Monday, August 24, 2015

၂ဝ၁၅ သြဂတ်လထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂)

0 comments
၂ဝ၁၅ သြဂတ်လထဲမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(၂)
(နတ်ကြီးတဲ့ ဖြောင့်ဖြောင့်ကြီး)
ရွှေမန်းဟာ ဗြဟ္မခေါင်းတော့မဟုတ်ဘူး။ ဒါပေမယ့် ကိစ္စတော့ နည်းနည်းရှိတယ်။
အောင်ကြီး၊ တင်ဖေ၊ သိန်းစိန်၊ ထွန်းလင်း၊ တင်ဝင်းညို၊ မျက်မှန်ကြီးတင်ဦးတို့ကို နေဝင်းရှင်းသလိုမျိုး။ နေဝင်း၊ ခင်ညွန့်ကို သန်းရွှေရှင်းသလိုမျိုးရှင်းရုံနဲ့ မပြီးမှာတွေ အငုတ်ကျန်မှာတွေရှိနေတယ်။
နောက်တချက်က မဆလပါတီတွင်းကိစ္စနဲ့ ခုကိစ္စကို ထပ်တူပြုတွေးလို့လည်းမဖြစ်ဘူး။ ဟိုဟာတွေက တပ်တွင်းနဲ့ပါတီတွင်းမီးသေရင် ပြီးတယ်။ ဘယ်အကောင်မှ နားရွက်မခတ်ဝံ့ အမြီးမလှုပ်ဝံ့ဘူး။ ခုက ဟုတ်ဟုတ်မဟုတ်ဟုတ် စစ်အုပ်စုက “ငါတို့လည်း ဒီမိုကရေစီ” လုပ်ထားတဲ့ခေတ်။ ဂျနီဖာလှဆွေလိုလူတောင် အာချောင်လို့ကောင်းတဲ့ခေတ်။
၂ဝဝ၈ နဲ့အားလုံးကိုချုပ်ထားတယ်ဆိုပေမယ့် လွှတ်တော်တို့၊ အခြားမှတ်ပုံတင်ပါတီများတို့ ဘာတို့တွေကလည်းရှိတယ်။ မီဒီယာကိုလည်း တကွက်ချန်ပြီး ဟပေးထားချိန်ကြီး။ နိုင်ငံတကာဆိုတာတွေလည်း အဝင်အထွက်စိတ်စိတ် အပေးအယူဒင်းကြမ်းနဲ့ ဘုံးပေါလအောဖြစ်နေချိန်။ အဲ့ဒါတွေက အနည်းဆုံး ပွစိပွစိလုပ်လာနိုင်စရာရှိနေတယ်။ ခုတောင် လုပ်သလောက်လုပ်နေကြပြီ။
လုပ်ဖို့ပြတဲ့ အကြောင်းအချက်ကောက်ကိုင်တော့လည်း ဟုတ်တုတ်တုတ်နဲ့ ခိုင်လုံသလိုတော့ရှိသား။ ရွှေမန်းဟာ “လူထုကရွေးကောက်ထားတာ”ဆိုတဲ့အနေအထားအပြင် ”လွှတ်တော်ဥက္ကဌ”ဆိုတာကခံနေသေးတယ်။ ပိုပြီး သာသာထိုးထိုးလေးပြောရရင် သိန်းစိန်နဲ့ခွာပြီး ဒေါ်စုနဲ့တွဲလုံးအဖြစ်ကစားဖို့ အန်ကယ်လ်ဆမ်တို့ မသိမသာသူကောင်းပြုထားတဲ့ “မင်းလောင်း”။ တခြားအကြောင်းတွေလည်း ရှိဦးမှာပါပဲ။
