Thursday, April 3, 2014

အနုပညာအရ progressive ဖြစ်တယ်ဆိုတာဘာလဲ (လင်းထင်)

0 comments
အနုပညာအရ progressive ဖြစ်တယ်ဆိုတာ ဘာလဲ(လင်းထင်)
အနုပညာအရ progressive ဖြစ်တယ်၊ တိုးတက်သောအယူရှိတယ်ဆိုတာ ဘာလဲကိစ္စဟာ တခါတခါမှာ အတော်ပြဿနာ ရှိတယ်။ ကဗျာအကြောင်းနဲ့ယှဉ်ပြောရအောင်။
''ပန်းနီနီ မပန်လေနဲ့၊ အမယ်မှာ နတ်ပန်းပွင့်တဲ့၊ အတင့်ငယ်မှ ရဲချင်၊ ပျော်လိုအားဖြင့် ခေါင်းဖျားတင်၊ အရင်လူနဲ့လွဲတတ်တယ်'' ဆိုတဲ့ အိုင်ချင်းလေးဟာ တစ်ပုဒ်လုံး ရပ်ထဲရွာထဲက အယူသည်းမှုအပါအဝင် ပါးစပ်စကားတွေကို ရေးထားတာပဲ။ ဒါပေမယ့် ကျနော်အစွဲလမ်းဆုံး အကြိုက်ဆုံးပဲ။

ဒီကဗျာလေးကိုဖတ်ရရင် ဘာကို အဓိက လှုံ့ဆော်သမှုပြုသလဲဆို ကိုယ့်ဇာတိ၊ ကိုယ်လာရာ ယဉ်ကျေးမှုနောက်ခံ၊ ကိုယ့်ဘာသာစကားအပေါ်အဖိုးထားတတ်မှု မြတ်နိုးတွယ်တာမှုအပေါ်။ အယူသည်းမှုကိုဖြန့်ချိသမို့ ဒီကဗျာဟာ နောက်ပြန်ဆွဲကဗျာလို့ ချည်းကပ်သူ လက်ဝဲလက်ယာ မဟာပညာကျော် ကျနော်တော့ မတွေ့ဖူးသေးဘူး။

Political Poetry မဟုတ်လို့ တိုးတက်အသွင်မဆောင်ဖူးဆိုတဲ့ argument မျိုး ပေးသူရှိရင်လည်း ကျနော့်အမြင်မှာတော့ ပန်းနီနီ မပန်ခိုင်းတာဟာ အခုခေတ် အွန်လိုင်းပရိသတ်နှလုံးခွေ့တဲ့ political poem တွေလည်းဖြစ်တဲ့ အောင်ဆန်းစုကြည်သေတမ်းစာတို့၊ ဟဲ့.. ခင်ကြည် ညည်းယောက်ျား ဘာဖြစ်တယ် ညာဖြစ်တယ်ကဗျာတွေလောက် reactionary မဖြစ်ဘူးလို့ပဲ ပြောရမယ်။

ဒီတော့ ကျနော် အဆို ၂-ခု ပြုမယ်။ နံပါတ်တစ် အဆိုကတော့ political poem တိုင်း progressive မဖြစ်ဘူး။ အုပ်စိုးသူလူတန်းစားကိုဘုန်းတော်ဖွဲ့တဲ့အနုပညာမျိုးဟာ နောက်ဆုံး စစ်အုပ်စုအဆက်ဆက်အောက်မှာ အကျိုးပြုကဗျာ/သီချင်း၊ နိုင်ငံတော်(ရုပ်ရှင်)ကား အမည်အောက်မှာ ဖောက်ပြန်တဲ့အတွေးအခေါ်တွေဖြန့်ချိလိုရင်းနဲ့ဖန်တီးကြတာ မြင်သာထင်သာပဲ။ မမြင်သာ မထင်သာတာကတော့ မြင်းမူမောင်နိုင်မိုးမှ မဟုတ်ဘူး.... ဥပမာ အောင်ဆန်းစုကြည်သေတမ်းစာကဗျာမျိုးဟာလည်း စိတ်ကူးယဉ်မှုအတိနဲ့ 
အနုပညာကိုသင်းသတ်တာပဲမို့ ကျနော်ကတော့ ဒီမို-မောင်နိုင်မိုး ကဗျာမျိုးအဖြစ်စာရင်းသွင်းတယ်။

ကျနော့် ဒုတိယအဆိုကတော့ ပုံသဏ္ဍာန်ပိုင်းဆိုင်ရာလွတ်လပ်ရုံနဲ့ အနုပညာပစ္စည်းဟာ မလွတ်လပ်ဘူး။ မြင်းမူမောင်နိုင်မိုးရဲ့လေးလုံးစပ်ကဗျာမှ မဟုတ်ဘူး၊ ကာရံမဲ့ကဗျာ စကားပြေကဗျာ ကြိုက်တဲ့ပုံစံနဲ့ရေး၊ ဘုန်းတော်ဖွဲ့ရင် နောက်ပြန်ဆွဲတယ်... ဖောက်ပြန်တယ်။ မလွတ်လပ်တဲ့ အနုပညာဖြစ်တယ်။

