ပြောဖူးပါသကော ကျနော်တို့ပြောတဲ့အမေရိကန်အင်္ဂလိပ်အသံထွက်က ငါးပိသံတင်ပေါက်တာမဟုတ်ဘူး တခါတခါ လုံးကောက်သဘောပါပြောတော့ အတော်လေးဂွကျတယ်ဆိုရမှာပဲ။ တခါ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့ ဗြိတိသျှအသံထွက်ကလည်း တချို့နေရာတွေမှာ ကွာပါတယ်။ ဥပမာ ဗမာပြည်ကို Burma လို့ ပေါင်းကြတာခြင်းတူပေမယ့် ဗြိတိသျှတို့က ဘားမားလို့ထွက်ပြီး ကိုရွှေအမေရိကန်များက ဘားရ်မားလို့ အာရ်သံအပီထည့်ပြီးထွက်သကိုး။ အလားတူပဲ Girl ကို ကျနော်တို့ တသက်လုံး ဂဲလ်လို့ထွက်လာတာ ဒီရောက်မှ အာရ်သံကြီးပါထည့်ပြီး ဂရဲလ်လို့ထွက်ရတော့ အစပိုင်းတွေမှာ အတော့်ကိုသတိထားရတာပါ။ ဘားမားလို့ ထွက်မိလို့ သြော် မင်းက ဘဟားမားကကိုးလို့ မှတ်အချက်အချ ၂ ကြိမ်လောက် ကျနော်ခံခဲ့ရဖူးပါတယ်။ အသံထွက်သိတ်မပီတာက စကားပြန်လုပ်တဲ့သူအတွက် ခြွင်းချက် အထိုက်အလျှောက်ရှိပေမယ့် သိတ်ကြီးတဲ့ပြဿနာတော့လည်း မဟုတ်ပါဘူး။ ကိုယ့်နယ်ပယ်ဆိုင်ရာသီးသန့်ဝေါဟာရတွေ အသုံးအနှုန်းတွေကိုတော့ နှစ်ဦးနှစ်ဖက်နားလည်သဘောပေါက် အလုပ်ဖြစ်တဲ့အထိတော့ သိမှရပါတယ်။ သိလည်း သိကြပါတယ်။
ဗမာစကားတတ်လှချည်ရဲ့ ဗမာစာဗမာစကားနဲ့ ဘာဘွဲ့ညာဘွဲ့ရခဲ့တာဆိုတဲ့ အမေရိကန်တွေတောင် ကျနော်တို့လို ဗမာအသံထွက်အပီအသ သဒ္ဒါကျကျ နေရာတကာပြောနိုင်တာမှ မဟုတ်တာကိုး။ နည်းနည်းပါးပါးတတ်တဲ့သူတွေဆို ပိုတောင်ဆိုးသေး။ ဒါပေမယ့် သူတို့ပြောတာကို ကျနော်တို့ ဖြည့်နားလည်ပေးလို့ရတာပဲ မဟုတ်လား။ ချော်နေတာဆို တည့်တောင်ပေးရသေးသမို့လား။ အဲ့သလိုပါပဲ ကျနော်တို့ကိုလည်း ဖြည့်နားလည်ပေး ဖြောင့်ပေးတာလည်းရှိပါတယ်။ “ဒီကောင့် အသံထွက်ကြီးကလည်းကွာ”လို့ ကိုယ့်အချင်းချင်း ကဲ့ရဲ့ရယ်ပွဲ့ဖွဲ့ကြပေမယ့် အမေရိကန်တွေကတော့ အဲ့သလိုမလုပ်သလောက်ပါပဲ။ ကျနော်တို့အတွက် အင်္ဂလိပ်စကားက ဒုတိယဘာသာစကားဖြစ်ပြီး သူတို့အတွက်ကြတော့ ဗမာစကားဟာ(သင်ယူနေသူအဖို့)ဒုတိယစကား မဟုတ်လား။
