Saturday, August 29, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၂)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၂)
တတိယပိုင်း
တောင်ငူမြို့မှ ဆင်းလာသော ဒုဗိုလ်မှုးကြီးစောမင်းမောင်ဦးစီးသော ကရင်တပ်ဖွဲ့။ ၎င်းတပ်ဖွဲ့မှာ အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း ဖြစ်ပါသည်။ ၎င်းတပ်သည် ထိုဒေသရှိ ကေအင်ဒီအိုတို့နှင့်ပူးပေါင်းကာ အင်အား (၁ဝဝဝ)လောက်နှင့် အင်းစိန်ရှိကေအင်ဒီအိုတပ်တို့နှင့် ပေါင်း၍ ရန်ကုန်မြို့ကိုသိမ်းပိုက်ရန် မော်တော်ယာဉ်များနှင့် မန္တလေး-ရန်ကုန်ကားလမ်းအတိုင်း အင်းစိန် ရန်ကုန်ဘက်သို့ဆင်းလာသည်။
ထိုအချိန်အခါတွင် ကရင်သူပုန်တပ်ဖွဲ့များအနက် ဤတပ်ဖွဲ့သည်အင်အားအကြီးဆုံးဖြစ်သည်။ သူတို့က ပဲခူးသိမ်းမယ်။ ရန်ကုန်သိမ်းမယ် စသည့်ကြွေးကြော်သံများဖြင့်ဆင်းလာကြပြီ ဖြစ်သည်။

မင်္ဂလာဒုံတွင်ရှိနေသော ကရင်အမြောက်တပ်ခွဲသည်လည်း အင်းစိန်ရှိကရင် သောင်းကျန်းသူတို့နှင့်ပူပေါင်းသွားခဲ့သည်။ အမြောက်များကို ယူမသွားဘဲ ကျည်ရိုက်တံများကို ရိုက်ချိုးသွားခဲ့သည်။ မင်္ဂလာဒုံရှိ ကရင်တပ်ဖွဲ့များမှ ကရင်စစ်သည်အများလည်း အင်းစိန်ရှိ ကရင် သောင်းကျန်းသူများနှင့် ပူးပေါင်းသွားကြသည်။
ထိုအချိန်တွင် တနိုင်ငံလုံးရှိ တပ်မတော်အင်အားမှာ အလွန်နည်းပါးလျှက်ရှိသည်။ ကရင်သောင်းကျန်းသူများသည် အထက်ဗမာပြည်တွင် မေမြို့၊ မန္တလေး၊ မိတ္ထီလာ မြို့ကြီးများ၊ မြစ်ဝကျွန်းပေါ်ရှိမြို့ကြီးတချို့ သထုံခရိုင်အတွင်းနှင့် မော်လမြိုင်မြို့ကြီးများကို ဖေဖော်ဝါရီလ တလျှောက်လုံး တမြို့ပြီးတမြို့သိမ်းပိုက်သွားခဲ့သည်။ ရန်ကုန်မြို့တော်ကိုပင် တိုက်ခိုက်သိမ်းပိုက်ရန် ခြိမ်းခြောက်လျှက်ရှိနေပေပြီ။

ထိုအချိန်တွင် နိုင်ငံတော်မှာ ကြီးစွာသောအန္တရာယ်နှင့် ရင်ဆိုင်နေရပေသည်။ ချောက်ထဲကျရန် တဲတဲကလေးသာကျန်တော့သည်။ လက်တလုံးသာလိုတော့သည်ဟုအချို့သူတို့က ပြောဆိုနေကြပါသည်။ အနောက်နိုင်ငံစာနယ်ဇင်းများကလည်း ဗမာအစိုးရကို “ရန်ကုန် အစိုးရ”ဟု လှောင်ပြောင်ခေါ်ဝေါ်လာကြပါသည်။

ထိုအချိန်တွင် ကျနော်တို့က အင်းစိန်မြို့ကို ဖိပြီးတိုက်နေရပါသည်။ အင်းစိန်မြို့ကို ရှေ့တည့်တည့် ရန်ကုန်စစ်မျက်နှာကတိုက်နေရုံသာမက အင်းစိန်ကျောနောက်ဘက် မင်္ဂလာဒုံဘက်ကပါစစ်မျက်နှာဖွင့်ပြီး နှစ်ဘက်ညှပ်တိုက်နေရပါသည်။ အင်းစိန်တွင် အင်အားသိပ်မကျန်တော့ပါ။ သို့သော် ကေအင်ဒီအိုများသည် ခေါင်းမာစွာဖြင့်ခုခံနေကြပါသည်။ သူတို့သည်တောင်ငူမြို့ဘက်မှ ထိုးဆင်းလာမည့် အမှတ်(၁) ကရင် သေနတ်ကိုင်တပ်ရင်း၏စစ်ကြောင်းကို များစွာမျှော်လင့်နေပုံရပါသည်။

