Saturday, March 22, 2014

မဝေဘန်နဲ့လာလုပ်ကြည့်ဆိုပါ့လား (မျိုးမြင့်ချို)

1 comments
မဝေဘန်နဲ့လာလုပ်ကြည့်ဆိုပါ့လား (မျိုးမြင့်ချို)
ဟိုလူ့မဝေဘန်နဲ့ ဒီလူ့မဝေဘန်နဲ့တို့၊ ဘာလုပ်လုပ်အကောင်းမပြောကြတော့ဘူးတို့၊ မလုပ်ဖူးပဲနဲ့မဝေဘန်နဲ့တို့၊ အပြင်ကနေပြောမနေနဲ့ အထဲဝင်လုပ်ကြည့်ပါလားတို့ စသည်ဖြင့်ပြောကြသူတွေများများလာတာ သတိထားမိပါတယ်။ အထူးသဖြင့် ဗမာ့နိုင်ငံရေးမှာ အင်န်အယ်လ်ဒီ ကြားဖြတ်ဝင်ပြီးမှ အဲ့သလိုပြောသူတွေများများလာတာလို့ထင်ပါတယ်။

“ဝေဘန်တယ်” ဆိုတဲ့ကိစ္စ(ကျနော့်အမြင်)ချုပ်ပြောကြည့်ပါ့မယ်။ ဝေဘန်တယ်ဆိုတာ ဆုံးမတာမဟုတ်သလို ချီးမွမ်းခန်းဖွင့်တာလည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမား၊ လွှတ်တော်အမတ်၊ အဖွဲ့အစည်းကလူ၊ မဲဆန္ဒရှင်ပြည်သူတွေလို ထောက်ခံတယ်တို့ ကန့်ကွက်တယ်တို့ ဆိုတာဟာ ဝေဘန်သူ့ အလုပ်မဟုတ်ပါဘူး။ ဝေဘန်သူဟာ မိမိနဲ့ (အတွေးအခေါ်၊ ရပ်ခံချက်၊ အမြင်၊ လုပ်ဟန်နည်းနာစတာတွေမှာ) တူတာ/မတူတာကို ပြောသူပါပဲ။ သူ မှန်တယ် ယူဆတာကို သူ ချပြတာပဲ။ သူ မှားတယ်ယူဆတာကို သူ ထောက်ပြတာပဲ။ အမှန်အမှားကို သမိုင်းခေတ်တွေနဲ့လူတွေက ဆုံးဖြတ်ကြမှာပါပဲ။ တိုင်းစရာနှုန်းစံတန်ဖိုးတွေလည်း ကိုယ်စီရှိကြတာပါပဲ။ ဘယ်စံနဲ့တိုင်းကြသလဲ၊ တိုင်းကြမလဲဆိုတဲအပေါ်တည်ပြီး ဆန့်ကျင်ဘက်ဖြစ်ရင်ဖြစ်၊ ဘက်တူသူဖြစ်ရင်ဖြစ် ဖြစ်ကြမှာပါပဲ။

ကိုယ်ပြောလို့ ဒါမှမဟုတ် ကိုယ်ပြောမှမှန်မယ်လို့လည်း ဘယ်ဝေဘန်သူကမှ မသူတော်မလုပ်ကြဘူးလို့မြင်ပါတယ်။ သူမြင်တဲ့အမြင်ပေါ်မှာ သူပြောစရာရှိတာပြောတာပါပဲ။ ပြောပုံ ပြောနည်း၊ သုံးစွဲတဲ့စကားလုံးဝေါဟာရ ဝါကျတည်ဆောက်ပုံစတာတွေမှာ သမ္ဘာ၊ ဝါ၊ တွေးခေါ်နိုင်စွမ်း၊ လေ့လာအား၊ ဆင်ခြင်မှု၊ ဘဝဖြတ်သန်းပုံနဲ့ အဲ့ဒီဘဝကပြဌာန်းလိုက်တဲ့အသိတွေအရ ကွဲကြမှာပါပဲ။ ဝေဘန်တဲ့နေရာမယ် ဘာဂတိ ညာဂတိတွေ ကင်းနေလို့လည်း မရပါ။ အနည်းနဲ့အများတော့ ပါရမှာပါပဲ။ အဲ့ဒီ ဂတိတွေကင်းပြီဆို ဝေဘန်စာ မြည်စရာအကြောင်းကိုမရှိဘူး ထင်တာပါပဲ။ ဘက်သဘောဟာ ဝေဘန်စာမှာ ပိုထင်ရှားရပါတယ်။ ဝေဘန်နေသေးတယ်ဆိုကတည်းက စိတ်ဝင်စားမှုရှိနေသေးတယ်ဆိုတာ ထင်ရှားပါတယ်။ “အဝေဘန်မခံချင်ရင် မခံရအောင်နေပေါ့” လို့ ဘယ်ဝေဘန်သူကမှ မပြောကြပါ။ ဝေဘန်သူက ဝေဘန်နေမှာပါပဲ။ မဝေဘန်နဲ့လို့ပြောနေမယ့်အစား ပြန်ရေး ပြန်ပြော ပြန်ဝေဘန်တာ ပိုမကောင်းဘူးလား။ ဆဲချင်လည်း ဆဲပေါ့။

