skip to main |
skip to sidebar
(နွား)နို့ ပေါင်(၈ဝ)ဟာ ဂါလန်နဲ့ဆို ဘယ်နှဂါလန် ရှိသလဲမသိ။ တနေ့ကို
နို့ ပေါင်(၈ဝ)ထွက်တဲ့ နို့စားနွားမ အကောင်(၁၅ဝဝ)မွေးထားတဲ့ အိုဟိုင်းယိုးပြည်နယ်ထဲက
နွားခြံ Dairy Farm ကြီးထဲ ဒီမနက် လေ့လာတဲ့သဘော အလည် အပတ်ရောက်ခဲ့တယ်။ လေ့လာတဲ့သဘောလို့ ဆိုရတာက သူတို့ဆီမှာလုပ်နေတဲ့ ပညာအလုပ် သမား(ထိမ်းချုပ်ခန်း စက်နဲ့ကွန်ပြူတာကိုင်တွေ)က လွဲလို့ ကျန်တဲ့နေရာတွေမယ် အင်ဒီယားနားပြည်နယ်၊
ဖို့တ်ဝိန်းကိုဒုက္ခသည်အနေနဲ့ရောက်လာတဲ့ ဗမာပြည်သားတွေနဲ့အစားထိုးချင်လို့ တဲ့။
တချို့ ငှားဖို့တောင် သဘောတူထားပြီးပြီ။ ဒါပေမယ့် အလုပ်လျှောက်လွှာဖြည့်တာ၊ လုပ်ငန်းခွင်သဘဝနဲ့
အလုပ်စည်းမျဉ်းစည်းကမ်းရှင်းပြတာ၊ ထရိန်နင်ပေးတာတွေ လုပ်ရဦးမတဲ့။ အဲ့ဒီအခါ အင်္ဂလိပ်-မြန်မာ(၂) ဘာသာ
စကားပြန်နဲ့ဘာသာပြန်ရှာရင်း ကျနော်နဲ့ အဆက်ရသွားတယ်။ သူတို့ ခြံကြီးကို ကြိုတင်လာပြီး
ကြည့်ရှူထားနိုင်ရင်ကောင်းမယ်လို့ မန်နေဂျာ Derek က ဖိတ်တာနဲ့ရောက်သွားတာပါ။ လုပ်ငန်းကြီးတခုကို
ဦးစီးလုပ်နေတဲ့မန်နေဂျာက အသက် (၂၈)နှစ်သား။ မွန်မွန်ရည်ရည် ပြေပြေပြစ်ပြစ်နဲ့ လူပုံချောဖြစ်နေ တယ်။
မင်းသားလုပ်ရတဲ့ရုပ်မျိုးနဲ့။
ဗမာ့ယဉ်ကျေးမှုတိုတိုထွာထွာ(နံမည်ကို ဘယ်လိုခေါ်ရသလဲ၊
နှုတ်ဆက်တဲ့အခါ ဘယ်လိုပြုမူရသလဲ၊ အနားလာစေချင်ရင်/မလာစေချင်ရင် အမူအယာနဲ့ဘယ်လိုပြရသလဲ၊
ဘာအစားအစာမျိုးတွေစားသလဲ၊ စကားပြောတဲ့အခါ/တခုခုခိုင်းတဲ့အခါ ဘယ်လိုပြုမူတာ သင့်တော်သလဲစတာမျိုးလေးတွေ ဆိုပေမယ့်
မေးတော့အတော်မေးတဲ့ ချာတိတ်။ ကျနော်ကလည်း ဖြေတော့အတော်ဖြေတဲ့အဖိုးကြီးပေါ့) ထူးခြားတာတချက်ကတော့
ခရိုဂါဝဲယားစ်ဟောက်စ်မှာ အလုပ်လုပ်တဲ့မြန်မာပြည်သားတွေနဲ့ တမြနှ်နှစ်က အဝတ်လျှော်ဆိုင်မှာ
ကွမ်းတံတွေးထွေးလို့တက်ရတဲ့ပြဿဿ နာလည်းရောက်ရော သူက ပြုံးပြီး ”ဒီမှာတော့ ကွမ်းစားတာနဲ့ကွမ်းတံတွေးထွေးတာ