တောင်ငူမှထိုးဆင်းလာသည့် ကရင်သေနတ်ကိုတပ်ရင်း(၁)စစ်ကြောင်းကြီးကို တိုက်ဖျက်ရန်မှာ မိမိတို့ဘက်က ဗမာ့သေနတ်ကိုင်တပ်ရင်း (၆)နှင့် တပ်ရင်းမှုးဒုဗိုလ်မှုးကြီးတင်ဦး(ဘု-တင်ဦးဟုလည်းခေါ်သည်)ဦးစီးသော ကျနော်တို့၏ ပဲခူးမြို့ဝန်းကျင်ဒေသမှတပ်ဖွဲ့များအပေါ် တာဝန် ကျနေပေတော့သည်။

ထိုကာလအတွင်း ကျနော့်တသက်မမေ့နိုင်သော တိုက်ပွဲကြီးတပွဲ အင်းစိန်တိုက်ပွဲတွင်းဖြစ်ပွားခဲ့ပါသည်။ ကျနော်တို့၏ အင်းစိန်စစ်မျက်နှာ တိုက်ပွဲများတွင်ပါဝင်သည့် အဓိကတပ်တတပ်မှာ ဗမာ့သေနတ်ကိုင်တပ်ရင်း(၅) ဖြစ်သည်။ တပ်ရင်းမှုးမှာ ဒုဗိုလ်မှုးကြီးစောမြင့် ဖြစ်သည်။ ထိုတပ်ရင်း(၅)မှာ ထိုအချိန်က ရခိုင်တွင် ပြောက်ကျားသူပုန်များကိုတိုက်ခိုက်နေရာမှ အင်းစိန်စစ်မျက်နှာတွင် တာဝန်ပေးရန် ပြန်လည်ခေါ်ယူ လာခြင်းဖြစ်သည်။ သူတို့က ပြည်မကိုပြန်လည်ရောက်ရှိလာသဖြင့် များစွာဝမ်းမြောက်တက်ကြွလျက်ရှိသည်။ ၎င်းပြင် သူတို့မှာ ကေအင်ဒီအို များနှင့် တခါမှ မရင်ဆိုင်ဖူးသေး၍ ခပ်ပေါ့ပေါ့ပင် သဘောထားနေသည်။

ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် တပ်ရင်း(၅)မှ တပ်ခွဲမှုး ဗိုလ်မှုးလှသောင်းဦးစီးသောတပ်ကို ပွိုင့် ဝမ်းဝမ်းတူးတောင်ကုန်းရှေ့ရှိ တောင်ကုန်းငယ်တခုကို တက်ရောက်သိမ်းပိုက်စေရာတွင် မမျှော်လင့်ဘဲ အလွန်ခက်ခဲပြင်းထန်စွာတိုက်ခိုက်ပြီးမှ ထိုပစ်မှတ်ကိုရရှိခဲ့ပါသည်။ သို့သော် ကျနော်တို့ဘက်မှ ဗိုလ်မှုးလှသောင်းအပါအဝင် အရာရှိအရာခံ အကြပ်တပ်သား(၈ဝ)ခန့်ကျဆုံး၍ (၁၂ဝ)မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ ပါသည်။

