Thursday, April 17, 2014

ပြည်တော်ပြန်၊ အိမ်ပြန်သူနဲ့ ဒေါ်လာစားများ (မျိုးမြင့်ချို)

0 comments
နယ်စပ်(ယိုးဒယား)နဲ့ တတိယနိုင်ငံရောက် သဏ္ဍန်အမျိုးမျိုးနဲ့ဗမာ့အရေးလှုပ်ရှားသူတွေကို စစ်အုပ်စုနဲ့ ပြည်တွင်းဒီမိုကရေစီအင်အားစုတွေထဲက(တချို့က) ဒေါ်လာစားတွေ
ဘာညာနဲ့သမုတ်ကြယိုးစွပ်ကြဖူးတယ်
သူတို့ယိုးသလို ဒေါ်လာလည်းတကယ်စားတယ်၊ မိသားစုလိုက်ကြီးတွေလွတ်မြောက်ပြီး စုမိဆောင်းမိဖြစ်နေသူတွေလည်းရှိတယ်။ သူတို့က အနည်းစုလေးပါ။ ဒါပေမယ့် သတင်းမီဒီယာတွေမှာ သူတို့က ပေါက်တယ်။

ကိုယ့်ထမင်းကိုယ်ရှာစားပြီး အချိန်ရသမျှ ဒါမှမဟုတ် ရသမျှအချိန်တိုင်းမှာ လုပ်ကိုင်နေသူတွေလည်းရှိတယ်။ သူတို့က အများစုကြီးပါ။ သတင်းမီဒီယာတွေမှာပေါက်ဖို့မပြောနဲ့ (တချို့ဆို) သူနေတဲ့မြို့ကလူတွေကြား မှာတောင် မထင်ပေါ်ဘူး။

ခု နောက်ပိုင်းကြတော့ ပြောခဲ့တဲ့ဒေါ်လာစားတွေထဲကအများစုက ပြည်တွင်းပြန်ဝင်ကုန်ကြ တယ်။ ဒေါ်လာစီးကြောင်းက နယ်စပ်နဲ့တတိယနိုင်ငံတွေကနေ ပြည်တွင်းကိုရွေ့ သွားတာကိုး။ သူတို့လည်း လိုက်ရွှေ့ကြတာပေါ့။ တချို့လည်း စီးပွားရေးလုပ်ငန်းရှင် တချို့လည်းနိုင်ငံရေး၊ တချို့လည်းငြိမ်းချမ်းရေးပွဲစား၊ တချို့လည်းအလုပ်သမားအရေး၊ တချို့လည်း သင်တန်းဖွင့်စား အမျိုးစုံပေါ့လေ။ အဲ့လိုလူတွေ လက်ကလေးတပြပြနဲ့ အိပ်ကြီးဆွဲလို့လေယဉ်ပေါ်ကဆင်းလာတော့ ခြွေရံသင်းပင်းဖေါ်တသင်းနဲ့ ပြုံးလို့ရွှင်လို့။ ရန်သူဟန် ဆောင်ကြသူတွေ ခု မိတ်ဆွေဗြောင်ဖြစ်ကုန်ကြတယ်ပြောရမှာပဲ။ 


ပြောခဲ့တဲ့ ကိုယ့်ထမင်းကိုယ်စားတွေကတော့ ခုချိန်ထိဂျီးဒေါ်နွားကျောင်းကြတုန်း။ ဒေါ်လာစီးကြောင်း ဘယ်ပြောင်းပြောင်း သူတို့ဘဝတွေက နဂိုနေကမရွေ့ကြဘူး။ ရုန်းတုန်းကန်တုန်း ထမင်းတစ်လုပ်အတွက် နဖူးကချွေးခြေမကျ ကြတုန်း။ လကုန်ရက်ရောက်ရင် ပေးမင်န့်တွေအတွက် ခေါင်းနောက်ရတုန်း။ ခုထက်ထိ သဏ္ဍန်ပြောင်း အရပ်သားအရေခြုံစစ်အာဏာရှင်စနစ်အပေါ် ရန်သူသတ်မှတ်ချက်မရွေ့သေးပဲ ဆန့်ကျင်တုန်း နိုင်သလောက်ထမ်းနေကြတုန်း။

ပြည်တွင်းဘက် တချက်လှမ်းမျှော်ကြည့်လိုက်တော့ ဒေါ်လာစားလို့စွပ်စွဲခဲ့ကြသူ(တချို့)က ခုတော့ အဲ့ဒီ သူတို့စွပ်စွဲခဲ့ကြတဲ့ဒေါ်လာစားတွေနောက် ဖိနပ်ကိုင်အိပ်ဆွဲ ထမီထုပ်ထမ်းတွေ ဖြစ်ကြတာလည်း
တွေ့ရတယ်။ တချို့များ ဒေါ်လာစားတွေလုပ်တဲ့ပွဲမှာ အရောင်ပါသောအရက်ကလေး
သောက်ရဖို့အရေး သွေးလိုက်ရတဲ့မျက်နှာချိုမှ ပုရွက်ဆိတ်တောင်တက်လုတက်ခင်ပဲ။ အဲ့သလိုနဲ့ ဘဝဟာ အဆီကိုစားပါလို့အသားကိုမြို ကြောင်ကြီးရယ်တဲ့မြီးတံတို။

အိမ်လွမ်းလို့ အမေအဖေလွမ်းလို့ ပြည်တော်ခဏအလည်ပြန်တဲ့ ကိုယ့်ထမင်းကိုယ်စားတွေကြတော့ လေဆိပ်မှာငိုဟယ်ယိုဟယ်၊ မျက်ရည်တစမ်းစမ်းနဲ့ အလွမ်းသယ်ကြ၊ ဆွေကွဲမျိုးကွဲတွေအိမ် အူယားဖါးရားလိုက်ရှာ။ သားသမီးမြေးမြစ်တွေ ခုမှ ဆွေပြမျိုးပြလုပ်။ ပါလာတာလေး ဝေခြမ်း။ ရော့ဟဲ့ရော့ဟဲ့နဲ့ ဟိုလူ့တစ်ဖဲ့ ဒီလူ့တစ်ခြမ်းလေးလုပ်။ ကလေးတွေသင်္ကန်းစီး အလှူအတန်းလေးလုပ်။ ဟိုလူမှုရေး ဒီလူမှုရေးအသင်းအဖွဲ့လေးထဲလည်း နိုင်သလောက်လေး ဒါနပြု၊ နောက်ဆုံး ဗီဇာသက်စေ့လို့ပြန်မယ်လုပ်တော့မှ အမျိုးထဲက နည်းနည်း သောင်သာင်သာသာ

ရှိသူဆီက ဟိုရောက်ရင်ပြန်ပို့ပေးပါ့မယ့်ကတိနဲ့ လူမသိအောင်ပိုက်ဆံချေး လေယဉ်လက်မှတ်လေးဝယ် ဒီပြန်ပြေးလာပြီး စက်ရုံထဲဝင် ဆူရှီးဆိုင်ရောက်။ အဲ့သလိုနဲ့ ဘဝဟာ မစားရဝခမန်း မီးဇာကုန်ဆီခမ်း ခြေကုန်လက်ပမ်းတော့မကျကြ။

0 comments:

Post a Comment