အကြောင်းပြချက်က “သာသနာ့အလံ” ကို မဖွယ်မရာလုပ်လို့တဲ့။
သာသနာ့အလံက သာသနာနဲ့သက်ဆိုင်တဲ့နေရာမှာလွှင့်ပေါ့၊ ထူပေါ့။ သာသာနာနဲ့ သာသနာဆိုင်ရာပစ္စည်းတွေကို
ခုတုံးလုပ်အသုံးချနေတာကို ပြည်နယ်အစိုးရရော ပြည်ထောင်စုအစိုးရဆိုသူတွေက လက်ပိုက်ကြည့်နေတယ်။
တီးတိုးကြိတ်ပြီး မြှောက်ထိုးပင့်ကော် လုပ်နေတယ်။
သင်္ကန်းဝတ်ဝီရသူ ရခိုင်ပြည်နယ်ကိုရောက်နေတာ
မတ် ၁၈/၁၉ ရက်ဖြစ်ပါတယ်။ စစ်တွေအကြမ်းဖက်ဖျက်ဆီးမှုတွေ
ပေါ်ပေါက်တာ မတ် ၂၆/၂၇ ဖြစ်ပါတယ်။ ကုလသမဂ္ဂနှင့်
နိုင်ငံတကာအဖွဲ့အစည်းများ (INGOs)ပိုင်ဆိုင်တဲ့ အဆောက်အဦးနဲ့ပစ္စည်းတွေကို ဖျက်ဆီးတဲ့
အကြမ်းဖက်မှုဖြစ်ပါတယ်။
ဒီလို အကြမ်းဖက်ဖျက်ဆီးနေတာတွေကို ရဲက သေနတ်နဲ့ပစ်ခတ်ပြီးတားဆီးတော့
၁၃နှစ်အရွယ်မိန်းကလေးတစ်ဦး အသက် ဆုံးရှုံး ရတယ်။ အကြမ်းဖက်ဖျက်ဆီးသူတွေထဲမှာ “မျက်နှာစိမ်းတွေပါတယ်”လို့လည်း
စစ်တွေမြို့ခံတွေကပြောကြတယ်။ နောက်ဆုံး စစ်တွေမြို့ဟာ ကာဖျူးထုတ်ရတဲ့ဘဝ ကျရောက်သွားရတယ်။
မတ်လ ၂၈ ရက်မှာ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရကထုံးစံအတိုင်း
နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်မောင်မောင်အုန်း ကို ဥက္ကဋ္ဌအဖြစ်ခန့်အပ်ပြီး “စုံစမ်းရေးအဖွဲ့”
ဖွဲ့ပါတယ်။
မတ် ၂၉ ရက်နေ့မှာ “ ဝီရသူ-မြအေးပူးတွဲကြေညာချက်” ဆိုတာထွက်လာတယ်။ ဝီရသူနဲ့
ဒိုင်းမွန်းရွှေကြည်ဆိုသူတို့တွေ့ပြီး စာတတန်ပေတတန်တွေ ထွက်ပေါ်ခဲ့ဖူးတာပဲ။ ဒါပေမယ့်
အကြမ်းဖက်မှုတွေလျော့မသွားတဲ့အပြင် ဆက်တိုက်ဆိုသလိုဖြစ်လာနေတယ် မဟုတ်ပါလား။
မတ် ၂၉ ရက် သမ္မတနဲ့နိုင်ငံရေးပါတီ ၆၃ ဖွဲ့တွေ့ဆုံပွဲ၌
သတင်းထောက်တစ်ဦးက သန်းကောင်စာရင်းမှာ “ရိုဟင်ဂျာ”
အမည် စာရင်းထည့်သွင်း/မသွင်းကိစ္စ သမ္မတပြောခွင့်ရဗိုလ်ရဲထွဋ်အားမေးမြန်းရာ “ရိုဟင်ဂျာလို့ဖြည့်ချင်တယ်ဆိုရင်
ကျနော်တို့ ဒါဆက်ပြီးတော့ လက်ခံမှာမဟုတ်ဘူး၊ သူ့ကို ဘင်ဂါလီလို့ဖြည့်ရင်ရမယ်၊ တခြားသက်မှတ်ထားတဲ့ကုဒ်နံပါတ်တွေ
ဖြည့်ရင်ရမယ်၊ ဒီရိုဟင်ဂျာလို့ပြောရင်တော့ ကျနော်က စာရင်းရေးသွင်းမှာမဟုတ်ဘူး” လို့
ဖြေသွားပါတယ်။
“ရိုဟင်ဂျာဟု ဖြေလျှင် သန်းခေါင်စာရင်းကောက်ယူမည်မဟုတ်”
ဟု (လဝက)ဝန်ကြီး ဦးခင်ရီကလည်းပြောနေပါတယ်။
စစ်တွေမြို့အကြမ်းဖက်မှုဖြစ်ပွားရခြင်း၊ အရေးယူဆောင်ရွက်ခြင်းများနဲ့ပတ်သက်ပြီး