ကျနော်ကောင်းစွာ မှတ်မိနေပါသည်။ တိုက်ပွဲတိုက်နေစဉ်အတွင်း ရှေ့တန်းစစ်မြေပြင်မှ အလွန်ခက်ခဲနေကြောင်း ဗိုလ်မှုးလှသောင်းက အစီရင်ခံသဖြင့် ကျနော်သူရှိရာ ရှေ့တန်းတနေရာကို သွားရောက်တွေ့ဆုံခဲ့ပါသည်။ သူနှင့်ကျနော် သစ်ပင်ကြီးတပင်အောက်တွင် ဝမ်းလျားမှောက်၍ ရှေ့တန်းစစ်ပွဲအခြေအနေကို ဆွေးနွေးသုံးသပ်ပြီး ရှေ့ဘယ်လိုဆက်လုပ်ရန် တိုင်ပင်ခဲ့ကြပါသည်။ ဆွေးနွေးတိုင်ပင် ပြီးနောက် ထိုသစ်ပင်ကြီးအောက်မှ ကျနော်အရင်ထွက်လာပြီး လူချင်းခွဲခဲ့ကြပါသည်။ (စစ်ထုံးစံအရ ရာထူးပိုမိုကြီးသူက အရင်ထွက်ရ ပါသည်) ကျနော် ရှေ့တန်းစစ်မြေပြင်ဌာနချုပ်သို့ ပြန်ရောက်ရာက်ခြင်းမှာပင် ဗိုလ်မှုးလှသောင်း ကျဆုံးသွားပြီဆိုသောသတင်းကို ဝမ်းနည်းဖွယ် ကြားသိလိုက်ရပါသည်။ ကျနော်နှင့်တိုင်ပင်ဆွေးနွေးခဲ့သောသစ်ပင်ကြီးအောက်မှအထွက် ရန်သူလက်ဖြောင့်တပ်သား လက်ချက်နှင့်ကျဆုံးသွားရခြင်းပင် ဖြစ်ပါသည်။

ထိုတိုက်ပွဲအပြီး ကျနော် သေကျေဒဏ်ရာရသူများစာရင်း ရရှိသောအခါ ဆောက်တည်ရာမရ များစွာတုန်လှုပ်ခြောက်ခြားသွားမိပါသည်။ ကျနော်၏  စစ်သားဘဝသက်တမ်းတွင် တခါမျှ ဤမျှမထိခိုက်ဖူးပေ။ ရဲဘော်အများအပြားလည်း စိတ်ထိခိုက်ကြပြီးငိုယိုကြသည်။ ကျနော်လည်း ဒါငါ့ကြောင့်ဖြစ်ရတာဟု သောကရောက်ပြီး ကျဆုံးသူများနှင့်အတူ ရောနှောပါဝင်သေဆုံးသွားလိုစိတ်ပင်ဝင်လာပါသည်။ ကျနော့်အနေနှင့် ထောက်လှမ်းရေး ကောင်းကောင်းမလုပ်နိုင်ခဲ့မှု၊ အမိန့်ပေးရာတွင် မစေ့စပ်မသေချာမှုကြောင့်ဖြစ်ရတာဟု သုံးသပ်မိပါသည်။ ဒီသင်ခန်းစာကို တသက်လုံးမှတ်ကရောဟု ကိုယ့်ကိုယ်ကိုယ်လည်း ပြောမိပါသည်။

ကျနော်အမိန့်တရပ် ချက်ချင်းထုတ်ပြန်လိုက်ပါသည်။ တိုက်ပွဲများကိုစီစဉ်ရာတွင် အသေးအကြီးအားလုံးဂရုစိုက်ပြီး လုပ်ဆောင်ကြရန် ဖြစ်ပါသည်။
ထိုနောက်ပိုင်း တိုက်ပွဲများတွင်တော့ ကျနော်သည် ကိုယ်တိုင်တတ်နိုင်သလောက် ကင်းထောက်ခဲ့သည်။ ရန်သူ့တပ်သား၏ အင်္ကျီအိပ်တွင် ဖောင်တိန်ချိတ်ထားသည်ကို မှန်ပြောင်းနှင့်မြင်ရသည်အထိချဉ်းကပ်ပြီး ကင်းထောက်ခဲ့သည်။ လေယာဉ်နှင့်ကင်းထောက်ရာတွင်လည်း မြေပြင်ကို စနစ်တကျကင်းထောက်ခဲ့ရာ နောင်အခါ ကျနော့်အနေနှင့် လေယာဉ်ပေါ်က အောက်မြေပြင်ကိုကြည့်လိုက်ပါက ဗမာပြည် ဘယ်နေရာလောက်ဖြစ်မည်ဆိုသည်ကို အကြမ်းဖျင်း ခန့်မှန်းတတ်လာသည်အထိပင် ဂရုတစိုက်လေ့လာခဲ့ပါသည်။

ဤသည်တို့မှာ ကျနော်တသက် မမေ့နိုင်လောက်အောင်ဖြစ်ခဲ့ရသည့် အင်းစိန်တိုက်ပွဲစဉ်အတွင်းက တိုက်ပွဲတပွဲနှင့် ထိုတိုက်ပွဲက ကျနော့်ကို ပေးခဲ့သည့်သင်ခန်းစာများပင် ဖြစ်တော့သည်။

