ကိုအောင်နိုင်မိုးပြောတဲ့ "ကံ"
ကျွန်ုပ်သည် ကံ၊ ကံ၏အကျိုးကို နေရာတိုင်းတွင် ယုံကြည်သူ
မဟုတ်ပါ။ မီးကို လက်ဗလာဖြင့် ကိုင်လျှင် ပူမည်။ တောနင်း ဖိနပ်မပါဘဲ
ဆူးတက်နင်းလျှင်ဆူး စူးမည်။ ဒီလောက်အထိတော့ ဟုတ်ပါသေး၏။ ညနေခင်းဆည်းဆာ မြက်ခင်းပြင်ထဲဇိမ်ခံနေစဉ် ဥက္ကာခဲလာမှန်၍သေဆုံးရခြင်းကို
အတိတ်ကံကြောင့် လာပြောလျှင်မူ လက်မခံချင်ပါ။ ဒိုင်နိုဆောတွေမျိုးပြုန်းရသလို ကမ္ဘာပျက်လောက်အောင်ကြီးမားသည့်ဥက္ကာခဲ
လာမှန်၍ လူသားအားလုံးမျိုးတုန်းသွားခဲ့သော် စောစောက အတိတ်ကံကြောင့်ဟု သူများအပေါ် မတော်မတရားစွပ်စွဲချင်သူများလည်း
ပါသွားမည်သာဖြစ်သဖြင့် လေကြီးလေကျယ်မပြောနိုင်တော့ဘဲ ကံကြမ္မာထမင်းအိုးညှိပြီး ဖြစ်သွားမည်ထင်သည်။
သိုးတကောင်၏နို့ရည်ဂလင်းမှဆဲလ်များကိုယူကာ
ဒေါ်လီ ဟူသော သိုးတကောင်ကို အောင်မြင်စွာ ကလုန်းလုပ်နိုင်လိုက်သောအခါ ကံသည် မိမိဥစ္စာမဟုတ်တော့ဘဲ
သူတပါးပြုသမျှနုရသည့်ဘဝသို့ကျရောက်သွားလေတော့သည်။ အကယ်၍ သိပံ္ပပညာရှင်တဦးက ရုပ်တူအသွင်တူ
လူတရာကို ကလုန်းလုပ်ကာဖန်တီးလိုက်သည်ဆိုလျှင်ထို လူတရာသည် အဘယ်သို့သော ရှေးကုသိုလ်ကံကြောင့်
ချွတ်စွတ်လာတူ နေရသနည်းဟုမေးခွန်းထုတ်သောအခါ "ထိုလူတရာသည် အတိတ်ဘဝက ကောင်းမှုကုသိုလ်တခုကို
စိတ်တူကိုယ်တူပြုခဲ့ခြင်းကြောင့် ဖြစ်မည်"ဟု ဖြေလေသည်။ ထိုအဖြေသည် ပေါက်ကောင်ထွက်ပြီးမှ
အတိတ်စိမ်းကိုပြန်ဖော်သော ပေါက်မှဖော်သည့် ပေါက်ဖော်နည်းနှင့် တူနေလေသည်။ သိပံ္ပပညာရှင်က
လူတရာမဟုတ်ဘဲ လူတထောင်ကိုကလုန်းလုပ်သည်ဆိုက အတိတ်က ကုသိုလ်အတူပြုဖူးသူ အရေအတွက်သည်လည်း
အော်တိုမက်တစ် တထောင် လိုက်ဖြစ်ပေးရချေဦးမည်။ သိပံ္ပပညာရှင် စိတ်ရူးပေါက်ကာ လူတထောင်အနက်
၅၀၀ ကို ပလပ်စတစ်ဆာဂျရီနည်းနှင့် ရုပ်ပြောင်းရုပ်လွှဲလုပ်ပေးခဲ့သော် ထိုအဖြစ်အပျက်နှင့်လိုက်လျောညီထွေစွာ
အတိတ်ကံကို လိုက်ညှိပေး ရဦးမည်။ သည်တော့ ထိုလူတထောင်၏ အတိတ်ကံဟူသည် သိပံ္ပပပညာရှင်ကြီး၏ဆုံးဖြတ်ချက်ပေါ်တွင်
မှီတည်နေသည်ဟူသော ရယ်ရွှင်ဖွယ်ကောက်ချက်ကို ဆွဲရတော့မလိုဖြစ်နေသည်။
စိတ်သည် လက်ဖျစ်တတွက်အတွင်း ကြိမ်ဖန်များစွာဖြစ်ပျက်နေသည်။
ရုပ်သည်လည်း မမြဲ။ အမြဲတစေ ဖြစ်ပျက်နေသည်။ ကံကိုသာ လက်ဆင့်ကမ်းသွားသည်ဟု ဆိုကြသည်။
ဤအယူအဆသည် ယခုဘဝအတွက်လက်ခံရန် မခဲယဉ်းလှသော်လည်း ရှေ့ဘဝ၊ နောက်ဘဝတွေနှင့် ဆက်စပ်ပြောကြားလာလျှင်အဓိပ္ပါယ်ကင်းမဲ့လှသည်။
ယခင်ဘဝက ငကောင်းပြုခဲ့သောဒဏ်ကို ယခုဘဝတွင် ငဝက်က ဘုမသိဘမသိ ဝင်ခံရသလိုပင်တည်း။ ကျွန်ုပ်တို့သည်
ရှေ့ဘဝနောက်ဘဝကို မြင်နိုင်သောအစွမ်းလည်းမရှိရာ ဤအယူအဆကို လက်ခံချင်လျှင်မျက်စိမှိတ်
