Sunday, April 27, 2014

၂ဝ၁၄ ဧပြီ နောက်ဆုံးပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဧပြီ နောက်ဆုံးပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
ဟိုတလောက ဘယ်သူ့စတေးတပ်စ်မှာလဲမသိဘူး ဖတ်လိုက်ရတယ် "ခု ဗမာပြည်လူဦးရေ သန်း ၆ဝ လောက်မှာ ၁ဝ သန်းလောက်က ဗိုလ်ချုပ်အောင်ဆန်းတွေ"တဲ့။ (ငါတို့ဗမာပြည်မယ်++++ မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်++++)ဆိုတဲ့သီချင်း သူမေ့နေလို့ဖြစ်မယ်။ ဒါမှမဟုတ် အာဇာနည်မမြည်တဲ့၊ သာကီနွယ်ဗိုလ်ချုပ်အောင်ဆန်းတွေပေါတာကို မြင်ပြင်းကပ်တာလည်းဖြစ်မယ်။ ထားပါတော့လေ အဲ့ဒါက။ ပြောချင်တာက ဟိုနေ့က ငယ်သူငယ်ချင်းနဲ့ အွန်လိုင်းမှာ ဗီဒီယိုချက်တင်န်းအလ္လပသလ္လလုပ်နေတုန်း (၅)တန်းကျောင်းသား သူ့ရင်သွေး အနားရောက်လာတော့မိတ်ဆက်ပေးတယ်။ ကျနော်ကလည်း ထုံးစံအတိုင်း နံမည်တွေ ဘာတွေမေးမက်ပြီး ထုံးစံအတိုင်း "မင်းကြီးရင် ဘာလုပ်မယ်"ကို မေ့ပြီးမေးမိတယ်။ သူက မဖြေပဲ သူ့အဖေမျက်နှာကို ဖျတ်ကနဲတချက်လှမ်းကြည့်တယ်။ အဖေက ပြောလိုက်လေကွာဆိုတော့ "စစ်ဗိုလ်ကြီးလုပ်မှာ"တဲ့။ ကျနော်က "ဗိုလ်ချုပ်အောင်ဆန်းလို စစ်ဗိုလ်ကြီးလား"ဆိုတော့ "ဟုတ်ဘူး ဘဘ"တဲ့။ "ဘာလို့တုန်းကွာ"ဆိုတော့ "ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်လို့သာပြောတာ ဘာမှလည်းမရှိဘူး"လို့ ပြောပြီးပြေးရော။ ကျနော်က သူ့ဖေကို"ဘယ်လိုဖြစ်တာတုန်း မင့်သားက"ဆိုတော့ "ငါပဲ အပြောမတတ်လို့လား သူသဘောပေါက်မှုက ခေတ်ပြဌာန်းချက်အောက် တည့်တည့်မတ်မတ်ကျနေလို့လားတော့ မပြောတတ်တော့ဘူးကွာ။ ဒီကောင် ၈ နှစ်သားလောက်က ငါက ဗိုလ်ချုပ်အောင်ဆန်း ဘယ်လောက်ကိုယ်ကျိုးမရှာမှန်း ခြိုးခြံမှန်းပြောပြတော့ သူက "ဖေဖေတို့ဗိုလ်ချုပ်ကလည်း ဗိုလ်ချုပ်လုပ်နေပြီးတော့များ"လို့ပြောတယ်ကွ၊ ငါလည်း စိတ်ထဲထောင်းကနဲဖြစ်ပြီး မျက်နှာတင်းတင်းနဲ့ကြည့်လိုက်တယ်။ ဒီကောင်လန့်သွားတယ် ဟေ့ကောင်ရေ။ နောက်ပိုင်း ငါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောရင် ဘာမှတ်ချက်မှမပေးပေမယ့် အဖေမို့လို့သာ နားထောင်ရတယ်ဆိုတဲ့အထာနဲ့ နားထောင်တာကွ စိတ်ထဲတော့ သိတ်ကြည်ပုံမရဘူး။ ပြီးတော့ သူကြီးလာရင် စစ်ဗိုလ်လုပ်မယ်လို့ တခါက ငါ့ကိုပြောဖူးတယ်။ ငါက အေး..မင်းလုပ်ချင်တာလုပ်လို့ရတယ် မင်းဖြစ်ချင်တာလည်း မင်းဘဝမှာ ဖြစ်လို့ရတယ်။ တခုတော့ရှိတယ် စစ်ဗိုလ်လုပ်ပြီဆိုရင် မိဘအိမ်ရိပ်နင်းဖို့တောင်မကြိုးစားနဲ့လို့ အပြီးပြောထားပြီးသားကွာ။ ဒါ့ကြောင့် နေမယ်..."တဲ့။ ကျနော်လည်း အင်း တစ်လုံးပြောပြီး ခုန စတေးတပ်စ်မှာပြောခဲ့တဲ့ ဗိုလ်ချုပ်အောင် ၁ဝ သန်းလောက် သွားသတိရတယ်။
(ဗိုလ်တွေများတဲ့ပြည်)

ဦးဝင်းတင် ထောင်ကလွတ်တော့ ပုံစံအင်္ကျီပြာယူလာပြီး မချွတ်တမ်းဝတ်ရာကနေ အစိုးရက ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှုသဘောမျိုးနဲ့တရားစွဲမယ်ဆိုတော့ "အလကားပါဗျာ ဘိုးတော်က အူကြောင်ကြားနဲ့၊ စတန့်ထွင်တာပါ"ဆိုခဲ့သူလည်း အသုဘကြတော့ ပုံစံပြာဖက်ရှင်နဲ့။ ငါလည်းမင်းလောင်းထီးဖြူဆောင်း မျက်နှာထားနဲ့၊ သူလည်း ၈၈ ကို မျိုးဆက်နဲ့ချီပြီးခေါင်းဆောင်လုပ်မလို့ထင်တယ်။ တခါတုန်းက ပွဲတစ်ခုကဓါတ်ပုံမှာ ဖင်တုံးလုံးရွယ် သူ့ကလေးငယ်မှာ ပင်နီနဲ့ ကချင်ပုဆိုးနဲ့ ခွပ်ဒေါင်းရင်ထိုးနဲ့ အမယ် နဖူးစည်းတောင်ပါသေး။ (သူလည်း ပြာ တယ်)