စကားပြန်လုပ်မယ့်သူမှာ သက်ဆိုင်ရာစကားပြန်လုပ်ငန်းအတွက် သင်တန်းဆင်းလက်မှတ်လိုဟာမျိုးရှိမှလည်းဖြစ်သလို ဆေးရုံဆေးခန်း၊ ရဲဌာန၊ တရားရုံး၊ ထောင်၊ ကျောင်း၊ အေဂျင်စီတွေနဲ့အလုပ်လုပ်တဲ့အခါမှာ သူတို့ဘက်ကလည်း စိတ်တိုင်းမကျဘူးထင်ရင် ခေါ်မသုံးပါဘူး။ သူတို့ရှေ့မှာ လူတယောက်ကို စကားပြန်ပေးနေတာ ဗမာစကားနားမလည်ပေမယ့် မျက်နှာရိပ်မျက်နှာကဲ အမူအယာ ခြေဟန်လက်ဟန်တွေကြည့်ပြီး ဒီစကားပြန် ဘယ်လောက်စွံမစွံကို အတွေ့အကြုံအရ ခန့်မှန်းတတ်ကြတာပါပဲ။ သိတ်စွံပုံမရဘူးလို့ထင်ရင် အသံဖမ်းစက်ချထားပြီး ကွယ်ရာမှာ အခြားစကားပြန်တယောက်ယောက်ကိုခေါ် စက်ပြန်ဖွင့်ပြီး ဟိုလူပြန်တာ မှန်မမှန် အတည်ပြုတာတွေလည်းရှိတတ်ပါတယ်။ အထူးသဖြင့် ကလေးအခွင့်အရေးကာကွယ်ရေး၊ အိမ်တွင်းအကြမ်းဖက်မှု၊ တရားရုံး၊ ထောင်လိုဟာမျိုးတွေမှာ ပိုလုပ်တတ်ပါတယ်။ တွေးကြည့်တော့လည်း ဆေးရုံဆေးခန်း စကားပြန်မှားရင် လူနာသေတဲ့အထိဖြစ်နိုင်သလို တရားရုံးစကားပြန်မှားရင်လည်း ငယ်တဲ့အမှု ကြီးသွားတတ်တာ မဟုတ်လား။
အရင် သုံးလေးနှစ်လောက်ကအထိ ဗမာစကားတတ်ရင် ဗမာစာလည်းတတ်မယ်လို့ သူတို့နဲ့ယှဉ်ပြီးတွေးတတ်တဲ့အမေရိကန်တွေ ခုတော့ “ဗမာဆိုတိုင်း ဗမာစကားတတ်တိုင်း ဗမာစာတတ်ချင်မှတတ်တာ”ဆိုတာကို သဘောပေါက်သွားကြပုံပါပဲ။ တိုင်းရင်းသားလူမျိုးစုတွေ (ချင်း၊ ကရင်၊ မွန်စသည်ဖြင့်)ကတော့ ရှင်းတယ်။ သူတို့မိခင်စကားတတ်တယ်၊ အင်္ဂလိပ်လိုတတ်တယ်ဆို ပြီးတာပါပဲ။ ဗမာလိုမတတ်လို့လည်း ဘာမှမဖြစ်ပါဘူး။ လူမျိုးစုတူစုဝေးနေထိုင်ရာ တချို့ပြည်နယ်တွေက တချို့မြို့တွေမှာ စကားပြန်ဆိုတာ ဗမာလိုတတ်ဖို့မလိုဘူးလို့ဆိုရမှာပါ။
ဖို့တ်ဝိန်းလိုနေရာကြတော့ စကားပြန်ဟာ ဗမာစကားပြောတတ်ရုံမက ဗမာစာပါတတ်ဖို့လိုပါတယ်။ ဒါ့ကြောင့် ဖို့တ်ဝိန်းကစကားပြန်ဟာ ဘာသာပါပြန်တတ်ရပါတယ်။ ဌာနဆိုင်ရာစာရွက်စာတမ်းတွေ၊ ညွှန်ကြားချက်တွေ၊ ကြေညာချက်တွေ၊ အသိပေးအကြောင်းစာတွေ စတာမျိုးတွေကို ချင်းလို မွန်လို ကရင်လို ဘာသာပြန်တာတွေရှိပေမယ့် ဗမာကိုအဓိကထားပြီး ဘာသာပြန်ထုတ်ဝေကြတာပါ။ တချို့ စကားပြန်လုပ်နေပေမယ့် ကွန်ပြူတာမှာ ဗမာဖေါင့်နဲ့ရိုက်တတ်ဖို့ဝေးစွ ဗမာစာ မရေးတတ် မဖတ်တတ်တွေတောင် ရှိတတ်ကြတာကိုး။ ခုတော့ ဗမာပြည်သားတွေနဲ့ အလုပ် လုပ်နေတဲ့အေဂျင်စီတွေ၊ ဆေးရုံဆေးခန်းတွေ၊ တရားရုံး၊ ထောင် စတာတွေက ဗမာစာမတတ်တဲ့စကားပြန်ဆို ငြင်းပါတယ်။ ဒီစကားပြန် ဗမာစာတတ်မတတ်လည်း အေဂျင်စီအချင်းချင်းစုံစမ်းကြည့်လို့ ခက်တာမှမဟုတ်တာကိုး။ ထားပါတော့လေ ဒီ စကားပြန်နဲ့ဘာသာပြန်အကြောင်း နောက်မှ သတ်သတ် လက်ပေါက်စိပ်စိပ်လေးပြောပြပါဦးမယ်။
