Monday, August 24, 2015

၂ဝ၁၅ သြဂတ်လထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁)

0 comments
၂ဝ၁၅ သြဂတ်လထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၁)
(တရားအစွဲသန်ကြတာ)
အမေရိကားမရောက်ခင်တုန်းက အမေရိကန်တွေဟာ တရားစွဲအလွန်ဝါသနာပါပြီး ကမ္ဘာပေါ်မှာ တရားအစွဲဆုံးလူမျိုး ဘာညာနဲ့ မကြားချင့်တဆုံးကြားရတယ်။ ဒီရောက်တော့ သူတို့ပြောတာ ဟုတ်ရုံတင်မကဘူး လိုတောင်လိုသေးတယ်ဆိုတာ သွားတွေ့ရတယ်။
နောက်ပြီး သူတို့မသိတာတခုရှိသေးတယ်။ အဲ့ဒါကတော့ အမေရိကန်တွေဟာ အတိုင်အတောလည်း အလွန်ထူကြတယ်ဆိုတာပဲ။ လူသတ်မှုလို ဓားမြမှုလို လုယက်မှုလို အမှုကြီးအမှုကျယ်တွေမပြောနဲ့ ဘာလေးဖြစ်လိုက်ဖြစ်လိုက် တရားတန်းစွဲ တရားတဘောင်နဲ့ ရုံးပြင်ကန္နားနဲ့ရှင်းကြသလို ထစ်ကနဲရှိ ရဲခေါ်တိုင်ရတာနဲ့ အုပ်ချုပ်ရေးပိုင်းကို တိုင်ရတာနဲ့။ ဘေးအခန်းက Smoking Detector အသံမြည်နေလို့၊ ဘေးခြံကခွေး ကိုယ့်ဝင်းထဲရောက်လာလို့၊ ဘေးအိမ်က သီချင်းအကျယ်ကြီးဖွင့်လို့၊ အိမ်ရှေ့ကလင်မယား ဆဲဆိုသတ်ပုတ်နေသံတွေကြားလို့၊ ကလေးတွေကို လူကြီးမပါပဲ လမ်းပေါ်လွှတ်ထားလို့၊ အပေါ်ထပ်က တဒုံးဒုံးနဲ့ စားပွဲတင်အသားကြိတ်စက် ညကြီးသန်းကောင်ထကြိတ်လို့၊ ဘေးအိမ်က ခြံစည်းရိုးလေးခတ်တာ ကိုယ့်အိမ်နည်းနည်းကွယ်သွားလို့၊ ကိုယ်ကိုယ်တိုင် မဲပေးရွေးချယ်တင်မြှောက်ထားတဲ့ အမတ်တွေ မဟုတ်မဟတ်လုပ်လို့၊ မြို့အစိုးရဝင်တွေ မြို့တော်ဝန်တွေ မြာပွေလို့ ငွေဇယားရှုပ်လို့စသည်ဖြင့် ပြောမဆုံးပေါင် တောသုံးတောင်တွေနဲ့ ဘာမဟုတ်တဲ့ ကိစိကွစလေးတွေကအစ တိုင်ကြတောကြတာကလား။
တိုင်ပြီတောပြီဟေ့ဆိုတာနဲ့ မိနစ်ပိုင်းအတွင်း ဥသြသံတစီစီနဲ့ ရဲကား သူနာပြုနား မီးသတ်ကားတွေပါ လိုရင်လိုသလို တသီတတန်းကြီး ကိုယ့်အိမ်ရှေ့ရာက်လာ မေးဟယ် မြန်းဟယ် စစ်ဟယ်ဆေးဟယ် လိုအပ်ရင် ဖမ်းဟယ်ဆီးဟယ်တွေပါလုပ်သကိုး။ တချို့ကိစ္စလေးတွေကြတော့ ရဲနဲ့သက်ဆိုင်ရာဌာနကလူတွေ အုပ်ချုပ်ရေးပိုင်းကလူတွေက အတိုင်ခံရသူတွေဖြစ်တဲ့ အမှုအလေးအပေါ့ပေါ်ကြည့်ပြီး သတိပေးတန်တာပေး။ ဒဏ်တပ်တန်တာတပ်၊ ရုံးတင်တရားစွဲတန်စွဲ၊ အများပြည်သူရှေ့ကြားနာ ရုံးကချမှတ်တဲ့ပြစ်ဒဏ် ခံတန်ခံ စသည်ဖြင့်သွားကြတာပေါ့လေ။
ကျနော်လည်း ရောက်စက ဒီလောက် အတိုင်အတောထူတဲ့လူမျိုး ဒီလောက် တရားအစွဲသန်တဲ့လူမျိုးဆိုပြီး စောက်မြင်အတော်ကပ်ခဲ့ဖူးပါတယ်။ “ဒါလေးများကွာ ကိုယ့်အိမ်နီးချင်း ကိုယ့်ရပ်ကွက်သားချင်း သည်းခံတန်ခံလိုက်၊ မခံနိုင်လည်း ရပ်ဆွေရပ်မျိုးတွေပဲဟာ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း တိုးတိုးတိတ်တိတ်ပြောလိုက်လည်း ပြီးတာပဲဟာ။ ဒါနဲ့မှမပြီးလည်း ရပ်မိရပ်ဖလို လူရိုသေရှင်ရိုသေတွေနဲ့ ပြောပြပြီး တောင်းပန်သူကလည်း တောင်းပန်လိုက် ကြေအေးသူကလည်းကြေအေးပေးလိုက် နောက်မဖြစ်အောင် နောက်မလုပ်အောင် တားခိုင်းလိုက်လည်းရတာပဲဟာ”ဆိုတာတွေလည်း တွေးမိဖူးတယ်။
ခု နည်းနည်း အနေကြာလာတော့မှသိတာ ဒီလူတွေ ဘာ့ကြောင့် တရားအစွဲသန်ကြသလဲနဲ့ အတိုင်အတောထူကြသလဲဆိုတာရဲ့အဖြေကို။ အမေရိကန်မှာ(ယေဘုယျသဘောပြောရရင်) တရားဥပဒေစိုးမိုးမှုဟာ နေရာတိုင်းမှာရှိနေလို့ပဲ။ တရားဥပဒေဟာ လူတိုင်းအပေါ် အညီအမျှသက်ရောက်နေလို့ပဲ။ အုပ်ချုပ်ရေးပိုင်းကလူတွေကလည်း တိုင်လာတန်းလာတွေတိုင်းကို အရေးတယူပြုပြီး တရားစီရင်ရေးအပိုင်းကလည်း ဥပဒေနဲ့အညီစီရင်ဖြေရှင်းပေးလို့ပဲ။ လူတွေကိုယ်တိုင် တရားဥပဒေကိုယုံကြည်နေလို့သာ၊ ဥပဒေစိုးမိုးရေးကိုစိတ်ချနေလို့သာ၊ တရားစီရင်ရေးကို ကိုးစားနေလို့သာ၊ အုပ်ချုပ်ရေးကို အားထားနေလို့သာ တရားစွဲတာ တိုင်တာတောတာတွေလုပ်ကြတာပဲလို့ အကြမ်းသဘော ကောက်ချက်ဆွဲလို့ရလာပါတယ်။
