Wednesday, April 23, 2014

တျူးလစ်အတွက် လျှော့ချလိုက်တဲ့အတ္တ ၅ဝ (မျိုးမြင့်ချို-ဧပြီ ၂၁ဝ၁၄)

0 comments
တျူးလစ်အတွက် လျှော့ချလိုက်တဲ့အတ္တ ၅ဝ (မျိုးမြင့်ချို-ဧပြီ ၂၁ဝ၁၄)
ကိုယ့်လက်နဲ့ ကိုယ်တိုင်စိုက်ပျိုးယူခဲ့တဲ့ တျူးလစ်ပ်ပန်း နီနီလေးတွေနဲ့ ဒက်ဖီဒေးလ်လေးတွေ ဖူးစပြုကြ ပွင့်ကြအာကြပြီ။ အလှတော့ မစုံကြသေး။ လီလီပန်းတွေလည်း အစို့ပြူကြပြီ။ မြေစိုက် သစ်ခွတွေတော့ Hoop House လေးထဲမှာ အနွေးပေးထားရတုန်း။ အပင်ပေါက်ရင် အိုးလိုက်လေးတွေ ဝယ်မယ့်သူလည်းရှိပြီ။ တစ်အိုး ၅ ဒေါ်လာ..တဲ့၊ မဆိုးပါဘူး၊ ရောင်းတော့ရောင်းရ မှာပါ။

တနေ့ကနဲ့ တမြန်နေ့တွေက ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အာလူး ၃ ဘောင်ချလိုက်ပြီ။ ကြက်သွန်ခင်း ဒီနေ့မနက်သွားကြည့်တော့ အမြိတ်စိမ်းကလေးတွေတောင်ထွက်လို့။ နှစ်တိုင်းယက်ထွန်… ကြက်သွန်ခင်းရဲ့ အလယ်…..ပဒတ်ကလေးနီကျင်ကျင်ရယ်... နွယ်ကြိုးရှည်နဲ့သွယ်တွေ ဘာတွေတောင်ဆိုမိတော့မလို့။ သာယာဝတီထောင်တိုက်ဝင်းထဲ ကြက်သွန်နီတွေစိုက်ခဲ့ကြ၊ ကြက်သွန်ဖူးတွေချက်စားခဲ့ကြတာ သတိရတယ်။ ဒီ အမေရိကန်ကြက်သွန်ဖူးတွေလည်း ချက်စားကြည့်ဦးမယ်၊ ချိုတော့ချိုမှာပဲ၊ ခက်တာက ငါးပိပဲ။ ထောင်ထဲက ကြက်သွန်ဖူးဟင်းအတိုင်း ကွက်တိအရသာရဖို့ဆို ပုံစံငါးပိက မရှိမဖြစ်မိုးပဲ။

မနှစ်ကချခဲ့တဲ့ပန်းသီးပင်တွေ ပုရစ်နုလေးတွေထွက်လာပြီ။ တပင်ကတော့ ဒီနှစ်ပဲ စသီးမယ့်ပုံပေါ်တယ်။ စပျစ်အပင် ၄ဝ လောက်ချထားတာလည်း ဒီနှစ်စသီးမှာပဲ။ ဘယ်ရီးသီး(နီပြာနက်)တွေလည်း သီးဖို့ အားယူပြီ။ သမင် ၂ ကောင် ဟိုတလောက ဖြုတ်ကနဲတွေ့လိုက်တယ်။ ခု မလာတော့ပြန်ဘူး။ ဘာများဖြစ်သလဲပဲ။ ခြံနောက်က ရေဒီယိုစတေရှင်က လူတွေကားတွေအဝင်အထွက်များလို့တော့ ဟုတ်မယ်မထင်။ ဒီ့ထက်ပို လူဥဒဟိုနေရာတွေတောင် ဒီကောင်တွေ ဘေးမသီရန်မခ သွားနေကြသေး တာပဲ။ ယုန်လေးတွေကတော့ မှန်မှန်လာတယ်။ သက်ကယ်ပင်လိုမြက်မာတွေကထွက်တဲ့ ရွက်နုလေးတွေကို လာလာကိုက်ဖြတ်စားတယ်။ ကိုယ်လမ်းလေးတော့ သတ်သတ်မှတ်မှတ် မတွေ့မိသေးဘူး။ အပင်တွေမကိုက်အောင် ကာသင့်တာ ကာဦးမှ။ သူတို့စားဖို့လည်း ချန်သင့် သလောက်ချန်ဦးမှ။ ဘောင်တချို့ကို ဘာမှ မကာပဲလွှတ်ထားမယ်၊ စားပေ့စေ။