ခုတော့ ကျောင်းမနေခဲ့ စာမသင်ခဲ့ဖူး၊ ဘုရားလည်းကြောက်ရ ဘုရားလူကြီလည်းကြေက်ရ၊ သူပုန်လည်းကြောက်ရ စစ်တပ်လည်းကြောက်ရ၊ ပေါ်တာလည်းလိုက်ရ ဆက်ကြေးလည်းသရ၊ သေနတ်နဲ့ယူနီဖေါင်းပါရင် ဗိုလ်ကြီးဗိုလ်ကြီးခေါ်ခဲ့ရတဲ့ဘဝကနေ ဒီကို ဒုက္ခသည်အဖြစ်ရောက်လာတဲ့ အသက် ၅ဝ ဝန်းကျင်၊ လုံးကြီးပေါက်လှ၊ ရွက်ကြမ်းရည်ကျိုရုပ်ရည်နဲ့ ရပ်ကွက်ထဲကအမျိုးသမီးတယောက်အကြောင်း ပြောပြပါ့မယ်။ နံမည်တော့ ထားလိုက်ပါတော့။ ကျနော်နဲ့ သူတို့တမိသားစုလုံးနဲ့လည်း ရင်းရင်းချာချာရှိပါတယ်။ သူ့မှာ တခုကောင်းတာက စာမတတ်ပေမယ့် လူမလန့်တတ်တာပါပဲ။ အမေရိကန်ဆိုင်တွေမှာ ဈေးဝယ်တာ၊ အိမ်လခ မီတာခ ဘာညာတွေဆောင်တာ၊ ဆေးစတိုးကြီးတွေမှာ ဆေးသွားထုတ်တာ စတာမျိုးတွေ ကိုယ်တိုင်လုပ်နေတာပါပဲ။ အပွိုင်မင်န်ဆို ဘယ်တော့မှနောက်မကျ ဘယ်တော့မှ မပျက်ဆိုတဲ့နံမည်ကောင်းလည်း ထွက်ပါတယ်။ ရပ်ကွက်ထဲက မိန်းမချင်းတချို့ကတောင် မနာလိုတဝက်အားကျတဝက်နဲ့ “ဒီကောင်မ စာသာ မတတ်တာ၊ ရဲတော့အတော်ရဲ့တဲ့ဟာမ” ဘာညာပြောကြတာလည်း ရှိပါတယ်။ သူတို့ကတော့ သူ့လိုဘဝနောက်ခံခြင်းတူပေမယ့် အဲ့သလို ကိစ္စလေးတွေကအစ တခြားလူ အားကိုးနေကြရတာကိုး။
တနေ့တော့ ခလေးကျောင်းကိစ္စရှိလို့ ဆရာမကြီးနဲ့ကျနော် သူ့အိမ်သွားတွေ့၊ လိုတာမေးမြန်း၊ စာရွက်စာတမ်းဖြည့်လုပ်ရပါတယ်။ ပထမ ၂ ရက်တည်းက ရက်ချိန်းယူထားတာဆိုတော့ သူလည်း အသင့်စောင့်နေပုံပါပဲ။ တံခါးလည်းဖွင့်လိုက်တယ်ဆိုရင်ပဲ ပြုံးပြုံးရွှင်ရွှင်နဲ့ သနပ်ခါးနံ့အုန်းဆီနံ့တလှိုင်လှိုင်နဲ့။ လာပါဝင်ပါကိုအင်္ဂလိပ်လိုပြောပြီး ဆီးကြိုနှုတ်ဆက်တာပါ။ ဆရာမကြီးလည်း သဘောတွေကြလို့ပေါ့။ သုံးယောက်သား မျက်နှာချင်းဆိုင်ဆိုဖာတွေပေါ် ထိုင်မိလိုက်တယ်ဆိုရင်ပဲ သူက “ကိုမျိုးမြင့် တချို့ဟာတွေ ကျမနားလည်ရင် ကျမဘာသာ ဖြေမယ် ပြောမယ်နော်၊ နားမလည်တာကြမှ ကိုမျိုးမြင့်ကိုမေးမယ် ပြန်ပေးပေါ”တဲ့။ ကျနော်ကလည်း “ရပါတယ်”ပြောပြီး ဆရာမကြီးကို သူ အင်္ဂလိပ်လို နည်းနည်းပါးပါး တတ်တဲ့အကြောင်း၊ သူနားလည်တာကြ သူ့ဘာသာဖြေချင်ပြောချင်ကြောင်း ပြောပြပါတယ်။ ဆရာမကြီးကလည်း အိုကေပေါ့။ ဒါနဲ့စ ဖို့လုပ်ကြတယ်။