တရားဥပဒေကို၊ တရားဥပဒေစိုးမိုးရေးကို၊ တရားစီရင်ရေးကို၊ အုပ်ချုပ်ရေးပိုင်းကို မယုံကြည်မကိုးစား အားမထားရင် ဘာတရားစွဲနေစရာလိုမလဲ ဘာတိုင်တောနေစရာလိုမလဲ ထစ်ကနဲရှိ တုတ်ဆွဲဓားဆွဲ သေနတ်ဆွဲတွေချည်းဖြစ်ကုန်တော့မပေါ့။ ယုံလို့ ကိုးစားလို့ အားထားလို့ စိတ်ချလို့ စွဲနေဆိုနေတိုင်နေတောနေကြတာမဟုတ်လား။ အဲ့လိုမှမဟုတ်ရင် လူတိုင်းလက်ထဲသေနတ်ရှိတဲ့တိုင်းပြည် အချိန်တိုင်း တဒိုင်းဒိုင်းပစ်နေကြတော့မပေါ့။
ကျနော်တို့ ရွှေပြည်ကြီးမှာ ရာဇဝတ်မှုတွေထူပြောတာလည်း မပြောနဲ့ ယုံကြည်စရာ တရားဥပဒေ၊ ကိုးစားစရာ ဥပဒေစိုးမိုးမှု၊ စိတ်ချစရာ တရားစီရင်ရေး၊ အားထားစရာ အုပ်ရေးစနစ်တွေမှ အခိုင်အခံ့မရှိပဲကိုး။ နေရာတကာ ခြစားအကျင့်ပျက်နေကြသကိုး၊ စနစ်ကြောင့်ပျက်တာ ရှိသလို၊ စနစ်က စနစ်တကျဖျက်ထားလို့ပျက်တာတွေရှိသလို အကျင့်ပျက်တာနဲ့အသားကျလာတဲ့လူတွေရဲ့စနက်လည်းပါပါတယ်။ ဒီတော့ သာမန်လူတွေစိတ်ထဲ တခုခုဖြစ်ရင် “ဘာမှ တရားစွဲမနေနဲ့ တိုင်တန်းလည်းမနေပဲ အပိုပဲ၊ အချိန်ကုန်တယ်၊ ငွေများတရားနိုင်ရင်နိုင် မြေနိမ့်ရာလှံစိုက်ချင်စိုက်ဖြစ်မယ့်တူတူ၊ မထူးဘူး ကိုယ့်နည်းနဲ့သာ ရှင်းပလိုက်ကွာ ကြာတယ်”ဆိုပြီး လက်စားချေရင်းချေရင်း စာရင်း ရှင်းရင်းရှင်းရင်း အတောမသတ်နိုင်တဲ့ရာဇဝတ်မှုတွေ ထူပြောသထက်ပြောလာတာပဲ မဟုတ်လား။
ကျနော်လည်း ရွှေပြည်ကြီးကလူတွေကို တရားအစွဲသန်စေ့ချင် အတိုင်အတောထူစေ့ချင်လှပြီ။ စိတ်တိုင်းကြတရားစွဲနိုင် တိုင်နိုင်တောနိုင်မယ့်ခေတ်ကိုလည်း ရောက်စေ့ချင်လှပြီ။ ဒါပေမယ့် စစ်လက်ဝါးကြီးအုပ်အာဏာရှင်စနစ်ဆိုး အမြစ်တွယ်နေသမျှတော့ ခင်ဗျားတို့ တရားစွဲဖို့ တိုင်ဖို့တောဖို့ခက်နေဦးမှာဆိုတာတွေးတိုင်းလည်း စိတ်ထဲနာကျင်ရတာပါပဲ။
(ဂျူလိုင် ၃ဝ၊ ၂ဝ၁၅)


(အပယ်ခံအပူး)
၈၈ ငြိမ်းပွင့်တချို့ NLD ဆိုင်းဘုတ်ဆွဲပြီးဝင်ဖို့လုပ်တာ ပါမလာတော့ အကန့်ခံလိုက်ရတာလားလို့ တွေးချင့်စရာပါ။ ထူးဆန်းတဲ့ကိစ္စတော့လည်း မဟုတ်ပါဘူး။ ပရော်လ်ဖက်ရှင်နယ်လ်ကျတဲ့ ပရဂ်မက်တစ်ဆန်တဲ့နိုင်ငံရေးသဘောအရတော့ ဒါတွေက ခွေးလှေးခုန်တဲ့သဘောလောက်ပါပဲ။ တသီးပုဂ္ဂတွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ချင်သပဆိုရင်တော့ အချိန်မနှောင်းသေးဘူး ထင်တာပဲ။ မီဦးမယ်ထင်တာပဲ။ အခြားသူတွေ အဝင်ခံတာမခံတာ ဘာမှပြောစရာမရှိပေမယ့် ကိုကိုကြီးကို ဝင်အလုံးမခံတဲ့ အပတ်သက်မခံတဲ့ အင်န်အယ်လ်ဒီရဲ့အဆုံးအဖြတ်ကိုတော့ လွှတ်ကြိုက်တယ်လို့ ပြောပါရစေ။ ဒေါ်အောင်ဆန်းစုကြည်မူကို အခြားနေရာတွေမှာ ကြိုက်တာမကြိုက်တာ သဘောကျတာမကျတာတွေရှိပေမယ့် လူ့အခွင့်အရေး အခြေခံမူတွေနဲ့စပ်လို့ရပ်ခံချက်တွေမှာ နှစ်သက်မိပါတယ်။ ကိုကိုကြီးသာ အင်န်အယ်လ်ဒီဆိုင်းဘုတ် လည်ပင်းဆွဲပြီးဝင်ခဲ့လို့ နိုင်ခဲ့ရင် ပြည်တွင်းပြည်ပက လက်ခံသိမှတ်ပြုထားတဲ့ အင်န်အယ်လ်ဒီရဲ့ လူ့အခွင့်အရေး လူနည်းစုအခွင့်အရေးကာကွယ်မှုပုံရိပ်ကို ထိခိုက်မှာဖြစ်သလို ဘာသာရေးလူမျိုးရေးအခြေခံ အစွန်းရောက်သမားကြီးကို ပါတီကိုယ်စားပြုခိုင်းတယ်ဆိုပြီး လူတကာ့လက်ညှိုးထိုး အကဲ့ရဲ့လည်းခံရမှာမလွဲပဲ။ ခုတော့ ဒီဆုံးဖြတ်ချက်ကြောင့် အဲ့သလိုအဖြစ်တွေကနေ လွတ်မြောက်သွားစေတာပဲ။ အင်န်အယ်လ်ဒီရဲ့ ဒီဆုံးဖြတ်ချက်ကို တကိုယ်ရည်အနေနဲ့ အမြော်အမြင်ကြီးတဲ့ဆုံးဖြတ်ချက်လို့တွေးမိပြီး ကြိတ်ကြိုက်မိကြောင်းတော့ ဗြောင်ဝန်ခံပါတယ်။
ကောင်းတာကတော့ ကိုကိုကြီးအနေနဲ့ လူသတ်ဝါဒီဝီရသူဆီ နောက်တခေါက်သွား ခြေတော်ရင်းဦးခိုက်ပြီး သူတော်ချင်းချင်းသတင်းလွေ့ကြည့်ပါ။ ဒါမှမဟုတ်လည်း ကလေးကစားကွင်းတွေ ဘယ်နေရာမှာ အသိမ်းခံနေရသလဲစုံစမ်းကြည့်ပါ။
(သြဂတ်စ် ၁၊ ၂ဝ၁၅)

(ဝင်းခိုင်တဲ့ဉာဏ်ဝင်း)
ကျနော် ညာဏ်ဝင်း ၄ ဝင်းနဲ့သိတယ်။ ၂ ဝင်းနဲ့က လူချင်းပါသိတာ။ နောက် ၂ ဝင်းနဲ့က ပတ်ပြီးသိတာ။ အဲ့ဒီ ၂ ဝင်းအနက် တဝင်းက အင်န်အယ်လ်ဒီက၊ နောက်တဝင်းက ပဲခူးတိုင်းဝန်ကြီးချုပ်တဲ့။ ၂ ယောက်လုံး မြို့မေတ္တာခံယူမယ့်သားတွေချည်း။