ကျနော်တွေးမိတာက ပါတီဥက္ကဌနေရာက ကန်ထုတ်တာက အသေးအဖွဲပါ။ ပါတီတွင်းကိစ္စလောက်ပဲ ချပြီးမြင်ကြည့်လို့ရမှာပါ။ အမတ်အဖြစ်ကနေ လွှတ်တော်ဥက္ကဌအဖြစ်ကနေ ဘယ်ပုံဖယ်ရှားမလဲ ဒါအရေးကြီးပါတယ်။ ခုပဲကြည့် သူတို့ချင်းစောင်မန်ခုတ်တာကို ရွှေမန်းကို ဓားပါတဲ့ကုလားကစားသွားတာလို့မြင်တဲ့သူ နည်းသလောက် “လွှတ်တော်ဥက္ကဌကြီးကို”ဆိုတဲ့ အသံတွေထွက်လာနေပြီမဟုတ်လား။
ဗြဟ္မခေါင်းတော့မဟုတ်ဘူး။ ဒါပေမယ့် ခင်ညွန့်လို “နိုင်ငံရေးမလုပ်တော့ပါဘူး” အာမဘန္တေရဖို့ ဘယ်အထိလုပ်ရမလဲ အဲ့ဒါကတွေးစရာပါ။ ထပ်ဖြည့်တွေးကြည့်မိတာက ဒေါ်စုအပါအဝင် ဒီမိုကရက်တစ်ဆိုသူတချို့ကလည်း ရွှေမန်းနဲ့ပင်းပြီးသာ ပလေးလိုက်လို့ကတော့ ဒီမိုကရေစီရွှေစည်ကြီး တီးသမျှ ဖိန့်ဖိန့်တုန်ဆိုတဲ့အကောက်အယူတွေကလည်း ရှိသမို့မဟုတ်လား။
ကြည့်ရဦးမှာပါပဲ။
(သြဂတ်စ် ၁၄၊ ၂ဝ၁၅)

(ကလေးမချီတဲ့ရွှေမန်း)
ရွေးကောက်ပွဲအသံပေးလိုက်တာနဲ့ ခလေးအာပေတူးလေးတွေ မရမကလိုက်ရှာ မရွံမရှာမျက်နှာပေးနဲ့ ချီဟယ်ပွေ့ဟယ်နဲ့ အတင်းနသားပါယားလုပ်ကြတာတွေကတော့ ရိုးနေပါပြီ။ ရွှေမန်းကတော့ ဘယ်ကဘယ်က လယ်သူမကြီးတွေသွားရှာပြီး ဖက်လားရမ်းလားနဲ့ ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့် အထာနဲ့သွားလုံးနေတုန်း တပ်နဲ့ဝိုင်းပြီး ပါတီဥက္ကဌခုံ စားခွက်အနှိုက်ခံလိုက်ရတယ်။ အမတ်၊ လွှတ်တော်ဥက္ကဌကြီးဘာညာတွေလည်း မကြာတော့ဘူးထင်တယ်။ ကျန်းမာရေးမကောင်းတာတို့ ရဟတ်ယဉ်ပျက်ကျတာတို့ လဘ်စားတယ်တို့ဘာတို့လည်း ရိုးပြီဆိုတော့ ဗိုလ်တင်အေးနဲ့လှည့်ကြပ်ပေးပြီး "ဥပဒေနဲ့အညီ"နှုတ်ထွက်ခွင့်ပြုလိုက်သည်များ လာလေမလား။ သူလည်း ဂျင်ထိပ်ကထုံး ရှစ်စပ်ကဂျင်ခြေလည်ဆိုတော့ သေနတ်နဲ့နားထင်မတေ့မချင်း ကြောက်ပါပြီဗျအော်မယ့်သူမဟုတ်ဘူး။ နောက်ပြီး နိုင်ဖဲတချပ်လောက်လည်း ကိုင်မထားဘူးမပြောနိုင်ဘူး။ ဘာနိုင်ဖဲရှိရှိပါ သေနတ်ဆိုတာ ခလုပ်ဖြုတ်မယ့်လက်ရှိရင် ကျည်ထွက်မှန်း သူလည်းသိတာပါပဲ။ တည့်တည့်ပစ်ရင် သေတတ်မှန်းလည်း သိတာပဲ။ သူလည်း တသက်လုံး သေနတ်နဲ့လုပ်စားခဲ့သူပဲ။ အာဏာသော့ချက် ဘယ်နားရှိမှန်းမသိရလောက်အောင် တုံးအသူတော့လည်း မဟုတ်တန်ရာ။
လူရွှင်တော်တွေပြောတဲ့ ဒီမယ်ရာမ ဗိုလ်လုပ်ချင်တဲ့ကောင်ဟာ ဗိုလ်သင်တန်းတက်ရတယ်ကွဆိုတာလေး တွေးမိပြီးပြုံးမိတယ်။ ဗိုလ်သင်တန်းလည်းတက်ခဲ့တယ် ဗိုလ်လည်းလုပ်ခဲ့တယ်။ ဒါပေမယ့် တပ်မရှိရင် ဗိုလ်က ကျလို့မှမရတာကိုး။

(ကန်တူးခြင်း)
တောဘဲမောင်နှံ လာလာနေကတည်းက၊ ရေဝပ်ကွက်လေးတွေမှာ ဖားလက်တက်လေးတွေ ဖားစိမ်းစိမ်းလေးတွေ လာဥချကြ ဖားလောင်းငါးလောင်းတွေပေါက်ကြ၊ ရုတ်တရက် နေ ၄-၅ ရက်လောက်ဆက်တိုက်ပူချလိုက်လို့ ရေခမ်းပြီး ဖားဘဝမရောက်ရပဲ မျက့်စေ့ရှေ့တင် ပါးစပ်လေးတွေဟစိဟစိနဲ့ ပိုးလိုးပက်လက်သေကြေကုန်တာ တွေ့ကတည်းက၊ ခြံနောက်ဖက်မှာ ကန်လေးတကန်လောက် တူးကြရအောင်ဆိုတဲ့စိတ်ကူး နှစ်ယောက်လုံးမှာရှိပေမယ့် လက်တွေ့ ဖြစ်မလာခဲ့။
ဒီနွေမှာ မိုးကစံချိန်တင်လုနီးနီးရွာပြီး စိုက်ပျိုးသမျှသီးနှံတွေရေမြုပ်ပြီးဆုံးရှူံးရတော့မှပဲ ဒီနှစ်မှ မတူးရင် ရှေ့နှစ်လည်း ရေဝပ်တဲ့ဒဏ်ကြောင့် စိုက်ပျိုးသမျှမရိပ်သိမ်းရတဲ့အဖြစ် ကြုံရဦးမယ်ဆိုတဲ့အတွေးက ကန်တူးဖို့အဓိကတွန်းအားဖြစ်လာခဲ့ပြီ။ တူးတာတော့ ဟုတ်ပြီ၊ ဘယ်လို တူးမလဲ၊ ဘယ်လောက်ကြီးကြီးတူးမလဲ၊ ဘယ်လောက်နက်နက်လဲ၊ ဘယ်နေရာတူးမလဲ စတာတွေသာတွေးကြစိတ်ကူးကြ စီမံချက် ချကြပေမယ် ကန်ထဲမှာဘာမွေးမလဲ ဘာထည့်မလဲဆိုတဲ့စိတ်ကူးတော့ နှစ်ယောက်လုံးကိုယ်စီရှိပေမယ် ပြောဖြစ်တဲ့ဆီမရောက်ခဲ့။ စိတ်ကူးတူမှာလို့ နှစ်ယောက်ကိုယ်စီတွေးထင်ခဲ့ကြတာလည်း ပါမယ်ထင်ရဲ့။ ခု ပြီးသလောက်ရှိမှ သူက အလှမွေးငါးအကြီးစားတွေထည့်ချင်ပြီး ကိုယ်က ဟင်းစားငါးထည့်ချင်တာဖြစ်နေတယ်။ နောက်ဆုံးတော့ ညှိလို့ရသွားကြတယ်။ ဟင်းစားငါးပဲထည့်ကြမယ်ဆိုပြီး။