သေရာယူသွားလို့ရတယ်ဆိုရင်တောင် ဘဝဟာ ငွေရှာဖို့အတွက်သက် သုံးစွဲပစ်လိုက်ရမယ့်အရာလို့ ဘယ်တုန်းကမှခံယူမထားဘူး။ ဘာမှန်းမသိ ဘယ်သူမှလည်း တိကျသေချာရှင်းမပြ သက်သေမပြနိုင်တဲ့ (ယုံလောက်သူဟောတာမို့ ယုံရတယ်ဆိုသူတွေလည်း ယုံကြပါစေ) နောက်ဘဝတွေ သံသရာတွေ နတ်ပြည်တွေ ထဝရအသက်တာတွေ အမတသုခဘုံတွေအတွက်တော့ဖြင့် ခုလောက်ခုလိုသေချာတဲ့ မျက်မြင်ဒိဌလည်းဖြစ်တဲ့ဘဝကို ဘယ်တော့မှ ရင်းစားမပေးဘူး။ ရောင့်ရဲခြင်းတရားဆိုတာ ဘာမှမစွမ်းနိုင်တော့တဲ့ ဘဝအဖြစ်အနေရောက်နေသူအဖို့သာ လိုလားအပ်တာပဲ။ သီးခံခြင်းတရားဆိုတာ မိမိအနိုင်ရချိန်မှာ မိမိအသာစီးရောက်နေချိန်မှာ မိမိအပေါ် မတရားလုပ်ခဲ့သူ နိုင်စားခဲ့သူကို ခွင့်လွှတ်လိုက်ခြင်းအဖြစ်ပဲ လက်ခံသိမြင်ကျင့်သုံးခဲ့တယ် ကျနော့်ဘဝတလျှောက်မတော့။ လူမချမ်းသာရင်နေ စိတ်ချမ်းသာရင်တော်ပြီဆိုတဲ့ တခြမ်းပဲ့အတွေးမျိုးလည်း တခါဖူးမျှ တွေးမကြည့်မိခဲ့ဖူးဘူး။ အိုခြင်း နာခြင်း သေခြင်း ချစ်ခင်သူနဲ့ခွဲရခြင်း မချစ်မနှစ်သက်သူနဲ့နေရခြင်း စတာတွေအပါအဝင် လူတိုင်းကြုံကိုကြုံရမယ့် ဆင်းရဲဒုက္ခတွေခံရတာခြင်းအတူတူ လူဆင်းဆင်းရဲရဲနဲ့ပါခံရမယ်ဆို နှစ်ထပ်ကွမ်းခံရချက် ပိုမပြင်းပေဘူးလား။ လူမဆင်းရဲသူတွေဟာ ပြောခဲ့တဲ့ဒုက္ခတွေကို ခုခံရာမှာ ရုပ်ဝတ္ထုအမှေးအထောက်ရှိတော့ အသက်နည်းနည်းပိုရှည်တာ၊ အနာနည်းနည်းသက်သာတာ၊ အသေနည်းနည်းနောက်ကျတာတွေရှိတာ ငြင်းမရဘူး။ နောက်ဆုံး ကုန်ကုန်ပြောမယ် သေရင်တောင် နာကျင်မှုဝေဒနာအနည်းဆုံးနဲ့သေအောင်လုပ်လို့ရတာပဲ။ ဆုံလည်နွားတို့ တဏှာ့ကျွန်တို့ လောဘသားတို့ဆိုတဲ့သဘောစွပ်စွဲပြစ်တင်ကာ၊ လူ့အသက်မွေးမှု လူ့လောကစည်ပင်ကြီးကွားမှု လူ့မျိုးဆက်ရှင်သန်ပေါက်ဖွားမှုအတွက် လုပ်အားခွန်အား ဉာဏ်အားရှိသမျှ နေ့ရှိသရွေ့အချိန်ရှိသရွေ့ ရုန်းကန်နေရသူတွေကို နှာခေါင်းရှူံ့သလိုလုပ်ကာ၊
ရောင့်ရဲခြင်းတရားတွင်တွင်ဟောပြီး အသက်မွေးဝမ်းကြောင်းနေသူတွေကြည့်လိုက်တော့ ဝလို့ ဖြိုးလို့ အဆီတထပ်အသားတထပ်နဲ့ ဂုပ်ပိုးအရစ်ရစ်တက်လို့။ စည်းစိမ်အပြည့်နဲ့ သာယာဝပြောနေပုံများ။ ဆုံလည်နွားတွေမတော့ နူရာဝဲစွဲလဲရာသူခိုးထောင်း။
(အတွေးတစ်ခြမ်းပဲ့)

နေ့လည်က မြန်မာပြည်သားတွေအနေများတဲ့ ရပ်ကွက်ကြီးတခုနားကဖြတ်ပြန်လာတော့ အတူပါလာတဲ့ အမေရိကန်မိတ်ဆွေက မြန်မာစားသောက်ဆိုင်ကိုလက်ညှိုးထိုးပြီး "ဒီဆိုင်က ဘာလို့ ဒီနားမှာဖွင့်ထားတာလဲ"လို့မေးတယ်။ ကျနော်လည်း ဒီလူ့နှယ် ကြောင်ပါ့ကွာဆိုတဲ့ အတွေးနဲ့"ဗမာပြည်သားတွေအနေများတဲ့ဝန်းကျင်မို့ပေါ့ကွ"လို့ပြန်ဖြေလိုက်တယ်။ သူကဆက်ပြီး"အဲ့ဆိုင်မှာရောင်းတဲ့ဗမာစာတွေက မင်းတို့အိမ်မှာချက်စားလို့မရကြဘူးလား"တဲ့။ "ရတာပေါ့ကွ"လို့ ဘုပြန်တောမိတယ်။ "ဒါဆို မင်းတို့ ဒီမှာ လာစားစရာမှမလိုတာလေ"တဲ့။ "ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် တခါတလေ မချက်အားတဲ့အခါမျိုး၊ မိတ်ဆွေတွေ ဧည့်သည်တွေနဲ့ ဆိုင်မှာလာစားချင်တဲ့အခါမျိုး၊ ဆိုင်ထမင်းဆိုင်ဟင်းစားချင်တဲ့အခါမျိုးဆို လာကြတာပေါ့" လို့ပြန်ဖြေတော့ သူက"အစားချင်းအတူတူကွာ ပမာဏလည်းအတူတူ အရသာလည်းအတူတူ အားလုံးအတူတူပဲထားကွာ၊ အိမ်မှာချက်စားတာနဲ့ ဒီမှာလာစားတယ် ဘယ်လောက် ကွာသလဲ"တဲ့။ "ထက်ဝက်လောက်ကွာမယ်ထင်တယ်"လို့ ပြန်ဖြေမိတယ်။ "အဲ့လိုကွာမှန်းသိရက်နဲ့ မင်းရော အမြဲတမ်းလာစားဖြစ်လား"တဲ့။ "ဘယ်စားဖြစ်ပါ့မလဲကွ ကိုယ့်ဟာကိုယ် အိမ်မှာပဲချက်စားတာများတာပေါ့"လို့ပြန်ဖြေတယ်။ သူက မပြီးသေးဘူး "အဲ့ဆိုင်မှာ ငါ့တစ်ယောက်စာ ဗမာထမင်းဗမာဟင်းနဲ့အဝစားရင် ဘယ်လောက် လောက်ကျမယ်ထင်သလဲ" တဲ့။ "၁၂ ဒေါ်လာလောက်ဆို ပြီးမယ်ထင်တာပဲကွ ဘာဖြစ်လို့လဲ" လို့ ဒီတခါတော့ ကျနော်ပြန်မေးမိတယ်။ သူက အမေးကို မဖြေသေးပဲ"ဒါဆို အဲ့ဒီအတိုင်း မင်းအိမ်မှာလုပ်စားရင် ၆ ဒေါ်လာပဲကုန်မယ်ဆိုတဲ့သဘောပေါ့။ အချိန်လည်းရမယ် အလုပ်လည်းမရှုပ်ဘူး အိမ်မှာပဲလည်းစားချင်တာဆို မင်းအိမ်မှာလုပ်စားမလား ဒီမှာ လာစားမလား"တဲ့။ "အိမ်မှာပဲစားမှာပေါ့ဟ ဒီလာစားနေပါ့မလား"ဆိုတော့ သူကပြုံးတယ်။ ပြီးတော့မှ"နံမည်မရှိတဲ့အမေရိကန်စားသောက်ဆိုင်ပိစိကွေးမှာ ငါ သွားစားမယ်ဆိုရင် တနပ်စာအတွက် ဒေါ်လာ ၂ဝ တော့ကုန်မှာပဲ။ ဒီမှာ ၁၂ ဒေါ်လာနဲ့ အစားသစ်လည်း စမ်းစားခွင့်ရမယ် ဗိုက်လည်းပြည့်တယ်ဆို ဒီမှာပဲ ငါစားမှာပေါ့ကွာ။ ကြိုက်ရင် နောက်လည်း လာလာစားမှာပေါ့၊ အမေရိကန်အများစုက အသစ်အဆန်းဆို တယ်ပြီးမြည်းစမ်းချင်ကြတာ ပဲကွ။ နောက်ပြီး အမေရိကန်တွေက မင်းတို့ဗမာစာတွေ မချက်တတ်ဘူးလေကွာ။ ချက်တတ်တယ်ဆို ဘယ် ဒီလာစားနေတော့မလဲ။ မင်းတို့လို ကိုယ့်အိမ်ကိုယ်ပဲ ချက်စားမှာပေါ့။ နောက်ပြီး ကြိုက်ပြီဆို ဒီမှာလာစားရုံကလွဲလို့ ဘယ်ရှိပါ့မလဲကွ။ ဆိုတော့ ကိုယ့်ဆိုင်လာစားမယ့်ပရိသတ်က ဘာလဲသိဖို့မလိုဘူးလားကွာ။ နိုင်ငံခြားမှာ ဗမာအစားအသောက်အဆိုင်ဖွင့်တာ တခါတလေလာလည်တဲ့ဗမာပြည်ကနဲ့ ဟိုကဒီကလာလည်တဲ့ ဗမာပြည်သားတွေသေချာပေါက်လာစား လာကြွေးဖို့မျှော်မှန်း၊ ဒေသခံဗမာပြည်သားတွေကို အရံဖေါက်သည်လောက်ပဲတွေး၊ အဓိကစားသုံးသူအဖြစ်ထားရမှာက ဗမာစာမချက်တတ် မပြုတ်တတ်တဲ့အပြင် ပေါချောင်ကောင်းလိုက်ရတဲ့ လက်လုပ်လက်စား
အမေရိကန်တွေပဲ ဖြစ်ရမှာလေကွာ...ဗမာတွေမှမဟုတ်တာ..၊ ခုတော့ မင်းတို့က ပြောင်းပြန်ဖြစ်မနေပေဘူးလား" ဆိုပြီး ပြုံးထေ့ထေ့လုပ်နေတယ်။ ကျနော်လည်း အင်းမလုပ်အဲမလုပ်နဲ့ ခေါင်းတညိတ်ညိတ်လုပ်ပြီး အတွေးစတွေထွက်နေတယ်။ ခင်ဗျားရော ဘယ်လိုထင်လဲ သူပြောတာကို။ သြော်..မေ့တော့မလို့ အဲ့ဒီလူ ရှေ့နေဗျ။