ခရမ်းချဉ်၊ ရွှေအပ်ငြုတ်သီးစိမ်း၊ ရုံးပတီ၊ ချဉ်ပေါင်၊ ကြက်ဟင်းခါးတွေလည်းပျိုးထားပြီ၊ အအေးအပတ် မစိုးလို့ မြေတော့ချမရသေး။ ပဲတောင့်ရှည်အပါဝင် ပဲသီးစိမ်းမျိုးစုံအတွက် ဝါးကိုင်းတံလေးတွေဝယ်ဖို့ မနေ့ကတော့ စာရင်းတို့ထားပြီ။ ပဲသီးတောင့်ကို ခြံထွက်ကြက်ဥနဲ့ကြော် ငရုပ်ကောင်းမှုန့်လေးဖြူး၊ ဟင်းခါးလေးတခွက်ချက်၊ ငါးပိရည်တို့စရာစုံနဲ့ ဆွဲလိုက်လို့ကတော့ ဆွေမျိုးပါမေ့မလားပဲ။ ဇနီးသည်လည်း ခုဆို ငါးပိရည်ကျိုနဲ့ အနံ့ပြင်းတဲ့ဟင်းတချို့ကလွဲလို့ ဗမာစာတွေအကုန်နီးနီးခံတွင်းတွေ့နေပြီ။ စားလည်း အတော်စားပါ့။

ကညွှတ်တွေတော့ ရှေ့အပတ်ဆို အညှောင့်ထွက်လောက်ပြီထင်ရဲ့။ တရုတ်ကန်စွန်းပွ ရွက်ကြီးတော့ ရေနည်းနည်းဝပ်တဲ့နေရာမှာ အကျယ် ၄ ပေခွဲ၊ အလျား ပေအစိတ်လောက်ရှည်မယ့် ဘောင် ၃ ဘောင်လုပ်ပြီးချမယ်။ အဖုတ်လိုက်ကလေးတွေထွက်လာအောင် အစေ့တွေအစုလိုက်အစုလိုက် မြှုတ်မယ်။ ဒါမှ တစ်ပင်ခြင်းဆိတ်နေစရာမလိုပဲ ရိပ်ချလိုက်ရုံပဲ။ ကန်စွန်းရွက်နုထွားထွား အခေါင်းပွကြီးတွေကို တံစဉ်ပါးအသွားထက်ထက် မြိမြိလေးနဲ့ရိတ်ချလိုက်လို့ ဂျွိကနဲဂျွိကနဲမြည်တဲ့ အသံတောင်နားထဲကြားမိတယ်။ ကြက်တွေလည်း အစာစိမ်းဆိုလို့ မြက်ချည်းစားရတာ ငြီးလှလောက်ပြီ။ ကန်စွန်းနုဖတ်ဖတ် စိမ်းစိမ်းစိုစိုလေးဘာလေး ဆိတ်ရဆွရအောင် တဘောင်သတ်သတ်ထားမယ်။ တနေ့တနေ့ သူတို့ ဥ ဥပေးနေတာ နည်းတာမှတ်လို့။ မနေ့များ ၁၃ လုံးတောင်။ သွားကောက်တော့ ဥစမို့ထင်တယ် ဥကြီးက လက်ဖဝါးထဲမှာနွေးနေတုန်း။

