Sunday, April 6, 2014

အိုင်အာအိုင်၊ စက္ကူ စုတ်စစ်တမ်းနှင့်လတ်တလောတိုးတက်မှုများ (ဒေါက်တာ-ရန်မျိုးသိမ်း)

0 comments
အိုင်အာအိုင်၊ စက္ကူ စုတ်စစ်တမ်းနှင့် လတ်တလောတိုးတက်မှု များ  (ဒေါက်တာ-ရန်မျိုးသိမ်း) အမေရိကန်ပြည်ထောင်စု၊ အစိုးရ၏ငွေကြေးထောက်ပံ့ထားသော အပြည်ပြည်ဆိုင်ရာ ရီပတ်ပလစ်ကင်အင်စတီကျူသည် လူထုစစ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပြီး၊ မြန်မာနိုင်ငံအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်း တွင် ဗျူဟာမြောက်အရောင်တင်ပေးခဲ့သည်။

လူထုဆန္ဒသဘောထားစစ်တမ်းဟုသုံးနှုန်းခဲ့သည့် အလျောက် မြန်မာပြည်သူလူထု၏သဘောထားအများစုကို လွှမ်းခြုံမိနိုင်လိမ့်မည်ဟုယူဆနိုင်သော်လည်း၊ လက်တွေ့တွင် အိုင်အာအိုင်စစ်တမ်းသည် မြန်မာအစိုးရကိုသာ အများစုကိုယ် စားပြုသောစက္ကူစုတ်အဆင့်သာjဖစ်ခဲ့သည်ဟု သုံးသပ်နိုင်သည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် အိုင်အာအိုင် ခေါ် အပြည်ပြည်ဆိုင်ရာရီပတ်ပလစ်ကင်အင်စတီကျုသည် မြန်မာ့လူထုသဘောထား စစ်တမ်းတစ်ရပ်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက် မှ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့အတွင်း၊ မဲပေးနိုင်ခွင့်ရှိသူ သုံးaထာင်ကျော်ကို မေးမြန်းပြုစု၊ ထုတ်ပြန်ခဲ့သည်။ စစ်တမ်းကို အမေရိကန်ပြည်ထောင်စု အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (ယူအက်စ် အေအိုင်ဒီ) မှတဆင့် အမေရိကန်ပြည်သူများ၏အထောက် အပံ့ဖြင့် ဆောင်ရွက်ခဲ့သည်ဟုဆိုသော်လည်း၊ စစ်တမ်း၏ရလဒ်သည် မြန်မာပြည်သူလူထုအများစုကြီး၏ ဆန္ဒသဘောထားအားလွှမ်းခြုံနိုင်မှုအပိုင်းတွင် အလွန့်၊ အလွန်အားနည်းခဲ့သည်ကိုတွေ့ရှိရသည်။
အိုင်အာအိုင်စစ်တမ်းကို လတ်တလောတိုးတက်မှုများနှင့်အဏုစိပ်ပြဿနာများဟု နှစ်ပိုင်းခွဲခြားဖော်ပြထား သည်။ လတ်တလောတိုးတက်မှုအပိုင်းတွင် ဒီမိုကရေစီစနစ်၊ မဲပေးမှု၊ လတ်တလောစီးပွားရေး၊ လတ်တလောပြဿနာများ၊ ပြည်ထောင်စုအစိုးရနှင့်လွှတ်တော်၊ အစိုးရ၏စွမ်းဆောင်ရည်၊ ပါတီနှင့်အဖွဲ့အစည်းများ စသည့်အပိုင်းများပါဝင်သည်။ လူထုသဘောထားစစ်တမ်းတစ်ခု၏ ရလဒ်သည် ပြည်သူလူထုအများစုကြီး၏ ဆန္ဒသဘောထားနှင့်ကင်းလွတ်နေခြင်းသည် စနစ်တကျဗျူဟာမြောက်ချဉ်းကပ်လျက်၊ အကွက်ချစီမံခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည့်နည်းတူ၊ စစ်တမ်းပါမေးခွန်းများ၏ အဓိပ္ပါယ်နှင့်ဆိုလိုရင်းကို ဖြေကြားသူများက ကောင်းစွာနားလည်မှု မရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ဒီမိုကရေစီစနစ်အပိုင်းတွင် ဖြေဆိုသူအများစုသည် ဒီမိုကရေစီစနစ်ကို အခြားအုပ်ချုပ်မှုပုံစံများထက် ပိုမိုလိုလားပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု နှင့် တရားဥပဒေစိုးမိုးမှုတို့အတွက် အရေးကြီးသောပုံစံဟု သတ်မှတ်ခဲ့သည်။ အဆိုပါအချက်သည် ယေဘုယျအားဖြင့် မြန်မာပြည်သူ အများစု၏သဘောထားကို လွှမ်းခြုံမိသည်။ လွန်ခဲ့သောနှစ်နှင့်နှိုင်းစာလျှင်၊ မြန်မာ့ဒီမိုကရေစီပြုခြင်းနှင့် အမျိုးသမီးအခွင့်အရေးတို့တွင် ပိုမိုတိုးတက်လာသည်ဟု ၆၂ ရာခိုင်နှုန်းက ထောက်ခံခြင်းသည် ပကတိအခြေအနေနှင့်ကင်းလွတ်ခဲ့ပြီး၊ ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခများသည် ပိုများလာခဲ့သည်ဟု ၅၇ ရာခိုင်နှုန်းက ထောက်ခံဖြေကြားခဲ့ခြင်း သည် ပကတိအခြေအနေများနှင့်ကိုက်ညီသည်ဟု သုံးသပ်နိုင်သည်။