Friday, April 25, 2014

ကိုအောင်နိုင်မိုးပြောတဲ့ "ကံ"

0 comments
ကိုအောင်နိုင်မိုးပြောတဲ့ "ကံ"
ကျွန်ုပ်သည် ကံ၊ ကံ၏အကျိုးကို နေရာတိုင်းတွင် ယုံကြည်သူ မဟုတ်ပါ။ မီးကို လက်ဗလာဖြင့် ကိုင်လျှင် ပူမည်။ တောနင်း ဖိနပ်မပါဘဲ ဆူးတက်နင်းလျှင်ဆူး စူးမည်။ ဒီလောက်အထိတော့ ဟုတ်ပါသေး၏။ ညနေခင်းဆည်းဆာ မြက်ခင်းပြင်ထဲဇိမ်ခံနေစဉ် ဥက္ကာခဲလာမှန်၍သေဆုံးရခြင်းကို အတိတ်ကံကြောင့် လာပြောလျှင်မူ လက်မခံချင်ပါ။ ဒိုင်နိုဆောတွေမျိုးပြုန်းရသလို ကမ္ဘာပျက်လောက်အောင်ကြီးမားသည့်ဥက္ကာခဲ လာမှန်၍ လူသားအားလုံးမျိုးတုန်းသွားခဲ့သော် စောစောက အတိတ်ကံကြောင့်ဟု သူများအပေါ် မတော်မတရားစွပ်စွဲချင်သူများလည်း ပါသွားမည်သာဖြစ်သဖြင့် လေကြီးလေကျယ်မပြောနိုင်တော့ဘဲ ကံကြမ္မာထမင်းအိုးညှိပြီး ဖြစ်သွားမည်ထင်သည်။

သိုးတကောင်၏နို့ရည်ဂလင်းမှဆဲလ်များကိုယူကာ ဒေါ်လီ ဟူသော သိုးတကောင်ကို အောင်မြင်စွာ ကလုန်းလုပ်နိုင်လိုက်သောအခါ ကံသည် မိမိဥစ္စာမဟုတ်တော့ဘဲ သူတပါးပြုသမျှနုရသည့်ဘဝသို့ကျရောက်သွားလေတော့သည်။ အကယ်၍ သိပံ္ပပညာရှင်တဦးက ရုပ်တူအသွင်တူ လူတရာကို ကလုန်းလုပ်ကာဖန်တီးလိုက်သည်ဆိုလျှင်ထို လူတရာသည် အဘယ်သို့သော ရှေးကုသိုလ်ကံကြောင့် ချွတ်စွတ်လာတူ နေရသနည်းဟုမေးခွန်းထုတ်သောအခါ "ထိုလူတရာသည် အတိတ်ဘဝက ကောင်းမှုကုသိုလ်တခုကို စိတ်တူကိုယ်တူပြုခဲ့ခြင်းကြောင့် ဖြစ်မည်"ဟု ဖြေလေသည်။ ထိုအဖြေသည် ပေါက်ကောင်ထွက်ပြီးမှ အတိတ်စိမ်းကိုပြန်ဖော်သော ပေါက်မှဖော်သည့် ပေါက်ဖော်နည်းနှင့် တူနေလေသည်။ သိပံ္ပပညာရှင်က လူတရာမဟုတ်ဘဲ လူတထောင်ကိုကလုန်းလုပ်သည်ဆိုက အတိတ်က ကုသိုလ်အတူပြုဖူးသူ အရေအတွက်သည်လည်း အော်တိုမက်တစ် တထောင် လိုက်ဖြစ်ပေးရချေဦးမည်။ သိပံ္ပပညာရှင် စိတ်ရူးပေါက်ကာ လူတထောင်အနက် ၅၀၀ ကို ပလပ်စတစ်ဆာဂျရီနည်းနှင့် ရုပ်ပြောင်းရုပ်လွှဲလုပ်ပေးခဲ့သော် ထိုအဖြစ်အပျက်နှင့်လိုက်လျောညီထွေစွာ အတိတ်ကံကို လိုက်ညှိပေး ရဦးမည်။ သည်တော့ ထိုလူတထောင်၏ အတိတ်ကံဟူသည် သိပံ္ပပပညာရှင်ကြီး၏ဆုံးဖြတ်ချက်ပေါ်တွင် မှီတည်နေသည်ဟူသော ရယ်ရွှင်ဖွယ်ကောက်ချက်ကို ဆွဲရတော့မလိုဖြစ်နေသည်။

စိတ်သည် လက်ဖျစ်တတွက်အတွင်း ကြိမ်ဖန်များစွာဖြစ်ပျက်နေသည်။ ရုပ်သည်လည်း မမြဲ။ အမြဲတစေ ဖြစ်ပျက်နေသည်။ ကံကိုသာ လက်ဆင့်ကမ်းသွားသည်ဟု ဆိုကြသည်။ ဤအယူအဆသည် ယခုဘဝအတွက်လက်ခံရန် မခဲယဉ်းလှသော်လည်း ရှေ့ဘဝ၊ နောက်ဘဝတွေနှင့် ဆက်စပ်ပြောကြားလာလျှင်အဓိပ္ပါယ်ကင်းမဲ့လှသည်။ ယခင်ဘဝက ငကောင်းပြုခဲ့သောဒဏ်ကို ယခုဘဝတွင် ငဝက်က ဘုမသိဘမသိ ဝင်ခံရသလိုပင်တည်း။ ကျွန်ုပ်တို့သည် ရှေ့ဘဝနောက်ဘဝကို မြင်နိုင်သောအစွမ်းလည်းမရှိရာ ဤအယူအဆကို လက်ခံချင်လျှင်မျက်စိမှိတ် လက်ခံမှသာရပေမည်။

သည်ကြားထဲ ငရဲပြည်၊ နတ်ပြည်တို့နှင့် ခြောက်စား၊ ချူစားသည်တို့ကလည်း ရှိသေးသည်။ ကျွန်ုပ်အနေဖြင့် လူတယောက်၊ သို့မဟုတ် လူအများကို ကူညီသည်ဆိုလျှင်ထိုသူများ၏ ကျေးဇူးကို အတုံ့အလှယ်ဆပ်လိုသောကြောင့်လည်းကောင်း၊ ထိုသူများအား ခင်မင်နှစ်လို ခြင်းကြောင့်လည်းကောင်း၊ သို့တည်းမဟုတ် စာနာသောကြောင့်လည်းကောင်း၊ သနားသောကြောင့်လည်းကောင်း၊ ထိုအကြောင်းများထဲမှ တကြောင်း သို့မဟုတ် တကြောင်းထက်ပိုသော အကြောင်းများကြောင့်သာ ဖြစ်သည်။ ငရဲပြည်ကြောက်လို့လည်း မဟုတ်၊ နတ်ပြည်ရောက်လို သောကြောင့်လည်းမဟုတ်၊ နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ရောက်လိုသောကြောင့်လည်း မဟုတ်။ ကျွန်ုပ်တွေ့ဖူးသော နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုရောက်လိုသူများမှာ သူများထက်ပို၍လောဘကြီးသော၊ ဝတ္ထုအာရုံကာမဂုဏ်၌ သူများထက်ပိုအစွဲအလမ်းကြီးသူများ ဖြစ်နေတတ်ကြသည်သာများ၏။ ထိုအထဲတွင် ဘုန်းကြီးတော်တော်များများလည်းပါ၏။