သိပ်ပြဿ နာရှိမယ်မထင်ပါဘူး။ အလုပ်သဘာဝကိုက ပေပေကျံကျံ နံနံစော်စော်လုပ်ရတာလေ၊ မြေကြီးနဲ့ထိပြီး
လုပ်ရတဲ့နေရာတွေလည်းရှိတာပဲ၊ ပြီးတော့ ဆေးရွက်ကြီး ငုံသူတွေလည်း ရှိတယ်”တဲ့။ ဒါနဲ့
ကျနော်က”မင်းရော ဆေးလိပ်သောက်လားဆိုတော့ ”ဆေးလိပ် မသောက် ဆေးမငုံ”လို့ပြောတယ်။ ရီစရာအရွှမ်းဖေါက်ချင်တာနဲ့
”တို့ဗမာစကားမှာ အရက်ဘီယာ လက်ဘက်ရည်ကော်ဖီသောက်တာလည်း သောက်တာပဲ။ ဆေးလိပ်သောက်တာလည်း သောက်တာပဲ။ အင်္ဂလိပ်လိုကျတော့ ဆေးလိပ်သောက်တာကို
Smoking သုံးပြီး အရည်တခုခုသောက်တာကြ Drinking လို့သုံးတယ်မဟုတ်လား”ဆိုတော့ ရီရီမောမောနဲ့
”အတော်စိတ်ဝင်စားစရာ စကားပဲကွ”လို့ပြောပြီး Thank you very much လို့ ဗမာလို ဘယ်လိုပြောရသလဲမေးတာနဲ့
”ကျေးဇူးအများကြီးတင်ပါတယ်”လို့ပြောပြတော့ မပီမချင်း (၁၀)ကြိမ်လောက်ရွတ်တယ်။
”တယောက်နဲ့တယောက်တွေ့လို့/ခွဲလို့ နှုတ်ဆက်တဲ့ အခါများ ဗမာပြည်သားအမျိုးသမီးတွေကို
ရင်ချင်းအပ်ပြီးကျောသိုင်းတော့ မဖက်မိစေနဲ့ကွာ” ပြောပြီး တစ်နာရီခွဲလောက်ကြာတဲ့စကားဝိုင်းကို
လက်စသတ်ကြတယ်။
တနေရာရောက်တော့ ကွန်ကရိနဲ့အလုံပိတ်ထားတဲ့ မြေအောက်ကန်ကြီးတွေကိုပြပြီး ”ဟိုး လှောင်ခြံတွေထဲ က ထွက်လာတဲ့ နချေး(နွားချေး)တွေက ဒီကန်ထဲမှာလာစုကြတယ်။ မြေအောက်ပိုက်တွေက
တဆင့်ပေါ့။ ဒီနေရာက နချေးထဲက မီသိန်းဓါတ်ကို စက်တွေနဲ့စုထုပ်ယူပြီး ဟိုးမှာမြင်နေရတဲ့
အဆောက်အဦးထဲမှာ လျှပ်စစ်ဓါတ်အားထုတ်တယ်။ တို့ခြံထဲသုံးတဲ့အပြင် ပိုလို့ လျှပ်စစ်ကုမ္ဗဏီတွေကိုရောင်းရတယ်။
ဘယ်လို ထုတ် ဘယ်လိုလုပ်တော့ ငါလည်းနားမလည်ဘူး၊ အဲ့မှာက သူ့မန်နေဂျာနဲ့ သူ့ကျွမ်းကျင်အလုပ်သမားနဲ့
