖြိုးရေးသိပံ္ပကျောင်းအုပ်ကြီးလုပ်ခဲ့သူ ဗိုလ်မှုးထွန်းမြတ်ရေးသောစာအုပ်ဖြစ်သည်။
ထိုစာအုပ်ငယ်ကို ကျနော်ဖတ်ဖူးတာ သတိရ မိသည်။ (ဗိုလ်မှုးထွန်းမြတ်၏ဇနီးမှာလည်း သုံးဆယ်မြို့သူဖြစ်၍
သူတို့နှင့် ဦးအောင်သင်း ဆွေနီးမျိုးစပ်တော်ဟန်ရှိ၍ ဂုဏ်ယူပြီး ထိုစာအုပ် ရေးပုံရသည်။)
ထို့ကြောင့် ရန်ကုန်ဆင်းသည့်အခါ ဦးအောင်သင်းနှင့်တွေ့ပြီး ဝင်းဂိတ်နှင့်လိုက်ရစဉ်အတွေ့အကြုံများကို
မေးကြည့်ဖို့ စိတ်ကူးမိပါသည်။
နောက်တရုတ်ဖြူကိစ္စအတွက် ရန်ကုန်ဆင်းလာသောအခါ ကျနော်ဗိုလ်မှုးထွန်းမြတ်ကိုရှာခေါ်ကာ
ဦးအောင်သင်းထံသွားကြပါသည်။ (စကားပြောဆိုဆွေးနွေးရင်း ဗိုလ်မှုးထွန်းမြတ်သည် မျိုးချစ်စိတ်နှင့်ဒီမိုကရေစီစိတ်ရှိသူဖြစ်ပြီး
သုံးဆယ်ရှိ ကျနော့် ဆွေမျိုးများနှင့် သိကျွမ်း နေတာကိုလည်း သိလာရပါသည်။ ဦးအောင်သင်းအကြောင်းရေးရာမှာလည်း
ဗမာတဦးအကြောင်း မျိုးချစ်စိတ်နှင့်ရေးသည်ဟု ယူဆ ရပါသည်။)
ဦးအောင်သင်းအား အင်းစိန်ကြို့ကုန်းရှိ ဘုန်းကြီးကျောင်း
တကျောင်းအနီးရှိ မြေစိုက်အိမ်ငယ်လေးတလုံးအတွင်း တွေ့ရပါသည်။ အရက် အလွန်အကျွံသောက်မှုကြောင့်
အရွယ်ရောရုပ်ရည်ပါ ရင့်ရော်နေတာတွေ့ရပါသည်။ သူသည် နောက်ကြောင်းဖြစ်ရပ်များကို ကောင်းစွာ
မပြောပြနိုင်တော့ပါ။ ဝင်းဂိတ်က ဗမာပြည်အကြောင်း ကောင်းကောင်းအကြံပေးနိုင်မည့်သူတယောက်
သူ့အနားသို့ပေးရန်တောင်းသဖြင့် သူ့အနေဖြင့် ဝင်းဂိတ်အတွင်းရေးမှုးလို အနားကပ်လိုက်ရကြောင်း
ဝင်းဂိတ်ဟာ ချင်းတွင်းမြစ်ကိုလက်ပစ်ဖြတ်ကူးကြောင်း စတာတွေသာ ပြောပြပြီး တခြားကိစ္စများ
မေးမြန်းမရတော့ပါ။ စောင်ကိစ္စမှာတော့ သူသတိရသလောက် သြစတျေးလျ သက္ကလပ်စောင်အပါးတွေဖြစ်ကြောင်း
သိခဲ့ရပါသည်။ အရာရှိများအတွက် ထုတ်ပေးသော စောင်အစိမ်းအပါးကလေးများဖြစ်ပြီး ပေါ့ပါးပြီးနွေးကြောင်းလည်း
ပြောပါသည်။ သူက ကျနော်တို့ကို လှိုက်လှိုက်လှဲလှဲဧည့်ခံစကား ပြောရှာပါသည်။ တခြားလည်း သိပ်မေးမရတော့၍ ကျနော်တို့ပြန်ခဲ့ရပါသည်။
သူ့ဘဝအတွက်လည်း စိတ်မကောင်းလှပါ။ (မှတ်ချက် - ဝင်းဂိတ်မှာ
၁၉၄၃ - ၄၄ ခုနှစ်အတွင်း မြန်မာပြည်မြောက်ပိုင်းသို့ဝင်ရောက်လာသည့် ဗြိတိသျှတပ်မှ ဗြိတိသျှတပ်မှုးကြီး
ဖြစ်သည်)