နောက်တစ်ခု “ဘာလုပ်လုပ် အကောင်းမပြောကြတော့ဘူး”ဆိုတဲ့စကားပါပဲ။ ကလေးဆန်ဆန် အရပ်ပြော ပြောသလိုမျိုးဖြစ်နေသလားလို့ပါ။ တခြားနည်းနဲ့ပြောရင် ပိုထိမယ်မှတ်တယ်။ ဝေဘန်တာကိုက (နိုင်ငံရေးသဘောမှာ)မိမိနဲ့တူခြင်းမတူခြင်းကို ပြောတာပါပဲ။ ဖြစ်နေတဲ့ ဒါမှမဟုတ် ဖြစ်လာမယ့်အကျိုးဆက်ကိုထောက်ပြတာပဲ။ အကောင်းပြောခြင်း မပြောခြင်းနဲ့မဆိုင်ဘူးမှတ်တာပါပဲ။ ဝေဘန်သူဟာ “မကောင်းဘူး”လို့ ပြောတာထက် “မကြိုက်ဘူး”လို့ပြောပါတယ်။ “ထောက်ခံတယ်”လို့ပြောတာထက် “လက်ခံတယ်”လို့ပြောပါတယ်။ “ကန့်ကွက်တယ်”လို့ပြောတာထက် “ဆန့်ကျင်တယ်”လို့ပြောပါတယ်။

နိုင်ငံရေးဝေဘန်သူဟာ နိုင်ငံရေးသမားဖြစ်ဖို့/မဖြစ်ဖို့နဲ့ အခု နိုင်ငံရေးထဲ လူအကောင်လိုက်ကြီးဝင်ပါနေ/မပါနေဆိုတာမျိုး၊ စာပေဝေဘန်သူဟာ စာရေးဆရာဖြစ်ဖို့/မဖြစ်ဖို့နဲ့ စာ အခုရေးနေ/မရေးနေစတာတွေထက် သူဝေဘန်တဲ့နယ်ပယ်မှာ (တတ်နိုင်သမျှ) နှံ့စပ်ကျင်လည်ဖို့ ပိုလိုမယ်ယူဆပါတယ်။ ကိုယ်တိုင်ဝင်လုပ်ဖူးရင်တော့ အတွင်းသိဓာတ်သိမို့ အချင်းချင်းပြောရပိုကောင်းပါတယ်။ “အပြင်ကနေပြောမနေနဲ့ အထဲလာလုပ်ကြည့်”လို့ အထဲကနေပြောခဲ့သူ ခု တိုင်းပြည်အပြင်မှာ လူသိရှင်ကြားဖြေရှင်းနေရပြီမဟုတ်လား။

နောက်ဆုံးတချက်က (နိုင်ငံရေးမှာ)ဝေဘန်တယ်ဆိုတာ ဒီမိုကရေစီအင်အားစုတွေအချင်းချင်းရဲ့အိမ်တွင်းရေးကိစ္စပဲ။ ဒီမိုကရေစီ မလိုအပ်သူတွေအဖို့တော့ ဝေဘန်ရေးဆိုတာ နှစ်ခြိုက်အပ်တဲ့ကိစ္စမဟုတ်နိုင်ပါ။ ဝေဘန်ရေးဟာ သူတို့အဖို့အဆိပ်ပါ။ ဝေဘန်သူဟာ နတ်ဆိုးပါ။ အိမ်တွင်းရေးလို့ပြောတော့ “ငါ့သားမယားငါရိုက်တာ မင်းတို့နဲ့မဆိုင်ဘူး”လို့ ကျင့်ကြံမယ်လို့အဓိပ္ပာယ်မထွက်ပါ။ ငါ့သားမယား ငါရော သူတပါးကပါ မရိုက်ရေးဖြစ်ပါတယ်။ “ငါ့လူ ဘာမှားမှား အားလုံးကြိတ်ချေရမယ်”လို့ အဓိပ္ပာယ်မထွက်ပါ။ “ငါ့လူမမှားရေး”နဲ့ မှားခဲ့ရင် “တရားသဖြင့်စီရင်စေ”ဖြစ်ဖို့ပါ။ လိုအပ်လို့အပြင်ကိုထုတ်ပြန်ရတာနဲ့ “အတွင်းထရံအပြင်ကာ”မှာ ခြားနားချက်က တကမ္ဘာစာလောက် ခြားနားပါတယ်။

ပြန်ချုပ်ပါ့မယ်။ မဝေဘန်နဲ့မဆိုပါနဲ့ ပြန်ဝေဘန်ကြပါ။ အကောင်းမပြောကြတော့ဘူးမဆိုပါနဲ့ ကောင်းတာတွေထုတ်ပြီးပြောပြကြပါ။
မိမိတို့အချင်းချင်းအိမ်တွင်းရေးမို့ တုတ်တပျက်ဓါးတပျက်ဆူညံမပွက်ရင် ကောင်းပါတယ်။
မျိုးမြင့်ချို-အောက်တိုဘာ ၄၊ ၂ဝ၁၃

1 comments:

Post a Comment