ဖရုံပင်တွေတော့ မြက်ထဲပဲလွှတ်လိုက်မယ်။ မသီးခင် အဖိုပွင့်ဝါဝါလေးတွေပွင့်တာနဲ့ မနွမ်းခင်ခူး၊ အညွန့်ဖျားလေးတွေပါပေါင်းပြီး ကြော်ချက်လေးချက်စားရင် အရသာရှိလိုက်မယ့်ဖြစ်ခြင်း။ ဖရုံသီးကို ပုဇွတ်ဆိတ်ကလေးတွေခတ် ပင်စိမ်းရွက်လေးအုပ်ပြီး အရည်သောက်လေးချက်တတ်တဲ့ အမေ့လက်ရာ စားရဖို့တော့ သေချာသလောက်ရှိတယ်။ လင်ကောင်းမှစံ/မစံတော့ မပြောတတ်ဘူး၊ ဗူးကတော့ စင်ခံမှကိုဖြစ်မှာ။ ကြက်ခြံထောင့်က ထင်းရှူးပင်ကြီးနားဆို မဆိုးဘူး။ သီးချိန်တန်လို့မှ မသီးလို့ကတော့ ဂါဝန်အဟောင်းကြီး ပတ်ပေးထားလိုက်မယ် မှတ်ကရောဟဲ့ဆိုပြီး။ နွေဆို ကြက်တွေ ဗူးစင်အောက်မှာ အရိပ်ခိုလို့ရမှာပဲ။ ဗူးသီးတွဲလောင်းကြီးတွေ ခေါင်းနဲ့မတိုက်မိအောင်ရှောင်ရင်း အောက်မှာ ခုံလေးတွေ ချထိုင်လို့၊ ဗူးသီးကြော်မွှေးမွှေး ကြွပ်ကြွပ်ရွရွကို မန်ကျည်းမှဲ့ချဉ်လက်ဖျော်လေးနဲ့ ဆလတ်ရွက်ဖါးဖါးကြီးတွေနဲ့ တို့ကာတို့ကာ စားမယ်။ ကိုခင်မောင်လေးအိမ်ကနေ မျိုးရလာတဲ့ ပုဇွန်စာရွက်(မြက်ကြွပ်ရွက်)တွေ ညီမအိမ်မှာ မနှစ်ကတွေ့တယ်။ သွားတောင်းဦးမှ။ သူလည်း ကြော်စား ကောင်းမှကောင်း။

နှစ်ယောက်သား နွေဦးပေါက်ပဟေ့ဆိုကတည်းက သုံးပတ်လုံးလုံး (အိမ်မှာရှိနေချိန်တိုင်း) နေရောင်နဲ့မြင် ရနေသမျှ ပင်ပမ်းခံကြိုးစားခဲ့တာ ခုတော့ တဖြည်းဖြည်းအရာထင်စပြုပြီ။ ရုပ်လုံးလေးပေါ် စပြုပြီ။ တောက်လျှောက်လည်း နှစ်ယောက်ပေါင်း လက် ၃ ဘက်၊ ခြေ ၃ ချောင်းနဲ့ စတည်တာပဲ ဘဝဥယျဉ်ခြံလေးတခုကို။ ထရပ်ကား သူများဆီကငှားပြီး မြေဝယ် မြေသယ် မြေတိုက်တယ်။ လက်တွန်းထွန်စက် သူများဆီကငှားပြီး ကိုယ်တိုင်ထွန်ယက်တဲ့ဇနီးသည်ရဲ့ခွန်အားနဲ့သန်မာပုံဟာ အံ့ဖို့ပဲကောင်းသေးတော့။ ခွေးခြေလေးရွှေ့ရွှေ့ပြီးထိုင် ပေါက်တူးအပေါ့စား၊ သံထွန်ခြစ်ရှစ်ခြောင်းသွားနဲ့ ကျနော်က မြေညှိတယ်။ ညီသွားတော့မှ ခြံထောင့်မှာ တနှစ်နီးပါးစာ စုစုပြီးပုံထားတဲ့ကြက်ခြေးမြေသြ ဇာတွေနဲ့ မြေနဲ့သမပေး၊ မြေဆီမြေနှစ်ကောင်းလို့နဲ့တူတယ် မြေကလည်းမဲလို့၊ အနံ့လည်းသင်းလို့၊ လက်ထဲမှာလည်း စီးစီးပိုင်ပိုင်လိုရှိလိုက်တာ။

အိမ်ထောင်ဦးလိုပေါ့၊ ခြံဦးတည်စဆိုတော့ ဝယ်လိုက်ရတဲ့တိုလီမုတ်စမှ စုံစီနဖါပဲ မနည်းကုန်လှ တယ်။ တော်သေးတယ် ဒါတောင် မော်တာတပ် Chain Saw သစ်ဖြတ်လွှနဲ့ အခြားစူးဆောက်တန်ဆာ ပလာတွေ ခရစ်စမတ်လက်ဆောင်အဖြစ်ရလို့။ ခြံစိုက်တော့မယ်ဆိုတော့ ပေးကြတဲ့ခရစ်စမတ် လက်ဆောင်က လွှတဲ့၊ တူတဲ့၊ လွန်ပူတဲ့၊ မြက်ရိပ်စက်တဲ့၊ ထွန်ခြစ်တဲ့ အံ့စရာကောင်းတယ်မထင်ဘူးလား။ ဒါပေမယ့် လိုတာတွေရွေးဝယ် လက်ဆောင်ပေးတတ်သူတွေမို့ ကျေးဇူးတင်လှတယ်။