ကျနော် စစ်တပ်အပြင်ရောက်ပြီး ၁၉၆ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်စဉ်က
အတွင်းရေးမှုးအဖြစ်လာကူညီနေတဲ့ သုံးဆယ်ဒေသသား ဆွေနီးမျိုးစပ်တော်သူတဦးရှိပါသည်။ သူလည်းသုံးဆယ်ဇာတိသားချင်းဖြစ်သဖြင့်
ဦးအောင်သင်းနှင့်လည်း နီးစပ် သိကျွမ်းဟန်ရှိပါသည်။ သူက ပြန်ပြောပြသည်မှာ - ဦးအောင်သင်းက
ကျနော့်အကြောင်း မကြာခဏပြောကြောင်း ပြောရာတွင်လည်း ဗိုလ်ကျော်ဇော အင်္ဂလိပ်တိုက်ခဲ့တာသိပ်ကောင်းကြောင်း
သိပ်မှန်ကြောင်းနှင့် ဗိုလ်ကျော်ဇောဟာ တကယ်ပဲစိတ်ထား ကောင်းမွန်သူ ဖြစ်ကြောင်းပြောပြတတ်ပြီး
အထက်တွင် ကျနော်ရေးခဲ့သည့်အတိုင်း သူနှင့် တာဝန်သွားလဲစဉ်ကအဖြစ်အပျက်များကို ပြောပြတတ်သည်
ဟုဆိုပါသည်။ ဦးအောင်သင်းမှာ မူလက အင်္ဂလိပ်များအပေါ်လိုလားသူဖြစ်ခဲ့သော်လည်း အင်္ဂလိပ်ကိုတိုက်တာမှန်ကန်ကြောင်း
သိလာ၍ တကြောင်း စိတ်နာစရာတွေရှိဟန်ရှိလို့လည်းတကြောင်း ဤကဲ့သို့ ပြောဟန်တူပါသည်။
၁၉၇ဝ တဝိုက်က ကျနော့်အိမ်ဝင်ထွက်နေတဲ့ ပင်စင်စားဗိုလ်ကြီးဘကြိုင်ဆိုသူရှိပါသည်။
သူသည် ကျနော်တရုတ်ဖြူတိုက်စဉ် ကျနော်၏ အင်ဂျင်နီယာအကြံပေးလည်းဖြစ် အတွင်းရေးမှုးလည်းဖြစ်ခဲ့ပြီး
အင်္ဂလိပ်တပ်ဟောင်းမှလည်း ဖြစ်ပါသည်။ တနေ့တွင် သူက ဦးအောင်သင်းကို ကျနော့် စမ်းချောင်းအိမ်သို့ခေါ်လာခဲ့ပါသည်။
ထိုနေ့က ကျနော်တို့အိမ်တွင် အုန်းနို့ခေါက်ဆွဲချက်စားသည်နှင့်တိုးနေသဖြင့် သူတို့ကိုလည်း
ကျွေးမွေးဧည့်ခံလိုက်ပါသည်။ ဦးအောင်သင်းမှာ အဆစ်အမြစ်ကိုက်ရောဂါရနေပြီဖြစ်၍ အထိုင်အထ
တွဲထူတွဲထပေးရပါသည်။ ကျနော်တို့လည်း ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုကြပြီးနောက်
သူတို့ပြန်သွားကြပါသည်။ စကားပြောရင်းမှတ်မိလိုက်သည်မှာ သူ့မှာသမီးတယောက်ရှိပြီး မြန်မာလေကြောင်းကုမ္ပဏီတွင်
အလုပ်လုပ်နေကြောင်း ပြောသွားပါသည်။
ဦးအောင်သင်းကို ဗိုလ်နေဝင်တို့က အမြန်ဖြုတ်ပစ်လိုက်သည့်အကြောင်းကို
ကျနော်မှန်းဆကြည့်ရာတွင်လည်းကောင်း၊ ထိုတိုင်းစစ်ဌာန ထောက်လှမ်းရေးမှုးဗိုလ်ကြီးစိုးမင်း
(ကျဆုံးကွယ်လွန်)ကို ထိုကိစ္စကို တီးခေါက်ကြည့်ရာတွင် သိလာရသည်များအရလည်းကောင်း ကျနော
နားလည်သဘောပေါက်သည်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
0 comments:
Post a Comment