Tuesday, April 1, 2014

ကျိုးနွံနာခံခြင်းမှ လွတ်မြောက်ရေး(တူမောင်ညို)

0 comments
ကျိုးနွံနာခံခြင်းမှလွတ်မြောက်ရေး(တူမောင်ညို) (၂ဝ၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်)ကြံ့ဖွံ့သမ္မတ (ဗိုလ်)ဦးသိန်းစိန်၏လွှတ်တော်တွင်းမိန့်ခွန်းသည် ကြာဇံဟင်းကို ကြွေဇွန်းဖြင့်ကြိုးစားပမ်းစား ခပ်ပြခြင်းမျိုးသာဖြစ်ပြီး၊ လစဉ်ပြောနေကြ မိန်းခွန်းဆိုသည်များကဲ့သို့ပင် အရည်မရအဖတ်မရ၊ ဘာမျှ မယ်မယ်ရရရှိလှသည်မဟုတ်ပါ။
၃ နှစ်တာကာလဆိုသည်မှာ ပြည်တွင်းပြည်ပသို့ လှည့်ဖျားမှိုင်းတိုက်ရသည့်ကာလမျှသာဖြစ် သည်။ ပြည်တွင်းမှာဆိုလျှင် လေပျော့ကလေးနှင့် ချွဲချွဲပျစ်ပျစ်စကားတွေ တစ်ဖက်ကပြောပြီး မြစ်ဆုံအရေးအခင်း၊ လက်ပံတောင်းအရေးအခင်း၊ ရခိုင်ပြည်နယ်မှ စတင်ခဲ့သော ဘာသာရေးလူမျိုးရေးကြမ်းဖက်မှုများစသဖြင့်  သွေးနှင့်မီးခိုးမတိတ်နိုင်သော လူမျိုးရေး/ဘာသာရေးအကြမ်းဖက်မှုများ၊ လယ်မြေ၊ ယာမြေအတင်းအဓမ္မသိမ်းပိုက်မှုများ၊ သမီးကလေးကျေးရွာဖျက်ဆီးမှုကဲ့သို့ ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့ (ကျူးလွန်နေဆဲ) ၃ နှစ်တာ ကာလလည်းဖြစ်သည်။
            ပြည်ပနှင့်ပတ်သက်လာလျှင် (မဆလ)၊(နဝတ-နအဖ)အုပ်စိုးသူအဆက်ဆက်ဆွဲချခဲ့သော အဆင်းရဲဆုံးနိုင်ငံဆိုသည့် ကြွေးမြီနွံအိုင်ထဲမှလွတ်မြောက်ရပါမည့်အရေး ဒူးဖက်တောင်းပန်ရသည့် ၃ နှစ်တာကာလဖြစ်သည်။ ဂျပန်၊ ဂျာမနီ၊နော်ဝေနှင့် ပဲရစ်ကလပ်အဖွဲ့ဝင် မြီရှင်လက်ဟောင်း/လက်သစ်များနိုင်ငံများက  ကြွေးမြီအမေရိကန်ဒေါ်လာ ၆ဝဝ၉ သန်း လျော်ပေးသည်ကိုပင် ကြံ့ဖွံ့အစိုးရ၏ မဟာစွမ်းဆောင်မှုကြီးတစ်ခုအဖြစ် ကြံဖန်ဂုဏ်ယူရသည့်ဘဝမျှသာဖြစ်ပါသည်။
            ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဝင်လာသည်ဟုဆိုသည့်ကာလကို ကြည့်ပြန်လျှင်လည်း အရုပ်ဆိုးအကျည်းတန်လှသော “၂ဝဝ၈ အခြေခံ ဥပဒေ”ကို ဒေါ်အောင်ဆန်းစုကြည်ဟူသော နိုဘယ်ဆုရှင်နှင့်ဒီမိုကရေစီ “နှစ်ဖက်လှဖဲကြိုးကလေးဖြင့်” ချည်နှောင်ထုတ်ပိုးလာနိုင်သည့် ၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းကာလဖြစ်နေသည်ကို တွေ့ကြရမည်ဖြစ်သည်။
 သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ပြည်တွင်း၌သူတို့ရင်ဆိုင်နေရသည့် (လက်ပံတောင်းကဲ့သို့) ပဋိပက္ခများဖြေရှင်းရာတွင်“ဒိုင်း” အဖြစ် အသုံးချခဲ့ပြီး၊ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်မြှူဆွယ်ရာတွင်မူ “လာဘ်ခေါ် ယမင်းရုပ်ကလေး”အဖြစ်အသုံးတော်ခံစေခဲ့ပါသည်။