မနှစ်က မိတ်ဆွေတစ်ယောက်လာပြီး ခုတ်ပိုင်းချပေးတဲ့သစ်ခြောက်ပင်ရဲ့ ကိုင်းကြီး/ငယ်တွေကို စိုက်ဘောင်တွေလုပ်ဖို့ ဇနီးသည်စိတ်ကူးကြောင့် သစ်သားချောင်းဖိုး ငွေ (၂)ရာလောက် သက်သာ  သွားတယ်။ သစ်လုံးပေါင်တွေက မလှဘူး၊ ညီညီညာညာမရှိဘူး။ ဒါပေမယ့် သာဘာဝအတိုင်း မပြုမပြင်ဆိုတော့ ကြည့်ကောင်းတယ်မှတ်တာပဲ။ ပင်ပမ်းတာတော့ ပြောမနေနဲ့။ ရှိစုမဲ့စု လက်ဖဝါးလေးတောင်ကြိမ်းရောပဲ။ ရေကြည်ဖုတွေထွက်ရော၊ အရေပြားလန်ရောပဲ။ ခုလောလောဆယ် ခြံက ဘာမှ ငွေမဖြစ်သေးတဲ့အပြင် အစိုက်ချည်းပဲဆိုတော့ အပြင်ထွက်ထမင်းဖိုးတော့ လုပ်ရသေးတာပဲ။ နောက် ၂ နှစ်လောက်ဆို ငွေပေါ်ပြီမှတ်တယ်။ အဲ့အချိန်ဆို အပြင်အလုပ် မလုပ်တော့ဘူး။ သီးနှံပင်တွေနဲ့ ကြက်ကလေးငှက်ကလေးတွေနဲ့ စာရေးစာဖတ်ချိန်ပိုထွက်လာ မယ်တွေးတာပဲ။ စိတ်လက်ကြည်နူးစရာများ ရတန်ကောင်းရဲ့တွေးပြီး ခုကတည်းက ကြိုပျော်ကြည့်တော့ သိတ်အရသာမရှိလှဘူး။

လူမချမ်းသာရင်နေ စိတ်ချမ်းသာရင်တော်ပြီဆိုတဲ့ တစ်ခြမ်းပဲ့ဆုလည်းမတောင်းခဲ့ဖူးဘူး။ မရကာမှနေရော နှစ်ခုလုံးလိုချင်တယ်။ ကျန်းမာရေးလည်းကောင်းချင်တယ်။ သေခါမှသေရော။ အိုရခြင်းနာရခြင်း သေရခြင်းမှာတောင် ပြည့်စုံသူနဲ့ချို့ငဲ့သူ ဘယ့်လောက်ခြားနားလိုက်သလဲ။ သာမန်အခြေအနေမှာ ပြည့်စုံသူဟာ အအိုနှေးအောင်၊ အသက်ရှည်အောင်၊ အနာမဲ့အောင်၊ သေရင်တောင် ဝေဒနာအနည်းဆုံးနဲ့သေအောင် ကြံဆောင်နိုင်သေးတာပဲ။ ရတာလေးနဲ့ဝအောင်စားတွေ ဘာညာတွေလျှောက်ပြောပြီး လူ့လုပ်အားပေါ်ကနေ အမြိုင့်သား ထိုင်စားနေသူတွေကို ကြည့်လိုက်၊ ဝလို့ဖီးလို့၊ အဆီတထပ်အသားတထပ် ဂုတ်ပိုးကြီးတွေမှ အရစ်အရစ်တက်လို့။ ဟိုလူတွေမှာသာ ပြောသမျှယုံရင်း ဘာမှန်းမသိတဲ့နောက်ဘဝဆိုတာ အတွက် သေချာတဲ့ခုဘဝကိုပုံအပ်ကာ ဖွတ်ကျောပြာစုခရုဆန်ကျွတ်။