လက်ခံမှသာရပေမည်။
သည်ကြားထဲ ငရဲပြည်၊ နတ်ပြည်တို့နှင့် ခြောက်စား၊
ချူစားသည်တို့ကလည်း ရှိသေးသည်။ ကျွန်ုပ်အနေဖြင့် လူတယောက်၊ သို့မဟုတ် လူအများကို ကူညီသည်ဆိုလျှင်ထိုသူများ၏
ကျေးဇူးကို အတုံ့အလှယ်ဆပ်လိုသောကြောင့်လည်းကောင်း၊ ထိုသူများအား ခင်မင်နှစ်လို ခြင်းကြောင့်လည်းကောင်း၊
သို့တည်းမဟုတ် စာနာသောကြောင့်လည်းကောင်း၊ သနားသောကြောင့်လည်းကောင်း၊ ထိုအကြောင်းများထဲမှ
တကြောင်း သို့မဟုတ် တကြောင်းထက်ပိုသော အကြောင်းများကြောင့်သာ ဖြစ်သည်။ ငရဲပြည်ကြောက်လို့လည်း
မဟုတ်၊ နတ်ပြည်ရောက်လို သောကြောင့်လည်းမဟုတ်၊ နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ရောက်လိုသောကြောင့်လည်း
မဟုတ်။ ကျွန်ုပ်တွေ့ဖူးသော နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုရောက်လိုသူများမှာ သူများထက်ပို၍လောဘကြီးသော၊
ဝတ္ထုအာရုံကာမဂုဏ်၌ သူများထက်ပိုအစွဲအလမ်းကြီးသူများ ဖြစ်နေတတ်ကြသည်သာများ၏။ ထိုအထဲတွင်
ဘုန်းကြီးတော်တော်များများလည်းပါ၏။
ကံဟုခေါ်ခေါ် အလုပ်ဟုခေါ်ခေါ် ယခုဘဝ ကျွန်ုပ်လုပ်ခဲ့သမ
ျှအတွက် ကျွန်ုပ်တာဝန်ခံသည်။ ကျွန်ုပ်လုပ်ခဲ့သမျှသည် ကျွန်ုပ်၏ဘဝကို အတိုင်းအတာတခုအထိ
ပဲ့ပြင်သည်ကိုလည်းလက်ခံသည်။ သို့သော် ကျွန်ုပ်သည်"ကိုယ်သာလျှင်ကိုယ့်ဘဝ၏ပဲ့ကိုင်ရှင်"ဟု
ကြွေးကြော် ရလောက်အောင်မူ မရူးနှမ်းသေးပါ။ အဘယ့်ကြောင့် မွေးလာကတည်းက လက်ဦးဆရာမိဘနှစ်ပါးနှင့်
ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ပဲ့ကိုင်မှုကို မည်သူမဆိုအရိုးစွဲအောင်ခံရသည်သာ ဖြစ်သည်။
ကျောင်းနေစဉ်တွင်လည်း မလွတ်လပ်သောပညာရေးစနစ်၏ ဦးနှောက်ဆေးခြင်းကို တော်တော်လေးခံရသေး၏။
ဘာသာရေးနှင့် လူ့အဖွဲ့အစည်း၏ကြပ်မတ်ခြင်းကိုလည်း ကြုံရသေး၏။ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်၏ပုံစံသွင်းခြင်းကိုလည်း
အလူးအလှိမ့်ခံနေရသေး၏။ ဤကမ္ဘာ ဤလူ့အဖွဲ့အစည်းကြီးတွင် နေထိုင်စီးမျောနေသမျှသင့်ဘဝကို
သင်ပဲ့ကိုင်ရှင်လုံးလုံးဖြစ်ရန် မတတ်နိုင်။ အမှိုက်သရိုက်များ ထင်းလုံးများမျောပါနေသော
ရေစီးသန်သည့်ချောင်းကြီးထဲတွင် လှေတစင်းနှင့် မျောပါနေပြီး ကျောက်ဆောင်များနှင့်တိုက်ကာ
လှေမမှောက်အောင် သင်ထိန်းနိုင်ရုံမျှသာတတ်နိုင်မည်။ ရေစီးကိုဆန်တက်ဖို့ပင် သင်မတတ်နိုင်ပါ။
ရေစီးကတွန်းပို့သည်နောက်ကိုသာ မျောပါနေရသည့်ကြားက ကိုယ်သာပဲ့ကိုင်ရှင်ဟုကြွေးကြော်ကြသည်မှာ
ရယ်ရွှင်ဖွယ်ကောင်းနေလေတော့သည်။ https://www.facebook.com/aung.naingmoe.58?hc_location=timeline
0 comments:
Post a Comment