ကံဟုခေါ်ခေါ် အလုပ်ဟုခေါ်ခေါ် ယခုဘဝ ကျွန်ုပ်လုပ်ခဲ့သမျှအတွက် ကျွန်ုပ်တာဝန်ခံသည်။ ကျွန်ုပ်လုပ်ခဲ့သမျှသည် ကျွန်ုပ်၏ဘဝကို အတိုင်းအတာတခုအထိ ပဲ့ပြင်သည်ကိုလည်းလက်ခံသည်။ သို့သော် ကျွန်ုပ်သည်"ကိုယ်သာလျှင်ကိုယ့်ဘဝ၏ပဲ့ကိုင်ရှင်"ဟု ကြွေးကြော် ရလောက်အောင်မူ မရူးနှမ်းသေးပါ။ အဘယ့်ကြောင့် မွေးလာကတည်းက လက်ဦးဆရာမိဘနှစ်ပါးနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ပဲ့ကိုင်မှုကို မည်သူမဆိုအရိုးစွဲအောင်ခံရသည်သာ ဖြစ်သည်။ ကျောင်းနေစဉ်တွင်လည်း မလွတ်လပ်သောပညာရေးစနစ်၏ ဦးနှောက်ဆေးခြင်းကို တော်တော်လေးခံရသေး၏။ ဘာသာရေးနှင့် လူ့အဖွဲ့အစည်း၏ကြပ်မတ်ခြင်းကိုလည်း ကြုံရသေး၏။ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်၏ပုံစံသွင်းခြင်းကိုလည်း အလူးအလှိမ့်ခံနေရသေး၏။ ဤကမ္ဘာ ဤလူ့အဖွဲ့အစည်းကြီးတွင် နေထိုင်စီးမျောနေသမျှသင့်ဘဝကို သင်ပဲ့ကိုင်ရှင်လုံးလုံးဖြစ်ရန် မတတ်နိုင်။ အမှိုက်သရိုက်များ ထင်းလုံးများမျောပါနေသော ရေစီးသန်သည့်ချောင်းကြီးထဲတွင် လှေတစင်းနှင့် မျောပါနေပြီး ကျောက်ဆောင်များနှင့်တိုက်ကာ လှေမမှောက်အောင် သင်ထိန်းနိုင်ရုံမျှသာတတ်နိုင်မည်။ ရေစီးကိုဆန်တက်ဖို့ပင် သင်မတတ်နိုင်ပါ။ ရေစီးကတွန်းပို့သည်နောက်ကိုသာ မျောပါနေရသည့်ကြားက ကိုယ်သာပဲ့ကိုင်ရှင်ဟုကြွေးကြော်ကြသည်မှာ ရယ်ရွှင်ဖွယ်ကောင်းနေလေတော့သည်။ https://www.facebook.com/aung.naingmoe.58?hc_location=timeline


Wednesday, April 23, 2014

တျူးလစ်အတွက် လျှော့ချလိုက်တဲ့အတ္တ ၅ဝ (မျိုးမြင့်ချို-ဧပြီ ၂၁ဝ၁၄)

0 comments
တျူးလစ်အတွက် လျှော့ချလိုက်တဲ့အတ္တ ၅ဝ (မျိုးမြင့်ချို-ဧပြီ ၂၁ဝ၁၄)
ကိုယ့်လက်နဲ့ ကိုယ်တိုင်စိုက်ပျိုးယူခဲ့တဲ့ တျူးလစ်ပ်ပန်း နီနီလေးတွေနဲ့ ဒက်ဖီဒေးလ်လေးတွေ ဖူးစပြုကြ ပွင့်ကြအာကြပြီ။ အလှတော့ မစုံကြသေး။ လီလီပန်းတွေလည်း အစို့ပြူကြပြီ။ မြေစိုက် သစ်ခွတွေတော့ Hoop House လေးထဲမှာ အနွေးပေးထားရတုန်း။ အပင်ပေါက်ရင် အိုးလိုက်လေးတွေ ဝယ်မယ့်သူလည်းရှိပြီ။ တစ်အိုး ၅ ဒေါ်လာ..တဲ့၊ မဆိုးပါဘူး၊ ရောင်းတော့ရောင်းရ မှာပါ။

တနေ့ကနဲ့ တမြန်နေ့တွေက ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အာလူး ၃ ဘောင်ချလိုက်ပြီ။ ကြက်သွန်ခင်း ဒီနေ့မနက်သွားကြည့်တော့ အမြိတ်စိမ်းကလေးတွေတောင်ထွက်လို့။ နှစ်တိုင်းယက်ထွန်… ကြက်သွန်ခင်းရဲ့ အလယ်…..ပဒတ်ကလေးနီကျင်ကျင်ရယ်... နွယ်ကြိုးရှည်နဲ့သွယ်တွေ ဘာတွေတောင်ဆိုမိတော့မလို့။ သာယာဝတီထောင်တိုက်ဝင်းထဲ ကြက်သွန်နီတွေစိုက်ခဲ့ကြ၊ ကြက်သွန်ဖူးတွေချက်စားခဲ့ကြတာ သတိရတယ်။ ဒီ အမေရိကန်ကြက်သွန်ဖူးတွေလည်း ချက်စားကြည့်ဦးမယ်၊ ချိုတော့ချိုမှာပဲ၊ ခက်တာက ငါးပိပဲ။ ထောင်ထဲက ကြက်သွန်ဖူးဟင်းအတိုင်း ကွက်တိအရသာရဖို့ဆို ပုံစံငါးပိက မရှိမဖြစ်မိုးပဲ။

မနှစ်ကချခဲ့တဲ့ပန်းသီးပင်တွေ ပုရစ်နုလေးတွေထွက်လာပြီ။ တပင်ကတော့ ဒီနှစ်ပဲ စသီးမယ့်ပုံပေါ်တယ်။ စပျစ်အပင် ၄ဝ လောက်ချထားတာလည်း ဒီနှစ်စသီးမှာပဲ။ ဘယ်ရီးသီး(နီပြာနက်)တွေလည်း သီးဖို့ အားယူပြီ။ သမင် ၂ ကောင် ဟိုတလောက ဖြုတ်ကနဲတွေ့လိုက်တယ်။ ခု မလာတော့ပြန်ဘူး။ ဘာများဖြစ်သလဲပဲ။ ခြံနောက်က ရေဒီယိုစတေရှင်က လူတွေကားတွေအဝင်အထွက်များလို့တော့ ဟုတ်မယ်မထင်။ ဒီ့ထက်ပို လူဥဒဟိုနေရာတွေတောင် ဒီကောင်တွေ ဘေးမသီရန်မခ သွားနေကြသေး တာပဲ။ ယုန်လေးတွေကတော့ မှန်မှန်လာတယ်။ သက်ကယ်ပင်လိုမြက်မာတွေကထွက်တဲ့ ရွက်နုလေးတွေကို လာလာကိုက်ဖြတ်စားတယ်။ ကိုယ်လမ်းလေးတော့ သတ်သတ်မှတ်မှတ် မတွေ့မိသေးဘူး။ အပင်တွေမကိုက်အောင် ကာသင့်တာ ကာဦးမှ။ သူတို့စားဖို့လည်း ချန်သင့် သလောက်ချန်ဦးမှ။ ဘောင်တချို့ကို ဘာမှ မကာပဲလွှတ်ထားမယ်၊ စားပေ့စေ။