လူချင်းသိတဲ့ ညာဏ်ဝင်း ၂ ဝင်းအနက် တဝင်းက သထုံဘက်က။ ထောင်ထဲမှာကျဆုံးသွားပြီဖြစ်တဲ့ မန်းဒါဝတ်တို့၊ ခု မြောက်ကယ်ရိုလိုင်းနားက ကိုသိန်းဖိုးတို့အမှုတွဲ။ နောက်တဝင်းက မစုစုနွေးတို့နဲ့တရွာတည်းသား အင်န်အယ်လ်ဒီက ကိုညာဏ်ဝင်း။ ထန်းမနိုင်သား။ ထမ်းလို့ကို မနိုင်တာ။ စာရွက်ပိုင်းလေး လက်ထဲထားရင်တောင် ထောင် ၇ နှစ်လောက်ကျတဲ့ခေတ်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေအော်ပြီး ထောင်ထဲရောက်လာသူ။ ခုနပြောတဲ့ ဖထီးမန်းဒါဝတ်အမှုတွဲ ကိုညာဏ်ဝင်းကြ ငိုအားထက်ရီအားသန်ပြောစရာရှိတယ်။
တနေ့ ထောင်ကို ညွှန်ချုပ်ဇော်မင်းဆိုတဲ့အကောင်လာတော့ ကိုညာဏ်ဝင်းက နေမကောင်းဘူး။ ဒါနဲ့ သတင်းထပို့တယ်။ ညွှန်ချုပ်က “နောက်မှာဆရာဝန်(စိုးကြည်ဆိုတဲ့လူသတ်ကောင်)ပါတယ် ဆရာဝန်ကိုပြော”တဲ့။ ဒါနဲ့ သူ ဆရာဝန်ကိုပြောတော့ ဆေးမှူးပါတယ် ဆေးမှူးကိုပြောတဲ့။ ဒါနဲ့ဆေးမှူးကိုပြောတော့ ဆေးတပ်သားပါတယ် ဆေးတပ်သားကိုပြောတဲ့။ ဒါနဲ့ ဆေးတပ်သားကို သူ့နံမည် အချုပ်သားအမှတ် အဖအမည်စတာတွေကနေစပြီး သူ့ဝေဒနာတွေ ခါးနာတာ ဗိုက်အောင့်တာ ကျောအောင့်တာ အိပ်မရတာတွေအဆုံး ပြောပြတယ်။ သူပြောတာတွေအကုန် ဆေးတပ်သားက စာအုပ်ထဲလိုက်မှတ်တယ် ပြီးလည်းပြီးရော “ခင်ဗျား ဝင်းခိုင်လား”လို့မေးတယ်။ ကိုညာဏ်ဝင်းက “ညာဏ်ဝင်းပါ”လို့ ပြန်ပြောတယ်။ ဆေးတပ်သားက “မဟုတ်ဘူး ခင်ဗျား ဝင်းခိုင်လားလို့မေးတာ”ဆိုပြီး စိတ်မရှည်တဲ့လေသံနဲ့ထပ်ပြောတယ်။ ကိုညာဏ်ဝင်းကလည်း “ညာဏ်ဝင်းလို့ အစကတည်းက ခင်ဗျားကိုပြောထားတယ်လေ”လို့ ခတ်ဆတ်ဆတ်ပြန်ဖြေတယ်။ ဆေးတပ်သားက “ခင်ဗျား ညာဏ်ဝင်းမှန်းသိတယ်။ ခင်ဗျားကို မေးနေတာက ဝမ်းခိုင်လား ချီးပါရချက်လား၊ ဝမ်းချုပ်တတ်လားလို့မေးတာ”ဆိုမှ ကိုညာဏ်ဝင်းလည်း စိတ်ပြေသွားပြီး “ခင်ဗျားက ဝင်းနဲ့ဝမ်းကို ကွဲအောင်မှမပြောတာကိုး”ဆိုပြီး “ဝမ်းတော့ နည်းနည်းချုပ်တတ်တယ်ဗျ” လို့ပြန်ဖြေရင်း ဟီးဟီးဟားဟားနဲ့ ပွဲကျခဲ့ဖူးတာ ပြန်အမှတ်ရတယ်။
ခုလည်း အင်န်အယ်လ်ဒီညာဏ်ဝင်းနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်ညာဏ်ဝင်းတို့ ဝမ်းခိုင်နေကြသလားမပြောတတ်။