ဒီလိုနဲ့ ဘယ်သူ့အကူအညီမှ မတောင်း၊ ဘာစက်ကိရိယာမှမပါ၊ အရွယ်မတူ ပုံစံမတူဂေါ်ပြား ၄ လက်၊ ပေါက်တူးတချောင်း၊ ခြေသုံးဖက် လက်သုံးဖက်နဲ့ ခြံရဲ့ ရေအဝပ်ဆုံးနေရာမှာ ကိုးရက်လောက်ဆက်တိုက်တူးလိုက်ကြတာ နောက်ဆုံးတော့ ကန်ပုံပေါ်လာတာပါပဲ။ ကိုးရက်ဆိုပေမယ့် အချိန်ပြည့် ထိုင်တူးနေကြတာတော့မဟုတ်၊ အပြင်အလုပ် လုပ်စရာရှိတာလုပ်၊ သူလည်း ရုံးတက်ရုံးဆင်း တပတ် နာရီ ၄ဝ အချိန်ပြည့်အလုပ် လုပ်၊ ကိုယ်လည်း ကိုယ်အဆိုင်းမင်န့် အပွိုင်မင်န်တွေမပျက်စေရပဲ ထမင်းဖိုးရှာရင်းပေါ့။ သူပြန်ရောက်တဲ့အချိန် သူနိုင်သလောက်၊ ကိုယ် ပြန်ရောက်တဲ့အချိန် ကိုယ်နိုင်သလောက် မောင်တပေါက် မယ်တကော် ပေါက်ရင်းကော်ရင်းဆိုပါတော့။
ကန်အနက်က ၂ ပေနဲ့ ၈ လက်မ၊ အလယ်တည့်တည့်မှာ ဆောင်းတွင်း ငါးခိုကျင်းက အချင်း ၃ ပေ မရှိတတ်ရှိတတ်၊ အနက် ၁ ပေ လောက်ပေါ့။ ကန်အကျယ်က စတုဂံပုံ မဟုတ်ပေမယ့် ခန့်မှန်းချေ ဆယ်ပေ ၂၅ ပေတော့ ရှိမှာပါ။ ၂ ပေသာသာနက်ရင် အောက်ကလည်း ရွှံ့စေးဖြစ်ရင် တနွေလုံး ရေမခမ်းအောင်ထိမ်းထားနိုင်တာကိုး။ တခါ ဆောင်းတွင်း အပေါ်ယံ တပေလောက်ရေခဲပေမယ့် အောက်ပိုင်းရေက မြေအနွေးဓာတ်နဲ့ ရေမခဲသမို့ ငါးတို့ရှင်သန်နိုင်လေတော့ ခုတူးလိုက်တဲ့အနေအထားက သိတ်ပူစရာမလိုမယ့်သဘောပါပဲ။
ကန်အတွင်းပိုင်းကိစ္စ တူးတာကော်တာ ကန်အခြေညှိတာ ဘာတာညာတာတွေကတော့ လက်စသတ်ပြီ။ ဒါပေမယ့် မြင်တဲ့အတိုင်းပဲ တူးထုတ်လိုက်လို့ ထွက်လာတဲ့မြေစာတွေကတော့ တောင်လိုပုံမို့မောက်နေတာကလား။ ရှစ်လက်မလောက်အမြင့် ၂ ပေခွဲလောက်အကျယ် ကန်ပေါင်လေးလုပ်မယ်။ ကန်ပေါင်အပေါ်နဲ့အပြင်ဘက်အခြမ်းမှာတော့ သားမွေးကောင်းတဲ့မြက်နုနုတွေစိုက်ပြီး အတွင်းကန်ပေါင်နဲ့ ရေအစပ်မှာ Cat Tail ကြောင်မြီးလို့ခေါ်တဲ့ မြက်စိမ်းရှည်ကြီးတွေ စိုက်မယ်။ ကန်ပေါင်မြေလည်းထိမ်းပြီးသား ငါးလေးဖားလေးတွေလည်း အရိပ်ရ၊ အဖျားမှာကြောင်မြီးပွကြီးလို မြက်ပွင့်လုံးရှည်ကြီးတွေနဲ့ လေယူရာယိမ်းနေမှာ မျက်စေ့ထဲမြင်ကြည့်တာပါပဲ။ ကြာဖြူကြာနီလေးတွေ ထည့်ချင်ပေမယ့် ကန်သေးသေးမယ် အပွားမြန်ပြီးပြည့်ပြည့်ကုန်လို ခနခနရှင်းရဆယ်ရမယ့်ဒုက္ခတော့ ရှောင်ချင်ကြတာနဲ့ ကြာထည့်မယ့်အတွေး ရပ်လိုက်ကြရတယ်။
ကန်ကြမ်းတော့ စခမ်းသိမ်းပြီ။ မနက်ဖြန်ကစပြီး ကန်ချောလောင်းရတော့မှာပါလား။ ကန်ပေါင်နား နှစ်ယောက်သားရပ်ရင်း အမောဖြေကြရင်း ကန်ချောလောင်းဖို့ကိစ္စပြောနေတုန်း ကန်ရေစပ်စပ်ထဲကို ဖားလေး ၂ ကောင် ရှေ့ဆင့်နောက်ဆင့် ပလုံ ပလုံနဲ့ ခုန်ချလာပါရောလား။ မိတ္ထီလာကန်တော်အောက်က မျက်လုံးရယ် ကြောင်တောင်တောင်နဲ့ ဖားကောင်ကသေးလား၊ ရေအိုင်အိုကြီးပါ၊ ဖားလေးတကောင် ခုန်ဆင်းသွား၊ ပလုံရေသံမြည် ဆိုလေသလား။ ဘာပဲဖြစ်ဖြစ် ဒါလေး ၂ ကောင်ဟာ အဦးဆုံးခိုဝင်လာသူတွေမို့ ဝမ်းပမ်းတသာကြိုဆို ထိုက်တာပဲ။ ကူးကခပ်ကြ ပျော်ကြမြူးကြ ပေါက်ကြဖွားကြပါစေ။
တကယ်တော့ သူတို့လည်း ကျနော်တို့နည်းတူ ကမ္ဘာမြေရဲ့ဧည့်သည်တွေမဟုတ်လား။ ချစ်ချစ်ခင်ခင် ရင်းရင်းချာချာနေကြဖို့သာပါပဲ။
(သြဂတ်စ် ၁၆၊ ၂ဝ၁၅)

(ပဲကြီးလှော်ကြိုက်တဲ့သားအမိ)
အမေ့ ၈၃ နှစ်မွေးနေ့မှာ အမှတ်တရတခုခုပြောချင်လာလို့ပါ။ လူအတော်များများက ကျနော်ဟာ အမေတူသားလို့ပြောကြတယ်။ ဟုတ်မယ်လို့လည်း ယုံပါတယ်။ လူတော်များများမသိတဲ့ အမေနဲ့တူတာတခု ကျနော့်မှာရှိသေးတယ်။ အဲ့ဒါက ငယ်ငယ်လေးကတည်းက ကျနော်ဟာ ပဲကြီးလှော်အလွန်ကြိုက်တဲ့ကောင်။ ဘယ်လောက်ကြိုက်သလဲဆို ခြင်ထောင်ထဲအထိသွင်း ခေါင်းအုံးအောက်ထားပြီး မအိပ်မခြင်း စားတတ်တဲ့ကောင်။
