Monday, March 31, 2014

“တိုက်ပွဲဝင်ခွပ်ဒေါင်းအလံသည် လက်ဆောင်ပစ္စည်းမဟုတ်ပါ (ကျော်ကိုကို)

0 comments
“တိုက်ပွဲဝင် ခွပ်ဒေါင်းအလံသည် လက်ဆောင်ပစ္စည်းမဟုတ်ပါ (ကျော်ကိုကို)
အလံ လက်ဆောင်ပေးသည်ဆိုသော စာသား (သို့ မဟုတ်) စကားလုံးများမှာ အခြေအနေအရ ရွေ့လျားပြောင်းလဲ သုံးစွဲလိုက်ကြသည့် စကားလုံးများ၊ စာသားများသာဖြစ်ပါသည်။ အမှန်တကယ်အားဖြင့် တံတားနီနေ့မတိုင်ခင်ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်များတွင် အလံလွှဲပြောင်းပေးအပ်မည်ဟုသုံးစွဲကြသည်ကို သက်သေအထင်အရှားတွေ့ခဲ့ရပြီးဖြစ်သည်။ ထိုသို့ လွှဲပြောင်းပေးအပ်မည်ဆိုသည့်နေရာတွင် ရှစ်လေးလုံးအရေးတော်ပုံအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(မကသ)ဟုခံယူကာ ဖွဲ့စည်းထားခဲ့သောကျောင်းသားဟောင်း များ၏ ဒီကနေ့အင်အားစုများက ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီ (ကသဖ)သို့ပေးအပ်မည်ဟု စာနယ်ဇင်းများတွင် အတိအလင်း ဖော်ပြခဲ့ကြသည်။

အဆိုပါ လွှဲပြောင်းပေးအပ်မည့် အကြံအစည်သည် ကျောင်းသားထုညီညွတ်ရေးကွဲအက်ခဲ့ခြင်း၏ နောက်ဆက်တွဲဂယက်တခုဖြစ်သလို ဗကသများအဖွဲ့ချုပ်ကိုဆန့်ကျင်တိုက်ခိုက်လိုသည့်စိတ်အခံပေါ်တွင် အများဆုံးနှင့် အဓိကမှီတည်နေသည်ဟု သုံးသပ်ရပါသည်။ အတိတ်က ဖြစ်ခဲ့သော စင်ပြိုင်သမဂ္ဂဖွဲ့စည်းပြီး ဗကသ၏သမိုင်းဆိုင်ရာအခန်းကဏ္ဍကိုဖျက်သိမ်းရေးစီမံချက်၏ နောက်ဆုံးပေါ်အားထုတ်ချက်တခုဖြစ်နေ သလို မကသ ဟောင်းများ၏ မိမိတို့မျိုးဆက် ထပ်မံမွေးမြူရေးကြိုးပမ်းမှုအခြေအနေတရပ်ဟုလည်း ကောက်ချက်ချရပါလိမ့်မည်။

ယခုအဖြစ်အပျက်များမတိုင်မီ ရွှေဝါရောင်တော်လှန်ရေးကာလအထိပြန်ကောက်ကြည့်ရလျှင် ကျွန်တော်တို့ဗကသများအဖွဲ့ချုပ် (မြေအောက်)
ပြန်လည်ဖွဲ့စည်းကြောင်းကြေညာလိုက်သည့် သြဂုတ်လ (၂၈)ရက်နေ့ ၂ဝဝ၇ ခုနှစ် ညမှာပင် မပြီးဆုံးသေးသော ပြဿနာတရပ် ပြန် အစပျိုး ခဲ့သည်။ ထိုအချိန်က စစ်အာဏာရှင်တို့၏ အဖမ်းအဆီးမခံရသေးဘဲ ပုန်းအောင်းနေရသည့်မကသ ခေါင်းဆောင်တယောက်က ဗကသများ အဖွဲ့ချုပ် ပြန်လည်ပေါ်ထွက်လာခြင်းကို သတင်းဆိုးတခုအဖြစ်မှတ်ယူသုံးသပ်ခဲ့သည်ဟု ကျွန်တော်တို့ ပြန်လည်ကြားသိခဲ့ရသည်။ ဘုံရန်သူ စစ်အာဏာရှင်၏ရက်စက်ဆိုးဝါးမှုများကို မေ့သွားလောက်အောင်ပင် ဗကသ အပေါ်ထားရှိသော အာဃာတတရားများကား နက်နက်ရှိုင်းရှိုင်း ဖုံးလွှမ်းနေသည်ဟု ပြောရပေလိမ့်မည်။