(သြဂတ်စ် ၂၊ ၂ဝ၁၅)

(တောကြက်လို အသက်အောင့်သေ)
ဒီနေ့ ဗမာပြည်သားအများစုနေကြတဲ့ အပါ့တ်မင်န့်ကွန်းပလက်စ်ကြီးတခုထဲ ကိစ္စတခုအပွိုင်မင်န်ရလို့ သွားခဲ့တယ်။ ထင်တာထက် ပိုမြန်မြန်ပြီးသွားတော့ ပြန်လာကြိုမယ့်ဇနီးကိုစောင့်ရင်း ဗမာပြည်သားကြီးတွေနဲ့ မြက်ခင်းပေါ်တင်ပလ္လင်တွေခွေပြီး စကားလက်ဆုံကျ ကြတယ်။ ရေနွေးကြမ်းရော ချဉ်ငံစပ်တို့ဟူးသုတ်ရော လဘက်သုတ်ရော။
ဗမာပြည်သားကြီးတွေလို့ပြောရတာက ကိုယ့်ထက်အသက်ကြီးတာအပြင် စကားတွေ အပြိုင်အဆိုင်အလုအယက်ပြောရင်း တနေရာရောက်တော့ သူ့မိန်းမနဲ့ အပေါက်လမ်း မတည့်တွေဖြစ်လာတဲ့အခါ ဘိုးတော်က "မိန်းမရာ နင့်မလဲ ပြောလိုက်တိုင်း အမြီးအမောက် မတည့်တွေချည်းပဲ၊ ခါးတောင်းကျိုက်တလွဲ ဖင်တလွဲတွေချည်း နင့်အမေကလွှားဒဲ့မှပဲ"လို့ ဆိုသံကြားရတာလည်း ပါပါတယ်။ ပြောရတဲ့စကားတွေမှ အရသာရှိလိုက်ပုံများမပြောနဲ့။
ကျနော်တို့စကားလက်ဆုံအသံတွေကြောင့် ဘေးအခန်းက တံခါးပွင့်လာတယ်။ နင့်အမေကလွှားဘိုးတော်က လှည့်တောင်ကြည့်မနေပဲ "ဟေ့ ငမြား ဒီမှာ အင်္ဂလိပ်မယောက်ျား ရောက်နေတာဟေ့၊ လာကွ"လို့ လှမ်းအော်တယ်။ ဒီတင် ညှပ်ဖိနပ်နဲ့ ပလေကပ်လုံချည်နဲ့ စွပ်ကျယ်လက်ပြတ်နဲ့ ကြွေရည်သုတ် မတ်ခွက်လေးတခွက်ကိုင်လို့ နောက်ထပ်ဘိုးတော်တယောက် ပြုံးပြုံး-ပြုံးပြုံးနဲ့ ပေါက်ချလာတယ်။ စွပ်ကျယ်လက်ပြတ်ဘိုးတော်က"ဘယ့်နှယ်လဲဆရာ နေကောင်းလား"ဆိုပြီး သူ့ခွက်လေးကိုမော့တယ်။ မျက်နှာ မဲ့တီးမဲ့ရှူံ့နဲ့။ ဒါနဲ့ ကျနော်က "စောစောစီးစီး တွယ်နေပါရောလား"လို့ နောက်တော့ "နည်းနည်းပါဆရာ။ ဒီနေ့ အလုပ်နားတယ်လေ"တဲ့။
သြော် ဒီအသက်ဒီအရွယ်ထိ အလုပ် လုပ်တုန်းကိုးလို့စိတ်ထဲတွေးရင်း "ဘယ်မှာ လုပ်သလဲဗျ" မေးတော့ "ကြက်ရုံမှာလေဆရာ"တဲ့။ ကြက်ရုံဆိုတာက အသားစားကြက်တွေ စီးပွားဖြစ်မွေးတဲ့ မွေးမြူရေးခြံကြီးကိုပြောတာပါ။ "အဆင်ရောပြေရဲ့လားဗျ အဲ့မှာလုပ်ရတာ" ဆိုတော့ 