စာရေးလေးကုန်ခြောက်ဆိုင်(ခုတော့ ဖိုက်စတားကုန်စုံဆိုင်ကြီး)မှာ တခုခု သွားဝယ်ခိုင်းရင် ရာဝင်စဥ့်အိုးကြီးထဲကနေ ပဲကြီးလှော်လက်တဆုပ်တော့ အနည်းဆုံးနှိုက်ခဲ့တာချည်းပဲ။ တခါတလေ ထညက်တောင်ပါသေး။ ခိုးစရာမလိုဘူး။ စာရေးလေးဆိုင်က ကလေးတွေဈေးလာဝယ်ရင် ကလေးကမသိတောင် ပဲကြီးလှော်အိုး လက်ညှိုးထိုပြပြီး လက်ဟန်နဲ့ နှိုက်နှိုက်လို့ပြတဲ့ဆိုင်။ အမေက ဘာလေး ဝယ်ခိုင်းဝယ်ခိုင်း နီးတဲ့ဆိုင်တွေမှာရတောင် မဝယ်ပဲ စာရေးလေးဆိုင်ပဲ ခြေအညောင်းခံပြီးသွားဝယ်တာ ကျနော်က။ ပဲကြီးလှော် အလကားရသကိုး။
ဟိုး လေးငါးပတ်လောက်က မရင်နှစ်တို့အိမ်သွားတယ်။ ကျနော်ကြိုက်တဲ့ “သခွားသီးရင့်နဲ့ ပုဇွန်ဆိတ်လေးတွေ အရည်သောက်လေးချက်တယ် လာစား”လို့အမေခေါ်တာနဲ့ သွားစားတယ်။ နေ့လည်လည်းကြရော ကျနော်က ထမင်းစားပွဲမှာ ကွန်ပြူတာတလုံးနဲ့။ အမေက ကျနော်နဲ့မျက်နှာချင်းဆိုင်မှာထိုင်လို့ ပဲကြီးလှော်တွေ တဖြောက်ဖြောက် ဝါးနေတယ်။ အွန်လိုင်းကစာတွေဖတ်နေတုန်း အမေ့ပဲကြီးလှော်ဝါးသံတဖြောက်ဖြောက်က တချက်တချက် အနှောင့်အယှက် အတော်ဖြစ်တာမှန်ပေမယ့် ဘာမှမပြောမိအောင်ထိန်းပြီးနေတယ်။
ဒါပေမယ့် စိတ်ထဲအတွေးတချက် လက်ကနဲပေါ်လာတယ်။ ကျနော်တော့ ဒီအရွယ်ရောက်တော့ ဒီလောက်ကြိုက်တဲ့ပဲကြီးလှော်ကို တတ်နိုင်သမျှ မစားပဲနေတယ်။ မနေနိုင်လို့ သိတ်စားချင်ရင် ပဲကြီးလှော်အာသာပြေ တောင်ကြီးပဲကြော်ပွပွကြီးတွေ ဝယ်စားတယ်။ သွားအနာလည်း မခံချင်သလို သွားတွေတခုခု ထပ်ဖြစ်မှာလည်းစိုးတယ်။ မိုင်းထိတုန်းက ရှေ့သွားတချောင်း အရင်းကနေပြတ်ထွက်သွားတာ၊ အတွင်းကသွားတချို့ ပဲ့ထွက်ကုန်တာတွေအပြင် ခုထိ ပါးစောင်နဲ့သွားဖုံးတွေမှာ မိုင်းစသေးသေးလေးတွေ တပုံကြီးရှိသေးတယ်။ ရောက်စက သွား Clean တော့ သွားတွေတချောင်းချင်းရော အကုန်လုံးရော ဓာတ်မှန်တွေတပုံကြီးရိုက်ရတယ်။ သွား မ Clean ခင် ဆရာဝန်က ဓာတ်မှန်တွေဖတ်ရင်း မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ “အဲ့ဒါတွေက ဘယ်လိုဖြစ်တာလဲ။ သတ္တုစလေးတွေပါလား”ဆိုလို့ ရှင်းတောင်ပြရသေးတာ။ ထားပါတော့လေ။