၁၉၃၆ ခုနှစ် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ မအမာ စသော ကျောင်းသားခေါင်းဆောင်များ၏ နိုင်ငံရေးအမြင်စူးရှမှုကြောင့် တနိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂများအားလုံးကို စည်းရုံးစုစည်းနိုင်မည့်အဖွဲ့ချုပ်တခုပေါ်ပေါက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်သည် ဗကသ ပင်ဖြစ်ပြီး အဖွဲ့ချုပ်၏အလံတော်သည် တိုက်ပွဲဝင ခွပ်ဒေါင်းအလံပင်ဖြစ်သည်။ ယခင် တကသ သုံးစွဲနေသည့် ကဒေါင်းအလံကိုဖျက်သိမ်းပြီး “လွတ်လပ်ရေးကို ကပြီး မယူ၊ ခွပ်ပြီးယူမယ်”ဆိုသော အတွေးအခေါ်မျိုးစေ့ကို ဗကသ ပထမမျိုးဆက် ကျောင်းသားများက ချမှတ်ခဲ့သည်။ ထိုအချိန်မှစ၍ ကျောင်းသားမျိုးဆက်အဆင့်ဆင့်စွဲကိုင်အသုံးပြုလာသည့် တရားဝင်သမဂ္ဂအလံတော်မှာ နီစွေးတောက်ပြောင်သည့် ခွပ်ဒေါင်းအလံဖြစ်လာပါသည်။ ခွပ်ဒေါင်းအလံကို ကျောင်းသားထုညီလာခံများမှ လွှဲပြောင်းပေးအပ်ရသည့် ခေတ်အခြေအနေမျိုးတွေရှိခဲ့သလို အရေးပေါ်အခြေအနေဖြစ်လာသည့်အခါ မည်သူ့ထံမှခွင့်ပြုချက်ကိုမျှစောင့်နေစရာမလိုဘဲ တိုက်ပွဲကြားမှ အလံလွှင့်လိုက်ရသည်လည်း ရှိပါသည်။

တိုက်ပွဲကြားတွင် အလံလွှင့်လိုက်သည့်ခေတ်တွင် သမဂ္ဂတာဝန်ထမ်းဆောင်နေရသောကျောင်းသားများက ထိုအလံ၏ဆက်ခံပိုင်ခွင့်ရှိသူများ ဖြစ်လာရပေသည်။ ထို့ ကြောင့် ခွပ်ဒေါင်းအလံတွင် မူလပိုင်ရှင်၊ အမြဲတမ်းပိုင်ရှင်၊ ထာဝရပိုင်ရှင်ဆိုသည်မရှိဘဲ ခေတ်အဆက်ဆက် ကျောင်းသားတိုင်းတွင် ခွပ်ဒေါင်းအလံကို သမိုင်းနှင့်အညီဆက်ခံပိုင်ခွင့်ရှိနေသည်ကို တွေ့ရသည်။ ကျွန်တော်တို့နှင့်အတူ ထောင်ကျခဲ့ရသော ရဲဘော် ဒီငြိမ်းလင်း၊ ရဲဘော်စည်သူမောင် တို့ပင်လျှင် ဗကသများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းသည့်အတွက် သင်းဖွဲ့ပုဒ်မ (၆)ဖြင့် စွဲချက်တင် အရေးယူခံခဲ့ရသည်မှာ အထင်အရှားပင်ဖြစ်သည်။ ထိုရဲဘော်များသည် အကျဉ်းထောင်ထဲတွင် အာဏာပိုင်များနှင့်ရင်ဆိုင်ခဲ့ရာတွင်
ဗကသ ကျောင်းသားခေါင်းဆောင်များအဖြစ် ရပ်တည်ရင်ဆိုင်ခဲ့သည်မှာ ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။

အကျဉ်းထောင်အသီးသီးမှပြန်လွတ်လာပြီး ၂ဝ၁၂ တွင် ဗကသများအဖွဲ့ချုပ်(ဗဟိုစည်းရုံးရေးကော်မတီ) ဖွဲ့စည်းစဉ်ကလည်း ထိုရဲဘော်များ ပါဝင်ခဲ့ပြီး ဒုဥက္ကဌ စသော တာဝန်များကိုထမ်းဆောင်ခဲ့ဖူးပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဖွဲ့စည်းပြီးမကြာမီပင် ထိုရဲဘော်များ ကျွန်တော် တို့နှင့် လက်တွဲဖြုတ်ခဲ့ကြသည်မှာ ဗကသများအဖွဲ့ချုပ်၏မူဝါဒနှင့် အမည်နာမအပေါ်လက်ခံကျင့်သုံးရန် အခက်အခဲများရှိလာ၍ဖြစ်သည်။ ထိုသို့သောအခက်အခဲများ ၄င်းတို့တွင် ရုတ်တရက်စွဲငြိကပ်တွယ်လာသည်မှာ ရှစ်လေးလုံးလှုပ်ရှားမှုအတွင်းမှ မကသဟောင်းများ၏ နောက်လက် တနည်းတဖုံပါဝင်နေရခြင်းကြောင့်ဖြစ်သည်ဟု စောစောကတည်းက ကျွန်တော်တို့အသေအချာ သိရှိသတိထားမိခဲ့ပါသည်။ အခြေအနေအရပ်ရပ်ကိုသုံးသပ်ရပါလျှင် စည်းရုံးပြီးသားကျောင်းသားသမဂ္ဂအတွင်း ဂိုဏ်းဂဏအခြေခံနှင့် ဖြိုခွဲလိုက်ခြင်းသာဖြစ်သည်ဟု
ယနေ့ အတိအလင်းဖွင့်ချရမည့်အချိန်ကာလသို့ရောက်ရှိနေသည်ဟုသုံးသပ်၍ ဝေဖန်ရေးသားလိုက်ရပေသည်။

