Monday, August 24, 2015

ရပ်ကွက်ထဲမှာ ဒီလိုပဲ ၁ (မျိုးမြင့်ချို)

0 comments
(ရပ်ကွက်ထဲမှာ ဒီလိုပဲ ၁)
ကျနော့်ယောက္ခမများနေတဲ့ရပ်ကွက်ထဲမယ် ဗမာပြည်သား အစ္စလာမ်ဘာသာဝင်တွေ အိမ်အဝယ်များများလာတယ်။ သူတို့လုံ့လ သူတို့ကြောင့်ကြနဲ့ဆောက်နေတဲ့ ဝတ်ကျောင်း(ဗလီ)လည်း ရှိသကိုး။
အရင်ကတော့ အဲ့ရပ်ကွက် အနားသတ်တဝိုက်မှာ ကရင်အမျိုးသား နည်းနည်းပါးပါးပဲ ရှိကြတာပါ။ ခုတော့ ကရင်ရော ဗမာမွတ်စလင်မ်တွေရော ရောနှောနေကြတာပါ။ ယောက္ခမများက အဲ့ရပ်ကွက်ထဲနေလာတာ နှစ် ၅ဝ နီးနီးပဲ။ ဘိုးတော်က လူမျိုးစုံ တွေ့သိဆက်ဆံဖူးသူဆိုတော့ ဗမာပြည်သားတွေ တိုးတိုးမြင်ရလို့လည်း သိတ်အဆန်းတပြား မဖြစ်ပါဘူး။
အစားအသောက်ဆိုလည်း ဘိုးတော်က အကုန်တွယ်တာ။ ဘယ်တိုင်းပြည်က ဘာလူမျိုးစားတဲ့အစားရယ်ဘာရယ် ခွဲနေတာမဟုတ်ဘူး။ စားရင်း အကြိုက်လေးများတွေ့ ခံတွင်းလေးများလိုက်သွားပလားဆို “နောက်တကြိမ်လောက်တော့ ထပ်စားဦးမှ”ဆိုပြီး ပြုံးပြုံးပြုံးပြုံးနဲ့ပြောတတ်တာကလား။ ဘွားတော်ကတော့ တကယ့် အိုင်းရစ်ရှ်ဆန်တဲ့ အစားအစာတွေကလွဲလို့ ကျန်တာ စားတယ်လို့ကိုမရှိဘူး။
တမြန်နှစ်ကထင်တယ် ကျနော့်တူမ မရင်နှစ်မွေးနေ့လုပ်တော့ သူ့အမေက အုန်းနို့ခေါက်ဆွဲ၊ ဗမာထမင်းဟင်းနဲ့၊ ကျောက်ကြောတို့ သာကူတို့ဘာတို့လည်းလုပ်ပြီး လူတွေဖိတ်ကျွေးတယ်။ ကျနော့်ယောက္ခများလည်းလာကြတယ်။ ဘွားတော်ကတော့ အမေရိကန်မုန့်အချိုလေး တတို့နှတို့ တို့ပြီး ပြီးသွားတာပဲ။ ဘိုးတော်က “ထမင်းစားမယ်”တဲ့။ ဒါနဲ့ ကျနော့်ညီမကလည်း သိတ်မစပ်မယ့်ဟင်းလေးဘာလေး ချချက်ပေးတာပေါ့။
ဟင်းအရံသဘောက ချဉ်ပေါင်ကို ကြေနေအောင်မွှေပြီး ပုဇွန်ခြောက်နဲ့ ငရုပ်သီးစိမ်းနဲ့ ငံပြာရည်နဲ့ ဆီနိုင်နိုင်ကြော်ထားတာလည်း တခွက်ပါတယ်။ ဘိုးတော်က အမဲသားနှပ်ဆွဲလိုက် ပဲဟင်းသောက်လိုက် သခွားသီးသုပ်ခပ်တီးလိုက် ဗူးသီးကြော်ချက်ဖဲ့လိုက်နဲ့ မြိန်ရည်ရှက်ရည်ပဲ။ ချဉ်ပေါင်ကျော်တွေ့တော့ “ဘာလဲ”တဲ့။ ကျနော်က ရှင်းပြရင်း “အခန့်မသင့်ရင် ဝမ်းပျက်တယ်”ပါ တခါတည်း ပတ်တောပိတ်ပြောလိုက်တယ်။ “ငါနည်းနည်းတော့ စားကြည့်ချင်တယ်”ပြောပြီး ဆွဲလိုက်တာမှ မနည်းဘူး။ ကျနော်တို့က ဘေးကကြည့်ပြီး “အသက်ကလည်းကြီးပြီ သူတခါမှ မစားဖူးတဲ့ဟင်း၊ ဗိုက်နဲ့မတည့်လို့ မတော်တဆ ဝမ်းတွေဘာတွေပျက်လို့လျှောလို့ တခုခုဖြစ်ရင်တော့ပြဿနာ”ဆိုပြီး ရင်တမမနဲ့။ ထမင်းလည်း လက်စသတ်ရော ဘိုးတော်က “ဒါ အတော်စားလို့ကောင်းတယ်။ ပြန်ရင် နည်းနည်းထည့်ပေးလိုက်လို့ရမလား”ဆိုတာနဲ့ ပါဆယ်ပါ ထုပ်ပေးလိုက်ရသေးတာ။ တော်သေးတယ် အဲ့သလောက်သာ စားသွားတာ နောက်နေ့ ဘာမှမဖြစ်ဘူး။
ပြီးခဲ့တဲ့ အီးဒ်နေ့တုန်းကလည်း ဗမာမွတ်စလင်မ်တွေက ထုံးစံအတိုင်း ဗမာပြည်မှာလိုပဲ စမိုင်ကျိုကြ၊ ရွှေကြည်ဆနွင်းမကင်း၊ ဟလဝါ၊ ပလာတာနို့ဆမ်းဘာညာစတဲ့ မုန့်အချိုတွေလုပ် ဆွေမျိုးမိတ်သဟာယ အိမ်နီးပါးခြင်းတွေ ရပ်ကွက်သူရပ်ကွက်သားတွေကို ဖိတ်ကျွေး၊ အိမ်ပေါက်စေ့ ဗူးလေးဂျိုင့်လေးတွေနဲ့ လိုက်လက်ဝေတာပေါ့။ သူတို့ကိုလည်း ကျနော့်ယောက္ခမတွေဆိုပြီးသိထားတော့ အိမ်ရှေ့တံခါးဘဲလ်လေးခေါက်ပြီး တော်ကြာနေ ဟိုအိမ်ဒီအိမ်တွေက စမိုင်၊ ရွှေကြည်၊ ရွှေရင်အေး၊ ဖွာလူဒါ ဘာညာတွေ လာလာပေးတာပဲ။ ဘိုးတော်ကတော့ တံခါးလာခေါက်တာနဲ့ တန်းဖွင့်ပြီး ကလေးဖြစ်ဖြစ်လူကြီးဖြစ်ဖြစ် ဟဲလို ဟိုင်း ဘာညာနဲ့နှုတ်ဆက်ပြီး ပေးသမျှအကုန်ယူထားလိုက်တယ်။ ပြီးတော့ ကျနော့်ဇနီးကို ဖုန်းဆက်ပြီး “လာပေးသွားတဲ့မုန့်တွေထဲက ဘယ်မုန့်ကတော့ ဘယ်လိုလေး ဘာအရောင်လေး ဘယ်ပုံစံလေး အဲ့ဒါ ဘယ်လိုစားရသလဲ ဘာနဲ့ရောစားရသလဲ”တွေ မေးတယ်တဲ့။ ဇနီးကလည်း ကိုယ့်မျက်စေ့နဲ့မမြင်ရတော့ “ဗမာမုန့်အများစုက စားတာကတော့ ဒီအတိုင်း စားလိုက်ရုံပဲ၊ ဘာမှလုပ်စရာမလိုဘူး၊ ရေခဲပါတဲ့အေးတဲ့ဟာတွေတော့ ဘာမှ မလုပ်ရပေမယ့် စမိုင်လိုဟာကြတော့ ပြန်နွှေးစားရတယ်” ဘာညာနဲ့ ဆရာမကြီး လုပ်သေးတာ။ ဒါပေမယ့် တချို့မုန့်တွေတော့ ဘိုးတော်ပြောပြတာ သူသဘောမပေါက်တာနဲ့ “ညနေကြ မျိုးနဲ့ငါ အိမ်ဘက်လာခဲ့မယ်၊ အဲ့ဒီတော့မှ ကြည့်ရတာပေါ့” လို့ သူ့ကိုစကားဖြတ်ပြီး ကျနော့်ဆီဖုန်းခေါ်တယ် “ညနေကြ အမေတို့အိမ် သွားရအောင်”တဲ့။