အဲ့လို ကိုယ့်အကြောင်းကိုယ်တွေးမိတော့ အမေ့ကို “အမေရယ် ပဲကြီးလှော်တွေ ဝါးနေလိုက်တာ သွားတွေလည်း ပဲ့ပက်ထွက်ကုန်ပါဦးမယ်”လို့ ပြောမိတယ်။ အမေက “အမေ့မှာ နှုတ်ထားတဲ့သွား ၂ ချောင်းကလွဲလို့ ကျန်တဲ့သွားတွေက အကောင်းချည်းပဲ။ ပြီးတော့ ဒီပဲကြီးလှော်က ရွှေကြက်တို့ ဘာတို့လို အစေ့ကြီးကြီး ပွပွကြီးတွေသာ မဟုတ်တာ၊ ရွနေတာ သားရဲ့၊ အဲ့လောက်ရွလို့ အမေဝါးနိုင်တာပေါ့၊ အသံလည်း ဒါ့ကြောင့် အတော်မြည်တာနေမယ်”လို့ပြောပြီး ပဲလှော်လေး တဖြောက်ဖြောက်နဲ့ နာရီတကြည့်ကြည့်နဲ့ သူ့မြေးမ ကစားရာကပြန်လာမယ့်အချိန်ကို စောင့်နေတယ်။
(သြဂတ်စ် ၁၇၊ ၂ဝ၁၅)

(သင်ရခက်တဲ့ကောင်)
“ခုပွဲက ရွှေမန်းနဲ့သိန်းစိန် ငြိကြတာဗျ။ တကယ်လို့ ကျနော်တို့က တယောက်ယောက်ကို ရွေးရမယ်ဆို၊ တဘက်ဘက်ကနေ ရပ်ရမယ်ဆို ဘယ်သူ့ဘက်ကရပ်မလဲဗျ”ဆိုပြီး (ဗမာတိုင်းသိုင်းတတ်ရမည်) ပြောဖူးတဲ့ပုဂ္ဂိုလ်လေးက မေးတယ်ဗျာ။
ပွဲက သူမြင်သလို ရွှေမန်းနဲ့သိန်းစိန်ငြိတာလို့ မမြင်တဲ့အကြောင်းနဲ့ “နှစ်ယောက်စလုံးဟာ တဘက်တည်းကကောင်တွေချည်းမို့ ဘယ်သူ့ဘက်ကမှရပ်စရာမလို ဘယ်အကောင်မှ ရွေးစရာမလို၊ လူထုအကျိုးတိုင်းပြည်အကျိုးနဲ့ယှဉ်ပြီး စစ်အုပ်စုတစုလုံးကို ဆန့်ကျင်တိုက်ဖျက်ရမှာပဲဗျ”လို့လည်း ပြောရော “ခင်ဗျားတို့လိုလူတွေ ဘယ်တော့မှ နိုင်ငံရေးသမားဖြစ်မှာ မဟုတ်ပါဘူး”လို့ မှတ်ချက်လေးနဲ့တကွဆုံးမတယ်ဗျာ။
(သြဂတ်စ် ၁၇၊ ၂ဝ၁၅)

(လူလိုနေပါ့စေ)
မနက်က ပို့စ်တခုမှာတွေ့လိုက်တယ်။ မှတ်မထားမိလိုက်ဘူး။ ဘယ်မြို့မှာဆိုလား ကောင်မလေးတယောက်က ဈေးဝယ်နေတုန်း သင်္ကန်းဝတ်တယောက်က မိန်းကလေးဗိုက်ကိုဓားနဲ့ထိုးသတဲ့။ သေတဲ့အထိစောင့်ကြည့်ပြီးမှ သူ့လည်ပင်းသူ အဲ့ဒီဓားနဲ့ပဲ မွှမ်းသတဲ့။ တချို့ကလည်း အဲ့အကောင်သေပြီတဲ့။ တချို့ကလည်း မသေ သေးဘူးတဲ့။ ကောင်မလေးကို ဓားနဲ့ထိုးပြီး သေမသေစောင့်ကြည့်နေတုန်း အဲ့ဒီ ငနဲက ဓားတရမ်းရမ်းလုပ်နေလို့ ဘယ်လူမှဝင်မဆွဲရဲဘူးဆိုလားမသိဘူး ပါသေးတယ်။