 ထိုသို့အသုံးချရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံကိုနောက်ခံထား၍ ဒေါ်အောင်ဆန်းစုကြည်နှင့်(ဗိုလ်)ဦးသိန်းစိန်တို့ယှဉ်တွဲရိုက်ခဲ့သော ဓါတ်ပုံသည် ပြည်တွင်းပြည်ပ လာဘ်ရွှင်လှသောအပြကောင်းလှသည့်ဓါတ်ပုံပင်ဖြစ်သည်။
            တိုးလာပါသည်ဆိုသော ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ အိမ်နီးချင်းအာစီယံနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်တို့နှင့် မနှိုင်းယှဉ် နိုင်လောက်အောင်ပင် ကွာခြားလွန်းလှသည်။
            ထားဝယ်၊ သီလဝါ၊ ကျောက်ဖြူအထူးစီးပွားရေးဇုံ(SEZs)ဆိုသည်များမှာလည်း ဘာမျှဟုတ်ဟုတ်ငြားငြားရှိသေးသည် မဟုတ်၊ လက်တွေ့တွင်မူ သက်ဆိုင်ရာဒေသခံပြည်သူများအတွက် မြေယာလက်လွတ်ဆုံးရှုံးရမှုများ၊ လူမှုရေး၊ ကျန်းမာရေးထိခိုက်စေနိုင်သည့် အန္တရာယ်များနှင့်နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမည့် အနေအထားသာဖြစ်သည်။
            ပန်းပဲဖိုသာသာမျှရှိသည် စက်မှုဇုံ ၂၉ ခုဆိုသည်မှာလည်း အရင်းအနှီးနှင့်အတတ်ပညာ ချို့တဲ့လွန်းသည့်အပြင် လျှပ်စစ်ဓါတ်အား ပုံမှန်မရှိခြင်း၊ လျှပ်စစ်ဓါတ်အားခတိုးမြှင့်တို့ခြင်းကြောင့် အသက်ထွက်ရမည်ကိန်း ဆိုက်နေရသည်မဟုတ်ပါလား။
            သို့သော်လည်း ကြံ့ဖွံ့သမ္မတ(ဗိုလ်)ဦးသိန်းစိန်က “စီးပွားရေးစနစ်အခြေခံတွေ ပြောင်းသွားပြီဖြစ်သလို နှစ်ပေါင်းများစွာပျောက်ဆုံး နေခဲ့တဲ့ ဈေးကွက်နဲ့ပုဂ္ဂလိကရဲ့အခန်းကဏ္ဍဟာလည်း ပြန်လည်နိုးထလာပြီဖြစ်ပါတယ်” လို့ ဟစ်ကြွေးသွားပါသည်။
            စီးပွားရေးစနစ်အခြေခံတွေက ဘယ်လိုပြောင်းသွားတာလဲ။ ဘယ်သူ့လက်ထဲကနေ ဘယ်သူ့လက်ထဲကို ပြောင်းသွားတာလဲ။ တိုင်းပြည်ရဲ့အသက်သွေးကြော စီးပွားရေးလုပ်ငန်းကိုင်ငန်းမှန်သမျှ ဦးပိုင်လီမီတက်နဲ့စစ်ဗျူရိုကရက်များ၊ ခရိုနီးများလက်ဝယ်မှာရှိမြဲရှိနေဆဲပဲ မဟုတ်ပါလား။
              ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်နေသူတွေရဲ့ပမာဏမှာ ခန့်မှန်းချေ ၄ သန်းခန့်ရှိပြီး၊ ထိုင်းနိုင်ငံတစ်ခုတည်းမှာပင် တရားဝင်/ တရားမဝင် မြန်မာအလုပ်သမား ၂ သန်း ပတ်ဝန်းကျင်ရှိနေပါသည်။ ဒီလိုလုပ်သားတွေအတွက် မြန်မာနိုင်ငံအတွင်းမှာ အလုပ်အကိုင်တွေ ဖန်တီးနိုင်မည့် ရေခံမြေခံတွေပေါ်ပေါက်စေမယ့် ဘယ်လိုအစီအမံတွေ ချမှတ်ထားပါသလဲ။
            ဘယ်အစိုးရလက်ထက်မှာမှ မရှိခဲ့ဖူးဘဲ။ ကြံ့ဖွံ့အစိုးရအတွက် သီးခြားဂုဏ်ယူစရာပြည်ပပို့ကုန်ကတော့ “အိမ်ဖော်”ဆိုသော ကုန်စည်ပဲဖြစ်ပါသည်။