'မပြေလည်းပြေရတာပဲဆရာရေ၊ တော်တော့ တော်သေးတယ် ဗမာပြည်သားတွေ အများစုလုပ်တာဆိုတော့ အင်္ဂလိပ်လိုမတတ်လည်း အေးဆေးပဲ၊ နို့မို့ဆို မလွယ်ဘူး။ ကျန်တာတွေကတော့ ပြေပါတယ်"လို့ပြောပြီး သူ့အခန်းထဲပြန်ဝင် နောက်တခွက် ငှဲ့ယူလာပြန်တယ်။ အနားရောက်တော့ "ဒီခွက်နဲ့ဆိုတော့ အပြင်မှာထိုင်သောက်လည်း အေးဆေးပဲ။ ဘယ်သူမှ ဒါမှန်းမသိဘူးလေ ဟဲဟဲဟဲ"ဆိုပြီး သူ့ဘာသာ သဘောတွေကြနေတယ်။
ကျနော်က "အေးဗျာ ဘာသာစကားပြဿနာကလည်း တမှောင့်နော်။ တခါတလေ သူ့စကားကိုယ်မသိ ကိုယ့်စကားသူမသိနဲ့ လုပ်ရကိုင်ရတာ အတော့်ကို အဆင်မပြေတာ" လို့ပြောတော့ နင့်အမေကလွှားဘိုးတော်က ဖြန်းကနဲလက်ဝါးချင်းရိုက်တဲ့ပြီး "အဲ့ဒါပြောတာပေါ့ကိုယ့်လူရ အမေရိကန်မှာလာနေရတာ တခါခါ တောကြက်တွေလို အသက်အောင့်သာ သေလိုက်ချင်တယ်"လို့ ပြောချလိုက်တယ်။
ကျနော်လည်း တခါမှ မကြားဖူးတဲ့စကားမို့ မူရင်းအကြောင်းအရာကနေချော်ထွက်ပြီး "တောကြက်က ဘယ်လို အသက်အောင့်သေတာလဲဗျ ပြောပြပါဦး"လို့မေးမိတယ်။ "ဒီလိုဆရာရဲ့ တောကြက်အရှင်ကို ထောင်ဖမ်းပြီးမိလာတော့ အိမ်ရောက်တဲ့အခါ ထွက်မပြေးအောင် ခြင်းထဲထည့် လှောင်ရတာမဟုတ်လား။ တောကြက်က တသက်လုံး တောထဲနေလာတဲ့အကောင် လွတ်လွတ်လပ်လပ်၊ ခုလည်းကြရော ခြင်းထဲအထည့်ခံရတော့ စိတ်ကညစ်လာတာပေါ့။ ပျံပြေးလို့ကလည်းမရ ကျွေးတဲ့ဆန်စေ့လည်း မကြိုက်ဆိုတော့ ညစ်ညစ်နဲ့ နောက်ဆုံး အသက်ရှူတာကိုအောင့်လိုက်ပြီး သူ့ဘာသာသူ သတ်သေသွားတာပဲ။ အဲ့ဒါကို တချို့ကပြောတယ် မှတ်လား။ တောကြက် အိမ်ရောက်ရင် ချက်ခြင်းသေတာပဲ ကြာကြာမခံဘူးဆိုတာ။ အမှန်က ကြာကြာက သူ့ဟာသူမခံတာမဟုတ်ဘူး ဆရာရဲ့၊ တောကြက်ကစိတ်ညစ်ပြီး အသက်ရှူအောင့်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားတာလေ၊ ကြက်ဆိုတာ လူလို ဇွဲကြိုးတွေဘာတွေမှ ချမရတာကိုး"တဲ့။
ကျနော်လည်း "သြော်"တလုံးသာ တမိပေမယ့် စကားမပေါက်တဲ့အခက်အခဲ ဘယ့်လောက်ကြီးမှန်းပိုသိသွားပြီး ဟင်းချမိတာပါပဲ။