ညနေစောင်း ကျနော်တို့ သူတို့အိမ်ဘက်ရောက်တော့ ဘိုးတော်က ရေခဲသေတ္တာထဲကနေ ပလပ်စတစ်ဗူး လေးငါးခြောက်ဗူး ထုတ်ချလာတယ်။ ဒါတောင် သူက “၃ ဗူးလောက် စားပလိုက်ပြီးပြီကွ၊ တကယ်အရသာရှိတာပဲ၊ အုန်းနို့နဲ့ထောပတ်နံ့နဲ့ အမွှေးအကြိုင်အနံ့တွေ အစုံပဲ”လို့ပြောပြီး “ဒါတွေကို ဘယ်လိုခေါ်လဲ ဘယ်လိုစားရမလဲ”လို့မေးတယ်။ ကျနော် ရှင်းပြနေတုန်း ဘွားတော်က လှမ်းပြီး “အုန်းနို့ပါတယ်ဆို သတိထားနော် Lynn၊ သွေးတိုးနဲ့ မကိုက်ဘူး”လို့ ဟန့်တယ်။ ဘိုးတော်က ကျနော့်ဘက် မျက်စေ့တဖက်မှိတ်ပြပြီး “နည်းနည်းပါးပါး တခါတလေစားတာကတော့ ဘာမှမဖြစ်ပါဘူးကွာ”လို့ လေပြေပြန်သွေးတယ်။ ကျနော်တို့ကိုလည်း စားခိုင်းတယ်။
သူစားနေတုန်း ကျနော်က အီတီဆိုတာဘာဖြစ်ကြောင်း၊ ဒီလို့နေ့မှာ မုန့်လာဝေတဲ့ခလေးတွေကို အိမ်ရှင်လူကြီးတွေက အီတီပေးလေ့ရှိတဲ့အကြောင်းပြောပြတော့ “ဟေ..ဟုတ်လား ငါမှမသိပဲ၊ ဒါဆို မနက်ဖြန်ကြ အဲ့ခလေးတွေအိမ် အီတီသွားပေးလို့ရလား” လို့မေးတယ်။ ကျနော်က “ထားလိုက်ပါ အီးဒ်က ပြီးသွားပြီပဲ။ နောက်ပြီး ဘယ်ခလေး ဘယ်အိမ်ကမှန်းရော သိဖို့မှ မလွယ်ပဲ”ဆိုတော့ “အေး မင်းပြောတာ ဟုတ်တယ်။ ဒီနှစ်တော့ ထားလိုက်တော့ ရှေ့နှစ်ကြ မုန့်လာပေးတဲ့ခလေးတိုင်းကို အီတီပေးမယ်ကွာ”ပြောရင်း အုန်းနို့ကျောက်ကြောစားလိုက် ဖွာလူဒါခပ်သောက်လိုက်နဲ့။
ဘွားတော်ကတော့ မျက်စောင်းထိုး ဗမာပြည်သားအိမ်က ပြူတင်းပေါက်လိုက်ကာတွေချ၊ မီးတွေ တီဗီတွေပိတ်ပြီး အပြင်ထွက်သွားတဲ့မိသားစုအကြောင်းပြောရင်း “သူတို့ အဲ့သလို လုပ်သွားတော့ သူခိုးတို့ ဖေါက်ထွင်းမယ့်ကောင်တို့က သိတာပေါ့ ဒီအိမ်မှာ လူမရှိဘူးဆိုပြီး၊ မင်း သူတို့ကို နည်းနည်းပြောပြထားပါ၊ အိမ်သားတွေအကုန်အပြင်ထွက်ရင် လိုက်ကာတွေတင်ခဲ့၊ မီးလေး တပွင့်နှပွင့်ဖွင့်ခဲ့၊ တီဗီလေးဘာလေး ဖွင့်ဖက်ထားခဲ့ဖို့၊ နို့မို့ဆို လူမရှိမှန်းသိပြီး သူခိုးဝင်မှ ရှိတာလေး တက်တက်ပြောင်ဦးမယ်”တဲ့။ ကျနော်လည်း “အင်း အင်း”ပဲလုပ်နေခဲ့တယ်။
(ဘာမှ မဟုတ်ပါဘူး။ ဘီယာလေး တလုံးနှလုံးသောက်ပြီး ထွေတေတေလေးရှိတာနဲ့ ရပ်ကွက်ထဲကလူတွေအကြောင်း ချရေးကြည့်တာပါ။ ရေးမယ်ဆိုပြောမယ်ဆို ရပ်ကွက်ထဲကဇာတ်လမ်းတွေ ကျနော့်မလည်း မနည်းလှဘူး)

0 comments:

Post a Comment