Monday, August 10, 2015

ကျောင်းတော်နှင့် နိုင်ငံရေး (လူ့ဘောင်သစ်ဂျာနယ်မှယူပါသည်)

0 comments
ကျောင်းတော်နှင့် နိုင်ငံရေး
မြန်မာပြည် ရန်ကုန်မြို့ထုတ် မြန်မာသမိုင်းသုတေသနစာစောင် ဒီဇင်ဘာ ၂ဝ၁၃ တွင် စိတ်ဝင်စားစရာ စာတမ်းတစောင် ပါလေသည်။ မန္တလေးမြို့ အရှေ့ပြင် မဟာအတုလဝေယန် အတုမရှိကျောင်းကြီးတည်ဆောက်မှုနှင့် ထိုကျောင်းပေါ်တွင် သံဃာတချို့၏ သီးခြားသင်္ဂါယနာတင်ပွဲအကြောင်း ဖြစ်ပါသည်။ မြို့တည် ၇ ဌာန အဝင် ဤကျောင်းတော်ကြီးမှာ မြန်မာရှင်ဘုရင်များ လက်ထက် တည်ဆောက်သမျှ ဘုန်းကြီးကျောင်းများထဲတွင် အကြီးဆုံး ကျောင်းကြီးဟုဆိုနိုင်ပါသည်။ ၁၈ နှစ်ကြာ တည်ဆောက်ချိန်ကြာမြင့်ပြီး မင်းတုန်းမင်း နတ်ရွာစံခါနီးမှ ကျောင်းရေစက်ချနိုင်သည်ဟု သိရပါသည်။ ထိုထက် ဤကျောင်းမှာ မူလပန္နက်ပုံစံများအရ အဆောင် ၄ ဆောင် ထည့်သွင်းဆောက်လုပ်ရန်ရှိသော်လည်း ဆောင်မကြီးနှင့်သာ ပြီးခဲ့ရသည်ကို မန္တလေးပြတိုက်ရှိ ပုရပိုက်မူအရသိရကြောင်း စာတမ်းရှင် ဒေါက်တာတင်မိုးလတ်၊ မန္တလေးတက္ကသိုလ်က ရေးသားသည်။ ပတ်ပတ်လည် ပေ ၃ဝဝ ဝန်းကျင်ခန့် တဘက်စီရှိသော ဤကျောင်းကြီးကို မင်းတုန်းမင်း၏ ပိဋကတ်ကျမ်းစာများသိုမှီးရာအဖြစ် သုံးသည်ဟုလည်းသိရပြီး သေနတ်ကိုင် ၁ဝ ယောက်အပါ အစောင့်အမှုထမ်း ၆ဝ ထားရှိသည်ဟု ဆိုသည်။
နိုင်ငံတော် ကျောင်းတော်အဖြစ် အင်မတန်ခမ်းကြီးနားကြီး အမွှမ်းတန်ဆာနှင့် တည်ဆောက်ခြယ်လှယ်ထားသည့် ကျောင်းတော်ကြီးဖြစ်၍ အဖိုးများစွာထိုက်ပြီး ၃၂ ရတီ စိန်လုံးကြီးတပ် ဆင်းတုတော်ကြီးလည်း ထားရှိပူဇော်သည်ဟု ဆို၏။ မင်းတုန်းမင်းလက်ထက် မြို့တော် ရွှေ့ပြောင်း၊ ကျောင်းဘုရားဆောက်တည်၊ ပိဋကတ် ကျောက်စာတင် စသည့် အစုစု သာသနာရေးအလှူငွေတော် ၂၂ ကုဋေ ၆ သန်း ကုန်သည်ဟုလည်း ရေးထားသည်။ ဤမျှ မင်းတုန်းမင်းက စိုက်ထုတ်ကုန်ကျခံသည်မှာ သာသနာရေးဖြင့် နိုင်ငံစည်းရုံးရေးလုပ်လိုသည်ဟု စာတမ်းရှင်က ယူဆသည်။ နန်းတက်စကပင် တိုင်းပြည်တဝက် အင်္ဂလိပ်လက်ပါခြင်း၊ နန်းတွင်းဆူပူမှုများ၊ စိုက်ပျိုးရေးကျဆင်းမှုများကြောင့် ပြည်သူများ အင်္ဂလိပ်လက် ခိုဝင်ကြခြင်း စသည်တို့ကို ပြန်လည်စည်းရုံးသည့်အနေနှင့် ထိုသို့ စည်းရုံးသည်ဟုယူသည့်အမြင်များလည်း ယခင်က တွေ့ရပါသည်။
မင်းတုန်းမင်းသည် စက်ရုံတည်၊ သတင်းစာတည်၊ လစာပေး၊ အခွန်စနစ်ပြင် စသည့် ပြုပြင်ပြောင်းလဲရေးကြီးများကို မြန်မာဘုရင် အဆက်ဆက်ထက် ထူးကဲသာလွန် လုပ်ခဲ့သူမှန်ပါသည်။ သို့သော် ခေတ်သစ် အရင်းရှင်နယ်ချဲ့နှင့်ယှဉ်ရသည့် ခေတ်ဟောင်းပဒေသရာဇ်အဖို့ အကွက်ချင်းယှဉ်ဖို့ ခက်ပါသည်။ ဘေးတော် ဗဒုံမင်းလက်ထက် မင်းကွန်းပုထိုးတော်ကြီး မပြီးမပြတ်နှင့် တိုင်းပြည်တွင် အငတ်ဘေး၊ ရောဂါများဘေးကြားမှ မနည်း ရုန်းခဲ့ရသည်ကို သူ သင်္ခန်းစာယူဟန်မတူပါ။ တိုင်းပြည်ထူထောင်မှု မူလပင်မ စားဝတ်နေရေးပြေလည်ဖို့ အရင်းမခံဘဲ မြို့သစ် နန်းသစ်တည်လိုစိတ်၊ သာသနာ့ဒါယကာ မင်းကောင်းမင်းမြတ်အဖြစ် မော်ကွန်းတင်လိုစိတ်တို့က တိုင်းသူပြည်သားတို့အတွက် ကြည့်သည့်စိတ်ထက် လွှမ်းမိုးခံခဲ့ရပုံ ရှိပါသည်။ တနည်း တိုင်းပြည်တွင် သာယာဝပြော၍ တိုင်းပြည်လူထု တည်သည့်ဘုရားက ဘုရင်ကုသိုလ်တွေနှင့် အပြိုင်များသည့် ပုဂံခေတ်လိုမျိုး မဟုတ်ဘဲ အာဏာဘုရား ၊ ယတြာဘုရားများ ပိုများခဲ့ပုံပေါ်ပါသည်။ အောက်ပြည်ရောက်၍ စီးပွားရေးကောင်းလာသည့်မြန်မာများ ကျောင်းဘုရားတို့ကို အညာနှင့်အပြိုင် တည်ကြသည်မှာ ထိုခေတ်က စပါသည်။
ယခု ပို၍ ထူးသည်မှာ ဤမျှ မင်းအာဏာဖြင့်တည်ခဲ့သော ကျောင်းတော်ကြီးပေါ်တွင် သံဃာများအစီအမံနှင့် သင်္ဂါယနာတကြိမ် တင်ခဲ့သည့် အချက်ဖြစ်ပါသည်။ ထိုအချက်မှာ ကုန်းဘောင်ဆက်၊ မှန်နန်းစသည့် ရာဇဝင်အစောင်စောင်တွင် မပါခဲ့သည့် အချက်ဖြစ်ပါသည်။ ရှေးရှေး သင်္ဂါယနာတို့မှာ သံဃာညီညွတ်ရေး၊ ကျမ်းဂန်တည်တံ့ရေးတို့အတွက် သံဃာများကြီးကြပ်မှုနှင့် တည်ရလေ့ရှိသည်ဟု စာတမ်းရှင်ကဆိုပါသည်။ ပေထက် ကျောက်ထက် ပိဋကတ်တို့ကို ရေးကူးပြီးဖြစ်၍ နှုတ်ငုံဆောင်သော မင်းတုန်းမင်း၏ ပဉ္စမသင်္ဂါယနာမှာ မလိုဘဲ ဘုရင့်ဆန္ဒသဘောနှင့် နိုင်ငံရေးဗန်းပြတင်သော သင်္ဂါယနာဟု ဆိုသည်။ အသိအမှတ်မပြုသည့် သံဃာများလည်းရှိပါသည်။ အတုမရှိတွင် သင်္ဂါယနာထပ်တင်သည့် ကြိုးပမ်းမှုရှိခဲ့ကြောင်း စာတမ်းရှင်က ပုရပိုက်အကိုးအကားနှင့် ဖော်သည်။ ပရက္ကမဆရာတော်ဦးဆောင်၍ သံဃာများ အတုမရှိကျောင်းတော်တွင် သံဃာအပါး ၁၉၂ဝ နှင့် သင်္ဂါယနာတင်လိုကြောင်း ဘုရင်ထံသို့ ၁၈၇၇ ခုနှစ်တွင် စာသွင်းပါသည်။ နောက် သံဃာများအတွက် သင်္ဂါယနာတင်စဉ် ဆွမ်းကပ်ဖို့ ၁၈၇၈ တွင် စာတင်သည်ကို တွေ့သည်ဆိုသည်။ ထိုအကြိမ်ကိုလည်း ပဉ္စမဟုပင် ရေတွက်ပါသည်။ မင်းတုန်းမင်း ပထမတင်သောသင်္ဂါယနာနှင့် ၇ နှစ်ကွာပါသည်။ နောက်တကြိမ်ကို မင်းမိန့်ရမရ မသိဆိုသည်။ ဤကား မင်းကုသိုလ် ကျောင်းပေါ်တွင် သံဃာအားနှင့်ဖီဆန်မှု ဟု ပြောလောက်ပါသည်။
ကျောင်းတော်ကြီးကား ပျက်ယွင်းခဲ့လေပြီ။ မူလ လက်ရာအနုပညာ တို့ကို ဗြိတိသျှမှတ်တမ်းတင်တို့ကောင်းမှုနှင့် အင်တာနက် ဝက်ဆိုက်တို့တွင် ကြည့်နိုင်ပါသည်။ ဆိုခဲ့ပြီးသော ကျောင်းတော်ကြီး အကြောင်းတွင် အဖိုးများစွာစိုက်ထုတ်ပြီး တိုင်းပြည်ငွေနှင့် ခက်ခက်ခဲခဲတည်ခဲ့သော်ငြား ထိန်းသိမ်းစောင့်ရှောက်မည့်အာဏာပိုင် မရှိလျှင် အဖျက်အဆီး လောင်မီးတို့နှင့် ကြုံရတတ်ပါသည်။ မန္တလေးမြို့တွင် ဘုရင်မရှိသည့်နောက် ပျက်စီးသော ကျောင်းဘုရားဇရပ်တန်ဆောင်း ကုသိုလ်များ များပါသည်။ နောက်ဆုံး ဘုရင်နန်းတော်ပင် ပျက်ရပါသေးသည်။ ဆိုလိုသည်မှာ ဘုန်းကြီးသခိုက် ဘုန်းတန်ခိုးပြလိုသူတို့သည် သူတို့ပြုသမျှလုပ်ရပ်အစုံကို တိုင်းပြည်အကျိုးထက် ပကာသနနှင့်အာဏာစွမ်းပြဖို့ လုံ့လထုတ်လေလျှင် တိုင်းပြည်လည်းပင်ပန်း၊ လုပ်ရပ်လည်း ရေရှည် မတည်တတ်သည်ကို ၁၅ နှစ်ခံ အတုမရှိကျောင်းတော်ကြီး က ပြနေသည်ပါတကား။
မှတ်ပါရစ်စေ မှာခဲ့ပေအံ့။

0 comments:

Post a Comment