ထားပါတော့ ဘာကိစ္စ ဘယ်အကြောင်းကြောင့် ခုလိုဖြစ်တာ ကိုယ်လည်းမသိပါဘူး။ ပြီးတော့ ဆန်းတဲ့ကိစ္စလည်းမဟုတ်ပါဘူး။ တနေ့တနေ့ ကမ္ဘာပေါ်မှာ လူတွေ သေနေသတ်နေကြတာမှ နည်းလား။ ဆန်းတာက အဲ့ပို့စ်အောက်က ကွန်မန့်တွေ။ ဒါဘုန်းကြီး အစစ်မဟုတ်ဘူးတို့၊ ဒါဘုန်းကြီးအတုပဲဖြစ်မယ်တို့။
ဘုန်းကြီးလည်း လူပဲဟာ၊ လူမှာ အတုအစစ်ရှိလို့လား။ ဘုန်းကြီးကြမှ အတုနဲ့အစစ် ခွဲနေရအောင် ဘုန်းကြီးက လူမဟုတ်တာကြနေတာပဲ။ သူ့ဟာသူ လူသတ်ချင်သတ်၊ မုဒိန်းကျင့်ချင်ကျင့်၊ ဖာတန်းသွားချင်သွား၊ အရက်သောက်ချင်သောက်၊ အပြာကားကြည့်ချင်ကြည့်မှာပေါ့၊ ကိုယ့်အပူ ဘာပါလို့တုန်း၊ သူလည်း လူပဲဟာ။ ခင်ဗျား မကြည်ညိုရင် မကိုးကွယ်နဲ့ပေါ့။ မသဒ္ဓါရင်မလှူနဲ့ပေါ့။
ကိုယ်ကြတော့ လူလုပ်နေပြီး သူ့ကြမှ လူမဟုတ်သလိုလိုတွေပြောလိုပြော ဘုန်းကြီးအတုဆိုပြီး နှိမ်လိုနှိမ်တော့ မလုပ်ကောင်းပါဘူး။
(သြဂတ်စ် ၁၇၊ ၂ဝ၁၅)

(တုစရာရှားလို့)
ကြက်ဥအတုတို့ ဘဲဥအတုတို့ဆိုတာ ဘယ်လိုဟာများလဲဗျ။
ကျနော့် ကြက်မဒန်းလေးတွေ ဥစမ်းချိန်မှာ တင်းထဲမဥပဲ တခြားသွားဥမစိုးလို့ ကြက်ဥအတုလေးတွေဝယ်ပြီး တင်းထဲ ယောင်ပြလေးထည့်ပေးရတယ်။ ဥအစစ်မှတ်ပြီး ဝင်ဝင်ဥရင်း အသားကျသွားတော့မှ တင်းကိုတင်းမှန်းသိသွားတော့မှ ဥအတုကိုပြန်ထုတ် ရေဆေးပြီးပြန်သိမ်းထားရတာ။
ဥအစစ်က တဒါဇင်မှ ၂ ဒေါ်လာခွဲပဲရတာ။ ဒါတောင် အော်ဂဲနစ်နော်၊ အိမ်ကြက်ဥနော်။ ဥအတုကြတော့ ၄ လုံးပါတဲ့ဗူးလေးတဗူးတောင် ၉ ဒေါ်လာပေးရတယ်။ ဒီမှာတော့(ကြက်ဥ) အစစ်ထက် အတုက ပိုတောင်ဈေးကြီးသေး။
(သြဂတ်စ်၂၂၊ ၂ဝ၁၅)


0 comments:

Post a Comment