ခရမ်းချဉ်၊ ရွှေအပ်ငြုတ်သီးစိမ်း၊ ရုံးပတီ၊ ချဉ်ပေါင်၊ ကြက်ဟင်းခါးတွေလည်းပျိုးထားပြီ၊ အအေးအပတ် မစိုးလို့ မြေတော့ချမရသေး။ ပဲတောင့်ရှည်အပါဝင် ပဲသီးစိမ်းမျိုးစုံအတွက် ဝါးကိုင်းတံလေးတွေဝယ်ဖို့ မနေ့ကတော့ စာရင်းတို့ထားပြီ။ ပဲသီးတောင့်ကို ခြံထွက်ကြက်ဥနဲ့ကြော် ငရုပ်ကောင်းမှုန့်လေးဖြူး၊ ဟင်းခါးလေးတခွက်ချက်၊ ငါးပိရည်တို့စရာစုံနဲ့ ဆွဲလိုက်လို့ကတော့ ဆွေမျိုးပါမေ့မလားပဲ။ ဇနီးသည်လည်း ခုဆို ငါးပိရည်ကျိုနဲ့ အနံ့ပြင်းတဲ့ဟင်းတချို့ကလွဲလို့ ဗမာစာတွေအကုန်နီးနီးခံတွင်းတွေ့နေပြီ။ စားလည်း အတော်စားပါ့။

ကညွှတ်တွေတော့ ရှေ့အပတ်ဆို အညှောင့်ထွက်လောက်ပြီထင်ရဲ့။ တရုတ်ကန်စွန်းပွ ရွက်ကြီးတော့ ရေနည်းနည်းဝပ်တဲ့နေရာမှာ အကျယ် ၄ ပေခွဲ၊ အလျား ပေအစိတ်လောက်ရှည်မယ့် ဘောင် ၃ ဘောင်လုပ်ပြီးချမယ်။ အဖုတ်လိုက်ကလေးတွေထွက်လာအောင် အစေ့တွေအစုလိုက်အစုလိုက် မြှုတ်မယ်။ ဒါမှ တစ်ပင်ခြင်းဆိတ်နေစရာမလိုပဲ ရိပ်ချလိုက်ရုံပဲ။ ကန်စွန်းရွက်နုထွားထွား အခေါင်းပွကြီးတွေကို တံစဉ်ပါးအသွားထက်ထက် မြိမြိလေးနဲ့ရိတ်ချလိုက်လို့ ဂျွိကနဲဂျွိကနဲမြည်တဲ့ အသံတောင်နားထဲကြားမိတယ်။ ကြက်တွေလည်း အစာစိမ်းဆိုလို့ မြက်ချည်းစားရတာ ငြီးလှလောက်ပြီ။ ကန်စွန်းနုဖတ်ဖတ် စိမ်းစိမ်းစိုစိုလေးဘာလေး ဆိတ်ရဆွရအောင် တဘောင်သတ်သတ်ထားမယ်။ တနေ့တနေ့ သူတို့ ဥ ဥပေးနေတာ နည်းတာမှတ်လို့။ မနေ့များ ၁၃ လုံးတောင်။ သွားကောက်တော့ ဥစမို့ထင်တယ် ဥကြီးက လက်ဖဝါးထဲမှာနွေးနေတုန်း။

ဖရုံပင်တွေတော့ မြက်ထဲပဲလွှတ်လိုက်မယ်။ မသီးခင် အဖိုပွင့်ဝါဝါလေးတွေပွင့်တာနဲ့ မနွမ်းခင်ခူး၊ အညွန့်ဖျားလေးတွေပါပေါင်းပြီး ကြော်ချက်လေးချက်စားရင် အရသာရှိလိုက်မယ့်ဖြစ်ခြင်း။ ဖရုံသီးကို ပုဇွတ်ဆိတ်ကလေးတွေခတ် ပင်စိမ်းရွက်လေးအုပ်ပြီး အရည်သောက်လေးချက်တတ်တဲ့ အမေ့လက်ရာ စားရဖို့တော့ သေချာသလောက်ရှိတယ်။ လင်ကောင်းမှစံ/မစံတော့ မပြောတတ်ဘူး၊ ဗူးကတော့ စင်ခံမှကိုဖြစ်မှာ။ ကြက်ခြံထောင့်က ထင်းရှူးပင်ကြီးနားဆို မဆိုးဘူး။ သီးချိန်တန်လို့မှ မသီးလို့ကတော့ ဂါဝန်အဟောင်းကြီး ပတ်ပေးထားလိုက်မယ် မှတ်ကရောဟဲ့ဆိုပြီး။ နွေဆို ကြက်တွေ ဗူးစင်အောက်မှာ အရိပ်ခိုလို့ရမှာပဲ။ ဗူးသီးတွဲလောင်းကြီးတွေ ခေါင်းနဲ့မတိုက်မိအောင်ရှောင်ရင်း အောက်မှာ ခုံလေးတွေ ချထိုင်လို့၊ ဗူးသီးကြော်မွှေးမွှေး ကြွပ်ကြွပ်ရွရွကို မန်ကျည်းမှဲ့ချဉ်လက်ဖျော်လေးနဲ့ ဆလတ်ရွက်ဖါးဖါးကြီးတွေနဲ့ တို့ကာတို့ကာ စားမယ်။ ကိုခင်မောင်လေးအိမ်ကနေ မျိုးရလာတဲ့ ပုဇွန်စာရွက်(မြက်ကြွပ်ရွက်)တွေ ညီမအိမ်မှာ မနှစ်ကတွေ့တယ်။ သွားတောင်းဦးမှ။ သူလည်း ကြော်စား ကောင်းမှကောင်း။

နှစ်ယောက်သား နွေဦးပေါက်ပဟေ့ဆိုကတည်းက သုံးပတ်လုံးလုံး (အိမ်မှာရှိနေချိန်တိုင်း) နေရောင်နဲ့မြင် ရနေသမျှ ပင်ပမ်းခံကြိုးစားခဲ့တာ ခုတော့ တဖြည်းဖြည်းအရာထင်စပြုပြီ။ ရုပ်လုံးလေးပေါ် စပြုပြီ။ တောက်လျှောက်လည်း နှစ်ယောက်ပေါင်း လက် ၃ ဘက်၊ ခြေ ၃ ချောင်းနဲ့ စတည်တာပဲ ဘဝဥယျဉ်ခြံလေးတခုကို။ ထရပ်ကား သူများဆီကငှားပြီး မြေဝယ် မြေသယ် မြေတိုက်တယ်။ လက်တွန်းထွန်စက် သူများဆီကငှားပြီး ကိုယ်တိုင်ထွန်ယက်တဲ့ဇနီးသည်ရဲ့ခွန်အားနဲ့သန်မာပုံဟာ အံ့ဖို့ပဲကောင်းသေးတော့။ ခွေးခြေလေးရွှေ့ရွှေ့ပြီးထိုင် ပေါက်တူးအပေါ့စား၊ သံထွန်ခြစ်ရှစ်ခြောင်းသွားနဲ့ ကျနော်က မြေညှိတယ်။ ညီသွားတော့မှ ခြံထောင့်မှာ တနှစ်နီးပါးစာ စုစုပြီးပုံထားတဲ့ကြက်ခြေးမြေသြ ဇာတွေနဲ့ မြေနဲ့သမပေး၊ မြေဆီမြေနှစ်ကောင်းလို့နဲ့တူတယ် မြေကလည်းမဲလို့၊ အနံ့လည်းသင်းလို့၊ လက်ထဲမှာလည်း စီးစီးပိုင်ပိုင်လိုရှိလိုက်တာ။