            ဆင်းရဲမွဲတဲမှုတိုက်ဖျက်ရေး အဘယ်မျှခရီးရောက်နေပြီလဲ။ အသေးစားငွေချေးမှုဆိုသည်များကရော တကယ်တမ်းအလုပ်ဖြစ် ရဲ့လား။ ဝန်ထမ်းလစာတိုးပေးခြင်းကို မဲဆွယ်သည့်လုပ်ရပ်တစ်ခုအဖြစ် လုပ်ဆောင်နေပြီး၊ လစာတိုးပေးခြင်းသည် ကုန်ဈေးနှုန်းတိုးလာ ခြင်းကို အခြားတစ်ဖက်မှဖော်ပြသည့်လက္ခဏာတစ်ခုသာဖြစ်သည်။ လစာတိုးသည်နှင့်အညီ ကုန်စည်းနှုန်းကလည်းလိုက်ပါတိုးမြဲဖြစ်သည်ကို ပြည်သူများ၊ ဝန်ထမ်းများက အတွေ့အကြုံအရသိရှိနေပြီးလည်းဖြစ်သည်။ “မြို့နယ်တစ်နယ်၊ ထုတ်ကုန်တစ်ခု” ဆိုသည်မှာ ကြံ့ဖွံ့လွှတ်တော် အမတ်များအတွက် တိုင်းပြည်ပိုင်ငွေဖြင့် မဲဆွယ်ခြင်းမဟုတ်ပါလော။ “မြို့နယ်တစ်နယ် ထုတ်ကုန်တစ်ခု” ဆိုသည်မှာ ပြည်ပြေး ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်၏ (one tam boom one product) ဆိုသည်ကို ပုံတူကူးယူခြင်းသာဖြစ်သည်။
ပညာရေးနှင့်ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍မူ လိပ်ပြာမလုံ၍လားမသိ အချက်အလက်ကိန်းဂဏန်းနှင့် ဘာမျှတိတိကျကျ ပြောသွားခြင်းမရှိခဲ့ချေ။   
            “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”ပြင်ဆင်ရေးနှင့်ပတ်သက်၍မူ စီးပွားရေးကိစ္စများကဲ့သို့ ဝေ့လည်ကြောင်ပတ်မပြော ခပ်ရင့်ရင့်ပင် ပြောသည်။
            “စစ်တပ်အခန်းကဏ္ဍဟာ ရှိနေရဦးမှာဖြစ်ပါတယ်”၊ “နိုင်ငံရေးနည်းနဲ့ညှိနှိုင်းအဖြေရှာတဲ့စားပွဲဝိုင်းတွေမှာ စစ်တပ်က ဆက်လက် ပါဝင်နေဖို့ လိုအပ်နေဆဲဖြစ်တယ်” ဟုပြောသွားပါသည်။ ဆိုလိုသည်မှာ ၂ဝဝ၈ အခြေခံဥပဒေထဲက စစ်တပ်နဲ့ဆိုင်သည့်ပြဋ္ဌာန်းချက်များကို လုံးဝမထိနဲ့ဟု ပြောခြင်းဖြစ်သည်။ သို့သော်လည်း “ဥပဒေပြုစာရင်း”ဆိုသည်ကို ပြင်ဆင်ပြောင်းရွှေ့ရမယ် ဟု ပြောသွားသည်။
            ပြင်ဆင်တဲ့နေရာမှာလည်း “၂ဝဝ၈အခြေခံဥပဒေ” အခန်း(၁၂)မှာ ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက် နိုင်ရေးအလေးထားလိုက်နာကြရမယ် ဟုပြောသွားသည်။
            တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစံနှုန်းတွေရဖို့ ဖြည်းဖြည်းမှသာရမယ်လို့လည်း ပြောသွားပါသည်။ ဤသဘောထားများကို အခြား စကားလုံးများဖြင့် ကာချုပ်ဗိုလ်မင်းအောင်လှိုင်ကလည်း မတ်လ ၂၇ ရက်နေ့က အတိုင်အဖောက်ညီစွာပြောသွားခဲ့ပြီဖြစ်သည်။
            ကြံ့ဖွံ့သမ္မတ(ဗိုလ်)ဦးသိန်းစိန် တွင်တွင်ပြောနေသော “နိုင်ငံရေးယဉ်ကျေးမှုသစ်”ဆိုသည်မှာ  ဒင်းတို့ ပြဋ္ဌာန်းထားသမျှဥပဒေ အားလုံးကို ကျိုးနွံနာခံကြရေးသာလျှင်ဖြစ်သည်။

ညွန်း
၂၆-၃-၂ဝ၁၄ ရက်နေ့၊ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း (၂၇-၃-၂ဝ၁၄ မြန်မာ့အလင်းသတင်းစာ)


0 comments:

Post a Comment