မဲပေးမှုအပိုင်းတွင် လွှတ်တော်ရွေးကောက်ပွဲများကို ယနေ့ကျင်းပလျှင် ဖြေဆိုသူ၏ ၈၉ ရာခိုင်နှုန်းသည် လုံးဝမဲပေးမည်ဖြစ်ပြီး၊ ကိုးရာခိုင်နှုန်းက မဲပေးကောင်းပေးမည်ဖြစ်သဖြင့်၊ ၉၈ ရာခိုင်နှုန်းမဲပေးနိုင်ခြေ ရှိမှုသည် ပကတိအခြေအနေနှင့်နှိုင်းယှဉ်လျှင် မြင့်မားလွန်းသည်ဟု သုံးသပ်နိုင်သည်။ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ဖြေဆိုသူ ၅၇ ရာခိုင်နှုန်းက ယုံကြည်စိတ်ချ ရသည်ဟုဆိုခဲ့ပြီး၊ ၂၇ ရာခိုင်နှုန်းက ယုံကြည်စိတ်ချရမှုမရှိဟုဖြေဆိုခဲ့ခြင်းသည် မြန်မာပြည်သူအများစု၏ ဆန္ဒသဘောထားနှင့် ဖီလာဆန့်ကျင်နေသည်ဟု သုံးသပ်နိုင်သည်။ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်အပေါ် မြန်မာပြည်သူလူထုအများစုကြီးက ယုံကြည်စိတ်ချမှု မရှိခဲ့သည့်အချက်ကို အိုင်အာအိုင်အနေဖြင့်၊ လူထုစစ်တမ်းအသွင်ဖြင့်ချေဖျက်ပြီး၊ အမေရိကန်ပြည်သူလူထုနှင့် ကမ္ဘာ့ပြည်သူလူထုကိုလှည့်စားရန် စနစ်တကျအကွက်ချအားထုတ်ခဲ့လေ သလားဟုပင် သံသယဖြစ်မိပါသည်။