သမ္မတပြောခွင့်ရဗိုလ်ရဲထွဋ်က ရခိုင်ပြည်နယ် အစိုးရအပေါ်ပုံချနေပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်က
မူ “ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီပေးမှုနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားနှင့်
ဘင်္ဂါလီတို့အကြား မျှတစွာအကူညီပေးမှုမရရှိသည့်အတွက် ကျေနပ်ရာမှ ပဋိပက္ခဖြစ်ပွားရခြင်းဖြစ်ကြောင်း”ပြောပါတယ်။
လာမည့်
ဧပြီလ ၇ ရက်၌ ဗိုလ်မောင်မောင်အုန်း “စုံစမ်းရေးအဖွဲ့”က အကြောင်းရင်းကို သမ္မတ(ဗိုလ်)ဦးသိန်းစိန်ထံ
မည်သို့ အကြောင်းပြအစီရင်ခံလိမ့်ဦးမည်မသိပါ။ “ရခိုင်ပြည်နယ်အုပ်ချုပ်ပိုင်းမှအဓိကတာဝန်ရှိသူများကို
စုံစမ်းစစ်ဆေးဖော်ထုတ်ရန်”ဟုဆိုထား သဖြင့် တရားခံအဖြစ် ဘယ်သူထိုးကျွေးခံရမလဲ။ ရှေ့က
နောင်တော်ကော်မရှင်များဖြစ်သော လက်ပံတောင်း၊ ရခိုင်ပြည်နယ်၊ ဒူးချီးရားတန်း အစရှိသော
ကော်မရှင်များကဲ့သို့ “မီးလောင်ဗုံးကို မီးခိုးဗုံးပါ”ဟု ပြောကြ/ရေးကြမည့်ကော်မရှင်များသာလျှင်
ဖြစ်ပါလိမ့်မယ်။
မည်သို့ပင်ဖြစ်စေ သင်္ကန်းဝတ်ဝီရသူအား စနက်တံပြု၍
လူမျိုးရေး/ဘာသာရေးအကြမ်းဖက်မှုများကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရက လုပ်ကြံဖန်တီးနေပါတယ်။
ယင်းအချက်ကို မြင်အောင်ကြည့်ဖို့လိုပါတယ်။ “ဝှိုက်ကဒ်”တွေ ဖောဖောသီသီထုတ်ပေးပြီး “၂ဝဝ၈
အခြေခံဥပဒေ”ကိုထောက်ခံမဲပေးခိုင်းခဲ့တာ၊ “၂ဝ၁ဝ ရွေးကောက်ပွဲ”မှာ ကြံ့ဖွံ့ပါတီကိုမဲပေးစေခဲ့တာ၊
“ဝှိုက်ကဒ်”ကိုင်သူတွေ မဲပေးခွင့်/ ပါတီထောင်ခွင့်ပေးခဲ့သူဟာ (နဝတ-နအဖ) စစ်အစိုးရနဲ့
ကြံ့ဖွံ့အစိုးရအုပ်စိုးသူတွေပဲဖြစ်ပါတယ်။
ယခုအခါ “စစ်တွေဆန်လုပွဲ” ဆင်နွှဲခဲ့ဖူးသော တချိန်ကစစ်တွေသားများရဲ့တောက်ပြောင်ခမ်းနားသောသမိုင်းသည်
အိုးမည်းအသုတ်ခံနေရပါတယ်။ တောက်ပြောင်ခဲ့သောစစ်တွေသမိုင်း ရာဇဝင်မရိုင်းစေရန်နှင့်သမိုင်းသစ်ဖန်တီးရန်
မျိုးဆက်သစ် စစ်တွေမြို့သား၊ ရခိုင်ပြည်နယ်သားများတွင်
တာဝန်ရှိပါတယ်။
ညွန်း မဇ္ဈိမ၊( ၁၉- ၃- ၂ဝ၁၄)၊ ကေဇူး - “ဦးဝီရသူ သံတွဲတွင် မီဒီယာသင်တန်း ယနေ့ပို့ချမည်”
-
(RFA)၊(၂၉-၃-၂ဝ၁၄) သတင်း
-
(၂၉-၃-၂ဝ၁၄) ကြေးမုံသတင်းစာ
-
(၂၉-၃-၂ဝ၁၄) ဦးဝီရသူ - ကိုမြအေး ပူးတွဲကြေညာချက်
0 comments:
Post a Comment