ပဲခူးနယ်ရှိ ကျနော်တို့၏ လက်နက်ကိုင် တပ်အင်အားမှာ
က။ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီးတင်ဦး ဦးစီးသည့် ဗမာ့သေနတ်ကိုင်တပ်ရင်း(၆)။
ခ။ ယူအမ်ပီ ခေါ်  ဗိုလ်မှုးအေးငွေဦးစီးသည့် ပြည်ထောင်စုစစ်ရဲတပ်ရင်း(၄)။
ဂ။ ဗိုလ်မှုးဝေလင်းနှင့်ဗိုလ်ကြာညွန့်တို့ဦးစီးသည့် ဘီတီအက်ဖ် ခေါ် မြန်မာနယ်စောင့်တပ်ရင်း။
ဃ။ တပ်ရင်းမှုး ဗိုလ်ကြီးဘသောင်းဦးစီးသည့် ပြည်တောင်စုစစ်ရဲတပ်ရင်း(၃)။
င။ နောက်ပဲခူးဒေသတွင် ရဲဘော်ဖြူအင်အား(၅ဝဝဝ)ခန့်ရှိရာ အစပိုင်း၌ မိမိတို့ကိုခြိမ်းခြောက်နေသောအင်အားဖြစ်သော်လည်း ဒုဗိုလ်မှုးကြီးတင်ဦး၏စည်းရုံးမှုဖြင့် ကေအင်ဒီအိုများကိုခုခံတိုက်ခိုက်ရာတွင် မိမိတို့နှင့်လက်တွဲရန် နားလည်မှုရရှိထားသည်။
စ။ မိမိတို့၏ အဓိကတိုက်ခိုက်ရေးအားဖြစ်သော ဗမာ့သေနတ်ကိုင်တပ်ရင်း(၆)မှ တိုက်ခိုက်ရေးအင်အား ထက်ဝက်ခန့် တပ်ခွဲ ၂ ခွဲကို ဒုတပ်ရင်းမှုး ဗိုလ်မှုးတင်မောင်(စာရေးဆရာ မြတ်ထန်)ဦးဆောင်၍ အထက်ဗမာပြည် မတ္ထီလာဒေသသို့ ပေးပို့လိုက်ရသည်။ နောက် ထပ်မံ၍ အင်အား (၁ဝဝ)ခန့်ကို အမြောက်တပ်ဖွဲ့စည်းရန် ပေးအပ်ခဲ့ရပြန်သေးသည်။
ဆ။ သို့ဖြစ်၍ ဗမာ့သေနတ်ကိုင်တပ်ရင်း(၆)တွင် အင်အား(၃ဝဝ)ခန့်သာကျန်ရှိပြီး တိုက်ခိုက်ရေးအင်အား(၂ဝဝ)ခန့်သာရှိတော့သည်။

ထို ကရင်သောင်းကျန်းသူများ၏အစီအစဉ်မှာ ပဲခူးမြို့ကိုသိမ်းပိုက်ဖျက်ဆီးမည်။ နောက် ပဲခူးမြို့တောင်ဘက် ၁ဝ မိုင်ခန့်ရှိ ထုံးကြီးရွာဒေသမှ ကေအင်ဒီအိုများနှင့်ပေါင်းမည်။ နောက်လှည်းကူးမြို့ အနောက်ဘက် စာဘူးတောင်း ကေအင်ဒီအိုစခန်းရွာကြီးမှ ကေအင်ဒီအိုအုပ်စုနှင့် ပေါင်းမည်။ ထိုမှ အင်းစိန်-ရန်ကုန်ဘက်သို့ ချီတက်တိုက်ခိုက်မည် ဖြစ်သည်။