မစခင်လေးမှာ ကျနော်က သူ့ကို ကိုယ့်ဘာသာနည်းနည်းမိတ်ဆက်ပေးပါလားလို့ပြောတော့ သူက သူ့နံမည်၊ ဗမာပြည်ကသူနေခဲ့တဲ့ ပြည်နယ်အမည်၊ ပြီးတော့ ဒုက္ခသည်အဖြစ် ဒီရောက်လာကြောင်းတွေ ပြောပါတယ်။ ချောချောမောမောပါပဲ။ ဆရာမကြီးက ထုံးစံအတိုင်း“နင် အင်္ဂလိပ်စကားပြောတာ ကောင်းသားပဲ၊ ဘယ်လို သင်ယူခဲ့သလဲ၊ ဒီ့ပြင် ဘာစကားတွေရော တတ်သေးလဲ”လို့ စူးစူးစမ်းစမ်းပုံလေးနဲ့မေးတော့ သူက “I Burma, I Burma speak. I Thailand, I Thailand speak. I America, I English speak. I speak three speak.”ဆိုပြီး တောက်လျှောက် လွှတ်တော့တာပဲဗျာ။ ကျနော်လည်း ရုတ်တရက် ဟားကနဲ ရီမိတော့မလိုဖြစ်သွားတယ်။ တော်သေးတယ် အချိန်မီ ထိန်းလိုက်နိုင်ပေလို့။ စိတ်ထဲတော့ အားရပါးရပြုံးမိတာပါပဲ။ သူကတော့ ပြောပြီး မင်နဲ့မောင်းနဲ့ ခတ်တည်တည်ပဲ။
ဆရာမကြီးကလည်း သူပြောတာနားလည်တဲ့အကြောင်းအပြင် “သြော် နင်က ငါ့ထက် သာတာပဲ၊ ငါက ၂ ဘာသာတည်းတတ်တာ။ အင်္ဂလိပ်လိုနဲ့ ပိုလန်လိုနည်းနည်းပါးပါးပဲ၊ နင်က စကား ၃ မျိုးတောင်ဆိုတော့ ဟန်ကျတာပေါ့”ဘာညာနဲ့ချီးကျူးတော့ ကျနော့်ဘက်လှည့်ပြီး “ဒါတောင် ကျမ ကရင်လိုတတ်တာ မပြောရသေးဘူး”ဆိုပြီး ဗမာလိုပြောတယ်။ ဒါနဲ့ကျနော်က “သူ ကရင်လိုလည်း တတ်တယ်လေ”လို့ ဆရာမကြီးကိုပြောပြတော့ “တယ်ဟုတ်ပါလား၊ နင့်ကလေးတွေကိလည်း အဲ့ဒီစကားတွေသင်ပေးနော်၊ အမေရိကားမှာ ဘာသာစကား များများတတ်လေလေ အလုပ်အကိုင်အခွင့်အလမ်းက ပိုလေလေမဟုတ်လား”လို့ တိုက်တွန်းအားပေးစကားလေးတောင် ပြောသေးတယ်။
သူ့ခမျာလည်း ကျောင်းအုပ်ဆရာမကြီးလိုလူကတောင် ငါ့ကိုချီးမွမ်းတာဆိုပြီး ကြေနပ်ပီတိတွေအထင်းသားနဲ့ တမျက်နှာလုံးလည်း အပြုံးတွေ ပြည့်လို့လျှံလို့။ အဲ့သလိုနဲ့ အစကနေအဆုံးအထိ ဘယ်လိုမှပျင်းစရာမကောင်းတဲ့ Home Visit တခုပြီးမြောက်ခဲ့တာပါပဲ။
(သူပြောတာကို ဗမာလိုရေးပြတာဖတ်ရရင် ပို အူရွှင်စရာဖြစ်မယ်ထင်လို့ ရေးပြပါမယ်။ အိုင်ဘားမား အိုင်ဘားမားစပိ၊ အိုင်ထိုင်းလင်း အိုင်ထိုင်းလင်းစပိ၊ အိုင်အမေရိကား အိုင်အင်္ဂလိပ်စပိ၊ အိုင်စပိ သရီးစပိ..လို့ဖြစ်ပါမယ်)
0 comments:
Post a Comment