Monday, August 24, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၉)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၉)
တတိယပိုင်း
                                               
တီဘီအဆုတ်ရောဂါ ကုသနေစဉ်အတွင်း အဖြစ်အပျက်များ                                             
ကျနော်တီဘီအဆုတ်ရောဂါကုသနေစဉ် တိုင်းပြည်တွင်အရေးကြီးသော အဖြစ်အပျက်အချို့ ဖြစ်ခဲ့ပါသည်။
ထိုကာလအတွင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီက ယခု ၁၉၄၈ ခုနှစ် ဇန္နဝါရီလ(၄)ရက် လွတ်လပ်ရေးမှာ မစစ်မှန်မပြည့်စုံကြောင်း ဝေဖန်သုံးသပ်ချက်များကြားသိလာရသဖြင့် ထိုမပြည့်စုံသောလွတ်လပ်ရေးအတွက် များစွာစိတ်မကောင်း ဖြစ်ရပါသည်။

ထိုအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီမှ လွတ်လပ်ရေးအပေါ် ဝေဖန်မှုမှအစပြုပြီး ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဖဆပလအဖွဲ့မှ ဆိုရှယ်လစ်ပါတီတို့ အကြီးအကျယ်စကားများကြပြီး အာဏာရဆိုရှယ်လစ်ပါတီမှ ကွန်မြူနစ်ပါတီခေါင်းဆောင်များကို သိမ်းကြုံးဖမ်းဆီးသဖြင့် ကွန်မြူနစ်ခေါင်းဆောင်များ ရှောင်တိမ်းနေရသည်။

ထိုနောက်ပိုင်း ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်တို့က ဗိုလ်နေဝင်းနှင့်ပေါင်းပြီး လက်ဝဲင်္ညီညွတ်ရေးရဖို့ ပြန်ပေါင်းရေးကြိုးစားကြသော်လည်း မရတော့ပေ။ ထို့ကြောင့် ကွန်မြူနစ်ပါတီမှ ကွန်မြူနစ်များအဖမ်းမခံဘဲ တောခိုရန်ညွှန်ကြားချက်ထုတ်ရသည်။ နောက်ဗမာ့တပ်မတော်တွင်းရှိ ကွန်မြူနစ်ပါတီဝင်အားလုံးကိုလည်း တောခိုကြရန် တောတွင်းကျမှ လက်နက်နှင့်ပြန်လည်ခုခံကြရန်ညွှန်ကြားသဖြင့် တပ်မတော်တွင်းရှိ ကွန်မြူနစ်များ ၁၉၄၈ ခုနှစ် သြဂုတ်လတွင် တောခိုကြပါသည်။

သို့သော် ကျနော့်အတွက် ထိုတောခိုလက်နက်ကိုင်ရန်ညွှန်ကြားချက်မှာ အခက်အခဲကြီးဖြစ်နေပါသည်။ ကျနော့်မှာ တီဘီအဆုတ်ရောဂါကြီး စွဲကပ်နေပြီး ဒီအတိုင်းတောခိုသွားခဲ့သော် တောတွင်းဆင်းရဲပင်ပန်းသောဒဏ်ဖြင့် မကြာမီအိပ်ရာထဲ ဘုန်းဘုန်းလဲပြီးမကျန်းမမာဖြစ်ကာ ဘာမျှလုပ်နိုင်မည်မဟုတ်ဘဲ နောက်မကြာခင်မှာပင် သေဆုံးသွားနိုင်သည်ဟုကျနော်မြင်ပါသည်။

ထိုစဉ်က ကျနော့်အသက်မှာ (၃ဝ)ဝန်းကျင်မျှလောက်သာရှိသေးသဖြင့် သာမန်ရောဂါနှင့်လည်း မသေချင်သေးပါ။ တောတွင်းလိုက်သွားပြီး ကြာကြာဘာမှမလုပ်နိုင်ဘဲ မကြာခင်လူမမာကြီးဘဝအဖြစ်လည်း မရောက်ချင်ပေ။

နောက်ဆုံး ထိုကိစ္စကျနော်များစွာ စိတ်ဆင်းရဲပြီးနောက် ကျနော် တောမခိုတော့ရန် စိတ်နာကြည်းစွာဖြင့် ဆုံးဖြတ်လိုက်ပါတော့သည်။

ယခုမှကျနော် ပြန်စဉ်းစားမိသည်မှာ ကျနော်ယခုလို ပါတီ၏ညွှန်ကြားချက်ကိုမလိုက်နာ ပယ်လှန်ခဲ့သောကိစ္စမှာ အကြောင်းကြီး ၂ ချက်ကြောင့်ဟု ယူဆမိပါသည်။ ပထမနှင့် အဓိကအကြောင်းကြီးမှာ ကျနော့်တွင် မကျန်းမမာဖြစ်ပြီး သေသွားနိုင်သော တီဘီအဆုတ်ရောဂါ ကြီးရှိနေပြီဖြစ်၍ သူများကိုဒုက္ခမပေးချင် ဒီရောဂါနှင့်လည်းမသေချင်၍တကြောင်း ဖြစ်ပါသည်။ ထိုအချိန်က ကျနော်၏ ဖခင်နှင့်ညီငယ်တဦးမှာ လည်း တီဘီရောဂါများနှင့်ကွယ်လွန်ပြီးဖြစ်သည်။ နောက်တကြောင်းမှာ ကျနော်သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီလူကြီးတဦး ဖြစ်နေသော်လည်း ကွန်မြူနစ်ပါတီအတွင်း ကလာပ်စည်းများတွင် စနစ်တကျစည်းကမ်းတကျ နေထိုင်ခဲ့ရခြင်းမရှိခဲ့ပေ။ တသီးပုဂ္ဂလိက ကွန်မြူနစ်ကြီးတယောက်လိုနေထိုင်လာခဲ့ရသဖြင့် ကွန်မြူနစ်ပါတီ၏ စည်းရုံးရေးစည်းကမ်းများကို ကောင်းစွာမသိ မလေးနက်ခဲ့ပေ။ ပေးသည့်တာဝန်ကို မလုပ်နိုင်သည့်အခြေအနေကြောင့် မလုပ်ဆောင်နိုင်ကလည်း ဤမျှအရေးမကြီးလှဟု သာမန်နိုင်ငံရေးသမားတဦးလို တွေးခေါ်မိပါသည်။ အမှန်မှာ ဘာပဲဖြစ်ဖြစ်ညွှန်ကြားချက်အတိုင်း လိုက်နာရမည်ကို ဤမျှမလေးနက်ခဲ့ပေ။ ထို့ကြောင့်လည်း ကျနော်သည် ထိုအမှားကိုကျူးလွန်မိခဲ့ခြင်း ဖြစ်သည်။

ကျနော့်ကို ပါတီကခိုင်းသည့်အတိုင်း တောမခိုဘဲနေသဖြင့် တချို့ရဲဘော်များက ပါတီမှထုတ်ပစ်ရန် သခင်သန်းထွန်းကို တိုက်တွန်းသော်လည်း သခင်သန်းထွန်းက ကျနော့်ကို ပါတီမှမထုတ်ပစ်ပေဟု နောင်မှကျနော်သိရသည်။
ထို့နောက် ကျနော်ပါတီနှင့် အဆက်အသွယ်ပြတ်သွားပါတော့သည်။


0 comments:

Post a Comment