ထိုအတွင်း ပဲခူးမြို့တွင်လည်း ရန်သူသတင်းပေါက်ကြား၍ မြို့သူမြို့သားများသည် ပဲခူးချောင်းဖျားသို့လည်းကောင်း၊ သနပ္ပင်မြို့ဘက်သို့ လည်းကောင်း တမြို့လုံး ကားများ၊ ရရာယာဉ်များနှင့် ပြေးလွှားနေကြသည်။ ပဲခူးမြို့ပေါ်တွင်လည်း ကရင်သူပုန်၏ ဘက်တော်သား (၁ဝဝ)ခန့် လက်နက်အပြည့်အစုံနှင့် မြောက်ဘက်ကဆင်းလာမည့် ကရင်သူပုန်တပ်ကြီးကိုကြိုဆိုရန် ပုန်အောင်းဖုံးကွယ်ပြီး စောင့်ဆိုင်းနေကြသည်။
ဒုဗိုလ်မှုးကြီးတင်ဦးသည် ဆင်းလာသောရန်သူကရင်တပ်ဖွဲ့ကြီးကို ပဲခူးမြို့မြောက်ဘက် (၁ဝ)မိုင်ကွာ ကားလမ်းမပေါ်ရှိ ဘုရားကြီးရွာတွင် ခံစစ်စခန်းတည်ဆောက်ပြီး ခံစစ်ဆင်ရန်စတင်တော့သည်။

အင်အား (၂ဝဝဝ)ကျော်ရှိ ရဲဘော်ဖြူတပ်မကြီး ပဲခူးသို့စစ်ကူချီတက်လာရာ ရောက်မလာနိုင်သေးသဖြင့် ပဲခူးတဝိုက်က လက်နက်မဲ့ ရဲဘော်ဖြူ (၂ဝဝ)နှင့် ပဲခူးထောင်ဖွင့်ပြီး ကရင်သူပုန်တိုက်လိုသူ (၃ဝဝ)ထွက်လာရာ ထိုလူပေါင်း (၅ဝဝ)ခန့်ကို ဒုဗိုလ်မှုးကြီးတင်ဦးက လက်နက်ချက်ချင်း တပ်ဆင်ပေးပြီး ဘုရားကြီးရွာအနောက်ဘက် ရွာတချို့သို့ ချီတက်တပ်စွဲစေရသည်။ ကရင်သူပုန်များက ဘုရားကြီးရွာမှ ကားလမ်းအနောက် ဘက်ကချီတက်ပြီး ပဲခူးမြို့ကို တိုက်ခိုက်လာမှာကို ကာကွယ်တားဆီးရန်နှင့် သတင်းပေးရန်တို့အတွက် ဖြစ်ပေသည်။

၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ ညနေ(၄)နာရီခန့်မှစ၍ တောင်ငူစစ်ကြောင်း ကရင်သူပုန်သေနတ်ကိုင် တပ်ရင်း(၁) စစ်ကြောင်းနှင့် မိမိတို့တပ်များ ပဲခူးမြို့မြောက်ဘက် (၁ဝ)မိုင်ကွာ ကားလမ်းပေါ်ရှိ ဘုရားကြီးရွာတွင် စတင်၍တိုက်ပွဲဖြစ်ကြပြီ ဖြစ်သည်။

ဒုဗိုလ်မှုးကြီးတင်ဦးသည် သနပ္ပင်ဒေသမှ ကျောင်းသားရဲဘော်(၁ဝဝ)ခန့်အား လက်နက်တပ်ဆင်ပြီး မြို့လုံခြုံရေးနှင့် ဆက်သားရဲဘော်များ အဖြစ် အသုံးပြုခဲ့ရ၏။ ပဲခူးမြို့ပေါ်တွင်လည်း စစ်တပ်အတွက် ထမင်းထုပ်(၂ဝဝဝ)တောင်းခံလိုက်သည်။ ဤသည်မှာလည်း မြို့လူထုက ပဲခူးမြို့တွင် စစ်တပ်အင်အား စစ်ကူ(၂ဝဝဝ)ရောက်ရှိလာကာ အင်အားကြီးလာမည်ဟုထင်မြင်ယူဆလာရန် ပရိယာယ်ဆင်၍ လုပ်ဆောင် ရခြင်းဖြစ်သည်။ မြို့လူထု စိတ်အားတက်ကြွလာစေရန် ဖြစ်ပေသည်။
တိုက်ပွဲဖြစ်သည့် ဖေဖော်ဝါရီလ (၄)ရက်နေ့ည (၁ဝ)နာရီကျော်တွင် ဘုရားကြီးတွင် ကရင်သူပုန်တို့နှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ မိမိတို့တပ်များ မခံနိုင်၍တပ်ဆုတ်ခွာလာပြီး ပဲခူးမြို့အဝင် ကလိဂိတ်တွင် နေရာယူထားရသောအခြေသို့ ရောက်ခဲ့သည်။ မိမိတို့တပ်များ ပဲခူးမြို့ကပဲ အသေခံ ခုခံတိုက်ခိုက်ရမည့်ဘဝသို့ ရောက်ခဲ့သည်။