ဗကသနှင့်မကသ သည် အစစအရာရာ မတူညီခဲ့ကြပေ။ ကျွန်တော်တို့ဗကသများအဖွဲ့ချုပ်၏နိုင်ငံရေးအမြင်သည် ကျောင်းသားအရေး သက်သက်လုပ်ဆောင်ခြင်းထက် ပြည်သူ့အရေး၊ ကျောင်းသားအရေး တာဝန်နှစ်ရပ်စလုံးထမ်းဆောင်ပြီး စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ဖျက်သိမ်းရန်ပင် ဖြစ်သည်။ စစ်အာဏာရှင်တဖြစ်လဲ ကြံ့ဖွံ့အစိုးရကိုပင် စေ့စပ်ညှိနှိုင်းရေးလုပ်ရန်။ Lobby လုပ်ရန်စိတ်ကူး တစိုးတစိမှ မရှိ။ ကျွန်တော်တို့ရပ်တည်ချက်သည် ကျောင်းသားထုအကြားတွင် ရပ်တည်မည်။ ပြည်သူလူထုအကြားတွင်ရပ်တည်မည်ဟု အခိုင်အမာစိုက်ထူထားသော သံမဏိရပ်တည်ချက်ပင်ဖြစ်သည်။ ပွဲလမ်းသဘင်၊ ခန်းမစင်မြင့်ပေါ်တွင်သာရပ်တည်မျက်နှာပြပြီး ပြည်သူ့ အတွက်တိုက်ပွဲမဝင်လိုသော အချောင်အယူအဆ ကပ်ငြိမခံနိုင်။ ကျွန်တော်တို့၏စည်းရုံးရေးနည်းနာသည် ဗကသမူဝါဒ (၅)ချက်ကို ဦးထိပ်ပန်ဆင်သော ကျောင်းသားသမဂ္ဂအားလုံးစုစည်းညီညွတ်ရေးဖြစ်သည်။ ကျောင်းသားထုညီလာခံမှတဆင့် သမဂ္ဂတာဝန်နှင့်အမွေကို ခမ်းခမ်းနားနား လက်ဆင့်ကမ်းရေးဖြစ်သည်။

ယခုအချိန်အထိ ကျွန်တော်တို့တောင်းဆိုနေသော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူလွတ်လပ်ရေး၊ နိုင်ငံသားအခွင့်အရေးနှင့် လွတ်လပ်ခွင့်များမရရှိသေးသဖြင့် ဒီမိုကရက်တစ်အင်အားစုအချင်းချင်း စိတ်ဝမ်းမကွဲသင့်ပါ။ ဖိနှိပ်သူလူတန်းစားက စိတ်ဝမ်းကွဲပြား သွားအောင် သပ်လျှိုလျှင်တောင်မှ ပါးပါးနပ်နပ်ရှောင်ရှားရမည်ဖြစ်ရာ မိမိတို့အပြုအမူလုပ်ရပ်များကြောင့် အချင်းချင်း စေ့စပ်မရဖြစ်သွားခဲ့လျှင် ထိုသို့ပြုမူသူများ၏တာဝန်သာဖြစ်သည်ဟု တထစ်ချ မှတ်ယူရပါလိမ့်မည်။ ထပ်မံအတည်ပြုပြောရလျှင် ကျောင်းသားများ၏ဖြူစင်မှု၊ ရိုးသားမှုကို မည်သည့်အရောင်မျှဆိုး၍ ပုံမဖျက်ကြပါနှင့်ဟု အလေးအနက် သတိပေးတိုက်တွန်းလိုက်ချင်ပါသည်။
ကျော်ကိုကို (ဗကသများအဖွဲ့ချုပ်)
(အလင်းခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၁၂ တွင် ပါရှိသော “တိုက်ပွဲဝင် ခွပ်ဒေါင်းအလံသည် လက်ဆောင်ပစ္စည်းမဟုတ်ပါ” မှ
ထုတ်နုတ်ပါသည်)
စာရိုက်ပြီးတကူးတကန့်တင်ပေးတာက ကိုအောင်မျိုးထွန်း ပါခင်ဗျ။
https://www.facebook.com/aungmyo.tun.52

0 comments:

Post a Comment