မြန်မာနိုင်ငံ၏လက်ရှိစီးပွားရေးအခြေအနေစစ်တမ်းရလဒ်တွင်၊ လက်ရှိစီးပွားရေးကို မေးခွန်းဖြေဆိုသူများ၏ ၁၂ ရာခိုင်နှုန်းက အလွန်ကောင်းပြီး၊ ၇၃ ရာခိုင်နှုန်းက ကောင်းသည်ဟုဆန္ဒပြုသဖြင့်၊ ၈၅ ရာခိုင်နှုန်း အနေဖြင့်၊ အကောင်းဖက်ဆန္ဒပြုနေခြင်းသည် အောက်ခြေပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့် ကွာဟလွန်းနေသည်ဟု မှတ်ချက်ပြုနိုင်သည်။ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင်၊ တစ်ဦးချင်းစီးပွားရေး သည်ကောင်းမွန်လာသည်ဟု ဖြေဆိုသူများ၏ ၄ဝ ရာခိုင်နှုန်းကဆိုပြီး၊ မဆိုးမကောင်းဟု ၄၅ ရာခိုင်နှုန်းက ဆိုသဖြင့်၊ ၈၅ ရာခိုင် နှုန်းက တစ်ဦးချင်းစီးပွားရေးကောင်းသည့်သဘော ဆန္ဒပြုမှုသည်လည်း ပကတိ အခြေအနေများနှင့်ကင်းလွတ်နေသည်ဟု သုံးသပ်နိုင်သည်။ ၂ဝ၁၅ ခုနှစ်တွင် တစ်ဦးချင်းစီးပွားရေး အခြေအနေ ပိုမိုကောင်းမွန်လာမည်ဟု ၅၇ ရာခိုင်နှုန်းက မျှော်လင့်ခြင်းသည်လည်း ပြည်သူအများစု၏ ထင်မြင်ချက်များနှင့် ဖီလာဆန့်ကျင်လျက်ရှိနေသည်။

အဆိုပါစစ်တမ်း၏ရလဒ်အရ၊ ဝင်ငွေနည်းခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လယ်ယာသုံးအထောက်အပံ့ မလုံလောက်ခြင်း၊ ကျန်းမာရေးaစာင့်ရှောက်မှုအရည်အသွေးရှိခြင်း၊ ပညာရေးအရည်အသွေးရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်း၊ အပေါ်ထပ်အဆောက်အဦမရှိခြင်း တို့သည် ပြဿနာဖြစ်လာရန် အလွန်အလားအလာကောင်းနေသည်ဟု ကောက်ချက်ပြုနိုင်သည်။ အကြမ်းဖက်ခြင်း၊ အဂတိလိုက်စားခြင်း၊ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲမှုများလိုအပ်ခြင်း၊ ရေမရှိခြင်း၊ ရာဇဝတ်မှု၊ သဘာဝပတ်ဝန်းကျင်၊ အိုးအိမ်၊ လိင်ခွဲခြားခြင်း၊ လူမျိုးရေးနှင့်ဘာသာရေးပဋိပက္ခတို့သည် လည်း ပြဿနာဖြစ်လာနိုင်ခြေရှိသောကိစ္စများပင်ဖြစ်သည်ဟုဆိုသည်။

လက်ရှိစီးပွားရေးသည် ကောင်းသည့်ဖက်တွင် ရှိသည်ဟုဖြေဆိုသူ ၈၅ ရာခိုင်နှုန်းကဆိုခဲ့သော်လည်း၊ ဝင်ငွေနည်းခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ လယ်ယာသုံးအထောက်အပံ့မလုံလောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအရည်အသွေးနိမ့်ကျခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်း တို့သည် ပြဿနာဖြစ်လာနိုင်သည်ဟု ဖြေဆိုသူ ၉ဝ ရာခိုင်နှုန်းကျော်ကမှတ်ချက်ပြုခဲ့သည်။ ဝင်ငွေနည်းခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့သည် ပြဿနာကြီးကြီးမားမားဖြစ်လာနိုင်သည့်အနေအထားတွင် လက်ရှိစီးပွားရေးကိုကောင်းသည်ဟုသုံးသပ်ရန် ခဲယဉ်းမည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်သော စစ်တမ်းကောက်ယူမှုရလဒ်များ တွင်လည်း အိုင်အာအိုင်၏ အစိုးရအပေါ်အရောင်တင်ပေးမှု သို့မဟုတ် လော်ဘီလုပ်ပေးမှုများကို အထင် အရှားတွေ့ရှိရသည်။ ပြည်ထောင်စုအစိုးရ၏လုပ်ငန်းဆောင်ရွက်မှုအပေါ် ဖြေဆိုသူ ၂ဝ ရာခိုင်နှုန်းက အလွန်ကျေနပ်အားရပြီး၊ ၆၉ ရာခိုင်နှုန်းက ကျေနပ်အားရသည်ဟု ဖြေဆိုသည့်အလျောက်၊ အစိုးရအဖွဲ့သည် အလုပ်ကောင်းကောင်းလုပ်နေသည်ဟု ဖြေဆိုသူ ၈၉ ရာခိုင်နှုန်းက သဘောထားပြုခဲ့သည်ဟု သတ်မှတ်နိုင်သည်။ စစ်တမ်းရလဒ်အရ၊ အစိုးရအဖွဲ့၏လုပ်ငန်းဆောင်ရွက်မှုများအပေါ် ၉ဝ ရာခိုင်နှုန်း နီးပါး ကျေနပ်အားရနေသည်ဆိုသောအချက်သည် ပကတိအခြေအနေများနှင့် ကင်းလွတ်နေသည်ဟု သုံးသပ်နိုင်သည်။