သူ့ပညာရှင်နဲ့ကွ၊ မီသိန်းထုတ်လို့ကုန်သွားတဲ့နချေးတွေကြတော့ အခြောက်ခံ၊ စက်တွေနဲ့ဖိကြိတ် အတုံး ကြီးတွေလုပ်ပြီး သဘာဝမြေသြဇာအဖြစ်ပြန်ရောင်းရတယ်၊ မီသိန်းဓာတ်စင်သွားပြီး ဗက်တီးရီးယားတွေ ကျန်သေးတော့ အလွန်ကောင်းတဲ့မြေသြဇာဖြစ်သွားတာပဲ။ တိရိစ္ဆာန်အိပ်ယာလုပ်တဲ့ကုမ္ဗဏီတွေကလည်း
အခင်းလုပ်ဖို့သုံးတယ်လေ”လို့ရှင်းပြတယ်။ ဒါနဲ့ ဟိုဟိုဒီဒီလိုက်လက်ကြည့် သိချင်တာမေးပြီး ပြန်ခဲ့ကြ တယ်။
နောက်တခေါက်ကျ ခြံတွင်းသုံးကားငယ်လေးပတ်မောင်းပြီး စုံစုံစေ့စေ့ပြပါဦးမတဲ့။
လှောင်ခြံဂိုဒေါင်ကြီးတွေက မိုးတိုးမတ်တပ်နွားတွေ၊ အစာဝါးနေတဲ့ တစ်ကိုယ်စာ သံတန်းလှောင်ကန့်လေးတွေထဲကနွားတွေ၊
စားမြုံ့ပြန်နေတဲ့နွားတွေ၊ နို့အုံကြီးတွေဖေါင်းကားပြည့်တင်းပြီး စက်တွေနဲ့နို့အညှစ်ခံဖို့
တန်းစီစောင့်နေတဲ့နွားတွေ၊ နို့ညှစ်ပြီး နို့ပိန်ရှူံ့တွနဲ့ ကိုယ့်နေရာ ကိုယ်ပြန်နေတဲ့နွားတွေ၊
နေမကောင်းလို့ဆေးခန်းပြနေတဲ့နွားတွေ၊ နားနေခန်းကနွားတွေ၊ နွားတွေ နွားတွေ။ နွားတွေမှအများကြီး။
လှောင်ခြံဂိုဒေါင်ကြီးတွေက မိုးတိုးမတ်တပ်နွားတွေ၊ အစာဝါးနေတဲ့
တစ်ကိုယ်စာ သံတန်းလှောင်ကန့်လေးတွေထဲကနွားတွေ၊ စားမြုံ့ပြန်နေတဲ့နွားတွေ၊
နို့အုံကြီးတွေဖေါင်းကားပြည့်တင်းပြီး စက်တွေနဲ့နို့အညှစ်ခံဖို့
တန်းစီစောင့်နေတဲ့နွားတွေ၊ နို့ညှစ်ပြီး နို့ပိန်ရှူံ့တွနဲ့ ကိုယ့်နေရာ
ကိုယ်ပြန်နေတဲ့နွားတွေ၊ နေမကောင်းလို့ဆေးခန်းပြနေတဲ့နွားတွေ၊
နားနေခန်းကနွားတွေ၊ နွားတွေ နွားတွေ။ နွားတွေမှအများကြီး။
နို့ဓာတ်တွေခန်းလို့ နို့မရနိုင်တော့ဘူးဆို အဲ့နွားတွေပဲပေါ့
သားသတ်ရုံသွားဖို့တန်းစီကြရတာ။ သားရေခွာခံရဖို့နဲ့
တစ်ကိုယ်လုံးအမဲဖျက်ခံရဖို့ပေါ့။ ဒီနွားတွေ လယ်မထွန်ရဘူး။ ဒီနွားတွေ
မိုးထဲလေထဲ နေပူကြီးထဲ လူနဲ့ဖက်မရုန်းရဘူး၊ လူ့အရိုက်အနှက်အဆဲအဆိုမခံရဘူး၊
ကောင်းကောင်းစား ကောင်းကောင်းအိပ်၊ ပိုးမွေးသလို တယုတယနဲ့မွေးထားကြတာ၊
ပူတဲ့အချိန်လေအေးစက် အေးတဲ့အချိန်လေနွေးစက်နဲ့
မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ဆရာဝန်နဲ့ ဆေးဝါးနဲ့။ ကျနော်ထင်တယ်
ခွာနာလျှာနာဆိုတာ ဒီနွားတွေကြားဖူးမယ်တောင်မထင်ဘူး။ ထွန်တုံးတို့
နကန်(ကြိမ်လုံး)တို့ ဘာမှန်းတောင်သိမယ်မထင်ဘူး။ ဒီနွားတွေအတွက် ဘဝမျာ
ခံရချက်အသက်သာဆုံးကိစ္စကတော့ နဖါးကြိုးဖြစ်မှာတော့သေချာတယ်။
နဖါးကြိုးအထိုးခံရတဲ့နွားတစ်ကောင်ရဲ့အဖြစ်အနေဟာ ဘယ်လောက်ဆိုးကြောင်းကို
"ဒီလူက နဖါးကြိုးအထိုးခံထားရတဲ့လူကွ"ဆိုတဲ့စကားပေါ်ဆင်ခြင်ကြည့်ရင်ပဲ
ပေါ်လွင်လွန်းလှပြီထင်တာပါပဲ။
ဒီမှာတော့ နွားဟာ နို့အတွက်၊ နို့ထွက်ပစ္စည်းအတွက်၊ အသားအတွက်၊
သားရေအတွက်၊ တိရိစ္ဆာန်အစာအတွက်၊ လျှပ်စစ်အတွက်၊ မြေသြဇာအတွက်၊ တိရိစ္ဆန်မွေ့ယာအတွက်ပဲ။
လူနဲ့ လယ်ထဲဖက်မရုန်းရလို့ ကျေးဇူးရှင်မဟုတ်ဘူးမဆိုနဲ့။
သူလည်း ကျေးဇူးရှင်ပဲ။ လူ့အစီးအပွားနဲ့ဓနဥစ္စာအတွက် လူ့ကျန်းမာရေးနဲ့အသုံးအဆောင်အတွက်
လူအာဟာရနဲ့အသက်ဆက်ရှင်သန်မှုအတွက် တိုက်ရိုက်ရောသွယ်ဝိုက်ပါကျေးဇူးရှိတဲ့တိရိစ္ဆန်တွေပဲ။ ဒါပေမယ့် ဘယ်သူမှတော့ နွားကို ထိုင်ကန်တော့တာမရှိဘူး၊
ဘယ်သူမှလည်း ပန်းကုံးတွေစွပ် ရွှေရည်ငွေရည်တွေလောင်းပြီး
ဘေးမဲ့မပေးကြဘူး။ ကျေးဇူးရှင်ဆိုပြီး ဘယ်သူမှလည်း အထွဋ်အမြတ်မထားကြဘူး၊
ဘယ်ဘုန်းကြီးကမှလည်း နွားသားမစားရလို့မဟောသလို၊ ဘယ်ကိုယ်တော်ကမှလည်း အမျိုး ဘာသာ သာသနာပြောရင်း
နွားမသတ်ရေးတရား မဟောဘူး။ စက်မှုထွန်းကားတဲ့နိုင်ငံမှာ အဲ့သလိုအတွေးအမြင်တွေရှိနေသေးတယ်ဆို
လူရယ်စရာပဲဖြစ်မှာ။ သဘာဝအတိုင်းတောနက်ကြီးထဲမှာ နွားဟာနွားလိုမနေရတာခြင်းအတူတူ၊
ကျွဲလိုနွားလိုမသေမချင်းရုန်းရပြီး သေကာနီးကျမှပန်းကုံးစွပ် ရွှေရည်လောင်းခံရတဲ့နွားဘဝထက်စာရင် ဒီနွားတွေကမှ နွားဖြစ်ရကျိုးနပ်သေးတယ်မှတ်တာပဲ။
နွားချင်းအတူတူတောင် မတူတဲ့နွားတွေပဲ။
0 comments:
Post a Comment