ဗမာပြည်မှာ ခက်ကြပုံက မဆလခေတ် ဒန်လက်ဦးတချို့ ဗမာဘော်ရှီဗစ်ယောင်ဆောင်တဲ့ မဆလစစ်အစိုးရကို တိုက်ရိုက်မဆဲရဲတော့ ကွန်မြူနစ်တင်မက ဒညင်းသီးနဲ့ ကြွက်စုတ်ပါ ဓါးစာခံဖြစ်ရတာပဲ။ ဖန်ဆင်းရှင်အယူ ကားလ်ချားနောက်ခံကလာတာမဟုတ်ပဲ ဗမာမော်ဒန် ကဗျာနဲ့ဝတ္ထုတိုတွေမှာ ဘုရားသခင်စကားလုံးလှိုင်လှိုင်သုံးတာလည်းပဲ အနောက်ရဲ့ ဂေါ့ဒ်အပေါ်စမ်းစစ်ပုန်ကန်မှု ကျောင်းတော်လွှမ်းအတွေးမှရုန်းဖောက်ထွက်ခြင်းအနှစ်သာရနဲ့ ထပ်တူမကျ၊ မဆလဗဟိုဦးစီးအပေါ် ရသေ့စိတ်ဖြေတို့ထိကြတာပဲ။ နားဝေတိမ်တောင်ခေတ်ရဲ့ နိုင်ငံရေးတစ်ကိုယ်ရည်အာသာဖြေမှုတွေလို့ ကျနော်သတ်မှတ်တယ်။

နောက် ဆိုရှယ်လစ်သရုပ်မှန်ကိုမှ လက်ဝဲအနုပညာလို့ယုံမှတ်မှားအောင် မဆလ ဗမာပြည်ဟာ နားဝေတိမ်တောင်။ မော်ဒန်အနုပညာဖွံ့ဖြိုးလှုပ်ရှားမှုတိုင်းဟာ လက်ဝဲနိုင်ငံရေးအမြင်တို့နဲ့ တဆက်တစပ်တည်း၊ တသားတည်း။

ဥပမာ ဒါဒါကိုကြည့်ရအောင်။ ဒါဒါဟာ အဓိပ္ပာယ်မဲ့သညာ။ ဘာကို အဓိပ္ပာယ်မဲ့စေသလဲဆို ဘူဇွာအရင်းရှင်စံနစ်ရဲ့ ဆင်ခြင်ခြင်းနဲ့တက္ကဗေဒကိုပဲ။ ဘူဇွာအရင်းရှင်စံနစ်ရဲ့ ဆင်ခြင်ခြင်းနဲ့တက္ကဗေဒ က ဖန်တီးတဲ့အမျိုးသားရေးဝါဒနဲ့ ကိုလိုနီနယ်ချဲ့ခြင်းအပြုအမူတွေဟာ နိုင်ငံတကာစစ်ပွဲတွေကိုဖန်တီးပြီး၊ အခြေခံအကျဆုံး လူသားဂုဏ်သိက္ခာနဲ့လွတ်လပ်မှုဟာ နေရာမဲ့တော့တာပဲ။

ပထမကမ္ဘာစစ်အပြီး လူးလွန့်နိုးကြားတဲ့ ဒါဒါလှုပ်ရှားမှုဟာ ရာဒီကယ် လက်ဝဲအယူအမြင်တို့နဲ့ တသားတည်း၊ စစ် ဘူဇွာလူတန်းစား အရင်းရှင်စံနစ်အမျိုးသားရေးဝါဒ နယ်ချဲ့ဝါဒတို့အပေါ် ဆန့်ကျင်ခြင်းတို့နဲ့ တိုးတက်အသွင်တဟုန်ထိုးဆောင်တယ်။

ဒါဒါဟာ အရေးကြီးတယ်၊ ဒြပ်မဲ့ပန်းချီ အသံဗေဒကဗျာတို့ရဲ့ပန္နက်၊ ပါဖောင်မဲန့်စ် တင်ဆက်မှုအနုပညာရဲ့ စမှတ်၊ ပို့စ်မော်ဒန် အခြေအနေကြီးရဲ့ခေဆင်း၊ ပေါ့ပ်ကားလ်ချားရော အဲန်တီ-အာ့ထ်ရော ဝင်ရိုးစွန်းနှစ်ဖက်စလုံးဟာ ဒါဒါရဲ့အလွှမ်းမိုးခံ။ ဒါဒါကနေ ဆာရီရယ်ဆီ ဆက်လက်စီးဆင်းကြတယ်၊ ဒါမှမဟုတ် ဆာရီရယ်ဟာ ဒါဒါလှုပ်ရှားမှုတွေ ထဲကနေ ပုံပေါ် ထွန်ကားလာခဲ့တယ်။ လင်းထင်
https://www.facebook.com/linayehtin


0 comments:

Post a Comment