စစ်တမ်းတွင် ဖော်ပြချက်များအရ၊ သမ္မတဦးသိန်းစိန်၏ တာဝန်နှင့်လုပ်ငန်းများဆောင်ရွက်မှုအပေါ် ၄၃ ရာခိုင်နှုန်းက အလွန်သဘောတူပြီး၊ ၄၈ ရာခိုင်နှုန်းက တစ်နည်းတစ်ဖုံသဘောတူသဖြင့်၊ ၉၁ ရာခိုင်နှုန်းက အားရကျေနပ်သည်ဟုသဘောထားပြုသည့်သဘော တွေ့ရှိရသည်။ ပကတိအခြေအနေတွင် သမ္မတ၏ လုပ်ဆောင်ချက်များအပေါ် ပြည်သူအများစုအနေဖြင့်၊ အားမလိုအားမရဖြစ်နေသည်မှာ အထင်အရှားဖြစ်သည့်အလျောက်၊ စစ်တမ်းရလဒ်သည် ပြည်သူလူထုများ၏ဆန္ဒသဘောထားနှင့် ကွာဟနေသည်ဟု မှတ်ချက်ပြုနိုင်သည်။

အဆိုပါစစ်တမ်းအရ၊ လျှပ်စစ်မီးရရှိနိုင်မှု၊ ဆင်းရဲမွဲတေမှုလျော့ချနိုင်မှု၊ အဂတိလိုက်စားခြင်းကိုတိုက်ဖျက်မှု၊ အလုပ်လက်မဲ့လျော့ချနိုင်မှုနှင့် အိမ်ရာနည်းပါးမှု စသည်တို့သည် အစိုးရ၏စွမ်းဆောင်ရည် အားနည်းသောအပိုင်းများပင်ဖြစ်သည်။ လိင်တန်းတူရည်တူရှိခြင်း၊ ရာဇဝတ်မှုများတိုက်ဖျက်ခြင်း၊ ရေသန့်စင်မှု၊ လူမျိုးစုအခြေပြုတန်းတူရည်တူမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင် အစိုးရ၏လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကောင်းမြင်သူဦးရေမှာ ၅ဝ ရာခိုင်နှုန်းကျော်ရှိသည်ကို တွေ့ရှိရသည်။ ပကတိအခြေအနေတွင် အစိုးရသည် ရာဇဝတ်မှုတိုက်ဖျက်ရာ၌ အားနည်းနေဆဲဖြစ်ပြီး၊ လူမျိုးစုအခြေပြု တန်းတူရည်တူမှုနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် အိုင်အာအိုင်၏စစ်တမ်းသည် အစိုးရကို ပါးပါးနပ်နပ်လော်ဘီလုပ်ပေးနေသည့်အသွင် မြင်တွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်၏ လုပ်ငန်းများဆောင်ရွက်မှုအပေါ်၊ စစ်တမ်းဖြေဆိုသူ ၂ဝ ရာခိုင်နှုန်းက အလွန်ထောက်ခံပြီး၊ ၄၅ ရာခိုင်နှုန်းက တစ်စုံတစ်ရာထောက်ခံသည့်အတွက် ၆၅ ရာခိုင်နှုန်း က ထောက်ခံသည်ဟူသောအချက်သည် ပြည်သူလူထုအများစု၏ဆန္ဒသဘောထားနှင့် မကိုက်ညီသည် ကို တွေ့ရှိရသည်။ လက်တွေ့တွင် ပြည်သူ ၆၅ ရာခိုင်နှုန်းသည် ပြည်ထောင်စုလွှတ်တော်၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ထောက်ခံနေသည်ဟုမှတ်ချက်ပြုနိုင်ရန် ခဲယဉ်းလွန်းမည်ဖြစ်သည်။ မသိသူနှင့်မဖြေဆိုသူ ၃၁ ရာခိုင်နှုန်းရှိသည့်အတွက်၊ လွှတ်တော်၏လုပ်ငန်းများအပေါ် လူထုစိတ်ဝင်စားမှုနည်းပါးနေသည်ဟုလည်း ကောက်ချက်ပြုနိုင်သည်။