အိမ်ထောင်ဦးလိုပေါ့၊ ခြံဦးတည်စဆိုတော့ ဝယ်လိုက်ရတဲ့တိုလီမုတ်စမှ စုံစီနဖါပဲ မနည်းကုန်လှ တယ်။ တော်သေးတယ် ဒါတောင် မော်တာတပ် Chain Saw သစ်ဖြတ်လွှနဲ့ အခြားစူးဆောက်တန်ဆာ ပလာတွေ ခရစ်စမတ်လက်ဆောင်အဖြစ်ရလို့။ ခြံစိုက်တော့မယ်ဆိုတော့ ပေးကြတဲ့ခရစ်စမတ် လက်ဆောင်က လွှတဲ့၊ တူတဲ့၊ လွန်ပူတဲ့၊ မြက်ရိပ်စက်တဲ့၊ ထွန်ခြစ်တဲ့ အံ့စရာကောင်းတယ်မထင်ဘူးလား။ ဒါပေမယ့် လိုတာတွေရွေးဝယ် လက်ဆောင်ပေးတတ်သူတွေမို့ ကျေးဇူးတင်လှတယ်။

မနှစ်က မိတ်ဆွေတစ်ယောက်လာပြီး ခုတ်ပိုင်းချပေးတဲ့သစ်ခြောက်ပင်ရဲ့ ကိုင်းကြီး/ငယ်တွေကို စိုက်ဘောင်တွေလုပ်ဖို့ ဇနီးသည်စိတ်ကူးကြောင့် သစ်သားချောင်းဖိုး ငွေ (၂)ရာလောက် သက်သာ  သွားတယ်။ သစ်လုံးပေါင်တွေက မလှဘူး၊ ညီညီညာညာမရှိဘူး။ ဒါပေမယ့် သာဘာဝအတိုင်း မပြုမပြင်ဆိုတော့ ကြည့်ကောင်းတယ်မှတ်တာပဲ။ ပင်ပမ်းတာတော့ ပြောမနေနဲ့။ ရှိစုမဲ့စု လက်ဖဝါးလေးတောင်ကြိမ်းရောပဲ။ ရေကြည်ဖုတွေထွက်ရော၊ အရေပြားလန်ရောပဲ။ ခုလောလောဆယ် ခြံက ဘာမှ ငွေမဖြစ်သေးတဲ့အပြင် အစိုက်ချည်းပဲဆိုတော့ အပြင်ထွက်ထမင်းဖိုးတော့ လုပ်ရသေးတာပဲ။ နောက် ၂ နှစ်လောက်ဆို ငွေပေါ်ပြီမှတ်တယ်။ အဲ့အချိန်ဆို အပြင်အလုပ် မလုပ်တော့ဘူး။ သီးနှံပင်တွေနဲ့ ကြက်ကလေးငှက်ကလေးတွေနဲ့ စာရေးစာဖတ်ချိန်ပိုထွက်လာ မယ်တွေးတာပဲ။ စိတ်လက်ကြည်နူးစရာများ ရတန်ကောင်းရဲ့တွေးပြီး ခုကတည်းက ကြိုပျော်ကြည့်တော့ သိတ်အရသာမရှိလှဘူး။

လူမချမ်းသာရင်နေ စိတ်ချမ်းသာရင်တော်ပြီဆိုတဲ့ တစ်ခြမ်းပဲ့ဆုလည်းမတောင်းခဲ့ဖူးဘူး။ မရကာမှနေရော နှစ်ခုလုံးလိုချင်တယ်။ ကျန်းမာရေးလည်းကောင်းချင်တယ်။ သေခါမှသေရော။ အိုရခြင်းနာရခြင်း သေရခြင်းမှာတောင် ပြည့်စုံသူနဲ့ချို့ငဲ့သူ ဘယ့်လောက်ခြားနားလိုက်သလဲ။ သာမန်အခြေအနေမှာ ပြည့်စုံသူဟာ အအိုနှေးအောင်၊ အသက်ရှည်အောင်၊ အနာမဲ့အောင်၊ သေရင်တောင် ဝေဒနာအနည်းဆုံးနဲ့သေအောင် ကြံဆောင်နိုင်သေးတာပဲ။ ရတာလေးနဲ့ဝအောင်စားတွေ ဘာညာတွေလျှောက်ပြောပြီး လူ့လုပ်အားပေါ်ကနေ အမြိုင့်သား ထိုင်စားနေသူတွေကို ကြည့်လိုက်၊ ဝလို့ဖီးလို့၊ အဆီတထပ်အသားတထပ် ဂုတ်ပိုးကြီးတွေမှ အရစ်အရစ်တက်လို့။ ဟိုလူတွေမှာသာ ပြောသမျှယုံရင်း ဘာမှန်းမသိတဲ့နောက်ဘဝဆိုတာ အတွက် သေချာတဲ့ခုဘဝကိုပုံအပ်ကာ ဖွတ်ကျောပြာစုခရုဆန်ကျွတ်။

စိတ်ဆင်းရဲစရာ(ဒုက္ခဆိုတာ)ကတော့ လူတိုင်းရှိကြတာချည်းပဲ။ စိတ်ဆင်းရဲကြတာခြင်းအတူတူ ရုပ်ဝတ္ထုမပြည့်စုံမှုကြောင့် အပိုဆောင်းရတဲ့စိတ်ဆင်းရဲမှုမျိုးကို ခင်ဗျားရောလိုချင်မလား။ ကျနော်လည်း မလိုချင်ဘူး။ ဒါပေမယ့် တခုတော့အတိအလင်းပြောပါရစေ၊ လူချမ်းသာဖို့ အချိန်(ဘဝတစ်ခုလုံး) ပုံပေးလိုက်မယ်လို့တော့များတော့ ဘယ်တော့မှစိတ်မကူးဘူး။ “သေလို့ယူသွားလို့ရရင်တောင်မှ ငွေအတွက် ဘဝကိုမဖြုန်းတီးပစ်ဘူး”။ လူချမ်းသာဖို့သက်သက်အတွက် ဘဝဟာအသုံးချစရာမဟုတ်ဘူး။

ဘဝဟာ သိတတ်စအရွယ်ကတည်းက တခါတလေတစ်ခြမ်းပဲ့၊ တခါတလေ နှစ်ခြမ်းလုံး ပဲ့ခဲ့ရတယ်။ ဘဝပဲ့ဟာ ဂျင်ပဲ့နဲ့တော့မတူဘူး။ ဝိုင်းတိုင်း ဝင်ပေါက်လို့မရဘူး။ အိမ်ထောင်ပြုမယ်ဆိုတော့ ပဲ့နေတဲ့ ကိုယ့်တစ်ခြမ်းကို တစ်လုံးဖြစ်ချင်လို့မဟုတ်ကြောင်း ပြောပြဆွေးနွေးတော့ သဘောမျှတယ်။ ဒါနဲ့ လက်ထပ်တယ်။

အိမ်ထောင်သည်ဘဝမှာ ကိုယ့်တစ်ခြမ်းပဲ့ဘဝထဲက ကိုယ့်အတ္တ ၅ဝ ကိုလျှော့တယ်။ သူလည်း သူ့တစ်ခြမ်းပဲ့ထဲက သူ့အတ္တကို ၅ဝ လျှော့တယ်။ လက်ကျန် ၅ဝ စီအတ္တတွေကို ယုံကြည်ရာလုပ်ဖို့၊ ဝါသနာပါရာလုပ်ဖို့၊ သီးသန့်စိတ်လက်ကြည်အေးစရာလုပ်ဖို့ ချန်တယ်။ လျှော့ချဖဲ့ထုတ်လိုက်တဲ့ သူ့ ၅ဝ၊ ကိုယ့် ၅ဝ အတ္တတွေ ပြန်သမလို့ရလာတဲ့ အတ္တ ၁ဝဝ နဲ့ အိမ်ထောင်သည်ဘဝကို စတာပါပဲ။ “မင့်အတ္တတွေအကုန်စွန့်ပြီးငါ့ကိုချစ်ပါ”လို့ ဘယ်သူမှ မတောင်းဆိုခဲ့ကြဖူးဘူး။ ဘဝနှစ်ခုကို တစ်ခုတည်းဖြစ်အောင်လည်း မကြိုးစားကြဘူး။ သူ့လက်ကျန်အတ္တ ၅ဝ ထဲမှာ သူလည်းပျော်သလိုနေ၊ ကျနော်လည်း ကျနော့် ၅ဝ နဲ့ ပျော်အောင်နေဖို့ပါပဲ။