စိတ်ဆင်းရဲစရာ(ဒုက္ခဆိုတာ)ကတော့ လူတိုင်းရှိကြတာချည်းပဲ။ စိတ်ဆင်းရဲကြတာခြင်းအတူတူ ရုပ်ဝတ္ထုမပြည့်စုံမှုကြောင့် အပိုဆောင်းရတဲ့စိတ်ဆင်းရဲမှုမျိုးကို ခင်ဗျားရောလိုချင်မလား။ ကျနော်လည်း မလိုချင်ဘူး။ ဒါပေမယ့် တခုတော့အတိအလင်းပြောပါရစေ၊ လူချမ်းသာဖို့ အချိန်(ဘဝတစ်ခုလုံး) ပုံပေးလိုက်မယ်လို့တော့များတော့ ဘယ်တော့မှစိတ်မကူးဘူး။ “သေလို့ယူသွားလို့ရရင်တောင်မှ ငွေအတွက် ဘဝကိုမဖြုန်းတီးပစ်ဘူး”။ လူချမ်းသာဖို့သက်သက်အတွက် ဘဝဟာအသုံးချစရာမဟုတ်ဘူး။

ဘဝဟာ သိတတ်စအရွယ်ကတည်းက တခါတလေတစ်ခြမ်းပဲ့၊ တခါတလေ နှစ်ခြမ်းလုံး ပဲ့ခဲ့ရတယ်။ ဘဝပဲ့ဟာ ဂျင်ပဲ့နဲ့တော့မတူဘူး။ ဝိုင်းတိုင်း ဝင်ပေါက်လို့မရဘူး။ အိမ်ထောင်ပြုမယ်ဆိုတော့ ပဲ့နေတဲ့ ကိုယ့်တစ်ခြမ်းကို တစ်လုံးဖြစ်ချင်လို့မဟုတ်ကြောင်း ပြောပြဆွေးနွေးတော့ သဘောမျှတယ်။ ဒါနဲ့ လက်ထပ်တယ်။

အိမ်ထောင်သည်ဘဝမှာ ကိုယ့်တစ်ခြမ်းပဲ့ဘဝထဲက ကိုယ့်အတ္တ ၅ဝ ကိုလျှော့တယ်။ သူလည်း သူ့တစ်ခြမ်းပဲ့ထဲက သူ့အတ္တကို ၅ဝ လျှော့တယ်။ လက်ကျန် ၅ဝ စီအတ္တတွေကို ယုံကြည်ရာလုပ်ဖို့၊ ဝါသနာပါရာလုပ်ဖို့၊ သီးသန့်စိတ်လက်ကြည်အေးစရာလုပ်ဖို့ ချန်တယ်။ လျှော့ချဖဲ့ထုတ်လိုက်တဲ့ သူ့ ၅ဝ၊ ကိုယ့် ၅ဝ အတ္တတွေ ပြန်သမလို့ရလာတဲ့ အတ္တ ၁ဝဝ နဲ့ အိမ်ထောင်သည်ဘဝကို စတာပါပဲ။ “မင့်အတ္တတွေအကုန်စွန့်ပြီးငါ့ကိုချစ်ပါ”လို့ ဘယ်သူမှ မတောင်းဆိုခဲ့ကြဖူးဘူး။ ဘဝနှစ်ခုကို တစ်ခုတည်းဖြစ်အောင်လည်း မကြိုးစားကြဘူး။ သူ့လက်ကျန်အတ္တ ၅ဝ ထဲမှာ သူလည်းပျော်သလိုနေ၊ ကျနော်လည်း ကျနော့် ၅ဝ နဲ့ ပျော်အောင်နေဖို့ပါပဲ။

အိမ်ထောင်ပြုတယ်ဆိုတာဟာ တစ်ခြမ်းပဲ့ခြင်းပေါင်းစည်းကြတာပဲ။ သူ့အတ္တကိုယ့်အတ္တ မျှပြီးလျှော့ကြတာပဲ။ လျှော့လိုက်တဲ့အတ္တတွေ ပြန်သမပြီးပေါင်းကြတာပဲ မဟုတ်လား။
အတ္တ ၅ဝ ဆို ဘဝဟာလုံလောက်ပြီး နေပျော်တယ်ယုံတာပါပဲ။

0 comments:

Post a Comment