အဖွဲ့အစည်းများနှင့်ပတ်သက်သောစစ်တမ်းတွင် ဖြေဆိုသူများသည် သတင်းမီဒီယာများနှင့် စစ်တပ်ကို သဘောအကျဆုံးဖြစ်ပြီး၊ အတိုက်အခံနှင့် အာဏာရညွှန့်ပေါင်းအစိုးရကို ဒုတိယတန်းနှစ်သက်သည် ဟု ဖော်ပြခဲ့သည်။ လက်ရှိအစိုးရကို အာဏာရညွှန့်ပေါင်းအစိုးရဟု သုံးနှုန်းခဲ့ခြင်းသည် ဆီလျော်မှန်ကန်မှု မရှိသည့်အပြင်၊ ရည်ရွယ်ချက်ရှိရှိ၊ အရောင်တင်ခြင်း သို့မဟုတ် လော်ဘီလုပ်ခြင်း ပြုခဲ့သည်ဟုပင် ထင်မြင်မိသည်။ နိုင်ငံရေးပါတီများအပေါ် ပြည်သူလူထု၏အမြင်မှာလည်း နှစ်သက်မှုအားနည်း
လွန်းသည်ဟုတွေ့ရှိချက်အပေါ်အခြေခံလျက်၊ နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူဗဟိုပြုစည်းရုံးရေး
လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လိုအပ်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော်၊ အိုင်အာအိုင်သည် အမေရိကန်ပြည်သူများနှင့် အမေရိကန်အစိုးရ၏ အထောက်အပံ့ဖြင့် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြည်သူ့စစ်တမ်းကို ပြုစု၊ ထုတ်ပြန်နိုင် ခဲ့သော်လည်း၊စစ်တမ်း၏ရလဒ်အများစုသည် မြန်မာပြည်သူလူထု၏ဆန္ဒသဘောထားများနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေသည်ကိုတွေ့ရှိရသည်။ စစ်တမ်း၏ရည်ရွယ်ချက်သည် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအလယ်တွင် မြန်မာအစိုးရနှင့်လွှတ်တော်များကို လော်ဘီလုပ်ပေးရန် သို့မဟုတ် အရောင်တင်ပေးရန် စီမံချက်ချမှတ် ဖော်ဆောင်ခဲ့သည်ဟုသုံးသပ်နိုင်သည်။

ထို့ကြောင့် အိုင်အာအိုင်၏စစ်တမ်းသည် မြန်မာပြည်သူလူထုအများစုကြီးကို အကျိုးမပြုသည့် အပြင် မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးနှင့် စီးပွားရေးအခြေအနေမှန်များကို ထင်ဟပ်နိုင်ခြင်းမရှိရုံသာမက၊ အမေရိကန်ပြည်ထောင်စုအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသစ် အောင်မြင်ကြောင်းကိုသာ မီးမောင်းထိုး၊ လော်ဘီလုပ်ခဲ့သည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် အိုင်အာအိုင်စစ်တမ်းသည် အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကိုလော်ဘီလုပ်နိုင်ရန် အကွက်ချလှည့်စားမှု တစ်ခုဖြစ်ရုံမှတစ်ပါး၊ အခြားချီးမွမ်းခန်းဖွင့်စရာနည်းပါးလွန်းသည့် အလျောက်၊ ငွေကုန်၊ လူပန်း၊ အကျိုးနဲသော စက္ကူစုတ်စစ်တမ်းတစ်ခုအဖြစ်သာကျန်ရစ်မည်ဟု သုံးသပ်မိပါသည်။
ဒေါက်တာရန်မျိုးသိမ်း
၆၊ ဧပြီလ၊ ၂ဝ၁၄ ခုနှစ်

0 comments:

Post a Comment