အိမ်ထောင်ပြုတယ်ဆိုတာဟာ တစ်ခြမ်းပဲ့ခြင်းပေါင်းစည်းကြတာပဲ။ သူ့အတ္တကိုယ့်အတ္တ မျှပြီးလျှော့ကြတာပဲ။ လျှော့လိုက်တဲ့အတ္တတွေ ပြန်သမပြီးပေါင်းကြတာပဲ မဟုတ်လား။
အတ္တ ၅ဝ ဆို ဘဝဟာလုံလောက်ပြီး နေပျော်တယ်ယုံတာပါပဲ။

နွား (မျိုးမြင့်ချို)

0 comments

(နွား)နို့ ပေါင်(၈ဝ)ဟာ ဂါလန်နဲ့ဆို ဘယ်နှဂါလန် ရှိသလဲမသိ။ တနေ့ကို နို့ ပေါင်(၈ဝ)ထွက်တဲ့ နို့စားနွားမ အကောင်(၁၅ဝဝ)မွေးထားတဲ့ အိုဟိုင်းယိုးပြည်နယ်ထဲက နွားခြံ Dairy Farm ကြီးထဲ ဒီမနက် လေ့လာတဲ့သဘော အလည် အပတ်ရောက်ခဲ့တယ်။ လေ့လာတဲ့သဘောလို့ ဆိုရတာက သူတို့ဆီမှာလုပ်နေတဲ့ ပညာအလုပ် သမား(ထိမ်းချုပ်ခန်း စက်နဲ့ကွန်ပြူတာကိုင်တွေ)က လွဲလို့ ကျန်တဲ့နေရာတွေမယ် အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းကိုဒုက္ခသည်အနေနဲ့ရောက်လာတဲ့ ဗမာပြည်သားတွေနဲ့အစားထိုးချင်လို့ တဲ့။ တချို့ ငှားဖို့တောင် သဘောတူထားပြီးပြီ။ ဒါပေမယ့် အလုပ်လျှောက်လွှာဖြည့်တာ၊ လုပ်ငန်းခွင်သဘဝနဲ့ အလုပ်စည်းမျဉ်းစည်းကမ်းရှင်းပြတာ၊ ထရိန်နင်ပေးတာတွေ လုပ်ရဦးမတဲ့။ အဲ့ဒီအခါ အင်္ဂလိပ်-မြန်မာ(၂) ဘာသာ စကားပြန်နဲ့ဘာသာပြန်ရှာရင်း ကျနော်နဲ့ အဆက်ရသွားတယ်။ သူတို့ ခြံကြီးကို ကြိုတင်လာပြီး ကြည့်ရှူထားနိုင်ရင်ကောင်းမယ်လို့ မန်နေဂျာ Derek က ဖိတ်တာနဲ့ရောက်သွားတာပါ။ လုပ်ငန်းကြီးတခုကို ဦးစီးလုပ်နေတဲ့မန်နေဂျာက အသက် (၂၈)နှစ်သား။ မွန်မွန်ရည်ရည် ပြေပြေပြစ်ပြစ်နဲ့ လူပုံချောဖြစ်နေ တယ်။ မင်းသားလုပ်ရတဲ့ရုပ်မျိုးနဲ့။

ဗမာ့ယဉ်ကျေးမှုတိုတိုထွာထွာ(နံမည်ကို ဘယ်လိုခေါ်ရသလဲ၊ နှုတ်ဆက်တဲ့အခါ ဘယ်လိုပြုမူရသလဲ၊ အနားလာစေချင်ရင်/မလာစေချင်ရင် အမူအယာနဲ့ဘယ်လိုပြရသလဲ၊ ဘာအစားအစာမျိုးတွေစားသလဲ၊ စကားပြောတဲ့အခါ/တခုခုခိုင်းတဲ့အခါ ဘယ်လိုပြုမူတာ သင့်တော်သလဲစတာမျိုးလေးတွေ ဆိုပေမယ့် မေးတော့အတော်မေးတဲ့ ချာတိတ်။ ကျနော်ကလည်း ဖြေတော့အတော်ဖြေတဲ့အဖိုးကြီးပေါ့) ထူးခြားတာတချက်ကတော့ ခရိုဂါဝဲယားစ်ဟောက်စ်မှာ အလုပ်လုပ်တဲ့မြန်မာပြည်သားတွေနဲ့ တမြနှ်နှစ်က အဝတ်လျှော်ဆိုင်မှာ ကွမ်းတံတွေးထွေးလို့တက်ရတဲ့ပြဿဿ     နာလည်းရောက်ရော သူက ပြုံးပြီး ”ဒီမှာတော့ ကွမ်းစားတာနဲ့ကွမ်းတံတွေးထွေးတာ သိပ်ပြဿ     နာရှိမယ်မထင်ပါဘူး။ အလုပ်သဘာဝကိုက ပေပေကျံကျံ နံနံစော်စော်လုပ်ရတာလေ၊ မြေကြီးနဲ့ထိပြီး လုပ်ရတဲ့နေရာတွေလည်းရှိတာပဲ၊ ပြီးတော့ ဆေးရွက်ကြီး ငုံသူတွေလည်း ရှိတယ်”တဲ့။ ဒါနဲ့ ကျနော်က”မင်းရော ဆေးလိပ်သောက်လားဆိုတော့ ”ဆေးလိပ် မသောက် ဆေးမငုံ”လို့ပြောတယ်။ ရီစရာအရွှမ်းဖေါက်ချင်တာနဲ့ ”တို့ဗမာစကားမှာ အရက်ဘီယာ လက်ဘက်ရည်ကော်ဖီသောက်တာလည်း သောက်တာပဲ။ ဆေးလိပ်သောက်တာလည်း သောက်တာပဲ။ အင်္ဂလိပ်လိုကျတော့ ဆေးလိပ်သောက်တာကို Smoking သုံးပြီး အရည်တခုခုသောက်တာကြ Drinking လို့သုံးတယ်မဟုတ်လား”ဆိုတော့ ရီရီမောမောနဲ့ ”အတော်စိတ်ဝင်စားစရာ စကားပဲကွ”လို့ပြောပြီး Thank you very much လို့ ဗမာလို ဘယ်လိုပြောရသလဲမေးတာနဲ့ ”ကျေးဇူးအများကြီးတင်ပါတယ်”လို့ပြောပြတော့ မပီမချင်း (၁၀)ကြိမ်လောက်ရွတ်တယ်။ ”တယောက်နဲ့တယောက်တွေ့လို့/ခွဲလို့ နှုတ်ဆက်တဲ့ အခါများ ဗမာပြည်သားအမျိုးသမီးတွေကို ရင်ချင်းအပ်ပြီးကျောသိုင်းတော့ မဖက်မိစေနဲ့ကွာ” ပြောပြီး တစ်နာရီခွဲလောက်ကြာတဲ့စကားဝိုင်းကို လက်စသတ်ကြတယ်။