(သြဂတ်စ် ၄၊ ၂ဝ၁၅)

(ခေါင်ညွန့်ချိုးခြင်း)
"ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်သာ တွဲကစားလိုက်လို့ကတော့"တွေ
"ဦးသိန်းစိန်နဲ့အမေသာ နှစ်ပါးကြည်လို့ကတော့"တွေ
"အမေစုနဲ့ရွှေမန်းသာ တွဲပလေးလိုက်ကတော့"တွေ နောင်ကျဉ်မှဖြစ်တော့မယ်ထင်တယ်။
အင်း တပင်တိုင်မင်းသမီးက သမ္မတကြီးကို ယုံတော်မူကျဲခဲ့လေတော့ နှစ်ပါးခွင်အတွက် ဗိုလ်ဌေးဦးထွက်လာပြီထင်ပါ့။ မြို့မေတ္တာခံယူမယ့်သားတွေ။
အမှန်ကတော့ ရွှေမန်း အာဏာအရူးအမူး ပိုဖြစ်လာတဲ့ကိစ္စပါ။ သမ္မတထက်ကြီးတာရှိတောင်လုပ်ချင်သူအတွက် သမ္မတထက်ကြီးတာ သေနတ်ဖြစ်ကြောင်းထုတ်ပြတာပါ။ အုပ်စုလိုက်ကစားတဲ့ပြကွက်မှာ သားအဖတတွေရဲ့ စီးပွားရေးအင်ပိုင်ယာကြီးကိုပဲ အာဏာနဲ့ပိုလုံကောင်ကာမယ်ဆို
ဒီကြမ္မာဟာ လူတိုင်းဆီလာမယ်လို့ အချက်ပြရုံလေးပါ။ နံပတ်ဝမ်းရှိတယ်မရှိဘူး အငြင်းပွားနေသူတွေအဖို့တော့ ဓားရှိတဲ့ကုလား စားသွားတဲ့အကွက်ပါ။
အမေနဲ့ ပလူးလို့မဟုတ်ပါ။ ပြုပြင်ပြောင်းလဲရေးသမားကြီးမို့ မဟုတ်ပါ။

ဗိုလ်နေဝင်း လက်ဖျားခါတယ်
ဗိုလ်စောမောင် ကျောချမ်းတယ်
သန်းရွှေကတော့ စာအုပ်သစ်ထုတ်ဖတ်တယ်
ခင်ညွန့် ပြုံးနေတယ်
သိန်းစိန် ထွန်းလင်း တင်ဝင်းညိုတို့သံဝေဂ
ဥပဒေအထက်မှာရော အောက်မှာရောဘယ်သူမှမရှိပဲ
ကိုယ်တိုင် “နိုင်ငံတော်”
ကိုယ်တိုင် “ဥပဒေ”
ကိုယ်တိုင် “အာဏာပါးကွက်”တွေ
အကွက်ရွှေ့တဲ့ပွဲ
ဘယ်တုန်းကမှ
ပြည်သူ့မျက်နှာတိုင်းပြည်မျက်နှာ ထောက်ညှာတဲ့ကောင်တွေမဟုတ်
ဘာပြုပြင်ပြောင်းလဲလိုသူဖြစ်လို့မှမဟုတ်
ဘာမှန်ကန်တဲ့ကောင်တွေမို့ “ကွဲ”တာမဟုတ်
တူတဲ့အကျိုးစီးပွားကိုနည်းနာခွဲပြီးကာကွယ်နေသူ
တယောက်အမြီးနဲ့တယောက်ပြန်ချည်ထားတဲ့မျောက်အုပ်
ကိုယ်ကျိုးစီးပွားခြင်းခွက်စောင်းခုတ်တဲ့အခါ
လက်နှေးတဲ့ကောင်
အမြီးအဖြတ်ခံရခြင်းပဲ
"အမေ"သိတယ်သားလို့
နတ်သံတော့ နှောမလာနဲ့။
(သြဂတ်စ် ၁၃၊ ၂ဝ၁၅)

0 comments:

Post a Comment