သို့သော် ည သန်းခေါင် ၁၂ နာရီလောက်တွင် ပဲခူးမြို့သို့ စစ်ကူလာနေသော ယူအမ်ပီစစ်ရဲတပ်ရင်း ဝေါသို့ ရောက်နေရာမှ ၎င်း၏တပ်ရင်းမှုး ဗိုလ်မှုးအေးငွေက ဆက်သားနဲ့ စာတစောင် ပဲခူးရှိဒုဗိုလ်မှုးကြီးတင်ဦးထံရောက်ရှိလာသည်။ ထူးဆန်းနေသည်မှာ ထိုဆက်သားရဲဘော်သည် စက်ဘီးဖြင့်ဝေါမှ ဘုရားကြီးရွာကိုဖြတ်၍ ပဲခူးကိုရောက်လာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားကြီးရွာသို့ ကရင်သူပုန်တွေ မဝင်ရောက် သေးကြောင်း သိလိုက်ရသည်။

စစ်သမိုင်းများတွင် နှစ်ဘက်ရန် /ငါ တိုက်ခိုက်ကြစဉ် နှစ်ဘက်စလုံးမှ သူများက တဖက်ရန်သူဆုတ်ခွာမှန်းမသိဘဲ နှစ်ဘက်စလုံး ဆုတ်ခွာ ကြရာ တဖက်သူဆုတ်မှန်းအရင်သိသူက နေရာပြန်ဝင်ယူပြီး အနိုင်ရရှိကြပုံတွေ ရှားရှားပါးပါးရှိကောင်းရှိမည်ဖြစ်သည်။ ယခုလည်း ဘုရားကြီးရွာတိုက်ပွဲတွင် ဤအတိုင်းဖြစ်လာရာ ကျနော်တို့ဘက်က ကရင်သူပုန်များ ဆုတ်မှန်း အရင်သိလိုက်ပြီး မိမိတပ်များကို အမြန်ပြန်၍ ဘုရားကြီးရွာသို့ ပြန်ဝင်ယူလိုက်ပါတော့သည်။ ထိုဆက်သားရဲဘော်ကိုလည်း ဝေါမြို့သို့ ပြန်လွှတ်ပြီး ဗိုလ်မှုးအေးငွေအား စာရလျှင်ရချင်း သူ့တပ်နှင့် ဘုရားကြီးသို့ အမြန်ဝင်ပူးပေါင်းရန် ဒုဗိုလ်မှုးကြီးတင်ဦးက ညွှန်ကြားလိုက်သည်။

နောက်နေ့ ဖေဖော်ဝါရီလ (၅)ရက် နံနက် ၄ နာရီခန့်တွင် ဘုရားကြီးရွာတွင် ကျနော်တို့တပ်များ ခံကတုတ်များ အခိုင်အမာချထားပြီးကြောင်း တယ်လီဖုန်းဖြင့်သတင်းပို့ချက်ကို ပဲခူးကရပြီဖြစ်၍ ကျနော်တို့ အင်းစိန်စစ်မျက်နာကလူများ အတော်စိတ်အေးသွားရပါသည်။

ဖေဖော်ဝါရီ (၅) ရက် နံနက်စောစောမှာပင် ပဲခူး၊ သနပ္ပင်သို့ စစ်ကူရဲဘော်ဖြူအင်အား (၂ဝဝဝ)ကျော် လက်နက်စုံဖြင့် ရောက်ရှိလာပါ တော့သည်။ ချက်ချင်းပင် သနပ္ပင်မှ ဘုရားကြီးစစ်မျက်နှာသို့ မော်တော်ယာဉ်များဖြင့် ပေးပို့အားဖြည့်နိုင်ပါတော့သည်။

သို့ဖြင့် တောင်ငူစစ်ကြောင်း ကရင်သူပုန်ရန်ကို ကောင်းစွာခုခံကာကွယ်တွန်းလှန်နိုင်သော အခြေအနေသို့ရောက်လာပြီဖြစ်၍ ကျနော်တို့ ဘက်မှ အတော်စိတ်အေးသက်သာလာပါတော့သည်။

အထက်ပါတို့မှာ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ ပဲခူးစစ်မျက်နှာ ဘုရားကြီးတိုက်ပွဲနှင့် ပတ်သက်၍ ယခုကျနော့်ထံတွင် ရှိနေသော စာအုပ်စာတမ်းများအရ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။


0 comments:

Post a Comment