တနေရာရောက်တော့ ကွန်ကရိနဲ့အလုံပိတ်ထားတဲ့ မြေအောက်ကန်ကြီးတွေကိုပြပြီး ”ဟိုး လှောင်ခြံတွေထဲ က ထွက်လာတဲ့ နချေး(နွားချေး)တွေက ဒီကန်ထဲမှာလာစုကြတယ်။ မြေအောက်ပိုက်တွေက တဆင့်ပေါ့။ ဒီနေရာက နချေးထဲက မီသိန်းဓါတ်ကို စက်တွေနဲ့စုထုပ်ယူပြီး ဟိုးမှာမြင်နေရတဲ့ အဆောက်အဦးထဲမှာ လျှပ်စစ်ဓါတ်အားထုတ်တယ်။ တို့ခြံထဲသုံးတဲ့အပြင် ပိုလို့ လျှပ်စစ်ကုမ္ဗဏီတွေကိုရောင်းရတယ်။ ဘယ်လို ထုတ် ဘယ်လိုလုပ်တော့ ငါလည်းနားမလည်ဘူး၊ အဲ့မှာက သူ့မန်နေဂျာနဲ့ သူ့ကျွမ်းကျင်အလုပ်သမားနဲ့ သူ့ပညာရှင်နဲ့ကွ၊ မီသိန်းထုတ်လို့ကုန်သွားတဲ့နချေးတွေကြတော့ အခြောက်ခံ၊ စက်တွေနဲ့ဖိကြိတ် အတုံး ကြီးတွေလုပ်ပြီး သဘာဝမြေသြဇာအဖြစ်ပြန်ရောင်းရတယ်၊ မီသိန်းဓာတ်စင်သွားပြီး ဗက်တီးရီးယားတွေ ကျန်သေးတော့ အလွန်ကောင်းတဲ့မြေသြဇာဖြစ်သွားတာပဲ။ တိရိစ္ဆာန်အိပ်ယာလုပ်တဲ့ကုမ္ဗဏီတွေကလည်း အခင်းလုပ်ဖို့သုံးတယ်လေ”လို့ရှင်းပြတယ်။ ဒါနဲ့ ဟိုဟိုဒီဒီလိုက်လက်ကြည့် သိချင်တာမေးပြီး ပြန်ခဲ့ကြ တယ်။ နောက်တခေါက်ကျ ခြံတွင်းသုံးကားငယ်လေးပတ်မောင်းပြီး စုံစုံစေ့စေ့ပြပါဦးမတဲ့။ 

လှောင်ခြံဂိုဒေါင်ကြီးတွေက မိုးတိုးမတ်တပ်နွားတွေ၊ အစာဝါးနေတဲ့ တစ်ကိုယ်စာ သံတန်းလှောင်ကန့်လေးတွေထဲကနွားတွေ၊ စားမြုံ့ပြန်နေတဲ့နွားတွေ၊ နို့အုံကြီးတွေဖေါင်းကားပြည့်တင်းပြီး စက်တွေနဲ့နို့အညှစ်ခံဖို့ တန်းစီစောင့်နေတဲ့နွားတွေ၊ နို့ညှစ်ပြီး နို့ပိန်ရှူံ့တွနဲ့ ကိုယ့်နေရာ ကိုယ်ပြန်နေတဲ့နွားတွေ၊ နေမကောင်းလို့ဆေးခန်းပြနေတဲ့နွားတွေ၊ နားနေခန်းကနွားတွေ၊ နွားတွေ နွားတွေ။ နွားတွေမှအများကြီး။

လှောင်ခြံဂိုဒေါင်ကြီးတွေက မိုးတိုးမတ်တပ်နွားတွေ၊ အစာဝါးနေတဲ့ တစ်ကိုယ်စာ သံတန်းလှောင်ကန့်လေးတွေထဲကနွားတွေ၊ စားမြုံ့ပြန်နေတဲ့နွားတွေ၊ နို့အုံကြီးတွေဖေါင်းကားပြည့်တင်းပြီး စက်တွေနဲ့နို့အညှစ်ခံဖို့ တန်းစီစောင့်နေတဲ့နွားတွေ၊ နို့ညှစ်ပြီး နို့ပိန်ရှူံ့တွနဲ့ ကိုယ့်နေရာ ကိုယ်ပြန်နေတဲ့နွားတွေ၊ နေမကောင်းလို့ဆေးခန်းပြနေတဲ့နွားတွေ၊ နားနေခန်းကနွားတွေ၊ နွားတွေ နွားတွေ။ နွားတွေမှအများကြီး။ နို့ဓာတ်တွေခန်းလို့ နို့မရနိုင်တော့ဘူးဆို အဲ့နွားတွေပဲပေါ့ သားသတ်ရုံသွားဖို့တန်းစီကြရတာ။ သားရေခွာခံရဖို့နဲ့ တစ်ကိုယ်လုံးအမဲဖျက်ခံရဖို့ပေါ့။ ဒီနွားတွေ လယ်မထွန်ရဘူး။ ဒီနွားတွေ မိုးထဲလေထဲ နေပူကြီးထဲ လူနဲ့ဖက်မရုန်းရဘူး၊ လူ့အရိုက်အနှက်အဆဲအဆိုမခံရဘူး၊ ကောင်းကောင်းစား ကောင်းကောင်းအိပ်၊ ပိုးမွေးသလို တယုတယနဲ့မွေးထားကြတာ၊ ပူတဲ့အချိန်လေအေးစက် အေးတဲ့အချိန်လေနွေးစက်နဲ့ မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ဆရာဝန်နဲ့ ဆေးဝါးနဲ့။ ကျနော်ထင်တယ် ခွာနာလျှာနာဆိုတာ ဒီနွားတွေကြားဖူးမယ်တောင်မထင်ဘူး။ ထွန်တုံးတို့ နကန်(ကြိမ်လုံး)တို့ ဘာမှန်းတောင်သိမယ်မထင်ဘူး။ ဒီနွားတွေအတွက် ဘဝမျာ ခံရချက်အသက်သာဆုံးကိစ္စကတော့ နဖါးကြိုးဖြစ်မှာတော့သေချာတယ်။ နဖါးကြိုးအထိုးခံရတဲ့နွားတစ်ကောင်ရဲ့အဖြစ်အနေဟာ ဘယ်လောက်ဆိုးကြောင်းကို "ဒီလူက နဖါးကြိုးအထိုးခံထားရတဲ့လူကွ"ဆိုတဲ့စကားပေါ်ဆင်ခြင်ကြည့်ရင်ပဲ ပေါ်လွင်လွန်းလှပြီထင်တာပါပဲ။
 

ဒီမှာတော့ နွားဟာ နို့အတွက်၊ နို့ထွက်ပစ္စည်းအတွက်၊ အသားအတွက်၊ သားရေအတွက်၊ တိရိစ္ဆာန်အစာအတွက်၊ လျှပ်စစ်အတွက်၊ မြေသြဇာအတွက်၊ တိရိစ္ဆန်မွေ့ယာအတွက်ပဲ။
လူနဲ့ လယ်ထဲဖက်မရုန်းရလို့ ကျေးဇူးရှင်မဟုတ်ဘူးမဆိုနဲ့။ သူလည်း ကျေးဇူးရှင်ပဲ။ လူ့အစီးအပွားနဲ့ဓနဥစ္စာအတွက် လူ့ကျန်းမာရေးနဲ့အသုံးအဆောင်အတွက် လူအာဟာရနဲ့အသက်ဆက်ရှင်သန်မှုအတွက် တိုက်ရိုက်ရောသွယ်ဝိုက်ပါကျေးဇူးရှိတဲ့တိရိစ္ဆန်တွေပဲ။ ဒါပေမယ့် ဘယ်သူမှတော့ နွားကို ထိုင်ကန်တော့တာမရှိဘူး၊
ဘယ်သူမှလည်း ပန်းကုံးတွေစွပ် ရွှေရည်ငွေရည်တွေလောင်းပြီး ဘေးမဲ့မပေးကြဘူး။ ကျေးဇူးရှင်ဆိုပြီး ဘယ်သူမှလည်း အထွဋ်အမြတ်မထားကြဘူး၊ ဘယ်ဘုန်းကြီးကမှလည်း နွားသားမစားရလို့မဟောသလို၊ ဘယ်ကိုယ်တော်ကမှလည်း အမျိုး ဘာသာ သာသနာပြောရင်း နွားမသတ်ရေးတရား မဟောဘူး။ စက်မှုထွန်းကားတဲ့နိုင်ငံမှာ အဲ့သလိုအတွေးအမြင်တွေရှိနေသေးတယ်ဆို လူရယ်စရာပဲဖြစ်မှာ။ သဘာဝအတိုင်းတောနက်ကြီးထဲမှာ နွားဟာနွားလိုမနေရတာခြင်းအတူတူ၊
ကျွဲလိုနွားလိုမသေမချင်းရုန်းရပြီး သေကာနီးကျမှပန်းကုံးစွပ် ရွှေရည်လောင်းခံရတဲ့နွားဘဝထက်စာရင် ဒီနွားတွေကမှ နွားဖြစ်ရကျိုးနပ်သေးတယ်မှတ်တာပဲ။ နွားချင်းအတူတူတောင် မတူတဲ့နွားတွေပဲ။